20th AUG 2023 - Evening Daily News by Radio NUG


၂၀၂၃ သြဂုတ်လ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီဟာ နိူင်ငံရေးအရ ကိုယ်စားပြုခွင့် ယခုအချိန်အထိမရရှိသေးဘူးလို့ ဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား

📌 ၂။ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး လျန်မှုန်းဆာခေါင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး

📌 ၃။ မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ လူသားချင်း စာနာမှုအကူအညီ လိုအပ်ချက်ရဲ့ အဓိက တရားခံက အကြမ်းဖက်စစ်အုပ်စုပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား

📌 ၄။ ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ်တွင် ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ NUGကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၅။ Summer Musical Night-NYC နယူးယောက်တွင်ကျင်းပရာ အဝေးရောက်မြန်မာတိုင်းရင်းသားပေါင်းစုံ ၄၀၀ခန့်မှ ကြိုတင်လက်မှတ်များဝယ်ယူကာ လာရောက်အားပေးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီဟာ နိူင်ငံရေးအရ ကိုယ်စားပြုခွင့် ယခုအချိန်အထိမရရှိသေးဘူးလို့ ဝန်ကြီးဒေါ်ဇင်မာအောင်ပြောကြား


သြဂုတ်လ၂၀ရက်


သြဂုတ်လအတွင်းမှာကျင်းပတဲ့ မောင်း၁၀၀စကားဝိုင်းတွင် နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကအခုလိုပြောကြားခဲ့ပါတယ်။


"စစ်ကောင်စီရဲ့ မအောင်မြင်တဲ့အာဏာသိမ်းမှုကနှစ်နှစ်ခွဲ သုံးနှစ်ထဲရောက်လာပြီပေါ့။နိူင်ငံတကာအစိုးရတွေအနေနဲ့ရော အဖွဲ့အစည်းတွေအနေနဲ့ရောက ကျမတို့နဲ့တွေ့တိုင်းပြောတာ စစ်အာဏာသိမ်းမှုကိုဘယ်တုန်းကမှ အသိအမှတ်မပြုဘူး။ဒေသတွင်း အာဆီယံမှာဆိုလည်း စစ်အာဏာသိမ်းမှုကိုအဆုံးသတ်ဖို့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ထဲ ထည့်သွင်းထားတာတွေ့ရသလို၊ စစ်ကောင်စီကို နိူင်ငံရေးအရ ကိုယ်စားပြုခွင့်လည်းပေးမထားဘူး။ နိူင်ငံခြားရေးဝန်ကြီးအဆင့်တောင် နိူင်ငံရေးကိုယ်စားပြုခွင့်ပေးမထားဘူး"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ စစ်ကောင်စီဟာ တရုတ်၊ရုရှား စတဲ့နိူင်ငံအချို့နဲ့သာဆက်ဆံခွင့်ရပြီး ဒေသတွင်း အာဆီယံနိူင်ငံအများစုရဲ့ နိူင်ငံရေးဖိအားပေးမှုများကိုရင်ဆိုင်နေရကြပါတယ်။


========================


📌📌 ၂။ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး လျန်မှုန်းဆာခေါင်းနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေး


ဩဂုတ်၂၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲကို သြဂုတ်လ၁၉ရက်ကကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး လျန်မှုန်းဆာခေါင်းမှ အဖွင့်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ တိုင်းဒေသကြီးလွှတ်တော်တွင်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက်လာသော တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့  ဖက်ဒရယ်ပြည်ထောင်စုရေးရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ဒုတိယ ဝန်ကြီး၊ဌာနတာဝန်ရှိသူများနှင့် မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ်များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ လူသားချင်း စာနာမှုအကူအညီ လိုအပ်ချက်ရဲ့ အဓိက တရားခံက အကြမ်းဖက်စစ်အုပ်စုပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြား


သြဂုတ်လ၂၀ရက်


"မြန်မာနိုင်ငံမှာ ဆိုးရွားစွာ ကြုံတွေ့နေရတဲ့ လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက်ရဲ့ အဓိက တရားခံက အကြမ်းဖက်စစ်အုပ်စုပဲ ဖြစ်တယ်။ဒုက္ခရောက်ပြည်သူတွေ ထိရောက်တဲ့ အကူအညီ ခံစားရရှိဖို့ လိုလည်း လူသားချင်း စာနာမှုအကူအညီပေးရေးဆိုင်ရာ အခြေခံစည်းမျဥ်းလုပ်ထုံးတွေကို ချိုးဖောက်ပြီး ပိတ်ပင်တားဆီးတယ်။ လူသားချင်းစာနာမှု အကူအညီကို နိုင်ငံရေးအရ လိုသလို အသုံးချတယ်။ လူသားချင်းစာနာမှု အကူအညီ ထိထိရောက်ရောက် ပေးနိုင်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်တယ်"လို့ သြဂုတ်လ၁၉ရက်မှာ လူသားစာနာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ နောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ဒသမ သန်းကျော်ရှိလာပြီ ဖြစ်ပါတယ်။ 


ဒီအထဲကမှ လူဦးရေ ဒသမ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်ပါတယ်။


"UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒီလိုအခြေအနေတွေကို သိလျက်နဲ့ အကြမ်းဖက်စစ်အုပ်စုကို ကျော်လွှားနိုင်မယ့် နည်းလမ်းတွေကို မရှာဖွေဘဲ တကယ်လိုအပ်တဲ့ ဒုက္ခသည် ပြည်သူတွေဆီ အကူအညီတွေရောက်အောင် ပေးနိုင်မယ့် နည်းလမ်း အသစ်တွေ မဖော်ထုတ်ဘဲ ဒီလိုပဲ ဆက်နေရင်တော့ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေ သူတို့ကို ထိထိရောက်ရောက် အကူအညီပေးမယ့်သူတွေကို ပိုမိုဆိုးရွားတဲ့ အခြေအနေရောက်အောင် တွန်းပို့နေသလို ဖြစ်နေမှာပါ"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကဆိုပါတယ်။


========================


📌📌 ၄။ ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ်တွင် ဆက်လက် စုံစမ်းစစ်ဆေးသွားမယ်လို့ NUGကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်


သြဂုတ်လ၂၀ရက်


ချင်းတွင်းကျန်းမာရေးကွန်ယက် (Chindwin Medical Network - CMN) အဓိက အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး (Civil Disobedience Movement – CDM) လှုပ်ရှားမှုတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူ ဒေါက်တာဇော်ထွယ်အောင်၊ အသက် (၃၄) နှစ်သည် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၌ အကြမ်းဖက်စစ်ကောင်စီ၏ အစီအစဥ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အကျဉ်းထောင်မှ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ အကျဉ်းထောင်သို့ ရွှေ့ပြောင်းခံရစဥ် လမ်းပိုင်းတစ်နေရာတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကာ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရှိရပါတယ်လို့ဆိုပါတယ်။


 ဒေါက်တာဇော်ထွယ်အောင်သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးသင့်ပြည်သူများကို နယ်လှည့်ဆေးကုသမှုပေးခဲ့ပြီး လက်ကောက်ဝတ်ရိုး ကျိုးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့သို့ ရောက်ရှိနေစဉ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ၌ အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရပါတယ်။ 


ဒေါက်တာဇော်ထွယ်အောင်သည် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေများ၏ ပြင်းထန်စွာ ညှင်းပန်းနှိပ်စက်မှုများကို ခံစားခဲ့ရရုံသာမက ထောင်ဒဏ် (၁၁) နှစ် ချထားခြင်းလည်း ခံခဲ့ရပါတယ်။


ဒေါက်တာဇော်ထွယ်အောင် ကျဆုံးခဲ့ရသည့် ဖြစ်စဉ်တွင် အပြင်းအထန် ဒဏ်ရာရရှိသူ နိုင်ငံရေး အကျဉ်းသား () ဦးနှင့် အခြားဒဏ်ရာရသူ (၃၀) ဦးကျော်လည်း ရှိခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ဒေါက်တာဇော်ထွယ်အောင်ကို အာဇာနည်သူရဲကောင်းတစ်ဦးအဖြစ် အသိအမှတ်ပြုအပ်ပြီး ဒေါက်တာဇော်ထွယ်အောင်နှင့် အခြားထိခိုက်ခံစားခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ ဝန်ကြီးဌာနအနေဖြင့် ဤဖြစ်စဉ်အပေါ်တွင် ဆက်လက် စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ ဩဂုတ်လ (၁၉) ရက် ဝမ်းနည်းကြောင်း သဝဏ်လွှာမှာ ဆိုထားပါတယ်။


========================


📌📌 ၅။ Summer Musical Night-NYC နယူးယောက်တွင်ကျင်းပရာ အဝေးရောက်မြန်မာတိုင်းရင်းသားပေါင်းစုံ ၄၀၀ခန့်မှ ကြိုတင်လက်မှတ်များဝယ်ယူကာ လာရောက်အားပေးခဲ့


သြဂုတ်လ၂၀ရက်


သြဂုတ်လ၁၉ရက်တွင် မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေသော နေရာများကိုလှုဒါန်းရန်အတွက် Summer Musical Night-NYC ရံပုံငွေဂီတဖျော်ဖြေပွဲတရပ်ကို အမေရိကန်ပြည်ထောင်စု နယူးယောက်စီးတီးရှိ Queens Theater တွင်ကျင်းပခဲ့ပါတယ်။


အဆိုပါဖျော်ဖြေပွဲတွင် ဟစ်ဟော့ ပထမမျိုးဆက် Acid အဖွဲ့မှ ရန်ရန်ချန်း၊ DJ Wine ,Melody world မှ ကျော်သီဟ , Myanmar idol မှ နင်ဇီမေ မော်ဒယ်သရုပ်ဆောင် မြတ်နိုးအေး၊ ရုပ်ရှင်သရုပ်ဆောင် သီဟအထူးဧည့်သည် မီမီဝင်းဖေတို့မှ နယူးယောက်ဒေသခံ Spring Revo Music Band နှင့်အတူဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။


ဒေသစံတော်ချိန် ညနေ ၄နာရီမှ ည၉နာရီအထိ တင်ဆက်သော အဆိုပါ ရံပုံငွေဖျော်ဖြေပွဲသို့ အဝေးရောက်မြန်မာတိုင်းရင်းသားပေါင်းစုံ ၄၀၀ခန့်မှ ကြိုတင်လက်မှတ်များဝယ်ယူကာ လာရောက်အားပေးခဲ့ကြတယ်လို့သိရပါတယ်။


ရံပုံငွေ ဂီတဖျော်ဖြေပွဲမှ ရရှိသောအကျိုးအမြတ်အားလုံးကို မြန်မာပြည်မှ အရေးပေါ်လိုအပ်နေသော ဒေသများသို့ ပေးပို့လှုဒါန်းသွားမယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment