၂၀၂၃ သြဂုတ်လ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးတော်လှန်ရေး နိုင်ငံတကာ ညီလာခံကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာကျင်းပနေ
📌 ၂။ အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံမှ တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးသော်လည်း တီမောသမ္မတက မြန်မာနိုင်ငံအတွက် တီမောရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့တုံ့ပြန်
📌 ၃။ MODရဲ့စီမံအုပ်ချုပ်မှုကို NUG အစိုးရအဖွဲ့က မဟာမိတ်များနဲ့ တိုင်ပင်ပြီး မဟာဗျူဟာချမှတ်ထားကာ လုပ်ငန်းဆောင်တာများ လည်ပတ်နေ
📌 ၄။ နှစ်သောင်းတန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ Boycott လုပ်ခြင်းဖြင့် ဘဏ္ဍာရေးတိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဟင်္သာတမြို့နယ် အတွင်းရှိ ပြည်သူများသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပန်ကြားတိုက်တွန်း
📌 ၅။ ဗိုလ်နဂါးဦးဆောင်ဝယ်ယူခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ အားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃/၄/၅/၆ MODအောက်ကိုပြန်ဝင်
📌 ၆။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ထီးပေါ်ဆိုကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့
📌 ၇။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်း စစ်ကောင်စီတပ်စခန်းအား Droneဖြင့် တိုက်ခိုက် စစ်ဆင်ရေးပြုလုပ်၍ စကစဘက်က ၁၀ဦးသေဆုံး
📌 ၈။ မိုင်းကွဲမှုဖြစ်ပွားပြီးနောက် မြင်းခြံခရိုင်ကန်ရွာကို ဝင်လာပြီး ရွာသူရွာသား ၅၀ ဦးခန့်ကိုစကစတပ်များ ခေါ်ရိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးတော်လှန်ရေး နိုင်ငံတကာ ညီလာခံကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာကျင်းပနေ
သြဂုတ်လ၂၆ရက်
နွေဦးတော်လှန်ရေး နိုင်ငံတကာ ညီလာခံကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ကျင်းပနေတယ်လို့ သတင်းရရှိပါတယ်။
သြဂုတ်လ၂၆ရက်မှ စတင်ကာ နိုင်ငံတကာညီလာခံကို ကျင်းပနေပြီးပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်၊ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးနဲ့ NLDပါတီမှ ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းများတက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ နိုင်ငံတကာ ညီလာခံကို ဩဂုတ်လ ၂၆ မှ ၂၇ ရက်နေ့အထိ ၂ရက်ဆက်တိုက် ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေး၊ တိုင်းရင်းသားနဲ့ ဖက်ဒရယ်အရေး၊ ဘဏ္ဏာရေး၊ ထောက်ပို့စတဲ့ကိစ္စရပ်အကြောင်းအရာတွေကို ခေါင်းစဉ်ခွဲဆွေးနွေးကြမှာ ဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံမှ တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးသော်လည်း တီမောသမ္မတက မြန်မာနိုင်ငံအတွက် တီမောရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့တုံ့ပြန်
သြဂုတ်လ၂၆ရက်
အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံမှ တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးသော်လည်း တီမောသမ္မတက မြန်မာနိုင်ငံအတွက်တီမောရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့ တုံ့ပြန်လိုက်ပါတယ်။
သြဂုတ်လ၂၆ရက်မှာ NUGလူ့အခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။
"အကြမ်းဖက် စစ်အုပ်စုက မြန်မာနိုင်ငံမှ တီမောသံဝန်ထမ်းတွေကို စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့ အမိန့်ပေးလိုက်ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တီမောနိုင်ငံရဲ့ ရပ်တည်ချက်လို့ ကြေညာပါတယ်။ တီမောသမ္မတကြီးကတော့ သူတို့ရဲ့ရပ်တည်ချက်ကို ဂုဏ်ယူတယ်လို့ တုန့်ပြန်ပါတယ်။ တီမောနိုင်ငံရဲ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအပေါ် ခိုင်ခိုင်မာမာရပ်တည်ချက်ကို အထူးလေးစားပါတယ်"လို့ဆိုပါတယ်။
တီမောလက်စတေးနိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရကို အသိအမှတ်ပြုခဲ့ပြီး အစိုးရသစ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို NUGနိုင်ငံခြားရေးဝန်ကြီးနဲ့ NUGကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားခဲ့ပါတယ်။
========================
📌📌 ၃။ MODရဲ့စီမံအုပ်ချုပ်မှုကို NUG အစိုးရအဖွဲ့က မဟာမိတ်များနဲ့ တိုင်ပင်ပြီး မဟာဗျူဟာချမှတ်ထားကာ လုပ်ငန်းဆောင်တာများ လည်ပတ်နေ
သြဂုတ်လ၂၆ရက်
MODရဲ့စီမံအုပ်ချုပ်မှုကို NUG အစိုးရအဖွဲ့ က မဟာမိတ်များနဲ့ တိုင်ပင်ပြီး မဟာဗျူဟာချမှတ်ထားကာ လုပ်ငန်းဆောင်တာများ လည်ပတ်နေတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က သြဂုတ်လ၂၆ရက်မှာ သုံးသပ်ပြောပါတယ်။
"MoD ကို ဘယ်လိုစီမံအုပ်ချုပ်နေသလဲဆိုရင် Federal Democratic Charter ကို အခြေခံပြီး Stakeholders များစွာပါဝင်တဲ့ အစုအဖွဲ့တွေရဲ့ ထောက်ခံမှုနဲ့ ဖြစ်လာတဲ့ NUG အစိုးရအဖွဲ့က မဟာမိတ်များနဲ့ တိုင်ပင်ပြီး မဟာဗျူဟာချမှတ်ထားတယ်။ ဒီအပေါ် အခြေခံပြီး ထောက်ပို့၊ ငွေရှာ၊ ဆေးကု၊ ပညာသင်၊ ပြည်သူ့ဝန်ဆောင်မှုပေး၊ တရားရေးစနစ်တည်ထောင်၊ အုပ်ချုပ်ရေးနဲ့ပေါင်းစပ် စတာတွေကိုလုပ်နေတာဖြစ်တယ်။ NUG chain of command အောက်မှာ ဖြစ်တဲ့ကိစ္စတွေသည် NUG institution တစ်ခုလုံးနဲ့ သက်ဆိုင်လို့ ပြသနာပေါ်တိုင်း နောက်တခါ မဖြစ်ရလေအောင်ဆိုတဲ့ မူဝါဒ ပိုင်းဆိုင်ရာ ဆွေးနွေးမှုတွေ ထွက်ထွက်လာရတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနတွင် တိုင်ကြားမှုယန္တရားရှိကာ စစ်ရေးလှုပ်ရှားမှုများကိုလည်း အစုအဖွဲ့အောက်တွင်သာ လှုပ်ရှားပြီး စုစည်းမှုသည် အဓိကလုပ်ဆောင်ရမယ့်လုပ်ငန်းစဥ်ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ နှစ်သောင်းတန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ Boycott လုပ်ခြင်းဖြင့် ဘဏ္ဍာရေးတိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ကြရန် ဟင်္သာတမြို့နယ် အတွင်းရှိ ပြည်သူများသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပန်ကြားတိုက်တွန်း
သြဂုတ်လ၂၆ရက်
ဩဂုတ်လ (၂၆) ရက်မှာ တရားမဝင်ငွေကြေး ၂၀၀၀၀ ကျပ်တန်နှင့် စပ်လျဉ်း၍ ပြည်သူသို့ ပန်ကြားလွှာကို ဟင်္သာတမြို့နယ်ပအဖက အသိပေးထုတ်ပြန်ပါတယ်။ အဆိုပါပန်ကြားချက်တွင် နှစ်သောင်းတန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ Boycott လုပ်ခြင်းဖြင့် ဘဏ္ဍာရေးတိုက်ပွဲတွင် ပူးပေါင်းဆောင်ရွက်ကြရန် ပန်ကြားတိုက်တွန်းထားပါတယ်။
လက်ရှိအချိန်သည် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကို စစ်ရေးတိုက်ပွဲ နှင့်အညီ ဘဏ္ဍာရေးတိုက်ပွဲပါ အပြင်းအထန်အရှိန်မြှင့် တိုက်ပွဲဖော်ဆောင်နေချိန်လည်း ဖြစ်တယ်လို့ဆိုထားပါတယ်။
နှစ်သောင်းတန်ငွေစက္ကူသည် တရားမဝင်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်က ကြေညာခဲ့ပြီးဖြစ်သကဲ့သို့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှလည်း ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများတွင် မသုံးစွဲရန် တားမြစ်မိန့်ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ဖော်ပြပါတယ်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် တရားမဝင် နှစ်သောင်းတန်ငွေစက္ကူများကို မသုံးစွဲခြင်း၊ Boycott လုပ်ခြင်းဖြင့် စစ်ကောင်စီ ဘဏ္ဍာရေးစနစ်ကို ဖြိုချနေသည့် ဘဏ္ဍာရေးတိုက်ပွဲတွင် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြပါရန် ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပန်ကြား တိုက်တွန်းအပ်ပါတယ်လို့ အသိပေးကြေညာထားပါတယ်။
========================
📌📌 ၅။ ဗိုလ်နဂါးဦးဆောင်ဝယ်ယူခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ အားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း ၃/၄/၅/၆ MODအောက်ကိုပြန်ဝင်
သြဂုတ်လ၂၆ရက်
ဗိုလ်နဂါးဦးဆောင်ဝယ်ယူ ခဲ့တဲ့ လက်နက်ခဲယမ်းနဲ့ စစ်သုံးပစ္စည်းတွေ အားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ်ပြီးယင်းမာပင်ခရိုင် တပ်ရင်း ၃/၄/၅/၆ MODအောက်ကိုပြန်ဝင်လိုက်ပြီလို့ သတင်းရရှိပါတယ်။
သြဂုတ်လ၂၆ရက်မှာ MRDAက ဗိုလ်နဂါးရဲ့ ဦးဆောင်မှုနောက်ကို မလိုက်တော့ဘူးလို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်အရ ယင်းမာပင်ခရိုင် တပ်ရင်း ၃/၄/၅/၆တို့ကို ကာကွယ်ရေးဝန်ကြီးဌာနက ယင်းမာပင်ခရိုင်တပ်ရင်းများအဖြစ် ဆက်လက်အသိအမှတ်ပြုကြောင်း သြဂုတ်လ၂၂ရက်က အကြောင်းပြန်ခဲ့တယ်လို့ဆိုပါတယ်။
ယင်းမာပင်ခရိုင် အမှတ် ၃ ၊ ၄ ၊ ၅ ၊ ၆ တပ်ရင်းများသည် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် လုံးဝမသက်ဆိုင်တော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကွဲမှုအောက်တွင်သာ ဆက်လက်ရပ်တည် သွားမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၆။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ထီးပေါ်ဆိုကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့
သြဂုတ်လ (၂၆)ရက်
သြဂုတ်လ၂၆ရက်နံနက် အစောပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်မှ ထီးပေါ်ဆိုကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNDF B/15 သတင်းနှင့်ပြန်ကြားရေးက အသိပေးဆိုပါတယ်။
"ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် ၊ ထီးပေါ်ဆိုကျေးရွာအတွင်းရှိ ပြည်သူလူထု၏ နေအိမ် ၈ လုံးအား ကျေးရွာထဲတွင်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များမှ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ယနေ့နံနက် အစောပိုင်းမှစတင်၍ မီးရှို့နေခဲ့ပြီး ယနေ့ မွန်းလွန်းပိုင်းအထိ နေအိမ်များ မီးလောင်ကျွမ်းလျက်ရှိပါတယ်"လို့ဆိုပါတယ်။
ဩဂုတ်လ ၂ ရက်နေ့မှ စတင်ပြီး ဒီမောဆိုမှ ဖရူဆိုဘက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့များသည် လက်ရှိတွင် ထီးပေါ်ဆိုကျေးရွာအနီးအနားတစ်ဝိုက် တပ်စွဲနိုင်ရန် အပြင်းအထန် ကြိုးစားလျက်ရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ ဝင်များနှင့်လည်း ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားလျက်ရှိတယ်လို့ဆိုပါတယ်။
ဒီမော့ဆိုမှ ဖရူဆိုဘက်သို့ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကြောင်းထိုးရာ ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်ရှိ ကျေးရွာနေအိမ်များအား တစ်ဖက်သတ်ဖျက်ဆီး ၊ မီးရှို့ခြင်းများကို လုပ်ဆောင်လျှက်ရှိပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်း စစ်ကောင်စီတပ်စခန်းအား Droneဖြင့် တိုက်ခိုက် စစ်ဆင်ရေးပြုလုပ်၍ စကစဘက်က ၁၀ဦးသေဆုံး
သြဂုတ်လ၂၆ရက်
သြဂုတ်လ၂၆ရက် နံနက် ၈နာရီ၁၅မိနစ်ခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်း စစ်ကောင်စီတပ်စခန်းအား Droneဖြင့် တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါးနီတပ်ရင်း)ကအတည်ပြုထားပါတယ်။
"စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ထီးဆောင်း စစ်ကောင်စီတပ်စခန်းအား Droneဖြင့်တိုက်ခိုက် စစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၁၀ဦးသေဆုံး၍ ၇ဦးဒဏ်ရာရရှိသွားကြောင်း တိကျစွာသတင်းရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
စခန်းဘေးမှ ခြံထဲတွင်ရှိသော ပြည်သူ၆ဦးမှာ မစိုးရိမ်ရ ရှပ်ထိဒဏ်ရာရရှိခဲ့ပြီး ကောင်းမွန်ကျန်းမာစွာနေထိုင်နေပြီဖြစ်ကြောင်းသတင်းရရှိထားတယ်လို့ဆိုပါတယ်။
၎င်းတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် ဒရုန်းတပ်ဖွဲ့မှ ဦးဆောင်၍ ကျောက်ဆည်ခရိုင်တပ်ရင်း-၁(နဂါးနီတပ်ရင်း)၊ ရွှေဘိုခရိုင်တပ်ရင်း၁၅၊ ဆားတောင်မိုးကြိုး(Local PDF)၊ မိုးညို(Local PDF)၊ lighting drone force၊အောင်သပြေညီနောင်(မြင်းမူLocal PDF) တို့ မဟာမိတ်များ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။
========================
📌📌 ၈။ မိုင်းကွဲမှုဖြစ်ပွားပြီးနောက် မြင်းခြံခရိုင်ကန်ရွာကို ဝင်လာပြီး ရွာသူရွာသား ၅၀ ဦးခန့်ကိုစကစတပ်များ ခေါ်ရိုက်
သြဂုတ်လ၂၆
မိုင်းကွဲမှုဖြစ်ပွားပြီးနောက် မြင်းခြံခရိုင်ကန်ရွာကို ဝင်လာပြီး ရွာသူရွာသား ၅၀ ဦးခန့်ကို စကစတပ်များ ခေါ်ရိုက်နှက်ခဲ့တယ်လို့ သြဂုတ်လ၂၆ရက်မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုထားပါတယ်။
သြဂုတ်လ၂၃ရက် နံနက်က ကန်ရွာအနောက် ကျောက်တွင်း(ခ)ထိပ်ခွဲရီကုန်းတက်ခေါ် တဲ့နေရာမှာ မိုင်းကွဲပြီး ၁၁နာရီခန့်မှာ အကြမ်းဖက် စကစတပ်အင်အား(၃၀)ခန့် ကန်ရွာကိုဝင်လာပြီး ရွာသူ/သား ၅၀ ဦးခန့်ကို ခေါ်ရိုက်ခဲ့တယ်လို့ဆိုပါတယ်။
စကစတပ်များဟာ နယ်မြို့များမှာ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ညှင်းပန်းနှိပ်စက်ဖမ်းဆီးခြင်းနဲ့ စစ်ကြောင်းအတွက် လူသားဒိုင်းအဖြစ် ဖမ်းဆီးတို့ကိုလုပ်ဆောင်လျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment