3rd SEP 2023 - (Ethnic language program-CHO_MΓΌn) by Radio NUG


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၃ α€…α€€်တင်α€˜ာα€œ ( ၃ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ α€…α€…်α€€ောင်α€…ီα€œα€€်ထောα€€်ခံ α€€ား ၁ α€…ီး α€žိα€™်းα€†α€Š်းထားα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€‘α€α€Š်ပြု ထုတ်ပြα€”်α€œာ 

 

α€…α€…်α€€ောင်α€…ီ α€œα€€်ထောα€€်ခံ α€€ား ၁ α€…ီး α€žိα€™်းα€†α€Š်းα€›α€›ှိထားα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ ဩဂုတ် α‚αˆ α€›α€€်α€”ေ့ α€‘α€α€Š်ပြုထုတ်ပြα€”်ပါα€α€š်။

 

ဩဂုတ်α€œ ၂၀ α€›α€€်α€”ေ့α€€ α€žွားα€›ောα€€်α€žိα€™်းα€†α€Š်းခဲ့တာα€œို့ ပြောပါα€α€š်။

         

မင်းတပ်α€™ှာ ခရိုင်ပြα€Š်α€žူ့ဆေးα€›ုံα€€ား ပျောα€€်ဆုံးထားတာα€›ှိခဲ့ပေα€™α€š့် ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာတော့ α€…α€…်α€€ောင်α€…ီα€œα€€်ထောα€€်ခံ α€™ော်တော်α€šာဉ် ၁ α€…ီးα€œို့α€žာဆိုထားပြီး α€‘α€žေးα€…ိပ်α€–ော်ပြတာ α€™α€›ှိα€žေးပါα€˜ူး။

 

ခရိုင်ပြα€Š်α€žူ့ဆေးα€›ုံα€€ား ပျောα€€်ဆုံးα€™ှုα€€ြောင့် α€…α€…်α€€ောင်α€…ီတပ်α€€ ဆေးα€›ုံ၊ α€…ာα€žα€„်α€€ျောင်းတွေ α€œα€Š်ပတ်ခွင့် ပိတ်ထားα€žα€œို α€œα€€်α€›ှိα€™ှာတော့ ပုံα€™ှα€”်ထတိုင်း ပြα€”်α€œα€Š်ပတ်α€”ေပြီα€œို့ မင်းတပ်ခရိုင် α€•α€Šာα€›ေးα€‘α€žိုင်းထဝန်းα€”ဲ့ α€”ီးစပ်α€žူတွေα€€ The Mindat Post α€€ို ပြောပါα€α€š်။

 

α€…α€…်α€€ောင်α€…ီ ထိα€”်းချုပ်α€”ေတဲ့ မင်းတပ်α€™ှာ ထခုဩဂုတ်α€œ α€”ောα€€်ဆုံးထပတ်ထဲ ထိတွေ့ ပစ်ခတ်α€™ှု ၂ α€€ြိα€™်α€›ှိထားပြီး α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၂ ဦး α€žေဆုံးα€α€š်α€œို့α€œα€Š်း ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€›ဲ့ ထုတ်ပြα€”်ချα€€်α€™ှာ တွေ့ရပါα€α€š်။

 

α€™ြို့တွင်း ထိတွေ့ပစ်ခတ်α€™ှု ခပ်α€…ိပ်α€…ိပ်α€›ှိα€œာတဲ့ မင်းတပ်α€™ှာ ထရပ်α€žားပြα€Š်α€žူတွေα€€ို α€’ေα€žα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€”ဲ့ ပတ်α€žα€€်α€α€š်ဆိုတဲ့ α€…ွပ်α€…ွဲချα€€်α€”ဲ့ α€–α€™်းဆီးခံရတာα€™ျိုး α€€ြုံα€”ေရပါα€α€š်။

 

α€’ီα€œိုα€–ြα€…်စဉ်α€€ို ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) α€€ α€žိα€›ှိထားပြီး α€™ြို့ပေါ်α€”ေ ပြα€Š်α€žူတွေထနေα€”ဲ့ α€”ေထိုင်α€žွားα€œာα€™ှု ထထူးα€žα€ိပြုα€–ို့α€€ိုပဲ α€‘α€œေးထနက်ထား တိုα€€်တွα€”်းထားပါα€α€š်။ 

 

မင်းတပ်α€™ှာ ၂၀၂၃ ဇူα€œိုင်α€œα€€ုα€”်α€€ α€…α€…်α€€ောင်α€…ီα€šာဉ် ထနီးကပ်ပစ်ခတ်ခံရတဲ့ α€–ြα€…်စဉ် ထပ်α€–ြα€…်ထားα€žα€œို ထာဏာα€žိα€™်းα€€ာα€œ α€…α€…်α€€ောင်α€…ီα€™ော်တော်α€šာဉ် ၁၀ α€…ီးထက်α€™α€”α€Š်းα€€ို α€’ေα€žα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့α€€ α€™ီးα€›ှို့α€–ျα€€်ဆီးα€”ိုင်ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α‚။ မင်းတပ်α€™ြို့တွင်းα€™ှာ α€›ေ၊ α€™ီး ပြတ်တောα€€်

 

မင်းတပ်α€™ှာ α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ α€’ေα€žα€€ာα€€ွα€š်‌α€›ေးတပ်α€–ွဲ့တို့ α€…α€…်α€›ေးတင်းα€™ာပြီးတဲ့α€”ောα€€် α€™ြို့တွင်း α€›ေ၊ α€™ီး ထစုံ ပြတ်တောα€€်α€”ေတာ α€œα€”ဲ့ ချီα€”ေပြီα€œို့ α€žိရပါα€α€š်။

 

α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (မင်းတပ်) ၂ α€–α€€် ထိတွေ့α€™ှုစတင်α€–ြα€…်တဲ့ ထစောပိုင်းα€€ α€™α€Ÿာဓာတ်ထားα€œိုင်းတိုင် α€œα€€်α€”α€€်α€€ြီးα€€ျα€Š်ထိα€™ှα€”်တာα€€ြောင့် α€œျှပ်α€…α€…်α€™ီးပြတ်တောα€€်တာα€œို့ α€’ေα€žα€ံ ၁ ဦးα€€ ပြောပါα€α€š်။

 

α€™ီးမရတာα€€ ၂ α€œα€€ျော်α€œောα€€်α€›ှိတော့α€™α€š်၊ α€›ေပြတ်တာα€œα€Š်း ၁ α€œα€α€”်းα€€ျင်ပေါ့၊α€œို့ ပြောပါα€α€š်။

 

α€œα€ျီပြတ်တောα€€်α€”ေတဲ့ α€›ေ၊ α€™ီးပြα€Ώα€”ာ α€–ြေα€›ှင်းα€–ို့ ၂ α€–α€€် α€Šှိα€”ှိုင်းတာα€™ျိုးα€›ှိα€α€š်α€œို့ α€€ြားα€žိရပေα€™α€š့် α€˜ာα€™ှထူးα€™α€œာ‌α€žေးα€˜ူးα€œို့ ထဲα€’ီပုဂ္ဂိုα€œ်α€€ ဆက်ပြောပါα€α€š်။

 

α€’့ါထပြင် α€…α€…်ခေါင်းဆောင် မင်းထောင်α€œှိုင်ထုတ်တဲ့ α€€ျပ်ငွေ ၂ α€žောင်းတန် ထွα€€်ပေါ်α€œာတဲ့α€”ောα€€် α€€ုα€”်ပစ္α€…α€Š်းတချို့ α€ˆေးα€”ှုα€”်း ချα€€်ချင်းα€™ြင့်တက်တာα€™ျိုး α€›ှိα€α€š်α€œို့ ဆိုα€€ြပါα€α€š်။

 

α€œူဦးα€›ေ ၁ α€žောင်း ဝန်းα€€ျင်α€”ေထိုင်α€–ူးတဲ့ မင်းတပ်α€™ြို့ပေါ်α€™ှာ ထရင်α€œူဦးα€›ေα€›ဲ့ ၄ ပုံ ၁ ပုံα€œောα€€်ပဲ α€™ြို့ထဲ α€€ျα€”်α€›ှိα€”ေပေα€™α€š့် α€›ှင်α€žα€”်α€›ေးထတွα€€် ထဖက်α€–α€€်α€€ α€œိုထပ်ချα€€်တွေ α€™ျားα€”ေတာပါ။

 

ပြီးခဲ့တဲ့ ဩဂုတ်α€œα€‘ဲα€™ှာ α€…α€…်α€€ောင်α€…ီကင်းα€œှα€Š့်ထဖွဲ့ α€‘α€œα€…်ငိုα€€်α€–α€™်း ပစ်ခတ်ခံရတာတွေα€€ြောင့် ထိခိုα€€်α€žေဆုံးတာα€›ှိထားပြီး ပြα€Š်α€žူတချို့ α€…ွပ်α€…ွဲα€–α€™်းဆီးခံα€›α€α€š်α€œို့α€œα€Š်း α€™ျα€€်α€™ြင်တွေα€€ The Mindat Post ပြောပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ αƒ။ဝိတိုα€›ိα€šα€žူα€›ဲα€€ောင်း α€…ုပေါင်းထားα€žα€…်α€œောင်းα€›α€”်ပုံငွေα€›ှာα€–ွေα€›ေးα€€α€™်ပိα€”်း စတင်α€”ေ

 

ဝိတိုα€›ိα€šα€žူα€›ဲα€€ောင်း α€…ုပေါင်းထားα€žα€…်α€œောင်းα€›α€”်ပုံငွေα€›ှာα€–ွေα€›ေးα€€α€™်ပိα€”်း စတင်α€”ေပြီα€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) α€€ α€€ြေα€Šာပါα€α€š်။ 

 

ထိα€›ောα€€်တဲ့ ထိုးα€…α€…်ပြုα€œုပ်α€–ို့α€”ဲ့ α€…α€…်α€€ောင်α€…ီ ထထိုင်စခန်းတွေα€€ို ပြα€”်α€œα€Š်α€žိα€™်းပိုα€€်α€”ိုင်α€–ို့ထတွα€€်ဝိတိုα€›ိα€šα€žူα€›ဲα€€ောင်း α€…ုပေါင်းထားα€žα€…်α€œောင်းα€€ျပ်α€žိα€”်း ၅၀၀၀ α€›α€”်ပုံငွေα€›ှာα€–ွေα€›ေးα€€α€™်ပိα€”်း ပြုα€œုပ်ရတာα€œို့ ပြောပါα€α€š်။

 

α€’ီα€€α€™်ပိα€”်းα€€ို α€”ိုင်ငံတကာပူးပေါင်း ဆောင်α€›ွα€€်α€›ေးဝန်α€€ြီးα€Œာα€” (MOIC) α€”ဲ့ ပူးပေါင်းပြုα€œုပ်တာα€–ြα€…်ပြီး ၂၀၂၃ ဩဂုတ်α€œ ၃၁ α€›α€€်α€”ေ့α€€α€”ေ ထောα€€်တိုα€˜ာα€œ ၁၅ α€›α€€်‌α€”ေ့ထထိ ၄၅ α€›α€€်တိတိ α€žα€်α€™ှတ်ထားတာပါ။

 

ပြα€Š်တွင်း၊ ပြα€Š်ပက ပြα€Š်α€žူα€”ဲ့ α€”ိုင်ငံတဝှα€™်း တိုင်းရင်းα€žား α€Šီထစ်α€€ိုα€™ောင်α€”ှမတွေ ပါဝင်ထားα€–ြα€Š့်ပေးα€–ို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (α€€α€”်ပက်α€œα€€်) α€€ α€‘α€œေးထနက် တောင်းဆိုပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ α„။ ထန်α€α€œα€”် α€”ောα€€်ဆက်တွဲ α€€ျဆုံးα€™ှု ထပ်တိုး၊ ချင်းပူးပေါင်းတပ်α€–ွဲ့α€€ α€œα€€်α€”α€€်α€™ျား α€žိα€™်းα€†α€Š်း

 

ထန်α€α€œα€”်α€™ြို့တွင်းတိုα€€်ပွဲα€™ှာ ချင်းပူးပေါင်းတပ်α€–ွဲ့α€˜α€€် ထိခိုα€€်α€€ျဆုံးတာ ၁၅ ဦး α€›ှိα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (ထန်α€α€œα€”်) α€€ ဩဂုတ် ၃၀ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်α€œာပါα€α€š်။

 

ဩဂုတ် ၂၇ α€›α€€်α€”ေ့ စတင်တဲ့ α€’ီα€…α€…်ဆင်α€›ေးα€€ို ချင်းထမျိုးα€žား တပ်မတော် (CNA) CDF ပူးပေါင်းတပ်α€–ွဲ့α€€ α€œှုပ်α€›ှားခဲ့တာα€–ြα€…်ပြီး α€…α€…်α€€ောင်α€…ီတပ်α€”ဲ့ ၂ α€›α€€်α€€ြာ တိုα€€်ပွဲ ပြင်းထန်ခဲ့α€€ြတာပါ။

 

α€™ြို့တွင်း ၇ α€”ေα€›ာα€œောα€€်α€”ဲ့ α€Ÿားခါး - ထန်α€α€œα€”်ထကြားα€™ှာ တိုα€€်ပွဲα€–ြα€…်ခဲ့တာα€œို့α€žိရပြီး α€…α€…်α€€ောင်α€…ီα€€ α€œα€€်α€”α€€်α€€ြီးပစ်α€€ူတာ၊ α€œေα€€ြောင်းတိုα€€်ခိုα€€်တာတွေα€€ိုပါ ဆက်တိုα€€်ပြုα€œုပ်ခဲ့α€α€š်α€œို့ ထန်α€α€œα€”်α€˜α€€်α€€α€œာတဲ့ α€žα€α€„်းတွေα€™ှာ α€–ော်ပြပါα€α€š်။

 

တိုα€€်ပွဲစတင်α€–ြα€…်ပွားတဲ့ ၃ α€›α€€်ထကြာ ချင်းထမျိုးα€žား တပ်မတော် (CNA) α€›ဲα€˜ော် ၅ ဦး၊ CDF ထန်α€α€œα€”် α€›ဲα€˜ော် ၅ ဦး၊ CDF α€Ÿားခါး α€›ဲα€˜ော် ၁ ဦးα€”ဲ့ CDF ဇိုα€–ေ α€›ဲα€˜ော် ၅ ဦးα€€ျဆုံးα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ (ထန်α€α€œα€”်) α€€ တရားဝင် α€žα€α€„်းထုတ်ပြα€”်α€œာပါα€α€š်။

 

Tilim Operation 3 α€œို့ α€‘α€™α€Š်ပေးထားတဲ့ α€’ီα€…α€…်ဆင်α€›ေးα€™ှာ α€…α€…်α€€ောင်α€…ီα€˜α€€် ၃၀ α€€ျော် α€žေဆုံး၊ ၅၀ ထက်α€™α€”α€Š်း ထိခိုα€€်ဒဏ်α€›ာရပြီး α€œα€€်α€”α€€် ၅ α€œα€€်α€”ဲ့ထတူ α€€ျα€Š်ဆန်တချို့ ချင်းပူးပေါင်းတပ်α€–ွဲ့α€€ α€žိα€™်းα€†α€Š်းα€›α€›ှိထားပါα€α€š်။

 

α€’ီα€–ြα€…်စဉ်α€”ဲ့ ပတ်α€žα€€်α€œို့ α€…α€…်α€€ောင်α€…ီ α€žα€α€„်းပြα€”်α€€ြားα€›ေးခေါင်းဆောင် ဇော်မင်းထွα€”်းα€€α€œα€Š်း ထန်α€‘α€œα€”်တိုα€€်ပွဲတွင်း α€…α€…်တပ်α€˜α€€်ထိခိုα€€်α€žေဆုံးတာα€›ှိα€α€š်α€œို့ α€˜ီα€˜ီα€…ီα€™ြα€”်α€™ာပိုင်းα€€ို α€–ြေထားပေα€™α€š့် ထရေထတွα€€်ထတိထကျα€€ိုတော့ ပြောα€™α€žွားပါα€˜ူး။

 

α€œα€€်α€›ှိα€™ှာ ထန်α€α€œα€”်α€™ြို့ပေါ် ထထိုင်ချα€”ိုင်α€–ို့ ထင်ထားα€‘α€œုံးထရင်းα€”ဲ့ ထစွα€™်းα€€ုα€”်ပြင်ဆင်α€”ေတဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့α€”ဲ့ ချင်းပူးပေါင်းတပ်α€–ွဲ့α€€ြား ထချိα€”်α€™α€›ွေး တိုα€€်ပွဲဆက်α€–ြα€…်α€™α€š့်ထနေထထားα€œို့α€œα€Š်း (CNA) ပြောခွင့်α€› α€†α€œိုင်းထက်α€”ီα€€ BNN α€žα€α€„်းα€Œာα€”α€›ဲ့ α€™ေးα€™ြα€”်းခန်းတခုα€™ှာ ပြောα€€ြားပါα€α€š်။

 




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment