PDF ရဲဘော်များသို့
၇ စက်တင်ဘာ ၂၀၂၃
ရဲဘော်တို့
လူသမိုင်းတလျောက် မင်းဆိုးမင်းညစ်တွေကို တွန်းလှန်ဖယ်ရှားဖို့ ကြိုးပမ်းရတဲ့ လူ့အဖွဲ့စည်း တွေမှာ လူငယ်တွေဟာ ရှေ့တန်းကပါဝင်လေ့ ရှိကြတယ်။ကိုယ့်ခေတ်ကိုယ့်မျိုးဆက်ရဲ့ ပခုံးပေါ် ရောက်ရှိလာတဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်ဖို့ လူငယ်တွေဟာ ဘယ်တုန်းကမှ ပျက်ကွက်လေ့ မရှိကြဘူး။
လူငယ်တွေဟာ သမိုင်းသစ်ကို ဖန်တီးသူတွေဖြစ်တယ်။ ဒီကနေ့ ကျရောက်တဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ် (၂) နှစ်ပြည့်နေ့မှာ စစ်ကျွန်ဘဝကလွတ်မြောက်ရေး ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ ကြတဲ့ လူငယ်မျိုးဆက်တွေကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ အာဏာလောဘ၊ ကိုယ်ကျိုးစီးပွားလောဘဟာ တိုင်းပြည်ကို ဖျက်ဆီးပစ် ခဲ့တယ်။ လူငယ်တွေဟာ အနာဂတ်ပျောက်ခဲ့ရတယ်။
စစ်ကျွန်ဘဝဆိုတာ အင်မတန်လူဖြစ်ရှုံးတယ်။ စစ်ဖိနပ်အောက်မှာ လူ့ဂုဏ်သိက္ခာ ကင်းမဲ့ခဲ့ ရတယ်။ လူဖြစ်ရှုံးတဲ့ဘဝမှာ ဒူးထောက်အညံ့ခံပြီး နေသာသလိုနေမလား ဆုံးရှုံးနေတဲ့ လူ့ဂုဏ်သိက္ခာကို ပြန်ရအောင်တိုက်ယူမလား လူငယ်တွေ ရွေးချယ်ကြရတယ်။
သိန်းသန်းချီသော မြန်မာလူငယ်တွေဟာ ဒုတိယလမ်းကို ရွေးခဲ့ကြတယ်။ လူငယ်တွေရဲ့ ဦးဆောင်ပါဝင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်ခဲ့ကြတယ်။ လက်နက်အားကိုးနဲ့ ပြည်သူအပေါ်စစ်ကျွန်ပြုနေသူတွေကို လက်နက်ကိုင် တွန်းလှန်ဖယ်ရှား ပစ်ဖို့မှတပါး လူငယ်တွေမှာ တခြားရွေးချယ်စရာမရှိခဲ့ဘူး။
ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့်ချိန်မှာ တော်လှန်ရေးဟာ အလှည့်အပြောင်းတစ်ခုဆီ ရောက်ရှိခဲ့ပြီလို့ ဆိုနိုင်တယ်။ နိုင်ငံရေး၊စစ်ရေး စစ်မျက်နှာတိုင်းမှာ တော်လှန်ရေးအင်အားစုတွေက အပေါ်စည်း၊ စစ်အုပ်စုက အောက်စည်းဖြစ်ခဲ့ပြီဆိုတာ မြင်သာတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ်ပြည့် အစီရင်ခံစာကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ထားပြီးဖြစ်တယ်။
ဒီအချိန်မှာ အဆုံးသတ်တိုက်ပွဲကို ငါတို့ဘယ်လိုဆင်နွှဲကြမလဲ၊ အပြီးသတ်အောင်ပွဲကို ငါတို့ ဘယ်လို ရယူကြမလဲ ဆိုတာ စဉ်းစားပြင်ဆင်ဖို့ အချိန်ရောက်ပြီလို့ ငါတို့နားလည်တယ်။
အရေးကြီးဆုံးက COC အောက်ရောက်ပြီးသား တပ်ဖွဲ့တွေရဲ့ တိုက်စွမ်းရည်ကို ငါတို့မြှင့်တင် ကြရလိမ့်မယ်။ဒီ့အတွက် တပ်ရင်းတပ်ဖွဲ့၊ စစ်ကြောင်းနဲ့ဗျူဟာတွေရဲ့ စုဖွဲ့မှုပိုကောင်းရလိမ့်မယ်၊ လေ့ကျင့်မှု ပိုကောင်းရ လိမ့်မယ်၊ အမိန့်ပေးအမိန့်နာခံမှု ပိုကောင်းရလိမ့်မယ်၊ လက်နက်နဲ့ဗျူဟာ ပိုကောင်းရ လိမ့်မယ်။
အရင်းခံကတော့ ရဲဘော်တစ်ဦးချင်းရဲ့ စိတ်ဓာတ်ခိုင်မာဖို့ပဲ။ တော်လှန်ရေး အပေါ် ဆုံးဆုံးဖြတ်ဖြတ် ရှိပြီး တော်လှန်ရေးမအောင်မချင်း ငါပါဝင်မယ်၊ ငါလုပ်နိုင်တာ လုပ်မယ်ဆိုတဲ့ သံဓိဌာန် ခိုင်သထက် ခိုင်အောင် ချကြရလိမ့်မယ်။
ရဲဘော်တို့ဟာ အောင်ပွဲနဲ့ ထိုက်တန်သူတွေ ဖြစ်တယ်ဆိုတာ ရဲဘော်တို့ရဲ့ သက်စွန့်ကြိုးပမ်းမှု တွေက သက်သေခံပြီးဖြစ်တယ်။ ပြည်သူ့တော်လှန်ရေး မုချအောင်ရမယ်။
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
No comments:
Post a Comment