26th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြား


📌 ၂။ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့်ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizardတို့တွေ့ဆုံဆွေးနွေး

📌 ၃။ ကနေဒါနိုင်ငံ  လွှတ်တော်ရေးရာစင်မှာ ဝန်ကြီးဦးအောင်မျိုးမင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိ ဦးကျော်ဇော်နှင့်ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ လွှတ်တော်ရေးရာစင်မှာ တာဝန်ရှိသူများနှင့် တွေ့ဆုံ

📌 ၄။ အမျိုးသမီး Local PDF များအတွက် ကျပ်၁၄ သိန်းကို အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပံ့ပိုးလှူဒါန်း

📌 ၅။ အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ရိုက် ဝါဒဖြန့်မှု တွေ အလုပ်မဖြစ်တော့တဲ့အတွက် သွယ်ဝိုက်ပြီး လက်ရှိ တော်လှန်ရေးမှာ စိတ်မဝင်စား အောင် လုပ်ဆောင်နေတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်သတိပေး

📌 ၆။နှုတ်ဆိတ်ခြင်းသည် ကြံရာပါတရားခံ၊ DANIELI & S.P.A ကုမ္ပဏီစာတမ်းအစီရင်ခံစာကို Italia - Birmania Insieme အဖွဲ့အစည်းမှ တင်ပြသွားခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြား


အောက်တိုဘာ၂၆ရက်


 အန်ဂိုလာနိုင်ငံ၊ လူရမ်ဒါမြို၌ ၂၃-၁၀-၂၀၂၃ ရက်နေ့မှ ၂၇-၁၀-၂၀၂၃ ရက်နေ့အထိ ကျင်းပမည့် အန်ဂိုလာအမျိုးသားလွှတ်တော်က အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၁၄၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏  General Debate အစီအစဉ်တွင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေး တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်မှုများ၊ CRPH အပါအဝင် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများက မင်းအောင်လှိုင်မှ လက်နက်အားကိုးဖြင့် လုပ်ဆောင်နေသည့် အကြမ်းဖက်မှုကို ခုခံကာကွယ်နေမှုများ၊ ဒီမိုကရေစီရရှိရေးတစ်ခုတည်းသာမဟုတ်ဘဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နိုင်ရေး ကြိုးပမ်းနေမှုများကို ထည့်သွင်းပြောကြားခဲ့ပြီး နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းသို့မြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာလွှတ်တော်များတွင် ထုတ်ဖော်ပြောကြားပေးရန်၊ အကြမ်းဖက်မှုများအဆုံးသတ်နိုင်ရန် အာဏာသိမ်းစစ်ကောင်စီအား ပိုမိုဖိအားပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန်နှင့် ဒီမိုကရေစီအင်အားစုများထံသို့ ငွေကြေးနှင့် နည်းပညာအကူအညီများ ပေးအပ်ရန်တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။


ဒေါက်တာဝင်းမြတ်အေးခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တီမောလက်စ်တေးအပါအဝင်အင်ဒိုနီးရှားကိုယ်စားလှယ်အဖွဲ့တို့နှင့်လည်း သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 


မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဒေါက်တာဝင်းမြတ်အေး (ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် -) ဦးနေမျိုးထက် (ကျောက်တံတားမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး) နှင့် ကိုယ်စားလှယ်အဖွဲ့ အကြံပေးအဖြစ် ဒေါက်တာမြသီတာတို့ ပါဝင်တက်ရောက်လျက်ရှိကြောင်းသိရပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးနှင့်ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizardတို့တွေ့ဆုံဆွေးနွေး


အောက်တိုဘာလ ၂၅ရက်


အောက်တိုဘာလ ၂၅ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် နန်းဆုမွန်အောင် နှင့် မြန်မာ့အရေးကိုအားကြိုးမာန်တက် ကူညီပေးလျက်ရှိသော ပြင်သစ်အဖွဲ့အစည်း Association Médicale Franco Asiatique (AMFA) ကိုယ်စားလှယ်တို့သည် ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ NUGပြင်သစ်ကိုယ်စားလှယ်ရုံးကအသိပေးပါတယ်။


 Mr.Pascal Allizard သည် ၂၀၂၁ ခုနှစ်၊ ပြင်သစ်အထက်လွှတ်တော်တွင် NUG အစိုးရကို ပြင်သစ်အစိုးရမှ အသိအမှတ်ပြုရန် ဦးဆောင်တင်းသွင်းပေးခဲ့သူလည်းဖြစ်ပါတယ်။


အဆိုပါတွေ့ဆုံပွဲတွင် ဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ ပြင်သစ်အစိုးရအနေဖြင့်မြန်မာ့အရေးကို လက်တွေ့ကျသောအကူအညီပေးနိုင်ရန် နှင့် တော်လှန်ရေး၏တိုးတက်မှုအခြေအနေ၊ မြေပြင်အခြေအနေများအပါအဝင်အခြားအရေးကြီးသောအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။

 

အထက်လွှတ်တော် အမတ် Mr. Pascal Allizard အနေဖြင့်လည်း မြန်မာပြည်သူများဘက်မှ ရပ်တည်ပြီး ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။


ထို့အပြင် ပြင်သစ် အထက်လွှတ်တော်အမတ် Mr. Pascal Allizard သည်မြန်မာ့အရေးနှင့်ပတ်သက်ပြီး ပြင်သစ်ကရှေ့ဆက်လုပ်ဆောင်ပေးမည့် လုပ်ဆောင်မှုများအတွက်ပြင်သစ်အစိုးရကိုမေးထားကြောင်း ပြောပြခဲ့ပါတယ်။ 


========================


📌📌 ၃။ ကနေဒါနိုင်ငံ  လွှတ်တော်ရေးရာစင်မှာ ဝန်ကြီးဦးအောင်မျိုးမင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိ ဦးကျော်ဇော်နှင့်ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ လွှတ်တော်ရေးရာစင်မှာ တာဝန်ရှိသူများနှင့် တွေ့ဆုံ


အောက်တိုဘာ၂၆ရက်


ကနေဒါနိုင်ငံ ဝိုတာဝါမြို့ရှိ လွှတ်တော်ရေးရာစင်မှာ ဝန်ကြီးဦးအောင်မျိုးမင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိ ဦးကျော်ဇော်နှင့်ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ လွှတ်တော်ရေးရာစင်မှာ တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့တယ်လို့ အောက်တိုဘာ၂၆ရက်မှာ NUGလူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကအသိပေးဆိုထားပါတယ်။


"ကနေဒါနိုင်ငံ ဝိုတာဝါမြို့ရှိ လွှတ်တော်ရေးရာစင်မှာ ဝန်ကြီးဦးအောင်မျိုးမင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိ ဦးကျော်ဇော်နှင့် အတူ လွှတ်တော်ရေးရာစင်မှာ တာဝန်ရှိသူများနဲ့ တွေ့ဆုံခဲ့ပြီး ကနေဒါအနေဖြင့် မြန်မာဒီမိုကရေစီအရေးဆက်လက်ပံ့ပို့ရေး၊ စစ်တပ်ကို အပြစ်ပေးအရေးယူနိုင်ရေးနှင့် ရိုဟင်ဂျာများအတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့အဖြေဖေါ်ဆောင်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့ပါတယ်"လို့ဆိုပါတယ်။


လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းနှင့်ဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ဟာ ကနေဒါနိူင်ငံကို အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိနေကြပါတယ်။


========================


📌📌 ၄။ အမျိုးသမီး Local PDF များအတွက် ကျပ်၁၄ သိန်းကို အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ပံ့ပိုးလှူဒါန်း


အောက်တိုဘာ၂၆ရက်


အောက်တိုဘာ၂၅ရက်မှာ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ အခုလို တရားဝင်အသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုး၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနသည် ဝန်ကြီးဌာန၏မူလတာဝန်ကိုကျေပြွန်အောင်ထမ်းဆောင်ရင်း တော်လှန်ရေးအမြန်အောင်မြင်ရေးကိုဦးစားပေးလုပ်ငန်းအဖြစ်သတ်မှတ်ကာ တော်လှန်ရေးတွင်ပါဝင်သောအဖွဲ့အစည်းများအားလုံးအပေါ်ကျောသားရင်သားမခွဲခြားပဲအစဉ်တစိုက်ပံ့ပိုးလျှက်ရှိပါတယ်"လို့ဆိုပါတယ်။


ထိုသို့ပံ့ပိုးရာတွင် ၂၀၂၃ အောက်တိုလတတိယပတ်အတွင်း လိုင်ဇာ မိုင်လိုင်ခတ်စစ်ဘေးရှောင်များအတွက်ကျပ် ၈၅ သိန်း၊ ရွှေကျင်မြို့နယ်စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၂၀၊ ဝန်းသိုမြို့နယ်စစ်ဘေးသင့်ကျောင်းသူ/သားများအတွက် ကျပ် ၂၁ သိန်း၊ အမျိုးသမီး Local PDF များအတွက် ကျပ်၁၄ သိန်း၊ ဖက်ဒရယ်စနစ်ပေါ်ပေါက်ရေးအတွက်ကျပ်သိန်း ၂၀ တို့ကိုပံ့ပိုးလှူဒါန်းခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုဟာ တိုက်ရိုက် ဝါဒဖြန့်မှု တွေ အလုပ်မဖြစ်တော့တဲ့အတွက် သွယ်ဝိုက်ပြီး လက်ရှိ တော်လှန်ရေးမှာ စိတ်မဝင်စား အောင် လုပ်ဆောင်နေတယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်သတိပေး


အောက်တိုဘာ၂၆ရက်


"အာဏာ ရှင်က သူ့ရဲ့ တိုက်ရိုက် ဝါဒဖြန့်မှု တွေ အလုပ်မဖြစ် တော့ ဘူးဆိုတာကို မနှစ်ကတည်းက သိသွား ကတည်း က သွယ်ဝိုက် ပြီး လိုချင်တဲ့ ရလာဒ် ရအောင် လုပ်တဲ့ ဗျူဟာ ကိုပြောင်းသွား တယ် ဆိုတာကိုသိရမယ်။ သွယ်ဝိုက်ပြီး ပို့ပေးဖို့ နည်းလမ်းကိုရှာ တော့ အသုံးချ နိုင်လောက်တဲ့ အနုပညာ၊ အားကစား၊ ဘာသာရေး စတဲ့ နယ်ပယ်က နေပြီး ကိုယ်ကျိုးအတွက်သာ ကြည့်တတ်သူ၊ နိုင်ငံရေး နားမလည် စိတ်မဝင်စားသူ တွေ ကို ဘေးတီး ပေးတဲ့ နည်းနဲ့ စင်တင်ပြီး လက်ရှိ တော်လှန်ရေး မှာ စိတ်မဝင်စား အောင်၊ မပါဝင်နိုင်အောင် သတင်းအချက်အလက်တွေ နဲ့ viral ဖြစ်မယ့်ဟာတွေကိုအသုံးချ နေတာမြင်ကျဖို့ပါပဲ"လို့အောက်တိုဘာ၂၅ရက်မှာ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကသုံးသပ်ပြောဆိုလိုက်ပါတယ်။ 


လက်ရှိမှာ စစ်အုပ်စုထောက်ခံတဲ့အနူပညာရှင်နဲ့ ဖျော်ဖြေရေးအချို့ဟာ ပြည်သူလူထုကိုလှည့်ဖျား၍ ပွဲလမ်းသဘင်များကျင်းပလျက်ရှိပါတယ်။


"အွန်လိုင်း သတင်းအချက်အလက် စစ်ပွဲ မှာ ၈၈ ကလို မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြား နဲ့  သာမန်ပြည်သူကို ဦးနှောက်ဆေးလို့ မရ တော့လို့ ရှုံးသွားတဲ့ စစ်မျက်နှာ မှာ သွယ်ဝိုက် တဲ့ နည်းဖြစ်တဲ့ ကြက်ဆူတော ထအောင် လုပ်ခြင်းဖြင့် တော်လှန်ရေး အဖွဲတွေ နဲ့ သာမန်ပြည်သူ တွေ ထိတွေ့မှု နည်းအောင် လုပ်လာတာပဲ ဖြစ်တယ်"လို့ ဒုဝန်ကြီး မော်ထွန်းအောင်ကပြောပါတယ်။


========================


📌📌 ၆။နှုတ်ဆိတ်ခြင်းသည် ကြံရာပါတရားခံ၊ DANIELI & S.P.A ကုမ္ပဏီစာတမ်းအစီရင်ခံစာကို Italia - Birmania Insieme အဖွဲ့အစည်းမှ တင်ပြသွားခဲ့


အောက်တိုဘာ၂၆ရက်


ရောမမြို့၊ အီတလီအစိုးရအောက်လွှတ်တော် အစည်းအဝေးခန်းမတွင်နှုတ်ဆိတ်ခြင်းသည် ကြံရာပါတရားခံ၊ DANIELI & S.P.A ကုမ္ပဏီစာတမ်းအစီရင်ခံစာကို Italia - Birmania Insieme အဖွဲ့အစည်းမှ တင်ပြသွားခဲ့တယ်လို့သတင်းရရှိပါတယ်။


 အောက်တိုဘာလ ၂၄ ရက်တွင် အစီရင်ခံစာကိုတင်ပြရာItalia Birmania Insieme အဖွဲ့ နှင့် အခြား သတင်းထောက်များ၊ အဖွဲ့အစည်းများ ပူးပေါင်းစိစစ်တင်ပြထားသော စာမျက်နှာ ၅၀ ကျော်ရှိ အစီရင်ခံစာတွင် လက်ရှိမြန်မာနိုင်ငံ အခြေအနေ၊ Myanmar Economic Coporation အကြောင်း၊ DANIELI ကုမ္ပဏီ မြန်မာနိုင်ငံတွင် အခြေချခဲ့ပုံ၊ ဥရောပသမဂ္ဂ၏ ဥပဒေစည်းကမ်းများ၊ ကုမ္ပဏီ၏ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဥပဒေဖောက်ဖျက်မှုများ၊ အီတလီအစိုးရနှင့် DANIELI ကုမ္ပဏီအပေါ် တောင်းဆိုချက်များ ပါဝင်ပါတယ်။


အစီရင်ခံစာ စာတမ်း တင်ပြရာတွင် Italia Birmania Insieme အဖွဲ့၏ အထွေထွေအတွင်းရေးမှူး Cecilia Brighi မှ အီတလီနိုင်ငံ အခြေစိုက် DANIELI ကုမ္ပဏီသည် 1979 ခုနှစ်ကပင် စတင်ကာ စစ်အုပ်စုနှင့် လက်တွဲလုပ်ဆောင်မှုများရှိခဲ့ရာတွင် စစ်အုပ်စု၏ Myanmar Economic Cooperation ဖြင့် လက်တွဲလုပ်ဆောင်ခြင်းနှင့် မြန်မာနိုင်ငံတွင် ၎င်း၏ ရင်းနှီးလုပ်ဆောင်မှုများသည် ပွင့်လင်းမြင်သာခြင်း မရှိသည့် အခြေအနေများကို တင်ပြဆွေးနွေးသွားခဲ့ပါတယ်။


ပင်းပက်သံမဏိစက်ရုံနှင့် မြင်းခြံသံမဏိစက်ရုံအတွက် ဒေသခံများအပေါ် စစ်အုပ်စုမှ မတရားမြေသိမ်း အနိုင်ကျင့်မှုများ၊ သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ထိခိုက်မှုများအပြင် ယခုပြန်လည်လည်ပတ်နေသော စက်ရုံများမှ ထွက်ကုန်များသည် ပြည်သူများကို လက်နက်လေယာဥ်များဖြင့် ဗုံးကြဲသတ်ဖြတ်နေသော အကြမ်းဖက်စစ်အုပ်စုက မည်သို့ အသုံးချမည်ကို မေးခွန်းထုတ်သွားခဲ့တယ်လို့သိရပါတယ်။


ထို့အပြင် ဖေဖော်ဝါရီလ ရက်နေ့ စစ်အုပ်စုမတရားအာဏာသိမ်းချိန်မှ စတင် ပြီး မြန်မာနိုင်ငံမှ အီတလီနိုင်ငံသို့ သွင်းကုန်များ အရှိန်မပျက်သည့်အပြင် တိုးမြှင့်လာသည့် အခြင်းအရာ၊ အီတလီမှ ထုတ်ကုန်များ မြန်မာနိုင်ငံတွင်း ဆက်လက်ရောက်ရှိနေပုံနှင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီစနစ်ကို အခြေခံသည့် နိုင်ငံတစ်ခုသည် ပိတ်ဆို့တားဆီးမှုများကြားမှ စစ်အုပ်စုနှင့်အတူ စီးပွားလုပ်နေသည်မှာ လုံးဝလက်ခံနိုင်စရာမရှိကြောင်း အစီရင်ခံသွားခဲ့ပါတယ်။


အစည်းအဝေးအစီရင်ခံစာ တင်ပြခြင်းအခမ်းအနားသို့ အီတလီအောက်လွှတ်တော် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးကော်မတီဥက္ကဌ On.Laura Boldrini Amnesty International ပြန်ကြားရေးတာဝန်ခံ Riccardo Noury အီတလီနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၊ အီတလီသတ္တုလုပ်ငန်း အလုပ်သမားသမဂ္ဂအဖွဲ့ FIM CISL အထွေထွေအတွင်းရေးမှူး Roberto Benaglia Atlante della Guerra သတင်းထောက် Alessandro De Pascale Radio Radicale သတင်းထောက် Francesco Radicioni သတင်းစာဆရာများ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment