၂၀၂၃ ဒီဇင်င်ဘာလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနနှင့် သယံဇာတ စီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့များ တွေ့ဆုံ
📌 ၂။ သိမ်းပိုက်ထားတဲ့ မုန်းမြို့တပ်ရင်းဌာနချုပ် နှစ်ခုမှ စစ်တပ်မိသားစုဝင်များကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း KNLA အသိပေး
📌 ၃။ စစ်ပွဲအတွင်းထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကိုးကန့်ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၁ဝ ဦး ဒဏ်ရာရ
📌 ၄။ ရဟတ်ယာဉ်ကွင်း ၂ ခုပါသော တရွှန်အိုင်ဗျူဟာကုန်းကို AA သိမ်းပိုက်၊နှုးဗူးဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ရေး ကြိုးစားနေ
📌 ၅။ ကျောက်မဲ၊ နမ့်ခမ်းနှင့် သီပေါ၊ ကွတ်ခိုင် တို့တွင် စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ
📌 ၆။ ရှားတောမြို့ ပွန်ချောင်းတပ်စခန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိ
📌 ၇။ စစ်တပ်က အာဏာရှင်စနစ်သက်ဆိုးရှည်ရန် ပြည်သူလူထုကို နိုင်ထက်စီးနင်းပြုလုပ်ခြင်းများ လက်ရဲဇက်ရဲ ကျူးလွန်လာဟု ညီနောင် ၃ ဖွဲ့ပြော
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနနှင့် သယံဇာတ စီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့များ တွေ့ဆုံ
ဒီဇင်ဘာ ၆။
အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနဲ့ သယံဇာတ စီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၂၃) ကို ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာထူးခေါင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာမှာ “ မိမိတို့ဝန်ကြီးဌာနသည် သတ္တု /ကျောက်မျက်ကဏ္ဍနှင့် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍဟူ၍ ကဏ္ဍနှစ်ရပ် ခွဲ၍ လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် သတ္တု/ ကျောက်မျက် ကဏ္ဍသည် တော်လှန်ရေး ကာလအတွင်း ဒေသခံများ၏ သယံဇာတအပေါ် မီခိုမှု များပြားလာခြင်းကြောင့် မူဝါဒများကို စနစ်တကျ စီမံခန့်ခွဲရသလို တဖက်တွင်လည်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍသည် ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရမည့် မူဝါဒနှင့်အညီ လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း၊ အစိုးရတရပ် ဖြစ်တဲ့အတွက် နိုင်ငံတကာ သဘာဝပတ်ဝန်းကျင် မူဝါဒေတွေနဲ့ အတတ်နိုင်ဆုံး ကိုက်ညီအောင် လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း၊ အားလုံးစုပေါင်း ခေါင်းဆောင်မှုဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်လျှင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း၊ မြေပြင်ခေါင်းဆောင်များ၏ အခန်းကဏ္ဍသည် အင်မတန် အရေးကြီးပါကြောင်း " ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိ သူများက ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးကို ခရိုင် (၆) ခရိုင်၊ မြို့နယ် (၉) မြို့နယ်တို့မှ ခရိုင် သယံဇာတတာဝန်ခံများ၊ သယံဇာတစီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါတယ်။
========================
📌📌 ၂။ သိမ်းပိုက်ထားတဲ့ မုန်းမြို့တပ်ရင်းဌာနချုပ် နှစ်ခုမှ စစ်တပ်မိသားစုဝင်များကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း KNLA အသိပေး
ဒီဇင်ဘာ ၆။
ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ထားတဲ့ မုန်းမြို့ အခြေစိုက် စစ်ကောင်စီ တပ်ရင် ဌာနချုပ် နှစ်ခုမှ စစ်တပ် မိသားစု ဝင်များကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း KNLA က ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန် ခဲ့ပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းပ မုန်းမြို့အခြေစိုက် စစ်ကောင်စီ ခမရ(၅၉၉)နဲ့ ခမရ(၅၉၀) တပ်ရင်းဌာနချုပ် နှစ်ခုအပါအဝင် စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ၄ ခုကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့ ညနေပိုင်းမှာ စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း ခမရ (၅၉၉) က တပ်ဖွဲ့ဝင်၊ မိသားစုဝင် ၂၀ ကျော်နှင့် ခမရ(၅၉၀) တပ်ဖွဲ့ဝင် မိသားစုဝင် များစွာကို ဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သားများစွာလည်း လက်နက်ချ အညံခံခဲ့ တယ်လို့လည်း အသိပေး ထားပါတယ်။
မုန်းမြို့သိမ်းတိုက်ပွဲကို KNU/KNLA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း(၈)၊ တပ်ရင်း(၉)၊ တပ်မဟာ(၁)၊ တပ်မဟာ(၅)၊ BPLA၊ Federal Wing Drone ၊ PDF Drone၊ တပ်မဟာ(၃) Drone တပ်ဖွဲ့၊ ရိုးမစစ်ကြောင်း(၂)၊ ရိုးမစစ်ကြောင်း(၄)၊ ရိုးမစစ်ကြောင်း(၅) ပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၃။ စစ်ပွဲအတွင်းထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ကိုးကန့်ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၆ ဦးသေဆုံးကာ ၁ဝ ဦး ဒဏ်ရာရ
ကုန်းကြမ်းစခန်းက စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်ကောင်စီအကြွင်းအကျန်အဖွဲ့ဝင်တွေ ဝကြည်ကျိုင့်ရွာနဲ့ စူကြားကျိုင့် ရွာသို့ လာရောက်ပုန်းအောင်းချိန်မှာ MNDAA ရဲ့ လိုက်လံတိုက်ခိုက် ချေမှုန်းမှုတွေကြောင့် အပြစ်မဲ့အရပ်သားတွေကို ပစ်မှတ်ထားဖမ်းဆီးခြင်း၊ လူသားဒိုင်းလုပ်ခြင်း၊ လမ်းပြခိုင်းခြင်း စတဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်ခဲ့ကြ တာဖြစ်လို့ MNDAA က ပြောပါတယ်။
နိုဝင်ဘာလ ၃ဝ ရက်ကနေ ဒီဇင်ဘာလ ၄ ရက်နေ့အထိဟာ ရှောက်ကိုင်ရွာအုပ်စု ဝကြည်ကျိုင့်ရွာက အရပ်သားတွေ အတွက် အလွန်ခက်ခဲတဲ့ရက်တွေကို ကျော်ဖြတ်ခဲ့ရက်တွေဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုပ်တဲ့လုပ်ရပ်တွေကို သည်းမခံနိုင်တော့ ရှောက်ကိုင်ရွာအုပ်စုက ဒေသခံ အမျိုးသား၊အမျိုးသမီးတွေဟာ ဓာတို၊ဓားရှည်တွေနဲ့ ပြန်လည်ခုခံခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ MNDAA ထံ လွှဲပြောင်းပေးခဲ့ တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း ရှီးရှမ်းဒေသ ရှောက်ကိုင်ကြည်နေရာလမ်းခွဲမှာ စစ်အုပ်စုအကြွင်း အကျန်အဖွဲ့ဝင် ၈ ဦး ကို တွေ့ရှိခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးသေဆုံးပြီး ၇ ဦး ဖမ်းဆီးရရှိခဲ့တယ်လည်း သိရပါတယ်။
သေဆုံးသွားတဲ့သူဟာ တပ်ခွဲမှူးအဆင့်ရှိသူဖြစ်ပြီး ဖမ်းဆီးရမိတဲ့သူတွေဟာ စကခ ၁၂ လက်အောက်ခံ ခမရ- ၅၄၅ က ၂ဦး၊ ခမရ -၅၄၇ က ၂ဦးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦးဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ကလည်း မုံးကျက်စခန်းကနေ ထွက်ပြေးလာတဲ့ ခမရ-၅၂၀ က စစ်သားတဦး ဖမ်းဆီးရမိခဲ့တယ်လို့ MNDAA က အသိပေးထားပါတယ်။
========================
📌📌 ၄။ ရဟတ်ယာဉ်ကွင်း ၂ ခုပါသော တရွှန်အိုင်ဗျူဟာကုန်းကို AA သိမ်းပိုက်၊နှုးဗူးဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ရေး ကြိုးစားနေ
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာရှိပြီး ရဟတ်ယာဉ်ကွင်း ၂ ခုပါတဲ့ တရွှန်အိုင်ဗျူဟာကုန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး နှုးဗူး ဗျူဟာကုန်းကို ထပ်မံသိမ်းပိုက်ရရှိနိုင်ရေး ကြိုးစားနေတယ်လို့ ရခိုင့်တပ်တော် AA နဲ့ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ပလက်ဝမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တရွှန်အိုင်ဗျူဟာကုန်းနဲ့ နှုးဗူးဗျူဟာကုန်းကို သိမ်းပိုက်ရရှိနိုင်ဖို့ နိုဝင်ဘာလ ၁၄ ရက်နေ့မနက် ၆ နာရီကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိုးစစ်ရက်ပေါင်း ၂၁ ရက်မြောက် တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ တနာရီကျော်အချိန်မှာ တရွှန်အိုင်ဗျူဟာ စခန်းကုန်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ ရခိုင့်တပ်တော် AA က အသိပေးထားပါတယ်။
ထိုးစစ်ကာလအတွင်း အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းကနေတိုက်ခိုက်တာ လက်နက်ကြီးပစ်ကူပေးတာ၊ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါတဲ့ဗုံးတွေနဲ့ နေ့၊ ည ရက်ဆက် ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားကနေ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
အဆိုပါတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီအလောင်းတွေ၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပေမယ့် ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ လက်နက်အရေအတွက်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
တရွန်အိုင်ဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း အသက်၊ ခန္ဓာပေးဆပ်ခဲ့ကြတဲ့ အာရက္ခစစ်သည်တော်များနဲ့ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ စစ်သည်တော်များအားလုံးကို လေးနက်စွာဂုဏ်ပြုမှတ်တမ်းတင်ပါ သည်လို့ AA နဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ကျန်ရှိနေသေးတဲ့ နှုးဗူးဗျူဟာကုန်းကိုထပ်မံသိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရ ပါတယ်။
========================
📌📌 ၅။ ကျောက်မဲ၊ နမ့်ခမ်းနှင့် သီပေါ၊ ကွတ်ခိုင် တို့တွင် စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေ
ဒီဇင်ဘာ ၆။
ကျောက်မဲ၊ နမ့်ခမ်းနှင့် သီပေါ၊ ကွတ်ခိုင် စတဲ့ နေရာလေးခုတွင် တအောင်းတပ် PSLF/TNLA နှင့် စစ်ကောင်စီ တပ်တို့ကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ TNLA က အသိပေးဆိုပါတယ်။
PSLF/TNLA တပ်မဟာ (၂) စစ်ဒေသ၊ ကျောက်မဲမြို့နယ် စစ်ကောင်စီ မိုင်းလုံတပ်စခန်းအား ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၅ နာရီခွဲ မှာ စတင်တိုက်ခိုက် ခဲ့ပြီး တပ်မဟာ (၁)၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၉ နာရီ ၁၅ မိနစ်မှာ စတင်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တပ်မဟာ (၃) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီ ခွဲကျော်တွင် ဝင်ရောက်တိုက်ခိုက် နေပြီး တပ်မဟာ (၂) စစ်ဒေသ သီပေါမြို့နယ် စံဖိတ်ကျေးရွာတွင် မနက် ၉ နာရီ ခန့်က စစ်ကောင်စီတပ်နှင့် TNLA + PDF ပူးပေါင်း တပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
တပ်မဟာ (၅) စစ်ဒေသ၊ ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နမ့်ဖတ်ကာ တပ်စခန်းကို ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၆ နာရီ ၄၅ မိနစ်က တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီး မန်တက်နဲ့ နမ့်ဖက်ကာ တပ်စခန်းမှ လက်နက်ကြီးပစ်ကူ ၁၇ ကြိမ် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် ၁၆ ကြိမ် လာရောက်ပစ်ကူ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တပ်မဟာ (၂) စစ်ဒေသ၊ သီပေါမြို့နယ် စံဖိတ်ကျေးရွာဘက်တွင်လည်း စစ်ကောင်စီ သီပေါ တပ်မှ လက်နက်ကြီးဖြင့် ၄ ကြိမ်း ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နမ့်ခမ်းမြို့နယ် စစ်ကောင်စီ မိုင်းဝီးတပ် စခန်းမှ လွယ်ဟိုက်ကျေးရွာနဲ့ မိုင်းဝီးကျေးရွာအတွင်း လက်နက်ကြီးဖြင့် ၇ ကြိမ် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ တအောင်းတပ် TNLA က အသိပေးထားပါတယ်
========================
📌📌 ၆။ ရှားတောမြို့ ပွန်ချောင်းတပ်စခန်းကို ကရင်နီပူးပေါင်းတပ် သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိ
ဒီဇင်ဘာ ၆။
ကရင်နီပြည်နယ်၊ ရှားတောမြို့ရှိ စစ်ကောင်စီ ပွန်ချောင်းတပ်စခန်းကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးကာ ၁၀ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ ခဲ့တယ်လို့ ကရင်နီ ပူးပေါင်းတပ်ထံမှ သိရပါတယ်။
အဆိုပါ ပွန်ချောင်းတပ်စခန်းတွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ - ၇၂ က အင်အား ၂၀ ဝန်းကျင်ဖြင့် တပ်စွဲထားတာ ဖြစ်ပြီး ကရင်နီ ပူးပေါင်းတပ်က ဒီဇင်ဘာလ ၁ ရက်နေ့က စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက လေယာဉ်နဲ့ တန်ပြန်ဗုံးကျဲ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပြီး ၂ ရက်နေ့ ည ၁၂ နာရီမှာ လက်ကျန်စစ်ကောင်စီ တပ်သားတွေက စခန်းစွန့်ခွာဖို့ လုပ်ပေမယ့် ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကာ ၃ ရက်နေ့မှာ စခန်းကို အကုန်သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပွန်ချောင်းတပ်စခန်းကို ဦးဆောင်သူ စစ်ကောင်စီ ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီး ရမိထားကြောင်း သိရပြီး အသေးစိတ် အချက်အလက်ကိုမူ ကရင်နီ ပူးပေါင်းတပ်က ထုတ်ပြန်တာ မရှိသေးပါဘူး။
လက်ရှိ ကရင်နီပြည်နယ်တွင် ၁၁,၁၁ စစ်ဆင်ရေး စတင်ပြီးနောက် စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများ အပါအဝင် တပ်စခန်းပေါင်း ၂၀ ကျော်ကို ကရင်နီ တပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက် ထားပါတယ်။
========================
📌📌 ၇။ စစ်တပ်က အာဏာရှင်စနစ်သက်ဆိုးရှည်ရန် ပြည်သူလူထုကို နိုင်ထက်စီးနင်းပြုလုပ်ခြင်းများ လက်ရဲဇက်ရဲ ကျူးလွန်လာဟု ညီနောင် ၃ ဖွဲ့ပြော
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့ ပြည်သူလူထုကို နိုင်ထက်စီးနင်း ပြုလုပ် တာတွေကို လက်ရဲဇက်ရဲ ပိုမိုကျူးလွန်လာတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့မနက်ပိုင်းမှာထုတ်ပြန်တဲ့ ၁ဝ၂၇ စစ်ဆင်ရေး ရက် ၄ဝ ပြည့် တိုက်ပွဲသတင်းတွေထုတ်ပြန်ရာမှာ အခုလို ထည့်သွင်းပြောဆိုလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားလုပ်ဆောင်နေတဲ့ စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ချိုးဖောက်လာနေပြီး ဒေသခံများကို နေ့စဉ်ရက်ဆက်ဖမ်းဆီးလာခြင်းများကို ဆက်တိုက်ပြုလုပ်လာတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲဝင်တွေဟာလည်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ကာလအတောအတွင်းမှာပဲ အရပ်သားပြည်သူများကို လိုက်လံဖမ်းဆီးခြင်း၊ လမ်းပြစေခိုင်းခြင်းနဲ့ လူသားဒိုင်းကာပြုလုပ်ခြင်း စတဲ့ စစ်ရာဇဝတ်မှု များကို ဆက်တိုက်ကျုးလွန်နေတယ်လို့ အသိပေးထားပါတယ်။
ရန်သူအုပ်ချုပ်ရေးယန္တရားလွှမ်းမိုးနေဆဲဖြစ်တဲ့ နေရာဒေသတွေက အရပ်သားပြည်သူနေထိုင်ရာ မြို့၊ ရပ်ရွာတွေက နေအိမ်များအတွင်း အလွယ်တကူဝင်ရောက်ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှိဖျက်ဆီးခြင်းနဲ့ ပြည်သူပိုင်ပစ္စည်းများကို အဓမ္မသိမ်းဆည်းခြင်း စတာတွေလည်း လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
ထို့အပြင် ကုန်စည်စီးဆင်းမှုနဲ့ ရိက္ခာပြတ်လပ်စေရန်ဆိုတဲ့ရည်ရွယ်ချက်နဲ့ စားသောက်ကုန်ရောင်းချမှုအား ဟန့်တား ပိတ်ပင်ခြင်းများနဲ့ သတင်းအချက်အလက် ပြတ်တောက်စေရန် Telecommunication ဖြတ်တောက်လာခြင်းများ အပြင် သတင်းမီဒီယာများအား ပိုမိုဖိနှိပ်လာခြင်း စတဲ့ “ဖြတ်လေးဖြတ်” ဗျူဟာဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကိုပါ တစိုက်မတ်မတ် လုပ်ဆောင်လာတာကိုတွေ့ရတယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MNDAA၊ TNLA၊ AA တို့က ထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment