၂၀၂၃ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့သဘောထားနဲ့ အခန်းကဏ္ဍကို အလေးထား သုံးသပ်ပြီး နွေဦးတော်လှန်ရေးအထောက်အပံ့ကောင်းဖြစ်အောင် ကြိုးစားကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း
📌 ၂။ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ (မူကြမ်း)ကို အစိုးရကက်ဘိနက် အစည်းအဝေးမှာ တင်ပြဆွေးနွေး
📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၄။ "အင်တာနက်သည် လူထု၏ ဆက်သွယ်ရေးလက်နက်ဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို
📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
📌 ၆။ သက်တမ်းစေ့ (NUG Bonds) ငွေတိုက်စာချုပ်များနှင့် ပတ်သက်ပြီး စီမံဆောင်ရွက်ထားရှိမှုကို စီမံဘဏ္ဍာ ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်
📌 ၇။ မြန်မာ့အရေးဆိုင်ရာမူဝါဒများ နှင့် စပ်လျဉ်းပြီးဟောပြောဆွေးနွေးရန်ပါမောက္ခ ဒေါ်မီမီဝင်းဘတ်ဂျပန်နိုင်ငံသို့ရောက်ရှိ
📌 ၈။ ကျိုက်ထိုမြို့နယ်တွင် စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ်အပါအဝင် ၅ ဦးသေဆုံး
📌 ၉။ ကန့်ဘလူခရိုင်ထဲက စစ်ဘေးရှောင်စခန်း ၂ နေရာကို စားနပ်ရိက္ခာနှင့် ခြုံစောင်များထောက်ပံ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့သဘောထားနဲ့ အခန်းကဏ္ဍကို အလေးထား သုံးသပ်ပြီး နွေဦးတော်လှန်ရေးအထောက်အပံ့ကောင်းဖြစ်အောင် ကြိုးစားကြဖို့ NUG ယာယီသမ္မတ တိုက်တွန်း
ဒီဇင်ဘာလ ၅ရက်။
မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့အခန်းကဏ္ဍနဲ့ ၎င်းတို့ရဲ့သဘောထားတွေဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတာကြောင့် အလေးအနက်ထား လေ့လာသုံးသပ်ပြီး နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ကောင်းတွေဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြဖို့ ဒီဇင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ရဲ့ ၃၈ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေး မှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာနိုင်ငံရေး ရာသီဥတုကိုကြည့်ပြီး ပြည်တွင်းရေး အခြေအနေတွေကို တိုးတက်သော ခြေလှမ်းတွေ လှမ်းနိုင်အောင် လုပ်ဆောင်နေဖို့လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံနဲ့ ပထဝီအားဖြင့် ထိစပ်နီးကပ်နေတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ သဘောထားနဲ့ ပြုမူဆောင်ရွက်ချက်တွေကိုလည်း အထူးအလေးထား ဆန်းစစ်လေ့လာပြီး နွေဦးတော်လှန်ရေးအတွက် အထောက်အပံ့ကောင်းဖြစ်အောင် ကြိုးစား လုပ်ဆောင်နေဖို့ လိုပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။
သိပ်မကြာခင် နွေဦးတော်လှန်ရေးဟာ ၃ နှစ်တင်းတင်း ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းလာတဲ့ တော်လှန်ရေးကာလအတွင်းမှာ တဆင့်ချင်းစီ တက်လှမ်းနိုင်ခဲ့တဲ့ နိုင်ငံရေးခြေလှမ်းတွေရှိခဲ့ပါတယ်။ ဆက်လက်ပြီး တိုးတက်သော နိုင်ငံရေးအခင်းအကျင်းမျိုး ဖော်ဆောင်နိုင်ဖို့အတွက် မိမိတို့ရဲ့ ပြည်တွင်းရေးအခြေအနေကို ဗဟိုချက်ထားပြီး ကြည့်တာမျိုးမလုပ်ဘဲ ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးအနေအထားကိုပါ အလေးထားလုပ်ဆောင်ကြဖို့လည်း ၎င်းက အသိပေးပြောကြားခဲ့ပါတယ်။
အထူးသဖြင့် တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေရဲ့ သဘောထားဟာ ကျွန်တော်တို့နိုင်ငံရဲ့ ပြည်တွင်းရေး အခြေအနေအပေါ် အများကြီး သက်ရောက်မှုရှိနေပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ပထဝီဆုံချက်နေရာမှာ ရှိနေပါတယ်။ ပြည်တွင်းက စစ်ရေးနဲ့ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေဟာ နယ်မြေချင်းထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ တိုက်ရိုက်ပတ်သက်နေကြရတာဖြစ်ပါတယ် လို့ ယာယီသမ္မတ က ပြောပါတယ်။
ဒါ့ကြောင့် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုတွေကို အလေးအနက်ထားကြဖို့လည်း တိုက်တွန်းထားပါတယ်။
အိမ်နီးချင်းနိုင်ငံတွေဟာ နယ်စပ်ဒေသဧရိယာပေါ် ရောက်လာတဲ့ အရေးအရာတွေကို ကူညီပေးတာတွေအတွက် ကျွန်တော်တို့က ကျေးဇူးအထူးတင်ပါတယ်။ စစ်ကောင်စီက စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့လို့ အိမ်နီးချင်းနိုင်ငံတွေ အပိုဝန်ထုပ်ကို ထမ်းကြရတာတွေရှိနေတာကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ အရေးကြီးတယ်လို့လည်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။
ထို့အပြင် ယာယီသမ္မက ကျွန်တော်တို့နိုင်ငံကို စစ်ရေးအရ၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ ပါဝင်ပတ်သက်လာတဲ့ နိုင်ငံကြီးတွေရဲ့ အနေအထားကိုလည်း သေချာဂရုတစိုက် ကြည့်ရှုလေ့လာနေဖို့လိုပါတယ်။ ပြည်တွင်းနိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်ဆက်စပ်နေတဲ့ နိုင်ငံရေးဆက်ဆံမှုတွေအပြင် စစ်ရေးဆက်ဆံမှုကို အဓိကလုပ်ဆောင်နေတဲ့ နိုင်ငံကြီးတွေရှိနေပါတယ်။ ဒီလို စစ်ရေး နိုင်ငံရေး ဆက်ဆံမှု အလှည့်အပြောင်းတွေကို နားလည်သဘောပေါက်ပြီး နွေဦးတော်လှန်ရေးရဲ့ ခုခံတော်လှန်စစ်အခြေ အနေကို ဆွဲတင်နိုင်မှသာ ထိရောက်တဲ့ခြေလှမ်းတွေနဲ့ အောင်ပွဲကို အမြန်ရရှိမယ်လို့ ပြောကြားခဲ့ပါတယ်။
========================
📌📌 ၂။ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ (မူကြမ်း)ကို အစိုးရကက်ဘိနက် အစည်းအဝေးမှာ တင်ပြဆွေးနွေး
ဒီဇင်ဘာလ ၅ရက်။
အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ (မူကြမ်း) ကို အမျိုးသားညီညွတ်ရေး အစိုးရ၊ (၃၈) ကြိမ်မြောက် အစိုးရအဖွဲ့ ကတ်ဘိနက် အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၃၈) ကြိမ်မြောက် ကတ်ဘိနတ် အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးမှာ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနက ဂျပန်ခရီးစဉ်နဲ့ ပတ်သက်ပြီး တင်ပြတာနဲ့ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက (မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ကိုယ်စား) အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒ (မူကြမ်း) တင်ပြဆွေးနွေးမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီနောက်မှာ ပြည်ထောင်စု ဝန်ကြီးချုပ်က တင်ပြလာတဲ့ အချက်တွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး ယာယီသမ္မတကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အစည်းအဝေးကို ရုပ်သိမ်း ခဲ့တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၃။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
ဒီဇင်ဘာလ ၅ ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၉/၂၀၂၃) ကို နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၃ နာရီ အချိန်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ယခင်အပတ်မှ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများအပေါ် သိရှိလိုတဲ့ အချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
ထိုနောက် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးမှ နိဂုံးချုပ်စကား ပြောကြားခဲ့ပါတယ်။
အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ညနေ ၆ နာရီအချိန်မှာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၄။ "အင်တာနက်သည် လူထု၏ ဆက်သွယ်ရေးလက်နက်ဖြစ်တယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ဆို
ဒီဇင်ဘာလ ၅ရက်။
ဒီဇင်ဘာ၅ရက်မှာ ကျင်းပတဲ့Federal Net ကမ်ပိန်းနှင့်ပက်သက်၍ စကားဝိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအခုလို ဆိုပါတယ်။
"အင်တာနက်သည် လူထု၏လက်နက်ဖြစ်တယ်။ ဘယ်လိုလက်နက်လဲဆိုတော့ ဆက်သွယ်ရေးလက်နက်ဖြစ်တယ်။ ဘယ်စစ်ပွဲမှာပဲ ကြည့်ကြည့်ဆက်သွယ်ရေး ဆတ်သားတွေ၊ ဆက်သွယ်ရေးကဏ္ဍတွေ လှမ်းပြီးသတင်းပေးနိုင်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် သတင်းလက်ဦးမှုတွေဟာ စစ်ပွဲတိုင်း၊ တိုက်ပွဲတိုင်း၊ ကဏ္ဍာတိုင်းမှာ အရေးပါတာဖြစ်တယ်။ ရန်သူရဲ့သတင်းကိုကြိုရနိုင်ဖို့သည် ဆက်သွယ်ရေးလိုအပ်တယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက မြို့နယ် ၅မြို့နယ်တွင် အင်တာနက်တိုးချဲ့တပ်ဆင်နိုင်ရန် ရည်ရွယ်၍ "Federal Net Campaign"လုပ်ဆောင်နေတယ်လို့သတင်းရရှိပါတယ်။
Federal Net Campaign ရဲ့ကနဦးတည်ဆောက်ဖို့ လိုအပ်ချက်ဖြစ်တဲ့ မြို့နယ် (၅) မြို့နယ်အတွက် အမေရိကန် ဒေါ်လာ (၂.၅) သိန်းလိုအပ်မှာဖြစ်ပါတယ်။
========================
📌📌 ၅။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်း၊ မကွေး ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်
ဒီဇင်ဘာလ ၅ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့လုံခြုံရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ၊ အမှတ်စဉ် (၄၈/၂၀၂၃) ကို ဒီဇင်ဘာလ ၅ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်မှ အဖွင့်အမှာစကားနဲ့ ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထိုနောက် ပြည်သူ့ရဲတပ်ဖွဲ့၊ ရဲချုပ်မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး တက်ရောက်လာတဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ သိရှိလိုတဲ့ အချက်များ၊ မြေပြင်အခြေအနေ အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ တွဲဖက်အတွင်းဝန်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက တင်ပြချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ပါတယ်။
အစည်းအဝေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့မှ အရာရှိကြီးများနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး နေ့လည် ၁၂ နာရီအချိန်မှာ အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ သက်တမ်းစေ့ (NUG Bonds) ငွေတိုက်စာချုပ်များနှင့် ပတ်သက်ပြီး စီမံဆောင်ရွက်ထားရှိမှုကို စီမံဘဏ္ဍာ ဝန်ကြီးဌာနမှ အသိပေး ကြေညာချက် ထုတ်ပြန်
ဒီဇင်ဘာလ ၅ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုတ်နှံမှု ဝန်ကြီးဌာနမှ သက်တမ်းစေ့ အစိုးရငွေတိုက်စာချုပ် (NUG Bonds) များနဲ့ ပတ်သက်ပြီး ဆောင်ရွက်စီမံ ထားရှိမှုကို ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်အသိပေးလိုက်ပါတယ်။
သက်တမ်းစေ့ ငွေတိုက်စာချုပ်များကို ပြန်လည် ထုတ်ယူလိုတဲ့ ငွေတိုက်စာချုပ် ပိုင်ရှင်များ အနေဖြင့် ဝန်ကြီးဌာန စာမျက်နှာတွင် ဖော်ပြထားတဲ့ “ ပြန်လည်ရွေးနှုတ်သည့် ပုံစံ ဃ ” ကို မှန်ကန်စွာ ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။
အဆိုပါ ‘ပုံစံ ဃ’ ကို အချက်အလက် မှန်ကန်စွာ ဖြည့်သွင်းပြီးပါက နှစ်ပတ်မှ လေးပတ်အတွင်း ရွေးနှုတ်ငွေများကို နွေဦးဖွံဖြိုးရေးဘဏ် (SDB) မှတစ်ဆင့် သို့မဟုတ် NUGPay မှတဆင့် ပြန်လည် လွဲပြောင်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။
ငွေတိုက်စာချုပ်ကို ဆက်လက် သက်တမ်းတိုးလိုသူများ အနေဖြင့် ဘာမှသီးခြားဆောင်ရွက်ရန် မလိုအပ်ဘဲ မိမိတို့ လက်ဝယ်ရှိ ငွေတိုက်စာချုပ်ကို ဆက်လက် သိမ်းဆည်းထားယုံဖြင့် ၁ နှစ်သက်တမ်း တိုးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ငွေတိုက်စာချုပ်ကို အမျိုးသားညီညွတ်ရေး အစိုးရမှ ရောင်းချလျှက်ရှိတဲ့ မြေကွက်၊ တိုက်ခန်း ရှယ်ယာများ အဖြစ် လွှဲပြောင်းလိုသူများ အနေနဲ့လည်း ‘ပုံစံ ဃ’ ကို ဖြည့်သွင်းရန် မလိုအပ်ဘဲ ဆောင်ရွက်ရမယ့် နည်းလမ်းများကို သီးသန့် ကြေညာချက် ထုတ်ပြန်အသိပေးသွားမှာ ဖြစ်တယ်လို့ စီမံဘဏ္ဍာ ဝန်ကြီးဌာနမှ အသိပေး ထားပါတယ်။
========================
📌📌 ၇။ မြန်မာ့အရေးဆိုင်ရာမူဝါဒများ နှင့် စပ်လျဉ်းပြီးဟောပြောဆွေးနွေးရန်ပါမောက္ခ ဒေါ်မီမီဝင်းဘတ်ဂျပန်နိုင်ငံသို့ရောက်ရှိ
ဒီဇင်ဘာလ ၅ရက်။
မြန်မာ့အရေးဆိုင်ရာမူဝါဒများ နှင့် စပ်လျဉ်းပြီးဟောပြောဆွေးနွေးရန် ပါမောက္ခ ဒေါ်မီမီဝင်းဘတ်ဂျပန်နိုင်ငံသို့ရောက်ရှိနေပြီ ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရဂျပန်ကိုယ်စားလှယ်ရုံးက ဒီဇင်ဘာ ၅ရက်မှာ အသိပေးဆိုထားပါတယ်။
"အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ်လေ့လာရေးဌာန၊ အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)၊ ပါမောက္ခ ဒေါက်တာဒေါ်မီမီဝင်းဘတ်သည် ဂျပန်နိုင်ငံ၊တိုကျိုမြို့သို့ ယနေ့ ဒီဇင်ဘာ ၅ရက်(အင်္ဂါနေ့) တွင် ရောက်ရှိလာခဲ့ပါတယ်"လို့ဆိုပါတယ်။
Asia-Pacific Center for Security Studies ၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခ၊ ဒေါက်တာဒေါ်မီမီဝင်းဘတ်မှ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ၊ ရှေ့အလားအလာနှင့် အမေရိကန်အစိုးရ၏ မြန်မာ့အရေးဆိုင်ရာမူဝါဒများ နှင့် စပ်လျဉ်းပြီး ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်ရုံး၊ အဆောက်အဦး အမှတ်(၁) ၌ ဟောပြောရန်နှင့် သဘောထားအမြင်ဖလှယ်သွားရန်တို့ ရှိပါတယ်။
========================
📌📌 ၈။ ကျိုက်ထိုမြို့နယ်တွင် စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်မှု စစ်ဗိုလ်အပါအဝင် ၅ ဦးသေဆုံး
ဒီဇင်ဘာလ ၅ရက်။
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင် (ကွာရီအပိုင်) လမ်းကွေ့မှာ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၄ နာရီခန့်အချိန်က ဘီးလင်းမြို့နယ်ဘက်ကနေ ရန်ကုန်ဘက်ထွက်လာတဲ့ စစ်ကား ၇ စီးကို ကျိုက်ထိုမြို့နယ် မရမ်းချောင် (ကွာရီအပိုင်) လမ်းကွေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဆိုပါစစ်ယာဉ်တန်းကို လက်လုပ်မိုင်းအကြီး ၂ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ စီးမြောက်ကား ပျက်စီးသွားကာ မောင်းပြေးသွားပြီး အခြားကားပေါ်ကစစ်သားတွေက သေနတ်တွေနဲ့ ပတ်ဝန်းကျင်ကိုပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
မိုင်းထိသွားတဲ့ကားကို စစ်တောင်းတံတားကိုကျော်လွန်ပြီး မြစ်တဘက်ကမ်းရောက်ချိန်မှာ သေဆုံးသွားတဲ့ ၃ပွင့်ဗိုလ် အပါအဝင် ၅ ဦးနဲ့ ဒဏ်ရာရထားသူ ၆ ဦးကိုချထားခဲ့ပြီး ကား ၅ စီးသာ ရန်ကုန်ဘက် ဆက်မောင်းသွားတယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့နေရာကို စစ်တောင်းတံတားဂိတ်နဲ့ မုပ္ပလင်လမ်းဆုံဂိတ်တို့ကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ထုတ်ပြန်ထားပါတယ်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF၊ KNU/KNLA တပ်မဟာ-၁ တပ်ရင်း-၃ Tiger Group နဲ့ ကျိုက်ထို ပကဖ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ကျိုက်ထိုတော်လှန်ရေး အင်အားစု KRFအနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို အသက်ပေးကာကွယ်သွားမှာဖြစ်ကာ ပြည်သူလူထုထိခိုက်နစ်နာ စေမယ့် ဖောက်ခွဲမှုတွေ၊ ပစ်ခတ်မှုတွေလုပ်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၉။ ကန့်ဘလူခရိုင်ထဲက စစ်ဘေးရှောင်စခန်း ၂ နေရာကို စားနပ်ရိက္ခာနှင့် ခြုံစောင်များထောက်ပံ့
ဒီဇင်ဘာလ ၅ရက်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း၂ နေရာကို ဆန်၊ ဆီ၊ဆား၊ ငပိ၊ ကြက်သွန် စတဲ့ အခြေခံစားသောက်ကုန်တွေနဲ့ ခြုံစောင်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံကနေ သိရပါတယ်။
ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်း၂ ခုကို နိုဝင်ဘာနောက်ဆုံးပတ်အတွင်းက သွားရောက် ထောက်ပံ့ပေးခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
စစ်ရှောင်စခန်းမှာ အရင်က စစ်ဘေးရှောင်ပြည်သူ ၃ဝဝ ကျော်ရှိပေမယ့် အနယ်နယ်အရပ်ကိုထွက်ပြီး အလုပ်သွားလုပ်တဲ့သူနဲ့ အခြားဒေသတွေကို ပြောင်းရွှေ့နေထိုင်ကြသူတွေကြောင့် လက်ရှိမှာ အိမ်ထောင်စု ၂ဝ သာရှိတော့တယ်လို့ သိရပါတယ်။
စစ်ရှောင်စခန်းလည်ပတ်နေတာဟာ ၈ လကျော်ကြာမြင့်နေပြီဖြစ်တာကြောင့် ဆန်ပြတ်လပ်မှု မကြာခဏ ကြုံရတယ်လို့ စစ်ဘေးရှောင်အမျိုးသမီးတွေကပြောပါတယ်။
ယခုကဲ့သို့ စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ပေးနိုင်ခြင်းဟာ ပြည်တွင်းပြည်ပက အလှူရှင်တွေရဲ့ ကူညီမှုကြောင့် ထောက်ပံ့ပေးနိုင်တာလို့ သိရပါတယ်။
ထို့ကြောင့် စစ်ဘေးရှောင်အိမ်ထောင်စုတစုလျင် ဆန်တတင်း၊ ဆီ ၂ပိသာခွဲ၊ ဆား ၂ပိသာ၊ ငပိတပိသာ၊ ကြက်သွန် တပိသာခွဲစီနဲ့ ခြုံစောင်တွေကို စစ်ဘေးရှောင်စခန်းနဲ့ စစ်ဘေးရှောင်တဲ့တိုက်တွေက အိမ်ထောင်စု ၆ဝ စာ ထောက်ပံ့ပေးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံကနေ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment