၂၀၂၄ မေလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့ ကိုရီးယား လွှတ်တော်အမတ်များအပါအဝင် ကိုရီးယားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမယ်
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၃။ SSPP/SSA ဌာနချုပ်မှာ ဒုတိယအကြိမ်မြောက် ဆရာ/ဆရာမ မွမ်းမံသင်တန်းပြုလုပ်
📌 ၄။ လွတ်မြောက်နယ်မြေတခုတွင်လိုအပ်သော တံတားတစင်းအားNUGကဆောက်လုပ်ပြီးစီး
📌 ၅။ သံတွဲမြို့နယ်ထဲက တိုက်ပွဲဧရိယာတဝိုက်ကို စစ်တပ်က ဖုန်းလိုင်းနဲ့လျှပ်စစ်မီး ဖြတ်တောက်
📌 ၆။ အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပသွားမည်ဖြစ်သော Film Festival delle Terre တွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်သော မသောက်မိသောမိုးခါးရေ ကို ထည့်သွင်းပြသသွားမည်
၂၀၂၄ ခုနှစ် မေလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Khayan) တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ( ၃) နှစ်ပြည့် အခမ်းအနားကျင်းပ
🚩 ၂။ တနိုင်းမြို့နယ် နမ်ဗျူရွာက စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
🚩 ၃။ ကျောက်ဆည်နယ် ခဲယမ်းမီးကျောက်တပ်ကထွက်လာတဲ့ စစ်ကား ၃ စီးကိုတိုက်ခိုက်မှု စစ်ဗိုလ်တဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရ
🚩 ၄။ မွန်ပြည်နယ်ရေးမြို့နယ်စုံနံ့သာကျေးရွာအနီးအမှတ် ( ၈ )ကားလမ်းမပေါ်ကို တော်လှန်ရေးရဲဘော်များတက်ရောက်ထိန်းချုပ်ကာ စစ်ဆေးမှုများလုပ်ဆောင်
🚩 ၅။ ဒရုန်းတိုက်ခိုက်မှုပေါင်း ၂ဝဝ ကျော်အပါအဝင် စစ်ပွဲပေါင်းများစွာဆင်နွှဲခဲ့ရာမှာ စစ်သား တရာကျော်ကို ရှင်းလင်း နိုင်ခဲ့တယ်လို့ Young Force -UG အဖွဲ့ ပြော
🚩 ၆။ PNO ပြည်သူ့စစ်က ဖမ်းဆီးထားတဲ့ ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာသူကြီး ၁ဝ ရက်ကျော်တဲ့အထိ ပြန်မလွတ်သေး
🚩 ၇။ Federal Wingsက ထုတ်လုပ်ထားတဲ့ ကျည်ကာဦးထုပ်များကို ကူညီထောက်ပံ့မှုတွေကြောင့်ရှေ့ဆက်ပြီးထုတ်လုပ်နေတယ်လို့အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့ ကိုရီးယား လွှတ်တော်အမတ်များအပါအဝင် ကိုရီးယားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမယ်
မေလ၁၆ရက်
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့ ကိုရီးယား လွှတ်တော်အမတ်များအပါအဝင်ကိုရီးယားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးကသတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စုဝန်ကြီးနှစ်ဦးဟာ မေလ၁၅ရက် ကိုရီးယားနိူင်ငံသို့အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိလာခြင်းဖြစ်ပါတယ်။
"နိုင်ငံတကာကို မဟာဓန္ဓာရီလှည့်ခွင့်ရတဲ့အချိန်ကိုတော်လှန်ရေးအတွက်သာပဲ ကျနော် အဦးမူလျက်ပါ"လို့ ဝန်ကြီးဦးတင်ထွန်းနိူင်ကဆိုပါတယ်။
ခရီးစဥ်အဖြစ်ဂွမ်ဂျူး(May eighteen/ ၅.၁၈ )ဖောင်ဒေးရှင်းမှ ပြုလုပ်သည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနားသို့ တက်ရောက်ခြင်း၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကိုရီးယားအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ထို့အပြင် NUGဝန်ကြီးနှစ်ဦး ကိုရီးယားနိူင်ငံ အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်မှာ လူထုတွေ့ဆုံပွဲကျင်းပမယ်လို့ မေလ၁၆ရက်မှာ ကိုရီးယားနိူင်ငံရှိတော်လှန်ရေးအင်အားစုထဲမှ မရွှေမိုးကအသိပေးဆိုထားပါတယ်။
"ပြည်သူချစ်တဲ့ ဝန်ကြီးနှစ်ယောက် တောင်ကိုရီးယားရောက်လာပါပြီ။၂၀၂၄ မေလ ၁၉ ရက်နေ့၊ မွန်းလွဲ ၂-၄ နာရီ၊အင်ချွန်း ဘူဖျောင်းမြို့နယ်ခန်းမ ၇-ထပ်မှာ တော်လှန်ရေးမောင်နှမတွေနဲ့ ဆုံကြရအောင်ပါ။ ဆက်ဆက်လာခဲ့ကြပါနော်"လို့ဆိုထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်နှင့် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်တို့ရဲ့ကိုရီးယားခရီးစဥ်ဟာ ၂၀၂၄ ခုနှစ်အတွင်း အရှေ့အာရှအတွက် NUGရဲ့သံတမာန်ခရီးစဥ်များထဲကတခုလို့လည်းဆိုလို့ရပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
၂၀၂၄ ခုနှစ်၊ မေ လ ၁၅ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၂၀/၂၀၂၄)ကို မေလ၁၅ရက် နေ့လယ်(၁:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက် ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၃:၀၀) နာရီအချိန်တွင် ရပ်နားခဲ့သည်။
========================
📌📌 ၃။ SSPP/SSA ဌာနချုပ်မှာ ဒုတိယအကြိမ်မြောက် ဆရာ/ဆရာမ မွမ်းမံသင်တန်းပြုလုပ်
မေလ ၊ ၁၃ ရက် ၊ ၂၀၂၄ ခုနှစ်
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဌာနချုပ်၌ ဒုတိယအကြိမ်မြောက် ဆရာ/ဆ ရာမ မွမ်းမံသင်တန်းကို ဧပြီလ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား/သူ (၁၇၂) ဦး တက်ရောက် သင်ယူနေတယ်လို့သိရပါတယ်။
အဆိုပါ သင်တန်းကို ရှမ်းပြည်အတွင်း SSPP/SSA ထိန်း ချုပ်ဒေသများမှ ကျောင်းဆရာ/ဆရာမများ တက် ရောက်ကြပြီး သင်တန်းကာလအားဖြင့် တလကျော် ကြာမြင့်မယ်လို့သိရပါတယ်။
သင်တန်းနှင့် ပါတ်သက်ပြီး တာဝန်ရှိသူ ဆရာ စိုင်းမိန်းထွန်းက “ ကလေးတွေကို သင်ကြားပို့ချနိုင်ဖို့ အတွက် ခေတ်မှီတဲ့ သင်ကြားရေးစနစ်တွေကို မိခင်ဘာသာစကားနဲ့ သင်ကြားတဲ့နည်းအပြင် ရှမ်းသမိုင်းနဲ့ အခြားပညာ ရပ်တွေကိုလဲ သင်ကြားပေးပါတယ်။ ဒီသင်တန်းပြီးရင်တော့ သက်ဆိုင်ရာ ဒေသမှာရှိတဲ့ ကျောင်းတွေကို သွားရောက် တာဝန်ထမ်းဆောင်ရတော့မှာပါ ” ဟု ပြောသည်။
မွမ်းမံသင်တန်း၌ သင်ကြားပေးသည့် ဘာသာရပ်များမှာ ပါတီလမ်းစဉ်နှင့် မူဝါဒ ၊ ရှမ်းသမိုင်း ၊ ရှမ်းဘာသာဖြင့် သင်ကြားနည်း အပါအဝင် အခြေခံ ပန်းချီရေးဆွဲနည်းနှင့် ကျောင်းစီမံခန့်ခွဲမူပုံစံတို့ ဖြစ်သည်။
“ သင်ရိုးညွှန်းတန်း အသစ်တွေကို ပြန်သင်ကြားပေးနိုင်ဖို့နဲ့ သင်ကြားပို့ချတဲ့နေရာမှာ ပိုပြီးထိရောက်အောင်၊ ကြို တင်ပြင်ဆင်တတ်လာအောင် ဒီသင်တန်းကို တက်ဖြစ်တာပါ။
ကျွန်တော်တို့မှာမရှိတဲ့ နည်းစနစ် အသစ်တွေကိုလဲ လေ့လာခွင့်ရတယ် ၊ မကျွမ်းကျင်သေးတဲ့အရာတွေကို ကျွမ်းကျင်လာတယ် ” ဟု သင်တန်း တက် ရောက်နေသူ ဆရာစိုင်းနွံခေးက ဆိုသည်။
SSPP/SSA ထိန်းချုပ်နယ်မြေအတွင်း အစိုးရကျောင်း မရှိသည့် နေရာများနှင့် လမ်းပန်းဆက် သွယ်ရေး ခက်ခဲသည့် နေရာများတွင် SSPP/SSA ပညာရေးဌာနက ၂၀၁၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်ထိ ကျောင်းပေါင်း (၁၀၀) ကျော် ဆောက် လုပ်ပေးခဲ့ပြီး ပညာရေးကဏ္ဍ အတွက် တစ်နှစ်လျှင် ကျပ်သိန်း (၅၀၀၀) ကျော် သုံးစွဲခဲ့သည်။
========================
📌📌 ၄။ လွတ်မြောက်နယ်မြေတခုတွင်လိုအပ်သော တံတားတစင်းအားNUGကဆောက်လုပ်ပြီးစီး
မေလ၁၆
လွတ်မြောက်နယ်မြေတခုတွင်လိုအပ်သော တံတားတစင်းအားNUGကဆောက်လုပ်ပြီးစီးခဲ့တယ်လို့မေလ၁၆ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှတရားဝင်အသိပေးဖော်ပြပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထောက်ပံ့မှုအဖြစ် လွတ်မြောက်နယ်မြေတစ်ခုတွင် လိုအပ်သော တံတားတစင်းအားဆောက်လုပ်ပြီးစီးခဲ့ပါတယ်လို့ဖော်ပြပါတယ်။
မေလ၁၁ရက်နေ့ကလည်းစစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ NUGအစိုးရထိန်းချုပ်မြို့နယ်တမြို့နယ် ၏ ကျေးရွာတစ်ရွာတွင် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနမှ ထောက်ပံ့သော 33/0.4 kV, 200 kVA ထရန်စဖော်မာ (အသစ်) အစားထိုး လဲလှယ် တပ်ဆင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပါသေးတယ်။
========================
📌📌 ၅။ သံတွဲမြို့နယ်ထဲက တိုက်ပွဲဧရိယာတဝိုက်ကို စစ်တပ်က ဖုန်းလိုင်းနဲ့လျှပ်စစ်မီး ဖြတ်တောက်
ရခိုင်ပြည် သံတွဲမြို့နယ်ထဲက တိုက်ပွဲပြင်းထန်နေတဲ့ ဧရိယာတဝိုက်ကို အကြမ်းဖက်စစ်တပ်က ဖုန်းလိုင်းနဲ့ လျှပ်စစ်မီး ဖြတ်ထားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
သံတွဲမြို့နယ်ထဲက တိုက်ပွဲပြင်းထန်နေတဲ့ ရွှေလှေတိုက်နယ်တဝိုက်ကို မေလ ၁၄ ရက် ညပိုင်းကစပြီး ဖုန်းလိုင်းနဲ့ လျှပ်စစ်မီးတွေ ဖြတ်တောက်လိုက်တာလို့ ဆိုပါတယ်။
မေလ ၁၅ ရက်နေ့ မနက် ၅ နာရီကစပြီး မွန်းလွဲပိုင်းအထိ ရွှေလှေအနီးက လင်းသီရွာမှာ ရခိုင့်တပ်တော်နဲ့ အကြမ်းဖက် စစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီက လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက် လိုက်တာဖြစ်ပါတယ်။
လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း ဖြတ်တောက်ခံထားရတဲ့ရွာတွေဟာ ဒေါ်မြ၊ ပုရစ်ရေကောက်၊ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းတွင်း၊ လင်းသီ၊ ရွှေလှေ၊ ပေါက်တော၊ဇီးကျွန်း၊နတ်မော်၊ ပြင်ယောင်း၊ သဗြုချိုင်၊ ရှင်စောပြင်၊ ကွေ့ချောင်း စတဲ့ရွာတွေဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကို ဖော်ပြနေတဲ့ Western News က ဖော်ပြပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတာကြောင့် သံတွဲမြို့ပေါ်တက်လာကြတဲ့ ရွှေလှေတိုက်နယ်ကဒေသခံတွေကို စစ်တပ်က မြို့ထဲ အဝင်မခံဘဲ ကင်းမော်ဂိတ်ကနေ တားဆီးပိတ်ပင်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
လက်ရှိမှာ ပြင်ယောင်း၊ နတ်မော်၊သဗြုချိုင် စတဲ့ရွာတွေကဒေသခံတွေ ဘေးကင်းပြီး လင်းသီရွာကဒေသခံအချို့ ဒီနေ့ မနက်မှာ ရွာကိုခဏတာပြန်ကြည့်တဲ့သူတွေလည်းရှိတယ်လို့ သံတွဲဒေသခံတွေက ပြောပါတယ်။
လင်းသီရွာကဒေသခံတွေ စစ်ဘေးရှောင်နေချိန်မှာ အိမ်တွေ ဖောက်ထွင်းမွှေနှောက်ခံထားရတယ်လို့ နေအိမ်ပြန်ကြည့်ခဲ့ သူတွေကဆိုပါတယ်။
သံတွဲမြို့နဲ့ ၁၅ မိုင်ခန့်အကွာမှာရှိတဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီ အမြောက်တပ်ကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စီမံကိန်းအနီးမှာရှိတဲ့ ရွှေလှေတိုက်နယ်က ကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
========================
📌📌 ၆။ အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပသွားမည်ဖြစ်သော Film Festival delle Terre တွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်သော မသောက်မိသောမိုးခါးရေ ကို ထည့်သွင်းပြသသွားမည်
မေလ၁၆
အီတလီနိုင်ငံ ရောမမြို့တွင် ကျင်းပသွားမည်ဖြစ်သော Film Festival delle Terre တွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်သော မသောက်မိသောမိုးခါးရေ ကို ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။
အီတလီနိုင်ငံ ရောမမြို့တွင် မေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိပြုလုပ်ကျင်းပသွားမည်ဖြစ်သော Film Festival delle Terre တွင် မြန်မာနိုင်ငံ နွေဦးတော်လှန်ရေးရုပ်ရှင်ဇာတ်လမ်းတစ်ခုဖြစ်သော မသောက်မိသောမိုးခါးရေ ကို ထည့်သွင်းပြသသွားမယ်လို့သတင်းရရှိပါတယ်။
Film Festival delle Terre ရုပ်ရှင်ပွဲတော်သည် ကမ္ဘာမြေ အနယ်နယ်အရပ်ရပ်ရှိ လူမျိုးစုငယ်များ၊ ဒေသခံများ၏ လူ့အခွင့်အရေးဆိုင်ရာ၊ စိုက်ပျိုးကာကွယ်မှုဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲ ထိမ်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ပညာပေး ရုပ်ရှင်မှတ်တမ်းများ၊ ဇာတ်လမ်းတိုများကို နှစ်စဥ်နှစ်တိုင်း တင်ဆက်လျက်ရှိပြီး ယခုနှစ် ၁၆ ကြိမ်မြောက် ရုပ်ရှင်ပွဲတော်တွင် နွေဦးတော်လှန်ရေးရုပ်ရှင် မသောက်မိသောမိုးခါးရေ ဇာတ်လမ်းကိုပါ တင်ဆက်သွားမည်ဖြစ်ပြီး မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် အားဖြည့်ပါဝင်နိုင်တယ်လို့သိရပါတယ်။
ရုပ်ရှင်ပြသမှုအပြီးတွင် ဒါရိုက်တာကိုပေါက်မှ အွန်လိုင်းမှတစ်ဆင့် ပရိသတ်များကို နှုတ်ခွန်းဆက်ကာ သိချင်လိုသည်များ၊ မေးခွန်းများကို အပြန်အလှန် ရင်းနှီးစွာ ဖြေဆိုပေးသွားမည်ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်၊မင်းနွေဦးနှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Khayan) တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း ( ၃) နှစ်ပြည့် အခမ်းအနားကျင်းပ
မေလ၁၆
မေလ၁၅ ရက်နေ့တွင် ခရမ်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Khayan)တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ (၃) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကာတပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို စခန်းချရာ လွတ်မြောက်နယ်မြေတစ်နေရာတွင် အောင်မြင်စွာ ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။
အခမ်းအနားကို အွန်လိုင်း နှင့် မြေပြင် တစ်ချိန်တည်း ကျင်းပခဲ့ခြင်းဖြစ်ပြီး မြေပြင်မှ တာဝန်ရှိလူကြီးမင်းများ ၊ မဟာမိတ် အဖွဲ့များ ၊ တိုင်းရင်းသား ERO မှ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြပါသည်။ အွန်လိုင်းမှလည်း အရှင်ထာဝရ(နော်ဝေ) ၊ ဦးရန်နိုင်ထွန်း (အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်) ၊ ဗိုလ်ကြီးနေမျိုးဇင် ၊ ခရိုင်ပကဖ တာဝန်ရှိသူများ ၊ နိုင်ငံတကာရောက် ထောက်ပို့ အဖွဲ့စည်းများ ၊ ထောက်ပို့တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။
တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားတွင် တပ်ဖွဲ့ဝင်ရဲဘော်များမှ စစ်ရေးပြအခမ်းအနားဖြင့် တက်ရောက်ခြင်း ၊ တပ်ဖွဲ့၏ တော်လှန်ရေး (၃)နှစ်တာ ကြိုးပမ်းဆောင်ရွက်ခဲ့သည့် တော်လှန်ရေးတာဝန်များကို ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြကာတက်ရောက်ချီးမြှင့်ပေးသည့် တာဝန်ရှိလူကြီးမင်းများနှင့် နိုင်ငံတကာရောက် အင်အားစုများမှ အားပေး အမှတ်တရဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။
========================
🚩🚩 ၂။ တနိုင်းမြို့နယ် နမ်ဗျူရွာက စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက နမ်ဗျူကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်- KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ မေ ၁၆ မနက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
အဆိုပါ တပ်စခန်းကို မေလ ၁၁ ရက်ကစပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ထိုးစစ် ၆ ရက်မြောက်နေ့မှာ စခန်းသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ဒီနေ့ မေလ ၁၆ ရက်မနက် ၇ နာရီခွဲခန့်မှာ နမ့်ဗျူရွာက ခလရ-၂၉၇ နဲ့ ခလရ-၂၆၀ ရှေ့တန်းတပ်စခန်းကြီးကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်းမှာ စစ်တပ်ဘက် ထိခိုက်သေဆုံးမှု လက်နက်ခဲယမ်းရရှိမှု အခြေအနေတွေကိုတော့ ဆက်လက် စုံစမ်းနေဆဲလို့ အသိပေးပါတယ်။
တိုက်ပွဲဖြစ်ချိန်အတွင်းမှာ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲမှုတွေ လုပ်ခဲ့တာရှိတယ်လို့လည်း သိရပါတယ်။
KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ မတ်လ ၇ ရက်ကစပြီး ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်တပ်စခန်းပေါင်း ၉ဝ ဝန်းကျင်သိမ်းပိုက်ထားနိုင်ပြီး အခုမေလလယ်ပိုင်းကစတင်ကာ မိုးမောက်နဲ့ မံစီမြို့တို့ကို အပြီးသတ် သိမ်းပိုက်နိုင်ဖို့ လက်ကျန်တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပါတယ်။
========================
🚩🚩 ၃။ ကျောက်ဆည်နယ် ခဲယမ်းမီးကျောက်တပ်ကထွက်လာတဲ့ စစ်ကား ၃ စီးကိုတိုက်ခိုက်မှု စစ်ဗိုလ်တဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရ
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ထဲမှာရှိတဲ့ ခဲယမ်းမီးကျောက်တပ်ကနေထွက်လာတဲ့ စစ်ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက် ခဲ့ရာ စစ်ဗိုလ်တဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။
မေလ ၁၃ ရက်နေ့က ခဲယမ်းမီးကျောက်တပ်ကနေထွက်လာတဲ့ စစ်ကား ၃ စီးကို ရဲကြီးနဲ့ စျေးရွာကြားမှာ တော်လှန်ရေး ပူးပေါင်းတပ်တွေက ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီလို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်တပ်ဘက်က အရာရှိတဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားခဲ့ရာမှာ ၇ ဦးက ဒဏ်ရာပြင်း တယ်လို့ အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို ဗိုလ်စား ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မဟာမိတ်တွေဖြစ်တဲ့ Tiger Brother မြစ်သား PDF၊ မြင်းခြံမြို့နယ် ပကဖ၊ မြစ်သား ပကဖနဲ့ မြင်းခြံ တပ်ရင်း ၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ မွန်ပြည်နယ်ရေးမြို့နယ်စုံနံ့သာကျေးရွာအနီးအမှတ် ( ၈ )ကားလမ်းမပေါ်ကို တော်လှန်ရေးရဲဘော်များတက်ရောက်ထိန်းချုပ်ကာ စစ်ဆေးမှုများလုပ်ဆောင်
မေလ၁၆
မွန်ပြည်နယ်ရေးမြို့နယ်စုံနံ့သာကျေးရွာအနီးအမှတ် ( ၈ )ကားလမ်းမကြီးကိုစိုးမိုးနိုင်ခဲ့သည် ၅၈၆ခြေလျင်တပ်ရင်း၃၄၃ အမြောက်တပ်ရင်း၅၈၇ ခြေမြန်တပ်ရင်း တပ်ရင်း ၃ ရင်းအလည်ကြားထဲဖြင့်ပျူစောထီးအများဆုံးတည်ရှိသောနေရာလဲဖြစ်သည့်ခံသင်းစစ်ဆေးရေး(စကစ)ဂိတ်နဲ့လဲမီတာ 200 လောက်သာရှိသောအမှတ်၈လမ်းပေါ်ကိုတက်ရောက်စစ်ဆေးထိန်းချုပ်ထားနိူင်ခဲ့ပါတယ်လို့ မေလ၁၅ရက်မှာ ရေးဘီးလူး အဖွဲ့သားများကအသိပေးဖော်ပြပါတယ်။
ရေးဘီလူးအဖွဲ့ဟာ မွန်ပြည်နယ်ရေးမြို့နယ်အတွင်း စကစတပ်များကိုအထိရောက်ဆုံးတော်လှန်နိူင်ခဲ့တဲ့တော်လှန်ရေးအင်အားစုလည်းဖြစ်ပါတယ်။
========================
🚩🚩 ၅။ ဒရုန်းတိုက်ခိုက်မှုပေါင်း ၂ဝဝ ကျော်အပါအဝင် စစ်ပွဲပေါင်းများစွာဆင်နွှဲခဲ့ရာမှာ စစ်သား တရာကျော်ကို ရှင်းလင်း နိုင်ခဲ့တယ်လို့ Young Force -UG အဖွဲ့ ပြော
မကွေးတိုင်း ပုခက္ကူမြို့အခြေစိုက် Young Force -UG အဖွဲ့အနေနဲ့ ဒရုန်းတိုက်ခိုက်မှုပေါင်း ၂ဝဝ ကျော်အပါအဝင် စစ်ပွဲပေါင်းများစွာဆင်နွှဲခဲ့ရာမှာ စစ်သား တရာကျော်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အသိပေး ပြောဆိုလိုက်ပါတယ်။
မေလ ၄ ရက်ကနေ ဇွန်လ ၄ ရက်နေ့အထိ ပြုလုပ်မယ့် အစုံဖြည့်တင်း သူပုန်မြေနင်းမယ် ဆိုတဲ့ ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ မိဘပြည်သူတွေကို အကူအညီတောင်းခံရာမှာ Young Force -UG အဖွဲ့ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာဖြစ်ပါတယ်။
အညာဒေသဟာ မြန်မာနိုင်ငံရဲ့ ဗဟိုချက်နယ်မြေဖြစ်တာကြောင့် တိုင်းရင်းသားဒေသတွေကို စစ်ကူသွားမယ့် စစ်တပ် စစ်ကြောင်းတွေနဲ့ ယာဉ်တန်းတွေအပါအဝင် ရိက္ခာပို့ယာဉ်တန်းတွေကို ဖြတ်တောက်ပေးနေတဲ့ ဒေသဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
တိုင်းရင်းသားနယ်မြေတွေကိုသွားမယ့် စစ်ယာဉ်တန်းတွေကို အညာဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက် ခိုက်ပေးခဲ့တာကြောင့် ၂ ရက်နဲ့ရောက်မယ့်ခရီးကို လချီကြာမြင့်အောင် ဖြတ်တောက်ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ စခန်းသိမ်းတာတွေ တပြိုင်တည်းလုပ်မယ်ဆိုတာနဲ့ ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေအောင် ဖြည့်တင်းထားဖို့လိုပါတယ်။ ဒါ့ကြောင့် ပခုက္ကူ၊ရေစကြို၊ မြိုင် စတဲ့ဒေသတွေမှာ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပခုက္ကူ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force -UG အတွက် အစုံဖြည့်တင်း သူပုန်မြေနင်းမယ်ဆိုတဲ့ ကမ်ပိန်းကို လုပ်ရတာဖြစ်တယ်လို့ Young Force -UG တာဝန်ရှိသူက ရှင်းပြထားပါတယ်။
အဆိုပါကမ်ပိန်းကို SCDRD နဲ့ Anna’s Supporting Team တို့ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး လက်မှတ်တစောင် ကျပ် ၂သောင်းနှုန်းနဲ့ အစောင်ရေ ၇ထောင့် ၅ ရာ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။
မဲလက်လက်မှတ်အားပေးသူ မိဘပြည်သူများကိုလည်း အထူးဆုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ အမေစု ပန်ချီကား အပါအဝင် အခြားတန်ဖိုးရှိဆုတွေလည်း ချီးမြင့်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ PNO ပြည်သူ့စစ်က ဖမ်းဆီးထားတဲ့ ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာသူကြီး ၁ဝ ရက်ကျော်တဲ့အထိ ပြန်မလွတ်သေး
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့က ဖမ်းဆီးသွားတဲ့ ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာ ရွာသူကြီးဖြားခွန်လျော ဒီနေ့ မေ ၁၆ အထိ ပြန်လွတ်မလာသေးဘူးလို့ ပအိုဝ်းတပ် PNLA က ပြောပါတယ်။
ဆီဆိုင်မြို့နယ် နောင်ဗိုကန်တော်လေးကျေးရွာ ရွာသူကြီးကို မေလ ၂ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
ရွာသူကြီး ဖြားခွန်လျောဟာ ကားနဲ့ ဆီဆိုင်မြို့ကိုသွားချိန် ဆီဆိုင်မရောက်မီ ပုံလောင်းကျေးရွာအနီးမှာ PNO ပြည်သူ့စစ် အဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတာလို့ သိရပါတယ်။
ရွာသူကြီး ဖြားခွန်လျောကို ဖမ်းဆီးထားတာ ၁၀ ရက်ကျော်လာပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးတဲ့အပြင် ကားကိုလည်း PNO ပြည်သူ့စစ်က သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ရွာသူကြီးဟာ ဆေးပညာတက်ကျွမ်းသူတဦးဖြစ်တာကြောင့် ကျန်းမာရေးကိစ္စဖြစ်လာတိုင်း ၎င်းကိုသာ အားကိုးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဆီဆိုင်မြို့နယ် နောင်ရင်းရွာက ရွာသူကြီးဖြစ်သူနှင့် ၎င်း၏ညီ ဖြစ်သူကို PNO ပြည်သူ့စစ်အဖွဲ့က မေလ ၉ရက်နေ့မှာ ဆွေးနွေးစရာရှိသည်ဟုဆိုကာ လမ်လည်ခေါ်ယူခဲ့ပြီးနောက် သတ်ဖြတ်လိုက်တဲ့အတွက် အဆက်အသွယ်ပြတ်နေတဲ့ နောင်ဗိုကန်တော်လေးရွာသူကြီးကို သတ်ဖြတ်လိုက်မှာကိုလည်း ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
========================
🚩🚩 ၇။ Federal Wingsက ထုတ်လုပ်ထားတဲ့ ကျည်ကာဦးထုပ်များကို ကူညီထောက်ပံ့မှုတွေကြောင့်ရှေ့ဆက်ပြီးထုတ်လုပ်နေတယ်လို့အသိပေး
မေလ၁၆
"တော်လှန်သူတွေရဲ့အဖိုးတန်အသက်တွေကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့ ခြွေတာနိုင်ဖို့ဆိုတာက Federal Wings ရဲ့ အဓိကအနှစ်သာရတစ်ခုပါ။Armor အတွက် သီးသန့်ပါဆိုပြီး ကူနေကြတာတွေနဲ့ Armor ထုတ်လုပ်မှုတွေကို ရှေ့ဆက်နေပါတယ်"လို့မေလ၁၆ရက်မှာ Federal Wingsကတရားဝင်အသိပေးဆိုပါတယ်။
ကျည်ကာဦးထုပ်များဟာFederal Wings ရဲ့ Research & Development Team တစ်ခုကနေ စမ်းသပ်ထု.တ်လုပ်ထားတဲ့ ကျည်ကာဦးထုပ်များဖြစ်ပြီး ပြင်ပဈေးကွက်မှာဝယ်ယူနိုင်တဲ့ဈေးရဲ့ ထက်ဝက်စရိတ်နဲ့ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
AK47 နဲ့ M16 ကျည်တွေကိုကာနိုင်တယ်လို့ စမ်းသပ်မှုတွေအရသိရပြီးအမြောက်အမြားထုတ်လုပ်နိုင်ဖို့အတွက်လည်းကြိုးပမ်းလျက်ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ကိုခန့်၊မင်းနွေဦးနှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment