၂၀၂၄ မေလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ
📌 ၂။ ဂျပန်ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
📌 ၃။ ခင်ဦးမြို့နယ်၊ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာတွင် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖြစ်သော ၄၀၀ ဗို့အားလိုင်း (ရွာတွင်းလိုင်း) မီးဆွဲခြင်း ပြီးမြောက်မှုနှင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်၍ ပြည်သူ့ဝန်ဆောင်မှု လျှပ်စစ်မီးလင်းရေး လုပ်ငန်းစဥ်များ ဆောင်ရွက်နေ
📌 ၄။ လက်ထုတ္တောကျေးရွာက အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် မိသားစုဝင်များကို OIA မှ ထောက်ပံ့ကြေးပေးအပ်
📌 ၅။ TNLA သိမ်းထားတဲ့ မြို့နယ် ၇ ခုက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအားလုံးကို တာဝန်မှရပ်ဆိုင်း
၂၀၂၄ ခုနှစ် မေလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) CDF-Daai ၏ အမှတ်စဥ်(၅) အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
🚩 ၂။ မြင်းခြံမြို့နယ် ရွာရှည်ရွာ ၂ရက်တာ တိုက်ပွဲတွင် စကစတပ်သား ၆၀ကျော် သေဆုံး
🚩 ၃။ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
🚩 ၄။ ရေစကြိုမြို့နယ် ဂွေးချို ပျူရွာအား အီနာဂါ ၂၈ လုံးထိ ဖြုတ်ချ တိုက်ခိုက်
🚩 ၅။ လက်ပန်လှ ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ရဲတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရ
🚩 ၆။ ရေဖြူမြို့နယ် ဇာဒီကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ မောင်နှမ ကလေးငယ်နှစ်ဦး သေဆုံး
🚩 ၇။ ကျောက်တော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတခုလုံးနီးပါး ပျက်စီးခဲ့ပြီး ဝန်ထမ်းများအပါအဝင် ၂၀ ဦးထက်မနည်း ဒဏ်ရာရ
🚩 ၈။ ကျောက်ထု - ဆော ကတ္တရာကားလမ်းအား ၁၁ရက် ခေတ္တ လမ်းပိတ်ထားမည်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိ
မေလ ၁၅ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့ဟာ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးတူကိစ္စရပ်များ ဆောင်ရွက်ရန် မေလ ၁၅ရက် ညနေပိုင်းတွင် ကိုရီးယားနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များ၊ တော်လှန်ရေးအဖွဲ့များမှ ရဲဘော်ရဲမေများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပါတယ်။
ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဦးတင်ထွန်းနိုင်တို့ဟာ ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းမှ ပြုလုပ်သည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် အခမ်းအနားသို့ တက်ရောက်ခြင်း၊ မြန်မာ့အရေးဆိုင်ရာ မိန့်ခွန်းပြောကြာခြင်း၊ လွှတ်တော်အမတ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။
မေလ ၁၉ ရက်နေ့မှာလည်း အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ်ခန်းမ၌ ကိုရီးယားနေ မြန်မာနိုင်ငံသားများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
========================
📌📌 ၂။ ဂျပန်ခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ တိုင်းရင်းသားအဖွဲ့ ကိုယ်စားလှယ်များနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
မေလ ၁၅ရက်။
ဂျပန်နိုင်ငံကို ခေတ္တရောက်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့များ ကိုယ်စားလှယ်တွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ ဦးဆောင်ပြီး မေ ၁၅ ရက်က တိုကျိုမြို့မှာ လက်ရှိမြန်မာအရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းပွဲ ပြုလုပ်ခဲ့ကြောင်း DVB သတင်းဌာနက ဖော်ပြထားပါတယ်။သတင်းစာရှင်းပွဲမှာ လက်ရှိ မြန်မာနိုင်ငံအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ဂျပန်သတင်း မီဒီယာတွေရဲ့ မေးမြန်းမှုတွေကို NUG ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ တိုင်းရင်းသားအဖွဲ့များရဲ့ ကိုယ်စား ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေး (Salai Thla Hei)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)မှ Saw Nimrod၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ Luiz တို့က ပြန်လည်ဖြေကြားခဲ့ကြကာ ဂျပန်အစိုးရ၊ ဂျပန်ပါလီမန်နဲ့ ဂျပန်ပြည်သူတွေအား အချက် ၈ ချက် တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
သတင်းစာရှင်းလင်းပွဲခေါင်းစဉ်က Press Conference by Myanmar Federal Democratic Force လို့ ခေါင်းစဉ်တပ်ထားတာ တွေ့ရပါတယ်။ ဂျပန်ပြည်သူ၊ ဂျပန်အစိုးရနဲ့ ပါလီမန်က မြန်မာအရေးကို ဆက်လက် တိုးမြင့်ထောက်ခံကြဖို့ အဓိက ပြောဆိုကြပါတယ်။
ကာလကြာမြင့်ချိန်ကတည်းက ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေရဲ့ အကူအညီအထောက်အပံ့တွေကို ကျေးဇူးတင်ရှိကြောင်း ဆက်လက်ပြီးလည်း ကူညီစေလိုကြောင်း၊ ဂျပန်အစိုးရအနေနဲ့ အာဆီယံနဲ့ နိုင်ငံတကာတောင်းဆိုမှုတွေကို စစ်ကောင်စီအား ပိုမိုဖိအားပေးစေလိုကြောင်း ချင်းအမျိုးသားတပ်ဦးရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းထလာဟေးကတိုက်တွန်းခဲ့ပါတယ်။
ဂျပန်နိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ မပေးပို့ဘဲ အိမ်နီးချင်း နယ်စပ်ဒေသတွေ ဖြတ်ကျော်ကာ တိုင်းရင်းသားဒေသတွေဆီ တိုက်ရိုက်ပေးပို့ဖို့ကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက တောင်းဆိုခဲ့ပါတယ်။
========================
📌📌 ၃။ ခင်ဦးမြို့နယ်၊ တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာတွင် လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖြစ်သော ၄၀၀ ဗို့အားလိုင်း (ရွာတွင်းလိုင်း) မီးဆွဲခြင်း ပြီးမြောက်မှုနှင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်၍ ပြည်သူ့ဝန်ဆောင်မှု လျှပ်စစ်မီးလင်းရေး လုပ်ငန်းစဥ်များ ဆောင်ရွက်နေ
မေလ ၁၅ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် တော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့်စွမ်းအင် ကဏ္ဍဖြစ်သော ၄၀၀ ဗို့အားလိုင်း (ရွာတွင်းလိုင်း) မီးဆွဲခြင်း ပြီးမြောက်မှုနှင့် လျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားကို မေလ ၁၄ရက်မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ တာဝန်ခံ၊ မြို့နယ် ပကဖ ဒုတာဝန်ခံ၊ လျှပ်စစ် တာဝန်ခံ၊ တွဲဘက်တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ပြည်သူ့ရင်ခွင်တာဝန်ခံ၊ တရားရေး အဖွဲ့၊ ပညာရေး စု ၁ စုမှူး၊ လူ့အခွင့်ရေး တာဝန်ခံ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ သယံဇာတ ဥက္ကဋ္ဌ၊ အခွန်တော်အရာရှိ၊ မွေး/ကု တာဝန်ခံ၊ စိုက်ပျိုးရေး တာဝန်ခံ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်များ၊ တိုက်နယ် ၄ ပကဖ အဖွဲ့များ၊ ရပ်ကျေး ပအဖ/ပကဖ များ၊ ကျေးရွာ မီးလင်းရေး ကော်မတီအဖွဲ့များ စသည်တို့ အသီးသီး တက်ရောက်၍၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပြည်သူ့ဝန်ဆောင်မှု လျှပ်စစ်မီးလင်းရေးအတွက် သက်ဆိုင်ရာဌာနမှ အားသွန်ခွန်စိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ ကျေးရွာမီးလင်းရေးအတွက် ဝမ်းသာ ဂုဏ်ယူကြောင်းနှင့် ဝမ်းမြောက်စကားများ ဌာနဆိုင်ရာ အသီးသီး၏ ရေးရာတာဝန်ခံများမှ
ကိုယ်စီ ပြောကြား၍ ထိုဖွင့်ပွဲ အခမ်းအနားကို ၁၄.၅.၂၀၂၄ ရက်နေ့, နံနက် ၁၀:၀၀ အချိန်တွင် စတင်ခဲ့ပြီး၊ ၁၁:၃၀ အချိန်ခန့်တွင် ၄၀၀ ဗို့အားလိုင်း မီးဆွဲခြင်းပြီးမြောက်မှုနှင့် လျှပ်စစ်မီး ဖွင့်ပွဲအခမ်းအနား ဖဲကြိုးဖြတ် ဖွင့်လှစ်၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါတယ်။
========================
📌📌 ၄။ လက်ထုတ္တောကျေးရွာက အကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရသည့် မိသားစုဝင်များကို OIA မှ ထောက်ပံ့ကြေးပေးအပ်
မေလ ၁၅ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာရှိ စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် အပြစ်မဲ့ပြည်သူ(၃၃)ဉီး၏ မိသားစုဝင်များထံသို့ OIA မှ ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်း အဝေးရောက်ဧရာဝတီအသင်း OIAက သတင်းထုတ်ပြန်ပါတယ်။
မေလ(၁၁)ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် မြင်းမူမြို့နယ် လက်ထုတ္တောကျေးရွာမှ ပြည်သူ(၃၃)ဉီး အတွက် OIAမှ ထောက်ပံ့ကြေးငွေ (၁)ဉီးလျှင် တစ်သိန်း (၁၀၀၀၀၀)ကျပ်နှုံးဖြင့် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်မှုဖြစ်စဉ်အတွင်း ပွဲချင်းပြီးသေဆုံးခဲ့သူ(၃၂)ဉီးနှင့် ဒါဏ်ရာများကြောင့် နောက်တစ်နေ့တွင် သေဆုံးခဲ့သူ(၁)ဉီး စုစုပေါင်း (၃၃)ဉီး အတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။
ထောက်ပံ့ပေးအပ်မှုများကို အဝေးရောက်ဧရာဝတီအသင်း OIA (အထက်မြန်မာပြည်ဌာန)မှ တဆင့်ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာကြောင့် ထပ်မံသေဆုံးသူများလည်း ဆက်ရှိနေသေးကြောင်း OIAမှ သိရှိရသည်။
========================
📌📌 ၅။ TNLA သိမ်းထားတဲ့ မြို့နယ် ၇ ခုက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအားလုံးကို တာဝန်မှရပ်ဆိုင်း
မေလ ၁၅ရက်။
တအာင်းတပ် TNLA သိမ်းထားတဲ့ မြို့နယ် ၇ ခုက စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအားလုံးကို လုပ်ငန်းတာဝန်ကနေ ရပ်ဆိုင်းလိုက်ပြီလို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ ဗဟိုအလုပ်မှုဆောင် ကော်မတီက မေလ ၁၅ ရက်နေ့မှာ တရားဝင်ကြေညာလိုက်ပါတယ်။
TNLA သိမ်းထားတဲ့ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နဲ့ မိုင်းလုံမြို့အပါအဝင် တအာင်းပြည်နယ်အတွင်း စစ်ကောင်စီလက်အောက်မှာ ပုံစံအမျိုးမျိုးနဲ့ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ Non CDM ဝန်ထမ်းတွေအားလုံး လက်ရှိအချိန်မှာ ဘာတာဝန်မှ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ ပြစ်မှုကျူးလွန်တယ်လို့သံသယရှိတဲ့ Non CDM ဝန်ထမ်းတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ သက်ဆိုင်ရာက ဖမ်းဆီး အရေးယူတာ၊ တိုင်ကြားမှုတွေကြောင့် ဖမ်းဆီးပြီး အဆင့်ဆင့်စစ်ဆေးအရေးယူတာနဲ့ သတ်မှတ်စီမံချက်အရ အပြစ်ပေး အရေးယူတာတွေ ပြုလုပ်သွားမယ်လို့လည်း အသိပေးထားပါတယ်။
တအာင်းပြည်အတွင်း ဆက်လက်နေထိုင်တဲ့ Non CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီထံကနေ လစာ၊ ငွေကြေးထုတ်ယူတာ၊ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်တာ၊ အစီရင်ခံစာပေးပို့တာစတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေတွေ့ရင် အပြစ်ပေး အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ကာလကနေ လက်ရှိအချိန်အထိ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့၊ မိုင်းလုံ စတဲ့ မြို့တွေအပါအဝင် PSLF အုပ်ချုပ်ရေးနယ်မြေအတွင်း လူထုအကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ဦးတည်တဲ့ စီမံအုပ်ချုပ်ရေး လုပ်ငန်းတွေကို ပြည်သူလူထုနဲ့ပူးပေါင်းကာ အရင်ထက် ပိုပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF က ပြောပါတယ်။
အခုလို ပြည်သူလူထုနဲ့အတူ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရာမှာ လုပ်ငန်းတွေ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းတွေကို ၎င်းတို့ထမ်းဆောင်နေတဲ့ ရာထူးတာဝန်ကနေ ရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) CDF-Daai ၏ အမှတ်စဥ်(၅) အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်
မေလ ၁၅ရက်။
Radio NUG
မေလ ၁၅ရက်တွင် ချင်းပြည်ကာကွယ်ရေးတပ်ဦး(ဒိုင်ရ်) CDF-Daai ၏ အမှတ်စဥ်(၅) အခြေခံ စစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို အောင်မြင်စွာပြုလုပ်ခဲ့ကြောင်း CDF-Daai က သတင်းထုတ်ပြန်ပါတယ်။
အမှတ်စဥ်(၅)အခြေခံ စစ်ပညာသင်တန်းကို သင်တန်းကာလ(၂)လ ပြုလုပ်ခဲ့ပြီး သင်တန်းသား ဦးရေ(၁၀၀) ကျော် တက်ရောက်သင်တန်းပြီးစီးခဲ့ကြတယ်လို့ သိရပါတယ်။
အမှတ်စဥ်(၅) အခြေခံစစ်ပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို ဒိုင်ရ်ဒေသအုပ်ချုပ်ရေးအဖွဲ့များ ၊ CDF - Daai ၏ ကာကွယ်ရေးအကြီးအကဲများနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
CDF - Daai အနေဖြင့် ချင်းပြည်ကို ကာကွယ်ရေး၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းများတွင် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်သည့်အတွက် မိဘမိပြည်သူများအနေဖြင့် ထပ်မံ၍ ပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
========================
🚩🚩 ၂။ မြင်းခြံမြို့နယ် ရွာရှည်ရွာ ၂ရက်တာ တိုက်ပွဲတွင် စကစတပ်သား ၆၀ကျော် သေဆုံး
မေလ ၁၅ရက်။
Radio NUG
မြင်းခြံမြို့နယ် ရွာရှည်ရွာ 2ရက်တာ တိုက်ပွဲတွင် စကစတပ်သား ၆၀ကျော် သေဆုံးကြောင်း Myingyan Black Tiger (MBT)မှ သတင်းထုတ်ပြန်ပါတယ်။မြင်းခြံမြို့နယ်အတွင်းရှိ ရွာရှည်ရွာအား စကစတပ်များမှ မေလ ၁၃ရက်နေ့ နံနက်၁၀နာရီခန့်မှ စတင်ကာ အင်အား(၂၀၀ )ခန့်ဖြင့် ထိုးစစ်ဆင် စတင်တိုက်ခိုက်ခဲ့ပါတယ်။ ထိုးစစ်ဆင်တိုက်ခိုက်သော စကစများကို Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များရဲ့ ခုခံစစ်ကြောင့် ပထမရက်တွင် အကျအဆုံးများစွာရှိကြောင်း သိရပါတယ်။
မေလ ၁၄ရက်နေ့၊ နံနက် ၆နာရီခန့်အချိန်တွင် နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၎င်းတိုက်ခိုက်မှုတွင် စကစ ရေတပ်မှ ပစ်ကူပေးခြင်း၊ ဝေဟင်မှ Droneများဖြင့် တိုက်ခိုက်ခြင်းတို့ကြောင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း သိရပါတယ်။
၎င်း နှစ်ရက်တာ ခုခံတိုက်ခိုက်မှုအတွင်း စကစဘက်မှ (၆၀) ကျော်ခန့်သေဆုံးခဲ့ပြီး (၈၀)ဝန်းကျင်ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။ MBT တပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များဘက်မှ ၁၅ယောက်ခန့် (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုများအပြီး စကစ စစ်ကြောင်းသည် ရွာရှည်ရွာအား ရွာလုံးကျွတ်မီးရှို့၍ အရပ်သားပြည်သူ (၄)ဦးအား အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါနှစ်ရက်တာ ခုခံစစ်ကို Myingyan Black Tiger MBT (မြင်းခြံခရိုင်တပ်ရင်း ၉)နှင့်အတူ မြင်းခြံခရိုင် တပ်ရင်း၆ တပ်ခွဲ၁ နောင်ရိုးပြောက်ကြားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ်၆၀တပ်ဖွဲ့၊ Popa Guerilla Force၊
Royal Eagle People Defence၊ Myingyan Danger Dynamit၊ Drone Fighter Kani - D. F. K၊ Anyar Federal Task Force၊ 27 Revolution Force၊ BGF နှင့် အခြားညီနောင်မဟာမိတ်များမှ ပူးပေါင်းပါဝင်တိုက်ခိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ
မေလ ၁၅ ရက်။
NUG Radio
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ သယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ပြောပါတယ်။
မေလ ၁၃ ရက်နေ့ မနက် ၇ နာရီခန့်မှာ လက်ပံတန်း မြို့ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ရေငံရွာထိပ်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ပစ်ခတ်လိုက်တဲ့ ၄၀ မမ ဗုံးသီး တစ်လုံးဟာ စစ်ကောင်စီ စစ်ကြောင်း ပွိုင့်တပ်ဖွဲ့ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နာရီဝက်ခန့် ကြာခဲ့တဲ့ ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း ၄၀ မမ၊ ၆ဝ မမ စိန်ပြောင်းတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း (၃၈ဝ၂) တပ်ခွဲ (၂)နဲ့ တပ်ခွဲ (၃)တို့က ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
နောက်တနေ့ မေလ ၁၅ ရက်မှာတော့ စစ်ကောင်စီတပ်ဟာ ရေငံရွာထဲမှာ တပ်စွဲနေပြီး မေ ၁၂ ရက်နေ့ ညနေပိုင်းကလည်း ၎င်းစစ်ကောင်စီ စစ်ကြောင်းက ထန်းပင်ချောင် ရွာထဲကို ၄၀ မမ ဖြင့် ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
========================
🚩🚩 ၄။ ရေစကြိုမြို့နယ် ဂွေးချို ပျူရွာအား အီနာဂါ ၂၈ လုံးထိ ဖြုတ်ချ တိုက်ခိုက်
မေခ ၁၅ရက်။
Radio NUG
ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ဂွေးချို ပျူရွာအား မေလ ၁၃ရက်နေ့ မနက်(၉)နာရီမှ ညနေ(၅)နာရီအထိအီနာဂါ(၁၃)လုံးချပြီး မေလ ၁၄ရက်နေ့ ည(၇)နာရီအထိအီနာဂါ(၁၅)လုံး စုစုပေါင်း အီနာဂါ ၂၈ လုံးထိ ဖြုတ်ချ တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ဂွေးချို ပျူခေါင်းဆောင်ဘုန်းကြီးရဲ့လက်ထောက်ဖြစ်တဲ့ လူနာမည် သောင်းနိုင်လင်း ဘွဲ့အမည် ဦးသောမဏ ထိခိုက်ကျဆုံးသွားသည်ဟု သတင်းရရှိပြီး ထိခိုက်ဒဏ်ရာရသူ စကစနဲ့ ပျူ 14ယောက်ထိ ရှိနိုင်သည်လို့ ဖော်ပြထားပါတယ်။
ကြီးလေးသောအောင်ပွဲများနှင့် တိကျမှန်ကန်သောစစ်ဆင်ရေးများအား ဆက်လက်တာဝန် ထမ်းဆောင်သွားကြပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ လက်ပန်လှ ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ရဲတစ်ဦး အပါအဝင် နှစ်ဦး ဒဏ်ရာရ
မေလ ၁၅ ရက်။
NUG Radio
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပန်လှနယ်မြေရဲစခန်းကို PDF များက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦး အပါအဝင် နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
မေလ ၁၄ ရက်နေ့ မနက် ၁၁ နာရီခွဲခန့်မှ ၁၂ နာရီခွဲ ခန့်အတွင်း မိုးကုတ် - မန္တလေး လမ်းမကြီးဘေးရှိ လက်ပန်လှ နယ်မြေရဲစခန်းကိုDrop Bomb ဖြင့် ၃ ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး စခန်းမှူးရုံးခန်း အပါအဝင် ရဲစခန်းအတွင်း နေရာများမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
၎င်း ဗုံးသီး ၃ လုံးမှာ စခန်းမှူး ရုံးခန်းပေါ် တစ်လုံး၊ စစ်ရေးပြကွင်းဘေးကို တစ်လုံးနဲ့ စခန်းဝင် အနောက်တောင်ထောင့်ကို တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ရဲစခန်းအတွင်းမှ အမျိုးသမီးတစ်ဦး
ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့ကြောင်းကို ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များမှာ ရဲတစ်ဦး ခြေသလုံး မိုင်းစထိမှန်ပြီး ရဲစခန်းအမိုး ပျက်စီးခဲ့ကာ အရပ်သား အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။
========================
🚩🚩 ၆။ ရေဖြူမြို့နယ် ဇာဒီကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ မောင်နှမ ကလေးငယ်နှစ်ဦး သေဆုံး
မေလ ၁၅ရက်။
Radio NUG
မေလ ၁၅ ရက်၊ မနက် ၁၁ နာရီခန့်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီလက်အောက်ခံ မောရဝတီရေတပ်စခန်းဌာနချုပ်က ဇာဒီကျေးရွာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ မောင်နှမ ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)DDMSCက သတင်းထုတ်ပြန်ပါတယ်။
မောရဝတီရေတပ်စခန်းဌာနချုပ်နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ဇာဒီကျေးရွာနှင့် အနီးအနားတဝိုက်တွင် မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးလေးကြိမ်ခန့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ဇာဒီကျေးရွာ၊ သစ်လှတောရပ်ကွက်ရှိ နေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲရာကနေ နေအိမ်ပေါ်ရှိ အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နှင့် ညီမဖြစ်သူ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ သေဆုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့၊ ညနေပိုင်းကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး
သေဆုံးခဲ့ပါသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ကျောက်တော်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးရုံတခုလုံးနီးပါး ပျက်စီးခဲ့ပြီး ဝန်ထမ်းများအပါအဝင် ၂၀ ဦးထက်မနည်း ဒဏ်ရာရ
မေလ ၁၅ရက်။
ရခိုင်ပြည်ကျောက်တော်မြို့နယ်ထဲက ဝဲကြီးထောင့်ဆေးရုံကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဆေးရုံတခုလုံး နီးပါး ပျက်စီးဆုံးရှုံးခဲ့ပြီး ဝန်ထမ်း၊ လူနာနဲ့လူနာစောင့် စတဲ့ အရပ်သားပြည်သူ ၂၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး သေဆုံးသူအချို့ရှိခဲ့တယ်လို့ ရခိုင့်တပ်တော်-AA က ထုတ်ပြန်လိုက်ပါတယ်။
ဝဲကြီးထောင့်ဆေးရုံကို မေလ ၁၅ ရက်မနက်အစောပိုင်း ၁၂ နာရီ ၁၆ မိနစ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးထဲမှာ အပြင်းစားဒဏ်ရာရသူ ၅ ဦးရှိခဲ့ပြီး မြင်းတကောင် သေဆုံးခဲ့တယ်လို့ AA က အသိပေးထားပါတယ်။
ရခိုင်ဒေသမှာ စစ်ပွဲတိုင်း ရှုံးနိမ့်နေတာကြောင့် အရှက်ရ ဒေါသထွက်နေတဲ့ စစ်ရှုံးစစ်ကောင်စီဟာ လူမျိုးရေးအမုန်းတရားကို အခြေခံပြီး တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်ဘက်ပစ်မှတ်၊ ဆေးရုံ၊ ဈေး စတာတွေကို ဦးတည်ပစ်ခတ်တိုက်ခိုက်နေတာဟာ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေခြင်းဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာလို့ AA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တွေနဲ့ လူမှုဘဝလုံခြုံမှုကို နေစဉ်နဲ့အမျှ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေနဲ့ ပြည်သူလူထုကို နေ့စဉ်သတ်ဖြတ်နေတဲ့လုပ်ရပ်တွေကို စစ်ကောင်စီက မြန်မာနိုင်ငံအနှံ့ နေ့စဉ်ကျူးလွန်နေပြီး မရိုးနိုင်တဲ့ လုပ်ရပ်များဖြစ်တယ်လို့လည်း AA က ပြောပါတယ်။
စစ်ကောင်စီရဲ့ ယခုကဲ့သောလုပ်ရပ်တွေနဲ့ ယခင်ကျူးလွန်ထားခဲ့တဲ့မှတ်တမ်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့သွားမှာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။ စစ်ကောင်စီဟာ မေလ ၁၄ ရက်နေ့ကလည်း ရခိုင်ပြည်နယ်ထဲက သံတွဲနဲ့မောင်တောမြို့တို့မှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့အတွက် တရက်တည်း ၁၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီ က သိရပါတယ်။
========================
🚩🚩 ၈။ ကျောက်ထု - ဆော ကတ္တရာကားလမ်းအား ၁၁ရက် ခေတ္တ လမ်းပိတ်ထားမည်
မေလ ၁၅ရက်။
Radio NUG
ကျောက်ထု - ဆော ကတ္တရာကားလမ်းအား လိုအပ်သောလုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရန်ရှိသဖြင့် 15.05.2024 မှ 25.05.2024 ရက်နေ့အထိ လမ်းခေတ္တပိတ်ထားမည်ဖြစ်ကြောင်း ဂန့်ဂေါခရိုင်၊
အမှတ် (၁၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
လမ်းပိတ်ထားစဉ်ကာလအတွင်း ဆော - ကျောက်ထု ကားလမ်းပိုင်းအား ဖြတ်သန်းသွားလာခြင်းများမပြုလုပ်ရန် တားမြစ်ထားပြီး အရေးပေါ်ကိစ္စရပ်များရှိလာပါက သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ ဂန့်ဂေါခရိုင်၊ အမှတ် (၁၃)တပ်ရင်းသို့ဆက်သွယ်ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
လုပ်ငန်းကိစ္စရပ်များပြီးစီးပါက လမ်းဖွင့်မည့်နေ့ကို ထပ်မံအသိပေး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများကို အသိပေးအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment