၂၀၂၄ သြဂုတ်လ ၂၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာပြုမူခဲ့သော ရာဇဝတ်မှုများ၏ သတ္တမနှစ်ပတ်လည်နေ့ကို NUG ထုတ်ပြန်
📌 ၂။ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့ AA ကြေညာ
📌 ၃။ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDF/ပကဖ ရဲဘော်များ အင်အားထောင်ချီ ပါဝင်ဆင်နွှဲလျက်ရှိ
၂၀၂၄ ခုနှစ် သြဂုတ်လ ၂၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းကွန်း မြသိန်းတန်ဘုရားမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်တပ်က စစ်ရှောင်ပြည်သူ ၂ ဦးကို PDF လို့ စွပ်စွဲသတ်ဖြတ်
🚩 ၂။ သီပေါမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံတဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
🚩 ၃။ လက်ပံတန်းအပိုင် ရိုးမပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၀ ဦး ဖမ်းမိ
🚩 ၄။ ကြို့ပင်ကောက်မြို့မှာ PDF တွေကို စိန်ခေါ်ထားတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရပြီးသေဆုံး
🚩 ၅။ မြင်းခြံမြို့နယ်မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ၂ ဦး ထက်မနည်းသေဆုံး
🚩 ၆။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် တပတ်အတွင်း အရပ်သား ၈ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာပြည်သူများအား ရက်စက်ကြမ်းကြုတ်စွာပြုမူခဲ့သော ရာဇဝတ်မှုများ၏ သတ္တမနှစ်ပတ်လည်နေ့ကို NUG ထုတ်ပြန်
ဩဂုတ်လ ၂၅ ရက်
၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာပြည်သူများအပေါ် အကြမ်းဖက်စစ်တပ်က ရာဇဝတ်မှုများ ကျူး လွန်ခဲ့ခြင်း သတ္တမနှစ်ပတ်လည်နေ့ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စာနာနားလည်စွာ အသိအမှတ်ပြုပါတယ်လို့ ဩဂုတ်လ ၂၅ ရက် ဒီကနေ့မှာ ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
စစ်အာဏာရှင်အဆက်ဆက် ကိုင်စွဲသော ဖက်ဆစ်အတွေးအခေါ်နှင့် လူမျိုးကြီးဝါဒ၊ လူမျိုး ရေး၊ ဘာသာရေး စနစ်တကျခွဲခြားဖိနှိပ်မှုများ၊ စစ်တပ်ကြီးစိုးရေးကို ပဓာနပြုလျက် လူ့အခွင့်အရေး ချိုးဖောက်ကာ စစ်ကျွန်ပြုမှုများသည် ရိုဟင်ဂျာများအပါအဝင် ပြည်ထောင်စုတိုင်းရင်းသား ပြည်သူ တရပ်လုံးအပေါ် ကပ်ဘေးသင့်စေခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှည်ကြာဆဲဖြစ်ပါသည်။
ယနေ့ပြည်သူ့နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်စနစ်ကို အပြီးသတ် တိုက်ဖျက်လျက် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရန် ရည်သန်သည်ဖြစ်ရာ စစ်အာဏာရှင်စနစ် နှင့်အတူ မတရားမှု၊ မမျှတမှု၊ လူမျိုးရေး၊ ဘာသာရေးအကြောင်းပြုသော ခွဲခြားဖိနှိပ်မှုများကိုပါ တပါတည်း တိုက်ဖျက်နေခြင်းဖြစ်ပါသည်။ ဤတော်လှန်ရေးတွင် ပြည်ထောင်စုတဝှမ်းမှ တိုင်းရင်း သားလူမျိုးစုံ ပြည်သူများနှင့်အတူ ပါဝင်တိုက်ပွဲဝင်လျက်ရှိသော ရိုဟင်ဂျာပြည်သူများအား လေးစားဂုဏ်ပြုအပ်ပါတယ်ဟု ထည့်သွင်းဖေါ်ပြထားပါတယ်။
လက်ရှိတော်လှန်ရေးကာလအတွင်း အထူးဂရုပြုရမည့်အချက်မှာ အင်အားချိနဲ့နေသည့် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအနှံ့တွင် အတင်းအဓမ္မ စစ်သားစုဆောင်းသကဲ့သို့ အကာကွယ်မဲ့ ရိုဟင်ဂျာလူထုထံမှလည်း စစ်သားအများအပြား စုဆောင်းလျက်ရှိခြင်း ၊သာမန်အရပ်သားများ အထူးသဖြင့် အမျိုးသမီး၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုလည်း လူသားဒိုင်းများအဖြစ် အသုံးချခြင်း၊ သတင်းမှားများဖြန့်ဝေလျက် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပေါ်စေရန် စနစ်တကျ သွေးခွဲလှုံ့ဆော်ခြင်းများ ကျူးလွန်နေသည်ဖြစ်ရာ တော်လှန်ရေးအင်အားစုအားလုံးက သတိ၊ ဉာဏ်ပညာဖြင့် တုံ့ပြန်ဆောင်ရွက်ကြရမည့် အချိန်ဖြစ်ပါသည်။
တော်လှန်ရေးအောင်မြင်၍ အသွင်ကူးပြောင်းရေးကာလ ရောက်ရှိချိန်တွင် ပြည်သူအများ တွေ့ကြုံခံစားခဲ့ရသော အဓမ္မမှုများအတွက် တရားမျှတမှုရှာဖွေနိုင်ရေး နည်းလမ်းများအားလုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက ကတိပြုထားပါသည်။
မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တသော လောကပါလတရား ထွန်းကားသည့် နိုင်ငံ ရေးစနစ်သစ်ကို ဤတော်လှန်ရေးက ဆောင်ကြဉ်းမည်ဖြစ်ရာ လူမျိုးဘာသာအသီးသီးမှ နိုင်ငံသူ၊ နိုင်ငံသား ပြည်သူတစ်ရပ်လုံး အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တိုက်တွန်းအပ်ပါသည်ဟု ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့ AA ကြေညာ
ဩဂုတ်လ ၂၅ ရက်
ရခိုင်ပြည် မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်တော့မယ်လို့ ရခိုင့်တပ်တော် AA က ဇူလိုင်လ ၂၄ ရက်နေ့ည သန်းခေါင်ယံမှာ ကြေညာလိုက်ပါတယ်။
ရခိုင်ဒေသတွင်းမှာ သိမ်းပိုက်ဖို့ ကျန်နေသေးတဲ့မြို့တွေထဲက မောင်တောမြို့နဲ့ ကျိန္တလီမြို့က နောက်ဆုံးလက်ကျန် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ ရခိုင့်တပ်တော်က အခုလို အသိပေးလိုက်တာဖြစ်ပါတယ်။
လက်ရှိမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး မောင်တောမြို့သိမ်းတိုက်ပွဲမှာ မြို့မရဲစခန်းက ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး လက်နက်ချ အလင်းဝင်လာသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆ ဦးကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းမိထားတယ်လို့ AA က ဓာတ်ပုံ မှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
အလင်းဝင်လာသူတွေ စစ်သုံ့ပန်းတွေနဲ့အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့တာကြောင့် စစ်ကောင်စီအနေနဲ့ မောင်တောမြို့ကို လက်လွှတ်ဆုံးရှုံးရတော့မယ့်အခြေအနေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲဟာ ၂ ပတ်ခန့် ကြာမြင့်လာပြီဖြစ်ပြီး မြို့တွင်းမှာ ခံစစ်ပြင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်းများနဲ့ စစ်တပ်က လက်နက်တပ်ဆင်ပေးထားတဲ့ ARSA၊ RSO၊ ARA စတဲ့တပ်ဖွဲ့ဝင်တွေဟာ ရခိုင့် တပ်တော်ရဲ့ ထိုးစစ်အောက်မှာ ထိခိုက်ကျဆုံးမှုများနဲ့အတူ ကစဉ့်ကလျားထွက်ပြေးတာ၊ လက်နက်ချအညံ့ခံတာတွေ ဆက်တိုက်လုပ်လာတာကြောင့် မောင်တောမြို့ဟာ ရခိုင့်တပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ကို အလုံးစုံရောက်ရှိလာတော့မယ့် မြို့တမြို့လို့လည်း အသိပေးထားပါတယ်။
မောင်တောမြို့တွင်းက စစ်ကောင်စီနဲ့အပေါင်းအပါတွေရဲ့ ခံစစ်နေရာတွေကို တခုပြီးတခု သိမ်းပိုက်ရရှိထားပြီး အနည်းငယ် သာကျန်တော့တဲ့ ခံစစ်နေရာတွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မောင်တောမြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေဆဲလို့ သိရပါတယ်။
မောင်တောမြို့ကိုလက်လွှတ်ရဖို့ သေချာနေပြီဖြစ်တဲ့ ဖက်ဆစ်စစ်ကောင်စီဟာ ၎င်းတို့ရဲ့ ယုတ်မာတဲ့အကျင့်အတိုင်း မောင်တောမြို့တွင်းက အိမ်တွေနဲ့ အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာတွေပြုလုပ်နေတဲ့အပြင် ရတဲ့နည်းနဲ့ ထွက်ပြေး တိမ်းရှောင်နေတာကြောင့် ရခိုင့်တပ်တော်က ထွက်ပြေးနေသူတွေအပါအဝင် ခုခံစစ်ဆင်နွှဲနေတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ကို လိုက်လံချေမှုန်းနေတယ်လို့လည်း ပြောပါတယ်။
တဘက်မှာလည်း သံတွဲမြို့နဲ့ကတပ်နေတဲ့ ကျိန္တလီ၊ မောင်ရွှေလေး၊ ကွင်းဝိုင်းအစရှိတဲ့ နေရာတွေမှာလည်း အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ စုပေါင်းပြီး ခုခံနေတာကြောင့် တိုက်ပွဲတွေ တရက်ထက်တရက် ပိုမိုပြင်းထန်နေတယ်လို့ သိရပါတယ်။
ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ဒေသတွင်းက လက်ကျန်မြို့တွေမှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲရင်း လက်နက်ချ အညံ့မခံဘဲ ခုခံနေတဲ့ ရန်သူ့စခန်းတိုင်းကို ဆက်လက်ချေမှုန်းသွားမယ်လို့ ရခိုင့်တပ်တော် သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မန္တလေးတိုင်း၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်း စစ်ဆင်ရေးများတွင် PDF/ပကဖ ရဲဘော်များ အင်အားထောင်ချီ ပါဝင်ဆင်နွှဲလျက်ရှိ
ဩဂုတ်လ ၂၅ ရက်
၂၀၂၄ ခုနစ်၊ ဩဂုတ်လအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ရေးအောင်ပွဲတွေ ဆက်တိုက်ရရှိနေပြီး အဆိုပါ အောင်ပွဲတွေဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက PDF/ပကဖ ရဲဘော်များရဲ့ အောင်ပွဲတွေပဲ ဖြစ်ပါတယ်လို့ (PDF Insight) က ထုတ်ပြန်လိုက်ပါတယ်။
လတ်တလောဆိုရင်
- မန္တလေးတိုင်းထဲကပြင်ဦးလွင်ခရိုင်၊ တကောင်း၊သပိတ်ကျင်း
- မကွေးတိုင်းထဲမှာ ဂန့်ဂေါ
- စစ်ကိုင်းတိုင်းထဲက ရွှေဘိုခရိုင် ဒီပဲယင်း၊
- ချင်းတွင်းမြစ်ဝှမ်းက ဟုမ္မလင်း၊ဖောင်းပြင်၊မော်လိုက်၊ကောလင်းခရိုင် ပင်လည်ဘူး၊ ကသာခရိုင် အင်းတော်၊နဘား၊ကသာ၊ထီးချိုင့် စတဲ့ နယ်မြေတွေမှာ တိုက်ပွဲတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေတာ တွေ့ရပါတယ်။
အဆိုပါ တိုက်ပွဲတွေဟာ ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်(၁)စစ်ဒေသရဲ့ အစီအစဉ်နဲ့ ဆင်နွှဲနေတာပြီး ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အင်အား ထောင်နဲ့ချီ ပါဝင် တိုက်ပွဲဝင်နေကြပါတယ်။
လိုအပ်တဲ့ နယ်မြေနဲ့ လမ်းပိုင်းတွေမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ကလည်း ဝိုင်းဝန်းကူညီပေးလျက်ရှိကြောင်း သိရပါတယ်
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းကွန်း မြသိန်းတန်ဘုရားမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး စစ်တပ်က စစ်ရှောင်ပြည်သူ ၂ ဦးကို PDF လို့ စွပ်စွဲသတ်ဖြတ်
ဩဂုတ်လ ၂၅ ရက်
စစ်ကိုင်းမြို့နယ် မင်းကွန်းသာသနာ့နယ်မြေ မြသိန်းတန်ဘုရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးတပ် တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး စစ်တပ်က စစ်ရှောင်ပြည်သူ၂ ဦးကို PDF လို့ စွတ်စွဲကာ သတ်ဖြတ်သွားတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
မင်းကွန်းဒေသမှာရှိတဲ့ မြသိန်းတန်ဘုရားမှာတပ်စွဲနေပြီး ခရီးသွားပြည်သူတွေကို ငွေညှစ်တောင်းခံနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဩဂုတ်လ ၂၂ ရက်နေ့ မနက် ၉ နာရီခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မနက် ၉ နာရီကစပြီး တနေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်အုပ်စုရဲ့ဘန်ကာကို သိမ်းပိုက်နိုင်ခဲ့ပေမယ့် စစ်အုပ်စုဟာ မြသိန်းတန်ဘုရားပေါ်ကနေ အကာအကွယ်ယူပြီး ပစ်ခတ်နေတာကြောင့် အပြီးသတ်မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရတယ်လို့ နီကွန်းပြောက်ကျားတပ်ဖွဲ့က အသိပေးပါတယ်။
အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ဘုရားအနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ စစ်ဘေးရှောင်လူငယ်အမျိုးသား ၂ ဦးကို PDF တွေလို့စွပ်စွဲ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အခုလို စစ်ဘေးရှောင်လူငယ် ၂ ဦးသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ မင်းကွန်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အတည်ပြုထားပြီး စစ်ရှောင်ကလေးနှစ်ယောက်သတ်ပြီး pdf လိုပြောတဲ့ မင်းတို ဇ က အဲ့လောက်ပဲလား လို့ ပြောဆို ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ ၊ တောဒေါင်းနီ ၊ People Servant Force ဗိုလ်ကျားကြီး ဝက်လက်၊ Acid Local Defend Force (ဝက်လက်) ၊ နဂါးနီ ၊ Royal Falcon Guerrilla Force ၊ Phoenix SGG နှင့် People Defend Force Mingun တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ လည်း သိရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ အင်အားပြန်လည်ဖြည့်တင်းကာ တပ်စွဲနေရာယူထားတယ်လို့ ယူနီကွန်းပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ သီပေါမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံတဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ
ဩဂုတ်လ ၂၅ ရက်
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ သီပေါမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေကိုဦးတည်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ်မတော်TNLA က ပြောပါတယ်။
မနေ့ သြဂုတ်လ ၂၄ ရက်နေ့ မနက် ၈ နာရီ ၂၀ ကနေ မွန်းလွဲ ၁ နာရီခွဲအချိန်ထိ စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာ နေရာကို ဦးတည်ပြီး လက်နက်ကြီးနဲ့ ၆ လုံး ပစ်ခတ်ခဲ့ရာ သီပေါမြို့ ရွှေကျောင်းရပ်ကွက်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး ဦးခေါင်းပြတ်ထွက်ကာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသက် ၅၀ ကျော်အရွယ် အမျိုးသားတဦးနဲ့ အသက် ၆၀ ကျော်အရွယ် အမျိုးသားတဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး ရွှေကျောင်းအနောက်ဘက်က အမျိုးသမီးတဦးလည်း လက်နက်ကြီစထိမှန်ခဲ့ပေမယ့် အစိုးရိမ်ရတဲ့ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။
သီပေါမြို့မှာ စစ်ကောင်စီက အရပ်သားတွေကိုဦးတည်ပြီး လေကြောင်း လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အခု ဩဂုတ်လ ၁ ရက်ကနေ ၂၄ ရက်နေ့အထိ အရပ်သား ၁၇ ဦးသေဆုံးကာ ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ လက်ပံတန်းအပိုင် ရိုးမပေါ်တက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၀ ဦး ဖမ်းမိ
ဩဂုတ်လ ၂၅ ရက်
ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်ထဲက ပဲခူးရိုးမပေါ်တက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိကာ လက်နက်မျိုးစုံ ၃၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တိုက်ပွဲဝင်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်တက်လာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်တွေက ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်ပွဲမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေကြောင့် တိုက်ပွဲဟာ ၃ နာရီခန့် ကြာမြင့် ခဲ့တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးဟာ စစ်တပ်စစ်ကြောင်းမှူးတာဝန်ယူထားတဲ့ စစ်ဗိုလ်ရှိနေတဲ့နေရာမှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် စစ်ဗိုလ်အပါ အများအပြားသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းမှူးသေသွားတာကြောင့် တပ်လန်သွားတဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးချိန်မှာ တော်ပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး လက်နက်ချအညံ့ခံခဲ့ကြတာလို့ တိုက်ပွဲဝင်တော်လှန်ရေးတပ် တွေက ပြောပါတယ်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံကနေ G-3 ၁၉ လက်၊ G-4 တလက်၊ 40 mm ၂လက်၊ MA-1 ၃ လက်၊ MA-3 ၂ လက်၊ MA-12 တလက်၊ MA-2 (MK-11) တလက်၊ ပစ္စတို MA-5 တလက်၊ G-3 ကျည် ၁၉၆၃ တောင့်၊ MA ကျည် ၁၇၈ တောင့်၊ 9mm ကျည် ၂၀၀ တောင့်၊ ကျည်ဘောက်မျိုးစုံ ၆၅ ခု၊ ငွေသား ၂၅ သိန်းကျော်၊ ဖုန်း ၈ လုံး သိမ်းဆည်း ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်ထိ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က တပ်ခွဲ ၂၊၃၊၅၊၆ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်တပ်ဖွဲ့တို့နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ က ရဲဘော်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။
စစ်ကောင်စီတပ်ဘက်က အထိနာသွားတာကြောင့် ထိတွေ့တိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်တဲ့အတွက် ဒေသခံပြည်သူများ အနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနီး သွားလာနေထိုင်တာတွေ လုံးဝမပြုလုပ်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားပါတယ်။
အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အထိနာသွားတာကြောင့် ပြန်လည်ဆုတ်ခွာသွားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကအသိပေးထားပြီး စစ်တောင်းမြစ်ဝှမ်း စိုးမိုးရေးနဲ့ ပဲခူးရိုးမ ထိုးဖောက်ရေး စစ်ရေးစီမံချက်များချမှတ်ကာ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၄။ ကြို့ပင်ကောက်မြို့မှာ PDF တွေကို စိန်ခေါ်ထားတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရပြီးသေဆုံး
ဩဂုတ်လ ၂၅ ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် ကြို့ပင်ကောက်မြို့နယ်မှာ PDF တွေကို ကြိုက်တဲ့အချိန်လာခဲ့လို့ စိန်ခေါ်ထားတဲ့ ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားတယ်လို့ Dragon Brothers GBK-PDF တပ်ဖွဲ့က ပြောပါတယ်။
ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု ငွေတူးကျောကျေးရွာက ရာအိမ်မှူး မြင့်တင် ကို BTZM GBK-PDF (ပဲခူးရိုးမ)နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၁ Dragon Brothers GBK-PDF တပ်ဖွဲ့က ရဲဘော်တွေ ပူးပေါင်းရှင်းလင်းခဲ့တာလို့ သိရပါတယ်။
စစ်တပ်ကို သတင်းပေးနေတဲ့ ရာအိမ်မှူး မြင့်တင် ကို တော်လှန်ရေးရဲဘော်တွေက သြဂုတ်လ ၂၃ ရက်နေ့ ည ၈ နာရီခန့် အချိန်မှာ ၎င်းရဲ့နေအိမ်ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အဖမ်းမခံဘဲ ထွက်ပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရကနေ သေနတ်ဒဏ်ရာ ၂ ချက်နဲ့သေဆုံးသွားတာလို့ အသိပေးထားပါတယ်။
အဆိုပါ ရာအိမ်မှူး မြင့်တင်နဲ့ အုပ်ချုပ်ရေးမှူး အောင်မြင့်သန်း ဆိုသူတို့ဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ပေါင်းပြီး ဩဂုတ်လ ၁၅ ရက်နေ့ကပဲ ဒေသခံလူငယ် ၃၂ ဦးကို ပေါ်တာဆွဲခဲ့တာရှိတယ်လို့ BTZM GBK-PDF (ပဲခူးရိုးမ) တပ်ဖွဲ့ထံကနေ သိရပါတယ်။
ရာအိမ်မှူး မြင့်တင်ဟာ ကျေးရွာအုပ်စုအတွင်းက လူငယ်တွေကို တပ်သားသစ်အဖြစ်စုဆောင်းတာ၊ ခြိမ်းခြောက်ငွေတောင်း တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဂရုမစိုက်ဘဲ ကြိုက်တဲ့အချိန်လာခဲ့လို့ စိန်ခေါ်ထားပြီး စစ်ကောင်စီအလိုကျ စိတ်ပါလက်ပါ လုပ်ကိုင်နေတဲ့အတွက် ရှင်းလင်းခဲ့ရတာလို့ Dragon Brothers GBK-PDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။
========================
🚩🚩 ၅။ မြင်းခြံမြို့နယ်မှာ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အရာရှိအပါအဝင် ၂ ဦး ထက်မနည်းသေဆုံး
ဩဂုတ်လ ၂၅ ရက်
မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းတွေကို ၃ ကြိမ် တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်ကြီးအပါအဝင် စစ်သား ၂ ဦးထက်မနည်းသေဆုံးသွားတယ်လို့ မြင်းခြံခရိုင် အမှတ် ၂ တပ်ရင်း MGN Tiger PDF တပ်ဖွဲ့က ပြောပါတယ်။
ဩဂုတ်လ ၁၆ ရက်နေ့က မြင်းခြံ -နွားထိုးကြီးကားလမ်းအတိုင်း စစ်ကြောင်းထိုးလာပြီး မြင်းခြံမြို့နယ် ရွာကြီးကျေးရွာ ဘုရားဝင်းအတွင်း တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ရာကနေ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ ၂ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်သား တဦးသေဆုံးသွားတာကို မျက်မြင်တွေ့ရှိခဲ့ပြီး ကျန်စစ်သားတွေ ဆုတ်ခွာထွက်ပြေးသွား တယ်လို့ သိရပါတယ်။
ဆုတ်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေထဲမှာလည်း ထိခိုက်သေဆုံးသူများရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ မြင်းခြံမြို့ပေါ်မှာရှိတဲ့ ခမရ-၁၅ တပ်ရင်းက ဟောင်ဝှစ်ဇာလက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိပေ မယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘဲ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ပြီး ပြန်လည်ဆုတ်ခွာခဲ့ တယ်လို့ မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ MGN Tiger PDF တာဝန်ခံက အသိပေးထားပါတယ်။
ဩဂုတ်လ ၁၄ ရက် မနက် ၁၀ နာရီခန့်မှာလည်း မြင်းခြံမြို့နယ် သစ်ပင်ရှည်ကျေးရွာဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုတွေ ၄၅ မိနစ်ခန့်ကြာခဲ့ပြီး အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်သေဆုံးမှုတွေရှိတာကြောင့် ခမရ ၁၅ တပ်ရင်းအတွင်းကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
အဲဒီနောက် မွန်းလွဲ ၃ နာရီခန့်အချိန်မှာ မြင်းခြံမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေပေါင်းပြီး ပျော်ဘွယ်စံပြကျေးရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲကြာချိန် ၁ နာရီခန့်ရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်က ၃ ပွင့်အဆင့်ရှိတဲ့ အရာရှိတဦးအပါအဝင် အများအပြားသေဆုံးသွားတယ်လို့ အသိပေးထားပါတယ်။
ဒီတိုက်ပွဲမှာလည်း မြင်းခြံမြို့မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ကူပေး တိုက်ခိုက် ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကို မြင်းခြံခရိုင်အမှတ် ၂ တပ်ရင်း -MGN Tiger PDF ၊ မြင်းခြံခရိုင်အမှတ် ၁ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း၊ LACR Myingyan ၊ MP9 Brothers PDF နဲ့ Hero Myingyan တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်အုပ်စုရဲ့တိုက်ခိုက်မှုကြောင့် တပတ်အတွင်း အရပ်သား ၈ ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရ
ဩဂုတ်လ ၂၅ ရက်
တောင်ပိုင်းစစ်ဒေသနယ်မြေမှာ စစ်ကောင်စီနဲ့ ၎င်းတို့လက်ဝေခံအဖွဲ့တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ပြီးခဲ့တဲ့ ၇ ရက် တာကာလအတွင်း အရပ်သားပြည်သူ ၈ ဦး ထိခိုက်သေဆုံးခဲ့ရပြီး ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဩဂုတ် ၂၅ မှာ ထုတ်ပြန်ပါတယ်။
အရပ်သားတွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ ဖြစ်ပွားရာ နေရာဒေသ နေ့ရက် စတာတွေကို ဖော်ပြထားတာမရှိပေမယ့် ပဲခူးတိုင်း ပေါင်းတည်မြို့နယ် စမ်းမအိုင်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ အခြေအနေကိုတော့ အသိပေးထား ပါတယ်။
ပေါင်းတည်မြို့နယ် စမ်းမအိုင်ရွာကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ် ၂၁ လုံး မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်။
အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့ ဖြစ်စဉ်အများစုမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒရုန်းဗုံးသီးကြဲချခြင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခြင်းတွေလည်း ပါဝင်တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ အထွေထွေကုန်စျေးနှုန်းကြီးမြင့်မှု၊ ပြည်တွင်းအလုပ်အကိုင်ရှားပါးမှုတွေနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေရမှုတွေအပါအဝင် အကျပ်အတည်းမျိုးစုံရင်ဆိုင်နေရတဲ့ ပြည်သူမြောက်များစွာတို့ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေညွှန်ကြားချက်တွေကြောင့် လွပ်လပ်စွာနေထိုင်သွားလာခွင့်တွေပါ ယခင်ထက် ပိုမိုဆုံးရှုံးနေရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment