၂၀၂၄ စက်တင်ဘာလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၂။ လားရှိုးမြို့တွင်ရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများကို အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
📌 ၃။ မှော်ဘီအမျိုးသမီး ဗိုလ်သင်တန်းကျောင်းမှာ အသက်စွန့်တိုက်ကြဖို့နဲ့ သစ္စာရှိဖို့ စစ်ခေါင်းဆောင် ပြောကြား
📌 ၄။ ဒုတိယအကြိမ် သစ်ခိုးထုတ်နေသူများအား ထပ်မံသတိပေးကာ ပြန်လွှတ်ပေး
📌 ၅။ တရုတ်က နယ်စပ်ဂိတ်များမှ ဆေးဝါးတင်သွင်းခွင့်ပိတ်ထား
📌 ၆။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် မြေပြင်သပိတ်တိုက်ပွဲ ပြုလုပ်
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်သူ "ဝ" အမျိုးသားများ၊ စစ်မှုထမ်းရန် ရှောင်ပြေးနေသူများ အချိန်မှီစာရင်း လာရောက်ပေးသွင်းကြရန် တောင်ပိုင်းစစ်ဒေသ ၁၇၁ ထုတ်ပြန်
🚩 ၂။ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာ စစ်စခန်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
🚩 ၃။ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားတာကြောင့် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်
🚩 ၄။ မူးမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄) ဦးထိခိုက်ပြီး နေအိမ် (၃) လုံးပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
စက်တင်ဘာလ ၁ရက်။
RadioNUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို စက်တင်ဘာလ ၁ ရက်နေ့ မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို (၁၂:၃၀)နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၂။ လားရှိုးမြို့တွင်ရှိ ဆင်းရဲနွမ်းပါးသော ပြည်သူများကို အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့
စက်တင်ဘာလ ၁ရက်။
RadioNUG
လားရှိုးမြို့ရှိ သက်ဆိုင်ရာ ရပ်ကွက်တာဝန်ခံ အသီးသီးမှ သက်ဆိုင်ရာ ရပ်ကွက်များတွင် တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်၍ အလွန်ဆင်းရဲနွမ်းပါးသော မိသားစုအချို့ထံ အကူအညီများ အရေးပေါ် လိုအပ်နေကြောင်း တွေ့ရှိခဲ့တာကြောင့် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီသည် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဩဂုတ်လ ၃၁ ရက်နေ့တွင် ရပ်ကွက် ၄၊ ၅၊ ၆ သို့ အစားအသောက်နှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများကို ရပ်ကွက်သုံးခုရှိ အလွန်ဆင်းရဲသော မိသားစုများသို့ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။
ထိုနေ့တွင် ရပ်ကွက် သုံးခုရှိ မိသားစု ၁၄၂ စုအား ဆန်နှင့် ဆီများ ဝေငှခဲ့ပြီး ရပ်ကွက် ၅ ဘုန်းကြီးကျောင်းရှိ သံဃာတော် ၄၅ ပါးအား ဆွမ်းဆန်တော် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် အလွန်ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများကို စိစစ်နေဆဲဖြစ်ပြီး အခြေခံ စားဝတ်နေရေး အာမခံချက် အမှန်တကယ် လိုအပ်နေသူများထံသို့ ရိက္ခာနှင့် ပစ္စည်းများ ဆက်လက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ မှော်ဘီအမျိုးသမီး ဗိုလ်သင်တန်းကျောင်းမှာ အသက်စွန့်တိုက်ကြဖို့နဲ့ သစ္စာရှိဖို့ စစ်ခေါင်းဆောင် ပြောကြား
စက်တင်ဘာလ ၁ရက်။
RadioNUG
ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်း၊ မှော်ဘီအမျိုးသမီး ဗိုလ်သင်တန်းကျောင်းမှာ အမျိုးသမီးဗိုလ်လောင်း၊ သင်တန်းသားနဲ့ နည်းပြအရာရှိတွေနဲ့ မှော်ဘီလေတပ်က တပ်ဖွဲ့ဝင်တွေကို တွေ့ဆုံအမှာစကားပြောကြားရာမှာ ပြောဆိုခဲ့ပါတယ်။
“တပ်မတော်သို့ ဝင်ရောက်လာကြသူများဟာ တပ်မတော်သားများရဲ့ သစ္စာ ၄ ချက်မှာ အမြင့်ဆုံးသစ္စာဆိုချက်ဖြစ်တဲ့ ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ င့ါတပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတဲ့ သစ္စာဆိုချက်အတိုင်း စောင့်ထိန်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ အဲ့ဒီလို နိုင်ငံတော်အပေါ် သစ္စာဆိုထားတဲ့ တပ်မတော်သားတဦးချင်းစီအနေဖြင့် မိမိကိုယ်ကို ၊ မိမိအဖွဲ့အစည်းနှင့် နိုင်ငံတော်အပေါ် သစ္စာရှိရမှာဖြစ်ပြီး ခံယူချက်ကောင်းရမှာ ဖြစ်ကြောင်း” စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။
========================
📌📌 ၄။ ဒုတိယအကြိမ် သစ်ခိုးထုတ်နေသူများအား ထပ်မံသတိပေးကာ ပြန်လွှတ်ပေး
စက်တင်ဘာလ ၁ရက်။
RadioNUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ စစ်ဆင်ရေးနယ်မြေအတွင်း နယ်မြေရှင်းလင်းရေးအတွက် ကင်းလှည့်နေစဥ် ၃၀.၈.၂၀၂၄ရက် နံနက် ၉နာရီခန့်တွင် ဂမုန်းကြိုးဝိုင်းအတွင်း ကျွန်းနုပင်များ ခုတ်ယူသယ်ဆောင်နေကြသည့် သစ်ခိုးထုတ်နေသူများကို တွေ့ရှိသဖြင့် ကျွန်းနုပင် (၆.၈)တန်အား သိမ်းဆည်း၍ ထပ်မံခုတ်ယူခြင်း မပြုလုပ်ကြရန် သတိပေးကာ ပြန်လည်လွတ်ပေးလိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ သတင်းထုတ်ပြန်ပါတယ်။
ယခု ပြန်လည်လွတ်ပေးလိုက်သူများသည် ၁၅.၈.၂၀၂၄ ရက်နေ့ကလည်း ဂမုန်းကြိုးဝိုင်း၊ အကွက် အမှတ် (၅၆)နှင့် (၅၇)မှ ကျွန်းနုပင် ၁၅ကုဗအား ခုတ်ယူခဲ့ကြ၍ သတိပေးကာ ပြန်လည်လွတ်ပေးခဲ့ကြသူများဖြစ်ပြီး သတိပေးချက်အား လိုက်နာခြင်း မရှိကြသူများဖြစ်တယ်လို့ သိရပါတယ်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုသည် အကြမ်းဖက်စစ်ကောင်စီကို တိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကိုလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိနေသည့်အတွက် အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များကို ခိုးထုတ်မှု လုံးဝ(လုံးဝ) မပြုလုပ်ကြရန်နှင့် ကျွန်းနုပင်များကို ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ တရုတ်က နယ်စပ်ဂိတ်များမှ ဆေးဝါးတင်သွင်းခွင့်ပိတ်ထား
စက်တင်ဘာလ ၁ရက်။
RadioNUG
တရုတ်နိုင်ငံက နယ်စပ်ဂိတ်ပေါက်များကို ပိတ်ထားပြီး ဆေးဝါးများ ဝယ်ယူတင်သွင်းမှုကိုပါ ခွင့်မပြုတော့သဖြင့် တရုတ်မှတင်သွင်း၍ အဓိက အသုံးပြုနေရသော ဆေးဝါးများပါ ပြတ်လပ်လာပြီး ပြည်သူများ အခက်တွေ့နေကြောင်း သိရပါတယ်။
မူဆယ် ၁၀၅ မိုင်ရှိ ကျင်စန်းကျော့ဂိတ်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ မုံးကိုး၊ ကြူကုတ်(ပန်ဆိုင်း)နယ်စပ်ဂိတ် ၊TNLA က နမ့်ခမ်းမြို့တွင် အသစ်ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေးဂိတ်တို့ကို ဇူလိုင် ၉ ရက်တွင် တရုတ်နိုင်ငံဘက်က ပိတ်ခဲ့သော်လည်း စစ်ကောင်စီ ထိန်းချုပ်သည့် တစ်ခုတည်းသော မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များကို တရုတ်က ဖွင့်ပေးထားပါတယ်။
နယ်စပ်ဂိတ်များ ပိတ်ထားသဖြင့် ကုန်စည်များ လည်းတင်ပို့တင်သွင်း၍ မရတော့ဘဲ ကျန်ကုန်စည်များထက် ဆေးဝါးများမှာ စစ်ကောင်စီက ပိတ်ဆို့ထား၍ တရုတ်မှ အဓိက တင်သွင်းအသုံးပြုနေရခြင်း ဖြစ်ပြီး တရုတ်ကပါ ဝယ်ယူတင်သွင်းမရတော့သဖြင့် ပြည်သူများအတွက် အခက်အခဲများစွာကြုံကြောင်း သိရပါတယ်။
========================
📌📌 ၆။ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် မြေပြင်သပိတ်တိုက်ပွဲ ပြုလုပ်
စက်တင်ဘာလ ၁ရက်။
RadioNUG
စက်တင်ဘာလ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့တွင် Free Burma Action Committee-Northern California မှ ဦးဆောင်၍ “အာဏာရှင်ထွက်ပေါက် အတုအယောင် ရွေးကောက်ပွဲကို ပြည်သူ့အားနဲ့ ဆန့်ကျင်ကြ၊ ပြည်သူ့အားနဲ့ တိုက်ဖျက်ကြ” ဆိုသည့်ခေါင်းစဉ်ဖြင့် ၁၃၈ ကြိမ်မြောက် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုများ၊ ထောက်ပို့ပြည်သူများက တညီတညွတ်တည်း ဆန္ဒထုတ်ဖေါ်ခဲ့ကြကြောင်း သိရပါတယ်။
မြေပြင်သပိတ်တိုက်ပွဲတွင် အတုအယောင်ရွေးကောက်ပွဲကို ပုံစံမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရန် ပိုမိုဆိုးရွားလာနေသော အထွေထွေအကျပ်အတည်းများကို လူထုအားနှင့် အုံကြွဖောက်ထွက်ရန်၊ ရွှေလီမြို့နိုင်ငံတော် လုံခြုံရေးကော်မတီက မြန်မာတအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံသို့ ပေးပို့သော ခြိမ်းခြောက်စာနှင့် ပတ်သက်၍ နွေဦးတော်လှန်ရေး အင်အားစုများမှ တရုတ်ကွန်မြူနစ်အစိုးရ၏ အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံအပေါ် မိုက်ရိုင်းစော်ကားသော လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြပြီး ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ဆက်လက်တည်မြဲရေးအတွက် မြေပြင်သပိတ်တွင် တိုက်တွန်း နှိုးဆော်သွားကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်သူ "ဝ" အမျိုးသားများ၊ စစ်မှုထမ်းရန် ရှောင်ပြေးနေသူများ အချိန်မှီစာရင်း လာရောက်ပေးသွင်းကြရန် တောင်ပိုင်းစစ်ဒေသ ၁၇၁ ထုတ်ပြန်
စက်တင်ဘာလ ၁ရက်။
RadioNUG
"ဝ" ပြည်နယ်တောင်ပိုင်း ဒေသအတွင်း နေထိုင်ပြီး ပြည်ပနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြတဲ့ "ဝ" အမျိုးသားများ၊ တရားမဝင်အလုပ်သမားများ၊ စစ်မှုထမ်းရန် ရှောင်ပြေးနေသူများ အနေနဲ့ မိမိနေရပ်ဆီကို အမြန်ဆုံးပြန်လာပြီး စာရင်ပေးသွင်းကာ စစ်မှုထမ်းကြရန် "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA၊ တောင်ပိုင်း စစ်ဒေသ (၁၇၁) မှ သြဂုတ်၊ ၃၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။
ပြည်ပနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်သူ တောင်ပိုင်းမှ "ဝ" အမျိုးသားတွေ အနေနဲ့ ၂၀၂၄၊ သြဂုတ်လ ၃၁ ရက်နေ့မှ စတင်ပြီး စက်တင်ဘာ ၇ ရက်နေ့ကို နောက်ဆုံးထားပြီး သက်ဆိုင်ရာလုံခြုံရေး ဌာနတွေမှာ စာရင်းပေးသွင်းကြဖို့နဲ့ သတ်မှတ်ချိန်ကျော်လွန်ပြီး ပျက်ကွက်ပါက ဖမ်းဆီးအရေးယူသွားမှာ ဖြစ်ကြောင်း ပါဝင်ပါတယ်။
"ဝ" ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းထဲ စစ်မှုထမ်းရန် တပ်သားအင်အား ၄ ထောင်စီ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
"ဝ" ပြည်နယ်ဟာ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ဥပဒေကို အရင်ကတည်းက ကျင့်သုံးလာပြီး စစ်မှုထမ်းကာလကို အမျိုးသမီး ၅ နှစ်၊ အမျိုးသား ၉ နှစ်စီ သတ်မှတ်ထားပါတယ်။
"ဝ" ပြည်တောင်ပိုင်းမှာ မိုင်းကန်၊ နာယောင်း၊ ဝမ်းဟုန်၊ မိုင်ယွန်း၊ ဟွေအော၊ မိုင်ကျွတ်၊ ခိုင်လုံအစရှိတဲ့ ဒေသတွေ ပါဝင်တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာ စစ်စခန်းကို PDF ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်
စက်တင်ဘာလ ၁ရက်။
RadioNUG
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကုန်းမြင့်သာယာရှေ့တန်း စစ်စခန်းကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ PDF တပ်ရင်း (၃၇၀၂)၊ စစ်ဒေသခွဲ ဒရုန်းအထူးတပ်ဖွဲ့ (၁၈၀၅)၊ PDF Spring Warrior စစ်ကြောင်းနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၉) ပူးပေါင်း တပ်ဖွဲ့တို့က ဩဂုတ်လ၊ (၃၁)ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ကုန်းမြင့်သာယာ စစ်စခန်းကို ပူးပေါင်းတပ်ဖွဲ့များက နံနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ် (၁၁) နာရီတွင် စခန်းတစ်ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲ အတွင်း ရန်သူ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်၊ ခဲယမ်းများ၊ ဆန်အိတ် (၄၀၀)ကျော်နှင့် ရိက္ခာအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကာ အကြမ်းဖက် စစ်တပ်မှ အရာရှိ (၁)ဦး အပါအဝင် တပ်သား (၅)ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဘောကထာ စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အဆိုပါ စခန်းမှ ရန်သူ့တပ်ဖွဲ့ဝင်များ ဆုတ်ခွာပြီး ကုန်းမြင့်သာယာရွာ စစ်စခန်းတွင် ရှေ့တန်းစခန်းပြုလုပ်တပ်စွဲထားချိန်တွင် ပူးပေါင်းတပ်ဖွဲ့များက ထပ်မံသိမ်းပိုက်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားတာကြောင့် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချပို့ဆောင်
စက်တင်ဘာလ ၁ရက်။
RadioNUG
မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ပျူစောထီးရွာများကို PDF တပ်ဖွဲ့များက ပိတ်ဆို့ထားပြီး ရိက္ခာ လမ်းကြောင်းများ အားလုံး ဖြတ်တောက်ထား၍ အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ရိက္ခာထုပ်များ ဆက်တိုက် ကျဲချ ပို့ဆောင်နေကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က Y-8 လေယာဉ်ဖြင့် မွန်းလွဲ ၃ နာရီ ၄ နာရီထိ ရိက္ခာထုပ်များ ၁၁ ကြိမ် လာရောက်ကျဲချ ပို့ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက ရိက္ခာလာကောက်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး ရိက္ခာထုပ်များ သိမ်းဆည်းနိုင်ခဲ့ခြင်း မရှိကြောင်း ဖော်ပြထားပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ကလည်း သရက်ကွ ပျူစောထီးရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ရိက္ခာထုပ်များ ကျဲချ ပို့ဆောင်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက သိမ်းဆည်းနိုင်ခဲ့ပါတယ်။
========================
🚩🚩 ၄။ မူးမြို့နယ်အတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ (၄) ဦးထိခိုက်ပြီး နေအိမ် (၃) လုံးပျက်စီး
စက်တင်ဘာလ ၁ရက်။
RadioNUG
မူးမြို့နယ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များမှ ပြည်သူလူထုများအား ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၄) ဦးထိခိုက်ပြီး နေအိမ် (၃)လုံးပျက်စီးခဲ့ကြာင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ်လ (၂၃)ရက် ည (၈)နာရီအချိန်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် နတ်သံကွင်းမြို့အတွင်းမှနေ၍ လက်နက်ကြီးများကို ပစ်ခတ်ခဲ့ရာ ကျီးပင်ပေါက် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်း နေထိုင်သော ကိုဆန်းဦး (၆၀) နှစ်နှင့် ဒေါ်ရွှေအိ (၆၂)နှစ်တို့ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ သိရပါတယ်။
ဩဂုတ်လ (၂၄) ရက်နေ့ ညနေ (၃း၄၀) မိနစ်အချိန်ခန့်တွင် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျော်လှရွာ ပါက်ဇလုတ်ရွာနှင့် စိုက်ကုန်းကျေးရွာများအတွင်းသို့ လေယာဉ်ဖြင့် လေးကြိမ်တိုင်တိုင် လာရောက်ပစ်ခတ်ခဲ့သောကြောင့် ပါက်ဇလုပ်ရွာရှိ ဦးသိန်းလွင်၊ ဦးသိုက်စိုးထိုက်နှင့် ဦးကောင်းကြီးတို့၏ နေအိမ် (၃)လုံးထိခိုက်ပျက်စီးခဲ့ရပြီး ကျော်လှရွာသား ကိုဝင်းဌေး (၅၀) နှစ်မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဩဂုတ်လ (၂၆) ရက်နေ့တွင်လည်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဥသျှစ်ခင်ကျေးရွာသူ မကေသွယ်စိုး (၃၄) နှစ် မှာထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဩဂုတ်လ (၂၉)ရက်နေ့ နေ့လည် (၁၂) နာရီအချိန် နတ်သံကွင်းမြို့မှ ၁၂၀မမ လက်နက်ကြီး (၅) လုံးကို ပစ်ခတ်ခဲ့ရာ ရင်းတိုက်ကုန်းကျေးရွာအနီးတွင် ကျရောက်ခဲ့သလို ဩဂုတ်လ (၃၀) ရက်နေ့ နေ့လယ် (၁၁း၃၀) မိနစ်အချိန်တွင် နတ်သာကွင်းမြို့မှ ၁၂၀ မမ လက်နက်ကြီး (၂)လုံး ကိုပစ်ခတ်ခဲ့ရာ ငနွားဆိပ်ကျေးရွာအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ ကြောင်း ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment