၂၀၂၄ စက်တင်ဘာလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးနေတာတွေ ရပ်ပြီး NUG၊ NUCC နဲ့ EROs တွေကို အသိအမှတ်ပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု တောင်းဆို
📌 ၂။ စစ်ဖြစ်တဲ့နေရာမဟုတ်ပဲ အရပ်သားများကိုပစ်မှတ်ထား ဗုံးကြဲနေတာဟာ စစ်ရာဇဝတ်မှု ဆိုတာထက် ရုပ်ညံ့မှုသာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော
📌 ၃။ အာဏာရှင်စစ်တပ်သက်ဆိုးရှည်ဖို့မည်သည့်ကိစ္စမျိုးကိုမဆိုအားလုံးဝိုင်းဝန်းပြီးရပ်တန့်ကြဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား
📌 ၄။ ပို့ကုန်ရငွေရှိမှသာ စက်သုံးဆီနဲ့စားအုန်းဆီ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီကန့်သတ်
📌 ၅။ The End of Dictatorship မှနွေဦးတော်လှန်ရေးကို ဒေါ်လာသန်း ၁၂၀ ကျော် ထောက်ပံနိုင်ခဲ့
📌 ၆။ မင်းတုန်းမြို့နယ် ပကဖ ရဲဘော်၊ ရဲမေတွေက ဒေသခံပြည်သူတွေရဲ့ နှမ်းခင်းကိုရိတ်သိမ်းပေးခဲ့
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ငြင်းဆန်နေတဲ့ ပန်ဝါပြည်သူ့စစ်စခန်းတခုကို KIA တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ အရင်စစ်အစိုးရလက်ထက်က ကြံ့ခိုင်ရေးပါတီအမည်နဲ့သိမ်းထားတဲ့ ပြည်သူပိုင်လယ်ယာမြေတွေကို အကွက်ချပြီး ကိုးကန့် MNDAA က ပြန်လည်ပေးအပ်
🚩 ၃။ တိုက်ပွဲမရှိဘဲ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ညအချိန် လေကြောင်းကနေဗုံးကြဲတဲ့အတွက် အရပ်သား ၁၁ ဦး သေဆုံး
🚩 ၄။ မိုးဗြဲနယ်က ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ် ၆ ဦး အပါအဝင် ၈ ဦးသေဆုံး
🚩 ၅။ မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
🚩 ၆။ ကျားသစ်နက်စစ်ကြောင်းရဲ့ The Life - Armor Project မှာ မဲလက်မှတ်များ ရောင်းချမှု ၃၀ ရာခိုင်နှုန်းသာ ရရှိသေး၍ဝိုင်းဝန်းပေးကြရန်တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တရုတ်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးနေတာတွေ ရပ်ပြီး NUG၊ NUCC နဲ့ EROs တွေကို အသိအမှတ်ပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခု တောင်းဆို
စက်တင်ဘာ၆ရက်
အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးနေတွေ ရပ်တန်းကရပ်ပြီး NUG ၊ NUCC နဲ့ EROs တွေကို အသိအမှတ်ပြုဖို့ မြန်မာအရပ်ဘက်အဖွဲ့ ၂၇၆ ခုက တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်တွင်းကအကျပ်အတည်းကို အလျှင်အမြန်ဖြေရှင်းနိုင်ဖို့ဆိုရင် တရုတ်နိုင်ငံအနေနဲ့ တော်လှန်ရေးအင်အားစုများနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ထိခိုက်နစ်နာအောင်လုပ်ဆောင်နေတာတွေ မဖြစ်မနေရပ်တန့်ရမယ်လို့ အသိပေးထားပါ တယ်။
လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ EROs တွေဟာ မြန်မာပြည်တော်လှန်ရေးရဲ့ ရှေ့တန်းစစ်မျက်နှာမှာရှိပြီး ၎င်းတို့ ပိုင်နက်နယ်မြေများအတွက် တာဝန်ခံရတဲ့ စစ်မှန်တဲ့ အာဏာပိုင်တွေဖြစ်ကြတဲ့အပြင် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုအတွက် အရေးပါတဲ့ ပါဝင်ပတ်သက်သူတွေလို့ အရပ်ဘက်အဖွဲ့များက ပြောထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ EROs တွေအပေါ် ခြိမ်းခြောက်တာတွေအားလုံး ချက်ချင်းရပ်တန့်ရမှာဖြစ်ပြီး မြန်မာပြည် အကျပ်အတည်းရဲ့ မူလအကြောင်းရင်းခံဖြစ်တဲ့ ဥပဒေနဲ့မညီတဲ့ တရားမဝင် ရာဇဝတ်အဖွဲ့အစည်း စစ်အုပ်စုနဲ့ အပစ်အခတ် ရပ်စဲရေးနဲ့ အလျော့ပေးရေးသဘောတူညီချက်ကို လက်မှတ်ထိုးဖို့ EROs တွေအပေါ် ဖိအားပေးနေတာတွေကိုလည်း ချက်ချင်း ရပ်တန့်ရမယ်လို့ ဆိုပါတယ်။
ဖက်စစ် စစ်အုပ်စုဟာ ရက်စက်ကြမ်းကြုတ်မှုကြီးတွေကို အတောမသတ်နိုင်အောင် ကျူးလွန်နေပြီး ဒေသတွင်း မတည်ငြိမ်မှုနဲ့ မလုံခြုံမှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တာကြောင့် စစ်အုပ်စုကိုဖယ်ရှားပြီး ၎င်းတို့ကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေအတွက် အရေးယူနိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့လည်း ထပ်မံ အသိပေးထားပါတယ်။
စစ်အုပ်စုနဲ့၎င်းတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲအပေါ် တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှုဟာ မြန်မာပြည်သူတို့ရဲ့ သဘောဆန္ဒကို ထိခိုက်ပျက်ပြားစေပြီး ပြည်သူတွေခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို နက်ရှိုင်းစေတဲ့အပြင် အကျပ်အတည်းကိုလည်း တာရှည်သွားစေမှာဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့တွေက ထောက်ပြထားပါတယ်။
ဒါကြောင့် တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုကို တရားဝင်မှုပေးနေတာတွေနဲ့ နိုင်ငံရေးအရ ထောက်ခံပံ့ပိုးနေတာတွေကို ချက်ချင်းရပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကို တရားဝင်အစိုးရအဖြစ်လည်းကောင်း၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC ကို အမြင့်ဆုံးအတိုင်ပင်ခံအဖွဲ့အစည်းအဖြစ်လည်းကောင်း၊ ဖက်ဒရယ်ကောင်စီများနဲ့ EROs များကို အရေးပါတဲ့ ပါဝင်ပတ်သက်သူများအဖြစ်လည်းကောင်း အသိအမှတ်ပြုရမယ်လို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအကျပ်အတည်း ကိုဖြေရှင်းနိုင်ဖို့ ကုလသမဂ္ဂရဲ့ အရေးယူဆောင်ရွက်ချက်တွေကို ပိတ်ပင်တားဆီးတာတွေမလုပ်ဖို့လည်း အရပ်ဘက်အဖွဲ့ တွေက တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ စစ်ဖြစ်တဲ့နေရာမဟုတ်ပဲ အရပ်သားများကိုပစ်မှတ်ထား ဗုံးကြဲနေတာဟာ စစ်ရာဇဝတ်မှု ဆိုတာထက် ရုပ်ညံ့မှုသာဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ပြော
စက်တင်ဘာ၆ရက်
ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကစက်တင်ဘာ၆ရက်မှာဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုမှတ်ချက်ပြုပြောဆိုထားပါတယ်။
"ဒီ အပြစ်မဲ့ခလေး လေး မနေ့ည စကစ လေယဉ်ဗုံးကြောင့်ဆုံးသွားတယ်။ စစ်ဖြစ်တဲ့နေရာမဟုတ်ပဲ အရပ်သားပစ်မှတ်ထား ဗုံးကြဲနေတာဟာ စစ်ရာဇဝတ်မှု ဆိုတာထက် ရုပ်ညံ့မှု ဆိုရင်ပိုမှန်ပါလိမ့်မယ်။ဒီမိသားစုဟာ ခင်များတို့ရန်သူ့နယ်မြေလို့သတ်မှတ်ထားတဲ့နေရာ တကူးတက ရွေးချယ်ပြီးသွားနေကြတာမဟုတ်ဘူး၊ ခင်များတို့ပဲ ပြည်သူ့မေတ္တာဆူးပြီး စစ်ရှူံးလို့ ထားခဲ့တဲ့နေရာပါ။သားတရားစီရင်ခန်းနဲ့ ချိန်ထိုးကြည့်ရင် စကစဟာ ပြည်သူအတွက် မိခင်ဟန်ဆောင်တဲ့ ဘီလူးမ ဆိုတာ ပိုထင်ရှားလာပါပြီ"လို့ဝန်ကြီးကပြောပါတယ်။
စက်တင်ဘာလ (၆)ရက်၊ နံနက်(၁း၃၅)မိနစ်အချိန်တွင် စစ်ကောင်စီတပ်က ဂျက်လေယာဥ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခမ်းမြို့ ညစျေး(ပါင်ပွဲ)အနီးရှိ ပြည်သူလူထုနေအိမ်များပေါ်နှင့် ကျားဖြူခမ်းမအနီးတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ထိုကဲသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် အမျိုးသား(၅) ဦးနှင့် အမျိုးသမီး(၄) စုစုပေါင်း(၁၁)ဦး သေဆုံးသွားခဲ့ပြီး ကလေးငယ် (၂)ဦး အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၅)ဦး စုစုပေါင်း (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
========================
📌📌 ၃။ အာဏာရှင်စစ်တပ်သက်ဆိုးရှည်ဖို့မည်သည့်ကိစ္စမျိုးကိုမဆိုအားလုံးဝိုင်းဝန်းပြီးရပ်တန့်ကြဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်းပြောကြား
စက်တင်ဘာ၆ရက်
စက်တင်ဘာလအတွင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုတိုက်တွန်းပြောဆိုထားပါတယ်။
"ကျနော်တို့ရဲ့သတင်းစကားကကျနော်တို့ပြည်သူတွေရဲ့အသက်ကိုကယ်တင်နိုင်ဖို့ ကူလသမဂ္ဂအပါအဝင်နိူင်ငံတကာအသိုင်းအဝန်းအနေနဲ့ချိတ်ဆက်မှုရှိရှိနဲ့ဆောင်ရွက်ပေးဖို့ပါ။အဲဒီလိုချိတ်ဆက်မှုရှိရှိနဲ့ဆောင်ရွက်ပေးတဲ့အခါမှာ ပြည်သူ့ဆန္ဒနဲ့အညီဖြစ်ဖို့လိုတယ်ဆိုတာကိုအမြဲတမ်းတောင်းဆိုနေတာရှိတယ်။ဒါကြောင့်
အာဏာရှင်စစ်တပ်သက်ဆိုးရှည်ဖိူ့မည်သည့်ကိစ္စမျိုးကိုမဆို ကျနော်တို့တွေအားလုံးဝိုင်းဝန်းပြီးရပ်တန့်ဖို့လိုတယ်။အားလုံးဝိုင်းဝန်းပြီးဆန့်ကျင်လုပ်ဖို့လိုတယ်"လို့ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ကလေကြောင်းကိုအထူးအသုံးပြုပြီးပြည်သူတွေကိုသတ်ဖြတ်နေမှုအတွက် ကုလသမဂ္ဂနှင့်နိူင်ငံတကာကိုလည်း စစ်တပ်အားအရေးယူပိတ်ဆို့ပေးဖိူ့ပိုမိုတောင်းဆိုနေတယ်လို့သံအမတ်ကြီးကပြောပါတယ်။
========================
📌📌 ၄။ ပို့ကုန်ရငွေရှိမှသာ စက်သုံးဆီနဲ့စားအုန်းဆီ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီကန့်သတ်
စက်တင်ဘာ၆ရက်
မြန်မာနိုင်ငံအတွင်းတင်သွင်းနေတဲ့ စက်သုံးဆီနဲ့စားအုန်းဆီလုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေ-Export Earning ရှိမှသာ တင်သွင်းခွင့်ပြုမယ်လို့ စစ်ကောင်စီက မူဝါဒပြောင်းလဲကန့်သတ်လိုက်ပါတယ်။
ဒီမူအရ ပို့ကုန်ရငွေ လုံလောက်စွာရရှိတဲ့ကာလအထိ လုပ်ငန်းရှင်တွေလိုအပ်နေတဲ့ နိုင်ငံခြားငွေ ဒေါ်လာတွေကို စစ်ကောင်စီ က အကန့်အသတ်နဲ့ရောင်းချပေးမှာလို့ နားလည်ရပါတယ်။
စက်တင်ဘာ ၂ ရက်မှာကျင်းပတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေး အမှတ် ၆၇ / ၂၀၂၄ မှာ အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
လတ်တလောမှာ ပို့ကုန်ရငွေတွေ လုံလောက်စွာမရရှိသေးတဲ့အချိန်ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ လုပ်ငန်းရှင်တွေ လိုအပ်နေတဲ့ နိုင်ငံခြားငွေ ဒေါ်လာများကို အကန့်အသတ်နဲ့သာ ဆက်လက်ရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
စက်သုံးဆီနဲ့ စားအုန်းဆီတင်သွင်းဖို့လိုအပ်နေတဲ့ နိုင်ငံခြားငွေတွေကို ကုန်သွယ်မှုကနေရရှိတဲ့ ဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်း၊ ဓာတ်သတ္တုနဲ့ သယံဇာတကုန်စည်းတွေကရရှိတဲ့ ဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်း၊ CMP လုပ်ငန်းတွေကရရှိတဲ့ ဝင်ငွေရဲ့ ၇၅ ရာခိုင်နှုန်းအနက်က Exempted ကုမ္ပဏီများ၊ MIC ကုမ္ပဏီတွေကို စိစစ်ချန်လှပ်ပြီး ကျန်ငွေတွေကို ရောင်းချပေးသွားမှာ လို့ ထုတ်ပြန်ထားပါတယ်။
အခုလို မူဝါဒပြောင်းလဲသတ်မှတ်လိုက်တဲ့အတွက် အနာဂတ်မှာ စက်သုံးဆီနဲ့ စားအုန်းဆီ အပါအဝင် ပြည်ပသွင်းကုန်တွေ ရှားပါးလာမှာဖြစ်ပြီး လက်ရှိမှာလည်း ဆေးဝါးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ အခက်အခဲ တွေနဲ့ ပိုမိုရင်ဆိုင်လာရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
လက်ရှိမှာ စစ်ကောင်စီက စက်သုံးဆီတွေကို အကန့်အသတ်နဲ့ရောင်းချနေပြီး စားအုန်းဆီကိုလည်း ဆီထုတ်ယူခွင့် စာအုပ် တွေနဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ The End of Dictatorship မှနွေဦးတော်လှန်ရေးကို ဒေါ်လာသန်း ၁၂၀ ကျော် ထောက်ပံနိုင်ခဲ့
စက်တင်ဘာ၆ရက်
စက်တင်ဘာလအတွင်း The End of Dictatorshipက အခုလိုအသိပေးဖော်ပြပါတယ်။
"The End of Dictatorship မှနွေဦးတော်လှန်ရေးကို ဒေါ်လာသန်း ၁၂၀ ကျော် ထောက်ပံနိုင်ခဲ့တာမို့ ကြီးမားတဲ့အထောက်အကူဖြစ်နေသလို၊ NUG ရဲ့စွမ်းဆောင်မှူကို စောင့်ကြည့်နေတဲ့ ကမ္ဘာနိုင်ငံများကို ပြည်သူထောက်ခံသောအစိုးရအဖြစ် သက်သေပြနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ဆက်လက်ရောင်းချဆဲ EOD project များကတော့-ရန်ကုန် ၆ မိုင်ခွဲက မင်းအောင်လှိုင်မတရားသိမ်းထားတဲ့ ဒုတိယအိမ်နဲ့ ခြံရဲ့ ရှယ်ယာ၊ရန်ကုန် (မင်္ဂလာဒုံ တောင်ဒဂုံ လှိုင်သာယာ)မှ တန်ဖိုးနည်း တိုက်ခန်းများ၊စစ်တပ်သိမ်းထားတဲ့ အင်းလျားကန်စပ်မှာ ဆောက်လုပ်မဲ့ နွေဦးအင်းလျားကွန်ဒိုအခန်းများ၊မန္တလေး နှင်းဆီလမ်း မဟာအောင်မြေမြို့နယ် မြေကွက်များ၊ မန္တလေးတောင်ခြေ မြေကွက်များ၊မန္တလေး ရေတံခွန်တောင် မြေကွက်များ၊မေမြို့စစ်အင်ဂျင်နီယာတက္ကသိုလ်အနီးမှ မြေကွက်များ၊ ရန်ကုန် တောင်ဒဂုံ မြေကွက်များဖြစ်ပါတယ်။
========================
📌📌 ၆။ မင်းတုန်းမြို့နယ် ပကဖ ရဲဘော်၊ ရဲမေတွေက ဒေသခံပြည်သူတွေရဲ့ နှမ်းခင်းကိုရိတ်သိမ်းပေးခဲ့
စက်တင်ဘာ၆ရက်
မင်းတုန်းမြို့နယ် ပကဖ ရဲဘော်၊ ရဲမေတွေက ဒေသခံပြည်သူတွေရဲ့ နှမ်းရိတ်သိမ်းခြင်းလုပ်ငန်းတွေကို စက်တင်ဘာလ (၅) ရက်နေ့မှာ တက်အားသရွေ့ ကူညီဆောင်ရွက်ပေးခဲ့တယ်လို့စက်တင်ဘာ၆ရက်မှာ ပကဖအသံက အခုလိုအသိပေးဖော်ပြပါတယ်။
ပြည်သူလူထုနဲ့အနီးကပ်ဆုံး ဆက်ဆံနေထိုင်ပြီး ပြည်သူ့ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေကြတဲ့ ပကဖတပ်ဖွဲ့ဝင်တွေရဲ့ မြေပြင်ပုံရိပ်တွေကို တွေ့မြင်ကြရတာဖြစ်ကြောင်းအသိပေးဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပြည်သူတွေနဲ့ ပူးပေါင်းဖို့ငြင်းဆန်နေတဲ့ ပန်ဝါပြည်သူ့စစ်စခန်းတခုကို KIA တိုက်ခိုက်သိမ်းပိုက်
စက်တင်ဘာ၆ရက်
ပြည်သူတွေနဲ့ပူးပေါင်းဖို့ ငြင်းဆန်နေတဲ့ ကချင်ပြည်နယ် ပန်ဝါဒေသက ပြည်သူ့စစ်စခန်းတခုကို KIA က တိုက်ခိုက်သိမ်းပိုက် လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကချင်ပြည်နယ် ပန်ဝါဒေသ လဂွေကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတခုကို ကချင် လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့ မနက်ပိုင်းမှာပဲ ပန်ဝါဒေသ လဂွေကျေးရွာအနီးမှာရှိတဲ့ ပြည်သူ့စစ်စခန်းကို KIA တပ်မဟာ ၇ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းကိုလည်း ရှင်းလင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆို ချက်ကိုကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ 7 Stars News က ဖော်ပြပါတယ်။
အဲဒီ ပန်ဝါဒေသက ပြည်သူ့စစ်တပ်ဖွဲ့တွေကို ပြည်သူတွေနဲ့ပူးပေါင်းဖို့ KIA ဘက်က ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် ငြင်းဆိုခဲ့ တာကြောင့် KIA အနေနဲ့ အခုလိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာ KIA တပ်မဟာ ၃ ဒေသဖြစ်တဲ့ မိုးမောက်မြို့အနီးက ၅ မိုင် ၆ မိုင်နဲ့ ၇ မိုင်နေရာတွေမှာ တိုက်ပွဲတွေပြင်းထန်နေပြီး KIA တပ်မဟာ-၉ ဒေသ ဖားကန့်မြို့အနီးက စစ်တပ်စခန်းတွေမှာ ပစ်ခတ်တိုက်ခိုက်တာတွေရှိနေတဲ့အပြင် KIA တပ်မဟာ ၇ ဒေသ ချီဖွေနဲ့ ပန်ဝါဒေသက စစ်ကောင်စီနဲ့ ပြည်သူ့စစ်စခန်းတွေကိုလည်း KIA က တိုက်ခိုက်သိမ်းပိုက်တာတွေရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ထို့အတူ တိုက်ပွဲဖြစ်နေရာတွေကို အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ် လာတဲ့အတွက် အရပ်သားပြည်သူတွေ ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ အရင်စစ်အစိုးရလက်ထက်က ကြံ့ခိုင်ရေးပါတီအမည်နဲ့သိမ်းထားတဲ့ ပြည်သူပိုင်လယ်ယာမြေတွေကို အကွက်ချပြီး ကိုးကန့် MNDAA က ပြန်လည်ပေးအပ်
စက်တင်ဘာ၆ရက်
အရင် စစ်အစိုးရလက်ထပ်ကတည်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနာမည်နဲ့ သိမ်းထားတဲ့ ပြည်သူပိုင် လယ် ယာ မြေတွေကို ကိုးကန့်တပ်- MNDAA က အကွက်တွေချပြီး စတင်ပေးအပ်နေတယ်လို့ ကွမ်းလုံမြို့ခံတွေက ပြောပါတယ်။
စစ်အစိုးရလက်ထပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအမည်နဲ့ သိမ်းထားတဲ့ လူထုပိုင် လယ် ယာ မြေတွေ ပြန်လည်ရရှိရေးအတွက် ကိုးကန့်တပ်- MNDAA က ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်က ကွမ်းလုံမြို့ကို သိမ်းပိုက်ပြီးနောက် အုပ်ချုပ်ရေးယန္တရားစတင် အကောင် အထည်ဖော်နေချိန်မှာ အခုလိုပြန်လည်ပေးအပ်နေတာလို့ သိရပါတယ်။
ထိန်းချုပ်နယ်မြေအတွင်းက လယ်ယာမြေတွေ သိမ်းဆည်းခံရသူတွေအနေနဲ့ ပိုင်ဆိုင်ကြောင်း သက်သေအထောက်အထား အပြင် ထောက်ခံပေးမယ့်သူနဲ့အတူ လယ်ယာမြေ ပြန်လည်လျှောက်ထားခွင့်ဖောင်တွေကို သက်ဆိုင်ရာမြို့အလိုက် လက်ခံနေတာလို့လည်း သိရပါတယ်။
၂၀၀၁-၂၀၀၂ ခုနှစ် စစ်အစိုးရလက်ထက်က စာသင်ကျောင်းဆောက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူထုပိုင်လယ်ယာမြေ တွေကို သိမ်းယူခဲ့တာဖြစ်ပြီး နှစ်အနည်းငယ်အကြာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ USDP ပါတီနာမည်နဲ့ ထပ်မံလွှဲပြောင်း ရယူခဲ့တာလို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။
ကွမ်းလုံမြို့ ဝန်ထမ်းရပ်ကွက်မှာ သိမ်းယူထားတဲ့ မြေကွက် ဧက ၁၀၀ ကျော်ရှိပြီး အိမ်ခြေ ၃၀ ကျော်ထံကနေ စာရင်းတွေ ရရှိထားတယ်လို့သိရပြီး ကွမ်းလုံမြို့မှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်း ပြတ်တောက်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူတွေအနေ နဲ့ ဆက်သွယ်ရေးအတွက် တရုတ်ဆင်းကဒ်ကိုသာ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
MNDAA အနေနဲ့ ထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးယန္တရားတွေ အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၃။ တိုက်ပွဲမရှိဘဲ နမ့်ခမ်းမြို့ကို စစ်ကောင်စီက ညအချိန် လေကြောင်းကနေဗုံးကြဲတဲ့အတွက် အရပ်သား ၁၁ ဦး သေဆုံး
စက်တင်ဘာ၆ရက်
တအာင်းတပ်မတော် TNLA သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ညသန်းခေါင်ကျော်အချိန်မှာ လေကြောင်းကနေ ဗုံးကြဲတဲ့အတွက် ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အပါအဝင် အရပ်သား ပြည်သူ ၁၁ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလဲရှိတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့- TWO နဲ့ တအောင်းတပ် TNLA က အသီးသီး ထုတ်ပြန်ပါတယ်။
ဒီမနက်အစောပိုင်း ၁ နာရီခွဲအချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နမ့်ခမ်းမြို့ကို လေယာဉ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက် ခဲ့တာနဲ့ပတ်သက်လို့ အခုလို ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီနေ့ စက်တင်ဘာလ ၆ ရက် မနက် ၁ နာရီ ၃၅ မိနစ်အချိန်မှာ စစ်ကောင်စီတပ်က ဂျက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နမ့်ခမ်းမြို့ ညစျေး (ပါင်ပွဲ) အနီးက ပြည်သူလူထုနေထိုင်ရာ အိမ်တွေပေါ်နဲ့ ကျားဖြူခမ်းမအနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ TNLA က အသိပေးပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကိုဦးတည်ပြီး လူအများအပြားသေကြေပျက်စီးစေနိုင်တဲ့ ဖျက်အားပြင်းလက်နက်ဖြစ် တဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့လည်း ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် အမျိုးသား ၅ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၁ ဦးသေဆုံး ကာ ကလေးငယ် ၂ ဦး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၅ ဦး စုစုပေါင်း ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အိမ် ၆ လုံး ထိခိုက် ပျက်စီးတယ်လို့ သိရပါတယ်။
သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးပါဝင်သလို မိသားစုလိုက် သေဆုံးမှုလည်းရှိတယ်လို့ TWO နဲ့ TNLA က အတည်ပြုပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စက်တင်ဘာလ ၃ ရက်နေ့မှာ မန်တုံမြို့ စက်တင်ဘာလ ၄ ရက်နေ့မှာ သီပေါမြို့တို့ကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းကတည်းက TNLA သိမ်းပိုက်ထားတဲ့ နမ့်ခမ်းမြို့ဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့မြို့တမြို့ဖြစ်ပြီး အခု ဗုံးကြဲတိုက်ခိုက်မှုဟာ PSLF/TNLA အုပ်ချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လာရောက်တိုက်ခိုက်ခဲ့တာလို့ တအာင်း တပ်မတော် သတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရ သိရပါတယ်။
စစ်ကောင်စီဟာ တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ နမ့်ခမ်းမြို့တို့က အရပ်သားတွေကို ပစ်မှတ်ထားပြီး လူအများအပြားသေစေနိုင်တဲ့ ပေါင် ၅၀၀ ဗုံးတွေနဲ့ နေ့စဥ်လိုလို ဗုံးကြဲ တိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာလို့ TNLA ဘက်ကထုတ်ပြန်ပါတယ်။
========================
🚩🚩 ၄။ မိုးဗြဲနယ်က ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကလေးငယ် ၆ ဦး အပါအဝင် ၈ ဦးသေဆုံး
စက်တင်ဘာလ၆ရက်
မိုးဗြဲမြို့အနောက်ဘက်ခြမ်းက လအိ စစ်ရှောင်စခန်းလို့ခေးတဲ့ ဘန်ကောက်စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးငယ်၆ ဦးအပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများစွာ ရှိတယ်လို့ Progressive Karenni People Force – PKPF က စက်တင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ စစ်ခေါင်းဆောင်မင်းအောင်လှိုင် လွိုင်ကော်မြို့ကိုရောက်ရှိချိန်မှာ တိုက်ခိုက်ခံရပြီးနောက်ရက် စက်တင်ဘာ ၅ ရက် နေ့မှာ အရပ်သားပြည်သူတွေရှိရာ နေရာတွေကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
လအိ စစ်ရှောင်စခန်းကို မနေ့ည ၁၀ နာရီဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဆရာမအပါအဝင် ကျောင်းသား ကျောင်းသူ ၈ ဦး သေဆုံးပြီး ကျောင်းသူ ကျောင်းသားများစွာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လအိကျေးရွာက ဘန်ကောက်စစ်ရှာင်စခန်း လေယာဉ်နဲ့ဗုံးကြဲခံရတာကြောင့် အသက် ၁၀ နှစ်ခန့်အရွယ် ယောက်ကျားလေး ၂ ဦးနဲ့ မိန်းကလေး ၂ဦး၊ အသက် ၁၃ နှစ်ဝန်းကျင်အရွယ် မိန်းကလေး ၃ဦးနဲ့ အသက် ၅၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ကလည်း အသိပေးထားပါတယ်။
တိုက်ပွဲမရှိတဲ့ဒေသတခုကို အခုလိုဗုံးကြဲတာက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်ကျူး လွန်တဲ့ရာဇဝတ်မှုဖြစ်တာကြောင့် ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်အောင် ကြိုးပမ်းသွားမယ်လို့ KnHRG က ဦးဆောင်သူ ဦးဗညားက ပြောပါတယ်။
စက်တင်ဘာ ၅ ရက်ညက အကြမ်းဖက်စစ်ကောင်စီ လေတပ်က အရပ်သားတွေနေထိုင်ရာ ဘန်ကောက် စစ်ဘေးရှောင် နေရာကို တိုက်လေယာဥ်နဲ့ ဗုံး၂လုံး ကြဲချတိုက်ခိုက် တလုံးဟာ စစ်ဘေးရှောင်စခန်းအစွန်နေရာမှာကျရောက်ပြီး ကျန်တ လုံးက စစ်ဘေးရှောင်မိသားစုတစုနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
သေဆုံးသူတွေထဲက ၆ ဦးဟာ ကျောင်းတက်နေဆဲ ကလေးသူငယ်တွေဖြစ်ပြီး အသက် ၄၀ ကျော်အမျိုးသမီးတဦး ပျောက်ဆုံးနေဆဲဖြစ်ကာ အိမ် အလုံး ၂ဝ ကျော် ပျက်စီးသွားတယ်လို့ PKPF ကလည်း အသိပေးထားပါတယ်။
ဘန်ကောက်စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်နေအိမ် ၁၆၇ လုံး၊ လူဦးရေ ၆၆၆ ဦး နေထိုင်သောနေရာဖြစ်သလို ကျောင်းသားဦးရေ ၆၉၈ ဦးရှိတဲ့ စစ်ဘေးရှောင်စခန်းတခုဖြစ်ပြီး ဒီတကြိမ်နဲ့ဆိုရင် ၇ ကြိမ်မြောက် ဗုံးကြဲခံရတာလို့ သိရပါတယ်။
အရင်အကြိမ်တွေတုန်းက စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးတာမရှိခဲ့ပေမယ့် အခုအကြိမ်ဟာ အဆိုးရွားဆုံးဖြစ်တယ်လို့ လည်း သိရပါတယ်။
စက်တင်ဘာ ၅ ရက် နံနက်ပိုင်းကလည်း လွိုင်ကော်မြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ကြားက နန်းမယ်ခုံမြို့ကို စစ်ကောင်စီက လေကြောင်းက ဗုံးလေးကြိမ်ကြဲခဲ့တဲ့အတွက် အရပ်သားအချို့ ထိခိုက်သေဆုံးမှုအခြေအနေကို ကရင်နီလူ့အခွင့်အရေး အဖွဲ့အစည်းတွေက စာရင်းကောက်ယူနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ တရားမဲ့ကျူးလွန်တိုက်ခိုက်တာတွေလုပ်ဆောင်နေတာကြောင့် ကရင်နီဒေသအတွင်းမှာရှိတဲ့ ပြည်သူ လူထုအနေနဲ့ လေကြောင်းရန်ကို သတိပြုနေထိုင်ကြဖို့ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီသူတွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ မြောက်ဥက္ကလာပမြို့နယ် စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်
စက်တင်ဘာ၆ရက်
ရန်ကုန်မြို့တော်မှာရှိတဲ့ မြောက်ဥက္ကလာပမြို့နယ်ထဲက စိန်ပန်းမြိုင်ယာဉ်ထိန်းရဲလိုင်းခန်းကို လက်ပစ်၂ဗုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။
မနေ့ စက်တင်ဘာ ၅ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်အချိန်မှာ စိန်ပန်းမြိုင် ယာဉ်ထိန်းရဲတန်းလျားကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးပျက်စီးမှု နောက်ဆက်တွဲအခြေအနေကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။
ပေါက်ကွဲသံကို မြို့ခံတွေကြားလိုက်ရပြီး မီးခိုတွေထွက်လာချိန်မှာ တန်းလျားမှာနေသူတွေရဲ့ အော်ဟစ်ဆဲဆိုသံတွေကို ကြားရတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြောက်ဥက္ကလာပ ပြည်သူကာကွယ်ရေး တပ်ဖွဲ့-၂ နဲ့ Yangon UG-YUPA တို့ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ မြောက်ဥက္ကလာပမြို့နယ်အပါအဝင် ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် မိဘပြည်သူများအနေနဲ့ အကြမ်းဖက်စစ်တပ် စခန်းများ၊ ဂိတ်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနေထိုင်ရာနေရာတွေကို ရှောင်ရှားသွားလာကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၆။ ကျားသစ်နက်စစ်ကြောင်းရဲ့ The Life - Armor Project မှာ မဲလက်မှတ်များ ရောင်းချမှု ၃၀ ရာခိုင်နှုန်းသာ ရရှိသေး၍ဝိုင်းဝန်းပေးကြရန်တိုက်တွန်း
စက်တင်ဘာ၆ရက်
ကျားသစ်နက်စစ်ကြောင်းရဲ့ The Life - Armor Project မှာ မဲလက်မှတ်များ ရောင်းချမှု ၃၀ ရာခိုင်နှုန်းသာ ရရှိသေး၍ဝိုင်းဝန်းပေးကြရန် စက်တင်ဘာ ၆ ရက် ကျားသစ်နက်စစ်ကြောင်းကအသိပေးဖော်ပြပါတယ်။
"ကျနော်တို့ ကျားသစ်နက်စစ်ကြောင်းရဲ့ The Life - Armor Project လေး မှာ မဲလက်မှတ်များ ရောင်းချခဲ့တာ အခုဆိုရင် ရက် ၂၀ သို့ ရောက်ရှိလာပါပြီ။ ရာခိုင်နှုန်း အားဖြင့် ၃၀ % သာ ရရှိပါသေးတယ်။ ကျန်ရှိနေသေးတဲ့ ၇၀% လေးကို ပါဝင်အားဖြည့်ကူညီအားဖြည့်ပေးကြပါအုံးလို့ မေတ္တာ ရပ်ခံအပ်ပါတယ်။ စစ်ရေးအခြေအနေအရ တိုက်ပွဲများလည်း ပြင်းထန်လျှက်ရှိပါတယ်"လို့ဆိုပါတယ်။
ရဲဘော်တွေ အထိအခိုက် အကျဆုံး မရှိရလေအောင် ကျည်ကာအင်္ကျီတွေ ၊ ကျည်ကာ ဦးထုပ်တွေ တပ်ဆင်ပေးနိုင်ဖို့က အဓိက အချက်အနေနဲ့ လိုအပ်တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment