အကြမ်းဖက်စစ်တပ်က မဖြေရှင်းပေးတဲ့ မျိုးစေ့အခက်အခဲ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းလာရ



အကြမ်းဖက်စစ်တပ်က မဖြေရှင်းပေးတဲ့ မျိုးစေ့အခက်အခဲ ကိုယ့်အားကိုယ်ကိုး ဖြေရှင်းလာရ
မကြေးမုံ (Radio NUG) စက်တင်ဘာ ၂၈၊ ၂၀၂၄

ရေဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့တဲ့တောင်သူတွေက စစ်ဘေးရှောင်စခန်းတွေက စားနပ်ရိက္ခာအခက်အခဲကို ကြိုတင်ပြင်ဆင်ဖို့၊ မျိုးစေ့ထုတ်လုပ်တဲ့ နည်းပညာသင်တန်းတွေနဲ့ အခမဲ့ မျိုးစေ့ဖြန့်ဝေတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့က သီးနှံစိုက်ပျိုးထုတ်လုပ်သူ အစုအဖွဲ့တစ်စုကတော့ အဲဒီလုပ်ငန်းတွေကို လုပ်ဆောင်နေပြီး ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“မျိုးစေ့က ကျွန်တော်တိုရဲ့အသက်သွေးကြောပဲ။ ကျွန်တော်တိုရဲ့အဝတ်အစားတွေ၊ အစားသောက်တွေ၊ နေထိုင်ဖို့အတွက် အဆောက်အအုံတွေမှာ မျိုးစေ့ကနေပြီးတော့ အများစုက စတယ်။ ဆိုတော့ မျိုးစေ့က ကျွန်တော်တို့အတွက် အင်မတန် အရေးကြီးတာ ဖြစ်တယ်။ ကျွန်တော်လည်း တောင်သူငယ်တစ်ယောက် ဖြစ်တဲ့အခါမှာ မျိုးစေ့ကို အဓိက ထားတယ်။ ဒါပေမဲ့ ဒီအချိန်မှာ ဘာဖြစ်လာလဲ ဆိုတော့ မျိုးစေ့က ဈေးတွေ ကြီးလာတယ်။ ပြီးတဲ့အခါမှာ အချို့မျိုးစေ့တွေက ဆက်လက်ပြီး အသုံးပြုလို့မရအောင် ပြုပြင်ထားတဲ့ မျိုးစေ့တွေရှိလာတယ်။ ကျွန်တော်တို့ မျိုးစေ့ကို ကိုယ်တိုင် တပိုင်တနိုင် ထုတ်လုပ်လာနိုင်ရမယ်။ ပြီးတော့ ကျွန်တော်တို့ ထုတ်လုပ်တဲ့ မျိုးစေ့က တရာသီတည်း မဟုတ်ဘဲနဲ့ ရာသီအဆက်ဆက် ကောင်းကောင်းမွန်မွန်နဲ့ စိုက်ပျိုးနိုင်တဲ့ မျိုးစေ့ကိုတနိုင်တပိုင် ရေခံ မြေခံနဲ့ ကိုက်ညီတဲ့ မျိုးစေ့ကို ထုတ်လုပ်လာနိုင်ရမယ်”

အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲကြောင့် နိုင်ငံတဝန်းမှာ တောင်သူတွေ အပါအဝင် ရေဘေးဒုက္ခသည် ၆ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်က စပါးအပါအဝင် အခြားသီးနှံစိုက်ဧက ၆ သိန်းခွဲကျော်ရေဘေးသင့်ခဲ့တယ်လို ထုတ်ပြန်ထားပေမယ့် ဒီ လုပ်ငန်းကို စနစ်တကျ ပြန်လည်ထူထောင်နိုင်တဲ့အခြေအနေမှာ မရှိပါဘူး။ ဒါ့အပြင် မြန်မာ့ ဟင်းသီးဟင်းရွက် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းမှာ ပြည်ပ သီးနှံမျိုးစေ့တွေကို မှီခို‌နေရတာ ဖြစ်ပေမယ့် လာမယ့် ဆောင်းရာသီမှာအသုံးပြုဖို့ မျိုးစေ့တွေကို တင်သွင်းရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ ဥရောပအခြေစိုက် သီးနှံမျိုးစေ့ကုမ္ပဏီတစ်ခုက အခုလိုပြောပါတယ်။

“ပစ္စည်းသွင်းလို့ မရဘူး။ ကျွန်တော်တို့ ပစ္စည်းသွင်းလို့ ပထမဆုံးအသုတ် ရလိုရှိရင် ရောင်းဖို့ထက် လှူဖို့ကို ဦးစားပေး စဥ်းစားနေတယ်။ အဲဒီတော့ ပစ္စည်းရဖို့ကို အရင် ကြိုးစားနေပါတယ်”

ကျေးလက်နေ ပြည်သူ ၇၀ ရာခိုင်နှုန်းက သီးနှံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချတဲ့ လုပ်ငန်းနဲ့အဓိက အသက်မွေးနေကြပြီး စိုက်ပျိုးစီးပွားကိုအဓိက အခြေခံတဲ့နိုင်ငံ ဖြစ်ပေမယ့်လည်း စစ်ကောင်စီရဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေက အဘက်ဘက်က ယိုယွင်းလာပါတယ်။ ဒါကြောင့် စားနပ်ရိက္ခာ မဖူလုံတော့မှာကို စိုးရိမ်လာကြတဲ့ မြန်မာပြည်သူတွေဟာ ကိုယ်တိုင်သီးနှံမျိုးစေ့ ထုတ်လုပ်ပြီး စိုက်ပျိုးစားသုံးကြဖို့ ပြင်ဆင်လာကြပါတယ်။ ဒီအခြေအနေကို ရန်ကုန်မြို့ခံတစ်ဦးက အခုလို ပြောပါတယ်။

“စိုးရိမ်ပူပန်မှုကတော့ ဟုတ်တယ်။ အခုက ရာသီဥတု ဖောက်ပြန်တယ်။ ဒီလိုမျိုး ဒုက္ခတွေအများကြီးကြုံတဲ့အခါမှာ ကိုယ့်မှာ ရှိမှ ကိုယ့်မှာ ရှိမှာလေ။ လမ်းပန်းဆက်သွယ်ရေး အများကြီး ခက်ခဲတယ်။ သူများကို မှီခိုနေရတဲ့ဟာက တော်တော်ကြီးကို ဆိုးပါတယ်။ ကျွန်မ ဘာလို့ စိုက်လဲဆိုရင် နံပါတ်တစ်ကတော့ ဝါသနာပါတယ်။ နောက်တစ်ခုက နံပါတ်နှစ်က ကျွန်မ ရန်ကုန်သူပါ။ ရန်ကုန်မှာ နေတယ်။ ဒါပေမဲ့ ဝါသနာပါလို့ စိုက်ပျိုးရေးကို နယ်ဘက်မှာ လုပ်ချင်တယ်။ ဒါပေမဲ့ လုပ်ကိုလုပ်ရမယ့်အနေအထား ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မ အခုစိုက်တဲ့နေရာမှာ ဈေးသည်က လာမရောင်းဘူး ဆိုရင် ဝယ်စားစရာ မရှိဘူး။ အဲဒီဈေးသွားရတဲ့ ဒုက္ခကလည်း မသေးဘူး။ ဆီဈေးကြီးတယ်။ ဒါတွေက အများကြီးပေါ့။ အချိန်ကုန်တယ်။ လူပန်းတယ်။ ဒါ‌ပေမဲ့ အဲဒီအစား ကိုယ် စိုက်ပျိုးထုတ်လုပ်လိုက်ရင် ခုနလိုမျိုး ပူပန်သောကတွေ အသင့်အတင့်ပေါ့ လျှော့ချနိုင်မလားပေါ့နော်”

စက်တင်ဘာ ဒုတိယအပတ်က စတင်ကြုံတွေ့လာရတဲ့ ရေဘေးနဲ့အတူ တောင်ပြိုမှုတွေကြောင့် လတ်တလော စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးတဲ့ အပေါ်ယံမြေဆီလွှာတွေအပေါ် မြေပြို ဖုံးလွှမ်းမှုတွေကြောင့် လာမယ့် သီးနှံရာသီတွေမှာ ပုံမှန်အရည်အသွေးနဲ့ အထွက်နှုန်းကို ရရှိဖို့ အခက်အခဲတွေ ဖြစ်လာပါတယ်။ ရေဘေးကြောင့် နေပြည်တော် အပါအဝင် ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်ပေါင်း ၅၉ ခုကို ရေလွှမ်းမိုးခဲ့တယ်လို့ UNOCHA က ထုတ်ပြန်ထားပါတယ်။


Photo - တစ်နိုင်တစ်ပိုင်စိုက်ပျိုးထုတ်လုပ်ထားတဲ့ ပဲတောင့်ရှည်မျိုးစေ့အား စိုက်ခင်းနှင့်အတူတွေ့ရစဥ်...
Share:

No comments:

Post a Comment