📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ ဒီဇင်ဘာလ ( ၁ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ
📌📌 ၁။ မင်းတပ်မြို့ကို စစ်ကောင်စီက ဖျက်အားပြင်းဗုံးသီးတွေနဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်
မင်းတပ်မြို့ပေါ်ကို နို၀င်ဘာ ၂၈ ရက် မနက် ၁၂ နာရီ ၄၅ မိနစ် ၀န်းကျင်မှာ စစ်ကောင်စီက ဖျက်အားပြင်း ဗုံးတွေနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီက ပေါင် ၅၀၀ အားထက် နှစ်ဆလောက်ပြင်းတဲ့ ဗုံးသီးတွေကို အသုံးပြုပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုကြပါတယ်။
စစ်ကောင်စီက မင်းတပ်မြို့ကို လေကြောင်းတိုက်ခိုက်ရာမှာပုံမှန် ကြဲနေကျ ပေါင် ၂၅၀ ဗုံးသီး၊ ၅၀၀ အားရှိတဲ့ ဗုံးသီးတွေထက် ပြင်းအားပိုတဲ့ ဗုံးသီးတွေကို အသုံးပြုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ နို၀င်ဘာလ ၂၅ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီးတပ်က ဂျက်ဖိုက်တာနဲ့ ၇ ကြိမ် ပေါင် ၅၀၀ အားဗုံးသီး ၁၄ လုံး၊ Y-12 ကင်းထောက်ဗုံးကြဲလေယာဉ်နဲ့ အလုံး ၅၀ ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
၂၀၂၄ နိုဝင်ဘာလတလအတွင်း မင်းတပ်မှာ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ် ၁၅၀ ကျော်ရှိနေပြီး ဗုံးအလုံးရေ ၆၀၀ ကျော်အထိ အသုံးပြုနေတာ ဖြစ်ပါတယ်။
========================
📌📌 ၂။ ပခုက္ကူလေဆိပ် အသုံးပြုဖို့ စစ်ကောင်စီ ပြင်ဆင်
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ တည်ရှိတဲ့ ပခုက္ကူလေဆိပ်ကို စစ်ရေးအတွက်အသုံးပြုဖို့ စစ်ကောင်စီဘက်က အပြင်းအထန် ပြင်ဆင်နေတဲ့အကြောင်း The Irawaddy သတင်းဌာနက ရေးသားပါတယ်။
ပခုက္ကူမြို့မှာတည်ရှိတဲ့ အရပ်ဘက် လေယာဉ်ကွင်းကို နှစ်ပေါင်းများစွာ မသုံးဘဲ ပစ်ထားရာကနေ အခုအခါ စစ်ကောင်စီက စစ်ရေးအတွက် သုံးဖို့ ပြန်လည်ပြင်ဆင်နေပြီး လေဆိပ်ဝန်းကျင် ကျေးရွာတွေကိုလည်း လေကြောင်းပစ်ကူဖြင့် ရှင်းလင်းနေတယ်လို့ ဖော်ပြပါတယ်။ ပခုက္ကူမြို့ဟာ ချင်းပြည်တောင်ပိုင်းနဲ့ မိုင် ၁၀၀ ဝန်းကျင် အကွာအဝေးမှာ တည်ရှိပါတယ်။
စစ်ကောင်စီက ပခုက္ကူလေဆိပ်ကို စစ်ရေးအတွက် အသုံးပြုမယ်ဆိုရင် စစ်ကိုင်း၊ ချင်း၊ မကွေးဒေသတွေကို ဂျက်ဖိုက်တာ အချိန်တိုအတွင်းရောက်နိုင်တာကြောင့် တော်လှန်ရေးအင်အားစု၊ ဒေသခံတွေအနေနဲ့ အထူးသတိထားဖို့လိုအပ်နေတယ်လို့ လေတပ် CDM တဦးက ပြောထားပါတယ်။
The Mindat Post က ပြုစုထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ နိုဝင်ဘာလပထမအပတ်မှ နိုဝင်ဘာလကုန်အထိ မင်းတပ်မှာ စစ်ကောင်စီ တံတားဦးလေတပ်၊ မကွေးလေတပ်နဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်တို့က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၅၀ ထက်မနည်း ပြုလုပ်ခဲ့ပါတယ်။
ဒီလို တိုက်ခိုက်ခံရတဲ့အချိန်မှာ စစ်ကောင်စီဘက်က Cluster ဗုံး၊ ပေါင် ၅၀၀၊ ပေါင် ၂၅၀ အပြင် ဗုံးသီးပေါင်း ၆၀၀ ကျော် အသုံးပြုထားပါတယ်။
========================
📌📌 ၃။ မတူပီပဋိပက္ခကို သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးအဖြေရှာမယ်လို့ မတူချင်း ဓမ္မအမှုတော်ဆောင်အဖွဲ့ ထုတ်ပြန်
မတူပီမြို့နယ်အခြေစိုက် CDF - မတူပီ တပ်ဖွဲ့အချင်းချင်းကြား ပြန်လည်သင့်မြတ်မှုရရှိဖို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှု အမြန်ဆုံးပြုလုပ်နိုင်ရန် ဆောင်ရွက်နေတယ်တယ်လို့ မတူချင်း ဓမ္မအမှုတော်ဆောင် မိတ်သဟာယအဖွဲ့က နိုဝင်ဘာ ၂၈ ရက်နေ့ ထုတ်ပြန်ပါတယ်။
မတူပီမြို့မှာ ချင်းကာကွယ်ရေးအင်အားစုများကြား ပဋိပက္ခအတွက် သင့်မြတ်မှု ရရှိဖို့နဲ့ နယ်ခြားရောက် မတူလူထု အမြန်ဆုံး နေရပ်ပြန်နိုင်ဖို့ မီဇိုရမ်ရောက် မတူချင်း ဓမ္မအမှုတော်ဆောင်များ မိတ်သဟာသရဲ့ ငြိမ်းချမ်းရေး ကော်မတီက ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
CDF - မတူပီ တပ်မဟာ - ၁၊ တပ်မဟာ - ၂ ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ပေးမယ့် ငြိမ်းချမ်းရေးကော်မတီမှ ဓမ္မအမှုတော်ဆောင်ဆရာတော်အပါအဝင် သုံးပွင့်ဆိုင် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်ရေး ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
နှစ်ဖက်အဖွဲ့ တွေ့ဆုံရာမှာ တူညီတဲ့ သဘောထား ၅ ချက်ကိုတွေ့ရှိရတယ်လို့ အဲဒီငြိမ်းချမ်းရေးကော်မတီက ဆိုပါတယ်။
သင့်မြတ်ရေး၊ ငြိမ်းရေးကို လိုလားကြသလို မတူပီအရေးကို မတူပီသူ/သားလူထုကသာ ဆုံးဖြတ် ပိုင်ခွင့်ရှိဖို့၊ နှစ်ဖက် အပစ်အခတ်ရပ်စဲဖို့၊ ယုံကြည်မှု တည်ဆောင်ဖို့ လိုလားကြပြီး နယ်မြေဒေသ ခွဲခြားမှုမရှိဘဲ One Army၊ One Budget၊ One Command ဖြင့် မူလအတိုင်း ဖွဲ့စည်ရန် လိုလားကြတယ်လို့ သဘောတူညီချက် ၅ ချက်ကို ဖော်ပြပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း ဆိုရှယ်မီဒီယာမှာ သတင်းတု၊ သတင်းမှားမလွှင့်ကြဖို့၊ တဖက်နဲ့ တဖက်တိုက်ခိုက်ခြင်း၊ စိတ်ဓါတ်ပြိုကွဲအောင် သွေးခွဲပြောဆိုခြင်းတွေ ရပ်တန့်ဖို့ လိုလားကြောင်း၊ တပ်မဟာ ၁ နဲ့ ၂ တို့ မထုတ်ပြန်တဲ့ သတင်းဟာ သတင်းတုသာဖြစ်တယ်လို့ မတူချင်း ဓမ္မအမှုတော်ဆောင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတကာခုံရုံး - ICC က ဖမ်းဝရမ်းထုတ်ဖို့ တင်သွင်း
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုကျူးလွန်ကြောင်း အထောက်အထားရှိတဲ့အတွက် နိုင်ငံတကာရာဇ၀တ်ခုံရုံး International Criminal Court (ICC) ကနေ ဖမ်းဝရမ်းထုတ်ဖို့ တင်သွင်းလိုက်တဲ့အကြောင်း REUTERS သတင်းမှာ နိုဝင်ဘာ ၂၇ ရက်နေ့ ဖော်ပြပါတယ်။
ဝရမ်းထုတ်မှု နောက်ဆက်တွဲအဖြစ် ဖမ်းဆီးနိုင်ရေး ဆက်လက်လုပ်ဆောင်သွားဖို့ ICC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နယ်သာလန်နိုင်ငံအခြေစိုက် International Criminal Court (ICC) ကနေ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်နိုင်ဖို့ တင်သွင်းလိုက်တာ ဖြစ်ပြီး တရားဝင် ဖမ်းဝရမ်းထုတ်ဖို့ အခြေအနေထိတော့ မရောက်သေးဘူးလို့ သိရပါတယ်။
#RadioNUGLocalNews
#SpringRevolution