၂၀၂၄ နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပူတာအိုမှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေဘက်က စစ်ရေးလှုပ်ရှားလာတယ်လို့ KIA အသိပေး
📌 ၂။ ဖလမ်းစစ်ဆင်ရေးမှာ အမျိုးသားလွတ်မြောက်ရေးတပ်တော်က ရဲဘော် ၂ဦး အသက်ပေးလှူခဲ့ရ
📌 ၃။ နောင်ချိုမြို့ကို စစ်တပ်က ညသန်းခေါင်အချိန်မှာ လေယာဉ်နဲ့ဗုံးထပ်ကြဲတာကြောင့် အရပ်သား ၆ ဦးဒဏ်ရာရ
📌 ၄။ ရေကျော်ပွဲစျေးကို ဗုံးခွဲပြီး တော်လှန်ရေးတပ်တွေအပေါ် အပြစ်ပုံလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေး
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မတ္တရာနယ်ကို လေကြောင်းတိုက်ခိုက်မှု အရပ်သားပြည်သူ ၂ဦးသေဆုံး
🚩 ၂။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆဒုံးဒေသခံတဦးထိခိုက်ဒဏ်ရာရ
🚩 ၃။ ဖာပွန်မြို့နယ်က မထောစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးကျဆုံး
🚩 ၄။ ကျွန်းလှမြို့နယ်က ကျေးရွာတွေကို စစ်တပ်က ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး စစ်ကြောင်းထိုးမီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူ
🚩 ၅။ ရေဦးမြို့က ထွေအုပ်ရုံးမှာ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပူတာအိုမှာ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေဘက်က စစ်ရေးလှုပ်ရှားလာတယ်လို့ KIA အသိပေး
နိုဝင်ဘာလ ၂၃ရက်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်က ဒေသအချို့မှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ် လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနက မနေ့ နိုဝင်ဘာ ၂၂ရက်ညမှာ ဖော်ပြပါတယ်။
စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်လုပ်လာတဲ့အတွက် ပူတာအိုဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဌာနေပြည်သူများရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ပြည်သူ့စစ်ပေါင်းပြီး ပူတာအိုမြို့နယ် ဖတ်မာကျေးရွာနဲ့ လုံဂါကုန်းကျေးရွာတို့မှာ တပ်စွဲနေတယ်လို့ KIA ဘက် က ဆိုပါတယ်။
အခုလို စစ်အုပ်စုဘက်က တပ်စွဲပြီး စစ်ကြောင်းလှုပ်ရှားမှုတွေရှိလာတဲ့အတွက် တိုက်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပဲဖစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ပြည်သူလူထုကို ဒိုင်းကာအဖြစ်အသုံးပြုပြီး ရွာထဲမှာ တပ်စွဲထားတာဖြစ်တဲ့အတွက် ဒေသခံတွေ အနေနဲ့ တကျော့ပြန် စစ်ရှောင်ရမှာကို စိုးရိမ်နေကြတယ်လို့ KIA သတင်းပြန်ကြားရေးဌာနမှာ ဖော်ပြထားပါတယ်။
ပူတာအိုဒေသဟာ KIA တပ်မဟာ-၁ နယ်မြေဖြစ်ပြီး ဒီဒေသမှာ ယခုနှစ်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်တာ မရှိသေးဘူးလို့ သိရပါတယ်။။
KIA အနေနဲ့ မြို့သိမ်း စခန်းသိမ်းစစ်ဆင်ရေးတွေကို တဆင့်ပြီးတဆင့် ဖော်ဆောင်နေပြီး ကချင်အထူးဒေသ-၁ နယ်မြေဖြစ် တဲ့ ဆဒုံး၊ ချီဖွေ၊ဆော့လော်၊ ပန်ဝါ၊ ဖီမော်၊ ကန်ပိုက်တီ စတဲ့မြို့တွေကိုသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။
========================
📌📌 ၂။ ဖလမ်းစစ်ဆင်ရေးမှာ အမျိုးသားလွတ်မြောက်ရေးတပ်တော်က ရဲဘော် ၂ဦး အသက်ပေးလှူခဲ့ရ
နိုဝင်ဘာလ ၂၃ရက်။
ချင်းပြည်နယ် ဖလမ်းမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးအတွင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်က ရဲဘော် ၂ဦး အသက် ပေးလှူခဲ့ရတယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် အနောက်မြောက် ကဘော်ဒေသ တမူး စစ်ကိုင်းတိုင်းက ထုတ်ပြန်ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေးမှာ မဟာမိတ်ဖြစ်တဲ့ ချင်းညီနောင်တပ်ဖွဲ့များအပါအဝင် အခြားမဟာမိတ် တော်လှန်ရေး တပ်ဖွဲ့များနဲ့အတူ ပူပေါင်းတိုက်ပွဲဝင်ရင်း အမျိုးသားလွတ်မြောက် ရေးတပ်တော်က ရဲဘော်၂ဦး အသက်ပေးလှူခဲ့တာလို့ သိရပါတယ်။
ဖလမ်းစစ်ဆင်ရေးတိုက်ပွဲအတွင်း နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရဲဘော် ထွန်းမင်းခန့်နဲ့ ရဲဘော် သော်ဇင်ဦးတို့ ရှေ့တန်းစစ်မြေပြင် တနေရာမှာ ကြွေလွင့်ခဲ့တာလို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် NATIONAL LIBERATION ARMY ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့ တိုက်ပွဲတွေဖြစ်နေပြီး တော်လှန်ရေးတပ်တွေဘက်က အသာစီးရနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါ တယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ဟာ ကဘော်ဒေသမှာ အခြေစိုက်ပြီး မြန်မာနိုင်ငံ အနောက်မြောက်ဘက် ကလေး၊ တမူးဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ တပ်တော်တခုဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ နောင်ချိုမြို့ကို စစ်တပ်က ညသန်းခေါင်အချိန်မှာ လေယာဉ်နဲ့ဗုံးထပ်ကြဲတာကြောင့် အရပ်သား ၆ ဦးဒဏ်ရာရ
နိုဝင်ဘာလ ၂၃ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ညသန်းခေါင်အချိန်မှာ လေယာဉ်နဲ့ ဗုံးထပ်ကြဲ တာကြောင့် အရပ်သားပြည်သူ ၆ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရတယ်လို့ ဒေသသတင်းတွေက ဆိုပါတယ်။
နောင်ချိုမြို့ စျေးရပ်ကွက် နယ်မြေ ၁၀ ကို အကြမ်းဖက်စစ်တပ်က မနေ့ နိုဝင်ဘာ ၂၂ ရက် ည ၁၁ နာရီ ၅၅ မိနစ်ခန့်အချိန်မှာ လေယာဥ်ပေါ်ကနေ ပေါင် ၅၀၀ ဗုံး ၂ လုံးကျသွားခဲ့တာလို့ သိရပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် နေအိမ် ၆ လုံးပျက်စီးခဲ့ရပြီး အရပ်သားပြည်သူ ၆ ဦးဒဏ်ရာရခဲ့ပေမယ့် အသက်အန္တရာယ် စိုးရိမ် စရာမရှိဘူးလို့ နောင်ချိုမြို့နေသူတွေက ဆိုပါတယ်။
စစ်ကောင်စီဟာ နောင်ချိုမြို့က အရပ်သားပြည်သူတွေကိုဦးတည်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေရာ အခု နိုဝင်ဘာ ၁ ရက်ကနေ ၂၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့က အရပ်သားပြည်သူ ၁၇ ဦးသေဆုံး ပြီး ၂၆ ဦး ဒဏ်ရာရရှိကာ နေအိမ်အများအပြားပျက်စီးခဲ့ရတယ်လို့ တအာင်းတပ်မတော် TNLA က အသိပေးထုတ်ပြန်ထား ပါတယ်။
ဒါကြောင့် မိဘပြည်သူများအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ရေး စစ်ရေးသတိရှိဖို့ လူစုလူဝေးမလုပ်ကြဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပေးထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ဖို့လည်း TNLA က တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ ရေကျော်ပွဲစျေးကို ဗုံးခွဲပြီး တော်လှန်ရေးတပ်တွေအပေါ် အပြစ်ပုံလာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ သတိပေး
နိုဝင်ဘာလ ၂၃ရက်။
ရန်ကုန်မြို့တော်မှာရှိတဲ့ ပုဇွန်တောင်မြို့နယ်မှာကျင်းပနေတဲ့ ရေကျော်ဈေးပွဲကို စစ်ကောင်စီက ဗုံးခွဲပြီး တော်လှန်ရေး တပ်တွေအပေါ် အပြစ်ပုံချတဲ့လုပ်ရပ်တွေ လုပ်ဆောင်လာနိုင်တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက သတိပေးပြောဆိုလိုက်ပါတယ်။
နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ရေကျော်ပွဲစျေးကို ကိုဗစ်ကာလဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ်ကစလို့ ပိတ်သိမ်းခဲ့ပြီး အခု ၂၀၂၄ ခုနှစ်မှာ အကြမ်းဖက်စစ်ကောင်စီက ပြန်လည်ကျင်းပနေတာကြောင့် အခုလို သတိပေးလိုက်တာဖြစ်ပါတယ်။
ရေကျော်ပွဲစျေးကို မနေ့ နိုဝင်ဘာ ၂၂ ကစပြီး ကျင်းပနေရာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပြည်သူလူထု ထိခိုက်စေ မယ့် လုပ်ရပ်တွေ ပြုလုပ်မမှာ မဟုတ်ဘူးလို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက အသိပေး ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီက တော်လှန်ရေးတပ်တွေနဲ့ ပြည်သူလူထုကြား အထင်အမြင်လွဲမှားစေဖို့ လုပ်ဆောင်လာနိုင်တယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ရင် ဒါဟာ စစ်ကောင်စီဘက်က ပြုလုပ်ခြင်းသာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့မဆိုင်ဘူးလို့ ရှင်းပြထားပါတယ်။
ပုဇွန်တောင်မြို့နယ်က ရေကျော်ဈေးပွဲတော်ကျင်းပနေချိန် နိုဝင်ဘာ ၂၂ ရက် ညပိုင်းကစပြီး သိမ်ဖြူလမ်းထောင့်ကနေ ဗိုလ်ချုပ်အောင်ဆန်းလမ်းမအထိ အကြမ်းဖက်စစ်ကောင်စီဘက်က အရပ်ဝတ်ထောက်လှမ်းရေးတွေနဲ့ ကင်းပုန်းတွေ ရှိနေတယ်လို့ ဒေသနေသူတွေက ပြောပါတယ်။
တော်လှန်ရေးအင်အားစုများအနေနဲ့ ပြည်သူလူထု ထိခိုက်နစ်နာစေမယ့် လုပ်ဆောင်ချက်မျိုးတွေ မလုပ်ဖို့ NUG ကာကွယ် ရေးဝန်ကြီးဌာနက ယခင်ကတည်းက ညွှန်ကြားထားပြီးဖြစ်ပါတယ်။
ရေကျော်ပွဲစျေးကို စစ်ကောင်စီက နိုဝင်ဘာ ၂၂ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်နေ့အထိ ၅ ရက်တာကျင်းပမှာလို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မတ္တရာနယ်ကို လေကြောင်းတိုက်ခိုက်မှု အရပ်သားပြည်သူ ၂ဦးသေဆုံး
နိုဝင်ဘာလ ၂၃ရက်။
မန္တလေးတိုင်း မတ္တရာမြို့နယ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးပြီး အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်တာကြောင့် လူ ၈၀ ကျော် မူးဝေအော့အန်တဲ့ ဝေဒနာခံစားခဲ့ရတယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
မနေ့ နိုဝင်ဘာ၂၂ရက် မနက် ၁၁ နာရီခွဲခန့်မှာ တံတားဦးကတက်လာတဲ့ စစ်တပ် ဂျက်ဖိုက်တာတစင်းက မတ္တရာမြို့နယ် စိန်ပန်းကုန်းကျေးရွာအနီးကို လေကြောင်းကနေတိုက်ခိုက်တာကြောင့် အသက် ၄ဝ ကျော်အရွယ် အမျိုးသား ၂ဦးသေဆုံးပြီး ကလေးငယ် တဦးအပါအဝင် ဒေသနေပြည်သူ ၃ဦး ထိခိုက်ဒဏ်ရသွားတယ်လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ရောင်နီနွေဦး အဖွဲ့က ပြောပါတယ်။
စစ်ကောင်စီဟာ အဆိပ်ငွေ့ဗုံးလို့ယူဆရတဲ့ဗုံးတွေကြဲချတာကြောင့် ဒေသနေပြည်သူ ၈၀ ကျော် မူးဝေအော့အန်တဲ့ ဝေဒနာ ခံစားခဲ့ရတယ်လို့ Voice Of Mandalay အဖွဲ့ကလည်း အသိပေးပါတယ်။
မနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းက မတ္တရာမြို့နယ်အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်တာမှာ စစ်ကောင်စီဘက်က တိုက်ပွဲ နဲ့ မသက်ဆိုင်တဲ့နေရာတွေကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ ဒေသနေသူတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှများပြီး သေဆုံး ဒစ်ရာရသူတွေကို မတ္ထရာမြို့တွင်းကို သယ်ယူသွား တယ်လို့ Voice of Mandalay အဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၁၇ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်း ဆောက်ခြုံပေါက်ကျေးရွာကိုဝင်လာတဲ့ အမှတ်-၇၀၁ ခြေမြန်တပ်ရင်းက ဗိုလ်မှူးကျော်ဇေယျဦးစီးပြီး ခမရ ၇၀၁၊ ၇၀၃၊ ၇၀၄ တပ်တွေက အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေးတပ် တွေ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးပြီး သေနတ် ၉ လက်နဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသက နိုဝင်ဘာ ၂၁ရက်မှာ ထုတ်ပြန် ထားပါတယ်။
မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက သိမ်းထားတဲ့ တပ်စခန်းတွေကိုပြန်ရဖို့ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းတွေသုံးပြီး တန်ပြန်ထိုးစစ်ဆင်နေပေမယ့်သိမ်းထား တဲ့ စခန်းတွေကို အပြည့်အဝထိန်းချုပ်ထားဆဲလို့ မန္တလေး PDF က အောက်တိုဘာတတိယပတ်မှာ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆဒုံးဒေသခံတဦးထိခိုက်ဒဏ်ရာရ
နိုဝင်ဘာလ ၂၃ရက်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူတဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းအပါအဝင် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ဝိုင်းမော် - ကံပိုင်တည်လမ်းပေါ်က ဆဒုံးမြို့ကို စစ်ကောင်စီတပ်က မနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၃ နာရီခန့်မှာ လာရောက် ပစ်ခတ်သွားတာလို့ KIA တပ်ဖွဲ့ဝင်တွေရဲ့အဆိုကို ကိုးကားပြီး The 74 Media က ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တာကြောင့် ဆဒုံးမြို့မှာ စစ်ရေးတင်းမာနေတာမျိုးမရှိတော့ပေမယ့် စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူလူထုအိပ်ပျော်နေတဲ့အချိန် မထင်မှတ်တဲ့အချိန်မှာ ဗုံးလာကြဲသွားတာလို့ ဆိုပါတယ်။
Y12 လေယာဉ်နဲ့ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူရှိပေမယ့် မစိုးရိမ်ရဘူးလို့သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ထွေအုပ်ရုံး၊ ဘုရားကျောင်းနဲ့ ဟိုတယ်တလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို ကချင်လွတ်မြောက်ရေးတပ်-KIA နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ စတင်လည်ပတ်နေချိန်မှာ အခုလို ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ KIA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့နေရာတွေကို နိုဝင်ဘာလလယ်ပိုင်းကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိထားနေရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဆိုပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း မိုးမောက်မြို့နယ် ကုန်းလောကျေးရွာက KBC ဘုရားကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်များအပါအဝင် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့ရပါတယ်။
========================
🚩🚩 ၃။ ဖာပွန်မြို့နယ်က မထောစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် တဦးကျဆုံး
နိုဝင်ဘာလ ၂၃ရက်။
ကရင်ပြည်နယ် ဖာပွန်မြို့အထွက် မထောစခန်းသိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သား ၉ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ နိုဝင်ဘာ ၂၃ မှာ ထုတ်ပြန် ပါတယ်။
တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ ၂ နယ်မြေ ဖာပွန်မြို့အထွက် မထောရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ KNLA ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၁၆ ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာလည်း ယင်းအကြမ်းဖက် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထပ်မံတိုက်ခိုက်မှု ၈ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ အသိပေးပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ တော်လှန်ရေးပူးပေါင်းတပ်က စစ်ကောင်စီစစ်ကြောင်းနဲ့ အထိုင်ချနေရာတွေကို တိုက်ခိုက်မှု ၄ ကြိမ်၊ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ၂ ကြိမ်၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာတကြိမ်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဖာပွန်ခရိုင်က မထောရွာတပ်စခန်းကို သိမ်းပိုက်ခဲ့ခြင်း အပါအဝင် ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အတည်ပြုနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူတွေ အကြိမ်ရေများစွာသုံးပြီး တိုက်ခိုက်တာကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးပါတယ်။
မထောအခြေစိုက်တပ်စခန်းမှာ စကခ ၈ လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈ နဲ့ ခမရ-၄၀၄ တပ်တို့စုပေါင်းထားတာလို့ KNU တပ်မဟာ ၅ ဘက်က သိရပါတယ်။
တောင်ပိုင်းစစ်ဒေသအနေနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားတဲ့အထိ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်လုပ် သွားမမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ကျွန်းလှမြို့နယ်က ကျေးရွာတွေကို စစ်တပ်က ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်မှုလုပ်ပြီး စစ်ကြောင်းထိုးမီးရှို့ကာ ပြည်သူပိုင်ပစ္စည်းတွေ ခိုးယူ
နိုဝင်ဘာလ ၂၃ရက်။
စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်ကရွာတွေကို အကြမ်းဖက်စစ်တပ်က ၃ ရက်ဆက် လေကြောင်းကနေ တိုက်ခိုက်ပြီး မြေပြင်တပ်တွေက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးကာ ဒေသနေပြည်သူတွေပိုင်တဲ့ ပစ္စည်းတွေ ခိုးယူ သယ် ဆောင်သွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုဝင်ဘာ ၂၀ ကနေ ၂၂ ရက်နေ့အထိ ကျွန်းလှနယ်ကကျေးရွာတွေကို ၃ ရက်ဆက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဒရုန်းနဲ့ ဗုံးသီးချတာ ဟောင်ဝစ်ဇာနဲ့ပစ်တာ ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကို ကားကြီးကားငယ်တွေနဲ့ ကံပေါက်ရွာဘက်ကို ခိုးယူသယ်ဆောင်သွားတယ်လို့ မြေပြင်သတင်း ပေးပို့ချက်တွေရှိတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။
ဒီစစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၀ မနက်အစောပိုင်းက ကျွန်းလှမြို့ကနေ ကံပေါက်ရွာကို ကားနဲ့ ထွက်လာတဲ့ အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီနဲ့ပျူစောထီးစစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။
ဒီစစ်ကြောင်းဟာ စစ်ကြောင်းထိုးရာလမ်းတလျောက် ဒရုန်းနဲ့ ဗုံးသီးတွေကြဲချပြီး မနက် ၁၀ နာရီခွဲမှာ ကုက္ကိုကုန်းရွာက တိုက်နယ်ဆေးရုံမှာတပ်စွဲကာ ကုက္ကိုကုန်းရွာကို နေ့လယ် ၁ နာရီခန့်မှာ မီးရှို့ဖျက်ဆီးတဲ့အပြင် အနီးအနားကရွာတွေကိုလည်း ဒရုန်းနဲ့ ၆၀ မမဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၁ နာရီနဲ့ ညနေ ၄ နာရီ ၄၀ မိနစ်မှာ မဒေါင်ရွာ၊ ညနေ ၄ နာရီမှာ လွှတ်တိုက်ရွာကို မီးရှို့ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ဆွဲလှဲရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ ကျွန်းလှနယ်ကရွာတွေကို အကြမ်းဖက်မီးရှို့ဖျက်ဆီးတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း တဆက်တည်း လုပ်ခဲ့တာလို့သိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ ည ၇ နာရီ ၃၅ မိနစ်နဲ့ ၇ နာရီ ၃၈ မိနစ်တို့မှာ တံတားဦးတက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီ ၄၆ မိနစ်နဲ့ ၂ နာရီ ၅၀ မိနစ်တို့မှာလည်း တံတားဦးတက် ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၃ နာရီကျော်မှာ နမခတက် Mi35 နဲ့တကြိမ် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်လုပ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
စစ်ကြောင်းထိုးခဲ့တဲ့ ၃ ရက်အတွင်း စစ်တပ်ဘက်က လေကြောင်းအပြင် ဟောင်ဝစ်ဇာတွေနဲ့လည်း ပစ်ခတ်ခဲ့တာရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တဲ့ရွာဟာ အုပ်စုရွာဖြစ်ပြီး တကုန်း၊ ကုက္ကိုကုန်း၊သံပုရာပင်စု၊မြဘုံသာ စတဲ့ရွာတွေ ပါဝင်ပြီး တရွာနဲ့တရွာ ရွာလယ်လမ်းမကြီးသာခြားကာ ၄ ရွာပေါင်းရင် အိမ်ခြေ ၁၀၀၀ ကျော်နဲ့ လူဦးရေ ၄ ထောင်ကျော် ရှိတယ်လို့ ဒေသနေသူတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နဲ့ပျူစောထီးတွေက ကျေးရွာတွေနဲ့ပြည်သူတွေကိုပစ်မှတ်ထားပြီး ၃ ရက်ဆက်တိုက်ခိုက်တာကြောင့် ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ တကုန်း၊ကုက္ကိုကုန်း၊သံပုရာပင်စု၊မြဘုံသာ၊လွှတ်တိုက်၊မဒေါင်၊ဆွဲလှဲရွာနဲ့ ကန့်ဘလူမြို့နယ် အတွင်းက လက်ခုပ်ပင်ရွာအပါအဝင် ကျေးရွာ ၈ ရွာက ဒေသနေပြည်သူ ၈၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ရေဦးမြို့က ထွေအုပ်ရုံးမှာ ပျူစောထီးသင်တန်းဆင်းပွဲကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
နိုဝင်ဘာလ ၂၃ရက်။
စစ်ကိုင်းတိုင်း ရေဦးမြို့ပေါ် က ထွေအုပ်ရုံးမှာ ပျူစောထီးသင်တန်းဆင်းပွဲလုပ်နေချိန် တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးသွားတယ်လို့ ရေဦးမြို့နယ် ပြည့်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မနေ့ နိုဝင်ဘာ ၂၂ ရက် မနက် ၁ဝ နာရီခွဲခန့်အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက Fixed-Wing ဒရုန်းတွေနဲ့ ဗုံးသီး ၉ လုံး ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ နယ်ထိန်းရဲ အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန်ဒဏ်ရာရသွားတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းတွေ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တဲ့အပြင် ရေဦးမြို့ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း ရေဦး PDF က အသိပေးပါတယ်။
ဒီမစ်ရှင်မှာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် တော်လှန်ရေးတပ်တွေဘက်က ရဲဘော်တွေ အထိအခိုက်မရှိ ဘူးလို့ သိရပါတယ်။
ပျူစောထီးသင်းတန်းဆင်းပွဲကို ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း-ရေဦး PDF နဲ့ ရေဦးမြိုနယ် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment