၂၀၂၄ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို၊ NUG ယာယီသမ္မတ ကြိုဆိုထောက်ခံ
📌 ၂။ တော်လှန်ရေးအင်အားစုများအားလုံး အတူတကွ ဆက်လက်ညီညွတ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တိုက်တွန်း
📌 ၃။ စစ်ကောင်စီပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးသာ အဓိကပန်းတိုင် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ဆို
📌 ၄။ ညောင်လေးပင်ခရိုင်၌ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်
📌 ၅။ မယ်ဆိုင် ရေကြီးမှုအတွင်း နုံးမြေများ တင်ကျန်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းနိုင်ငံ ဖော်ပြ
📌 ၆။ ဟင်္သာတထောင်တွင် နိုင်ကျဉ်းတဦးကို ထောင်ဝန်ထမ်းမှ အရက်မူးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့
📌 ၇။ နိုဝင်ဘာလအတွင်း အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၂၅) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းမှာ (၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက် စစ်ကောင်စီမှ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိသော်လည်း မန္တလေး PDF မှ အပြည့်အဝ ထိန်းချုပ်ထားဟု ထုတ်ပြန်
🚩 ၂။ လယ်ဒိုမြို့နယ်တွင် (၇) ရက် အတွင်း ပြည်သူ (၆) ဦး ထိခိုက်ပြီး နေအိမ် (၃) လုံး၊ ဆေးပေးခန်း (၂) ခန်း၊ ဆန်စက် (၁) လုံးနှင့် ပြည်သူပိုင်အဆောက်အဦး (၂)လုံး ပျက်စီးခဲ့ရသည့် အပြင် ပြည်သူ (၁) ဦးမှာလည်း အကြောင်းမဲ့ဖမ်းဆီးခြင်း ခံခဲ့ရ
🚩 ၃။ လွိုင်ကော်မြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တဦး အပါအဝင် သေဆုံးမှုများခဲ့ကာ (၅) ဦး အရှင်ဖမ်းမိ
🚩 ၄။ ကြိုးဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်
🚩 ၅။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ ၃ ဒသမ ၄ သန်းအထိ ရှိလာပြီး စံချိန်တင် များပြားလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ် တောင်းဆို၊ NUG ယာယီသမ္မတ ကြိုဆိုထောက်ခံ
နိုဝင်ဘာလ (၂၇) ရက်နေ့တွင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ရှေ့နေချုပ် ကာရင် အာဆက် အာမက်ခန် (Karim AA Khan) က ICC တရားရုံးကို လျှောက်ထားလိုက်တယ်လို့ ICC က သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ လျှောက်ထားချက်နှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း "မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက် တင်သွင်းလိုက်တဲ့အပေါ် ဝမ်းမြောက်ကြိုဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ရိုဟင်ဂျာလူမျိုးတွေ အချိန်အကြာကြီး ထိခိုက်ခံစားခဲ့ကြရသလို မင်းအောင်လှိုင်ဟာ ဒီလိုဆိုးရွား ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေအတွက် ရာဇဝတ်မှုအရ တာဝန်ရှိကြောင်း အတည်ပြုလိုက်တာပါပဲ။ အခုတော့ မလွဲမသွေ တာဝန်ယူ/ တာဝန်ခံရပါတော့မယ်။" လို့ ဆိုရှယ်မီဒီယာ X မှာ ထုတ်ဖော် ပြောကြားထားပါတယ်။
(၂ဝ၁၆) နဲ့ (၂ဝ၁၇) ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ICC က (၂ဝ၁၉) ခုနှစ် နိုဝင်ဘာ (၁၄) ရက်နေ့မှာ စတင်စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ကာ စုံစမ်းစစ်ဆေးမှုအပြီးမှာ စစ်ခေါင်းဆောင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တယ်လို့ ယုံကြည်ရတဲ့ ခိုင်လုံမှုရှိကြောင်း ICC ရှေ့နေချုပ်ရုံးက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ ဒီရာဇဝတ်မှုတွေကို ရဲ၊ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားတွေရဲ့ အကူအညီနဲ့ (၂၀၁၇) ခုနှစ်၊ ဩဂုတ်လ (၂၅) ရက်ကနေ ဒီဇင်ဘာလ (၃၁) ရက်နေ့အတွင်း ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီနေ့ လျှောက်လဲချက်မှာ ဗီဒီယို၊ ဓာတ်ပုံ၊ မျက်မြင်သက်သေနဲ့ စာရွက်စာတမ်း သက်သေအထောက်အထားအစုံ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
အခုလျှောက်လဲချက်ဟာ လိုအပ်တဲ့ စံနှုန်းအတိုင်း ကိုက်ညီမှုရှိ/မရှိကို ICC တရားသူကြီးတွေက ဆုံးဖြတ်သွားမှာဖြစ်ပြီး အဆိုပြုထားတဲ့ ဖမ်း၀ရမ်းကို ICC က ထုတ်ပြန်တဲ့ ကိစ္စမှာလည်း ပြစ်မှုကျူးလွန်သူကို ဖမ်ဆီးနိုင်ရေး ကြိုးပမ်း အားထုတ်မှုမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ICC ရှေ့နေချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
========================
📌📌 ၂။ တော်လှန်ရေးအင်အားစုများအားလုံး အတူတကွ ဆက်လက်ညီညွတ်ကြဖို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တိုက်တွန်း
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုဝင်ဘာလ (၂၇) ရက်နေ့မှာ ဆိုရှယ်မီဒီယာကတစ်ဆင့် အခုလို သတင်းစကားပါး တိုက်တွန်းလိုက်ပါတယ်။
"မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အာဏာပိုင်အမိန့်တောင်းခံသည့် အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး ICC ရဲ့ လျှောက်လွှာဟာ မြန်မာ့သမိုင်းမှာ အရေးပါတဲ့ အချိန်ကိုက်လှုပ်ရှားမှုတစ်ခုကို ကိုယ်စားပြုလိုက်တာပါ။ မင်းအောင်လှိုင် သတ်ဖြတ်ခဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူတွေနဲ့ ဖျက်ဆီးခဲ့တဲ့ မိသားစုဘဝတွေအတွက် သူကိုယ်တိုင် အပြည့်အဝ တာဝန်ခံရပါတော့မယ်။" လို့ ဆိုရှယ်မီဒီယာ X မှာ ဝန်ကြီးက ထုတ်ဖော်ပြောကြားထားတာပါ။
ဒါ့အပြင် "ဘာပဲဖြစ်ဖြစ် စိုက်ပျိုးခဲ့သမျှ ရိတ်သိမ်းရတာပါပဲ။ ပင်ပန်းဆင်းရဲ ခက်ခဲလှတဲ့ နွေဦးတော်လှန်ရေး ခရောင်းလမ်းမှာ ပန်းတိုင်မရောက်သေးပေမယ့် ပြည်သူလူထု အတိုင်းအတာတခုအထိ စိတ်ကျေနပ်မှုကို သယ်ဆောင်နိုင်တဲ့ အခိုက်အတန့်ပါ။ အင်အားတွေအဖြစ် ပြောင်းလဲနိုင်အောင် အတူတူ ဆက်လက် ညီညွတ်ကြရအောင်ပါ" လို့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ တိုက်တွန်ထားသေးပါတယ်။
လက်ရှိမှာ ဖက်ဒရယ်ချာတာအတိုင်း အမျိုးသားညီညွတ်ရေးအစိုးရဟာ လျှောက်လှမ်းလျက်ရှိပြီးတော့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များကို အတူတကွပူးပေါင်းဆောင်ရွက်နေပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးသာ အဓိကပန်းတိုင် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် ဆို
နိုဝင်ဘာလ (၂၆) ရက်နေ့က ကျင်းပတဲ့ တော်လှန်ရေးကာလ အုပ်ချုပ်ရေး ထူထောင်ဆောင်ရွက်မှု၊ စစ်ရေးတိုက်ပွဲ အရှိန်မြှင့်တင်မှုတို့နှင့် မြေပြင်လူထုလှုပ်ရှားမှုကြား ချိတ်ဆက်ဖော်ဆောင်နိုင်မှု အခြေအနေများအား ဆန်းစစ်သုံးသပ်မှုအစီအစဥ်အား မြေပြင်လူထု လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေး၊ စစ်ရေးချိတ်ဆက်ဖော်ဆောင်မှု ခေါင်းစဥ်ဖြင့် Webinar ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အခုလို ဆိုပါတယ်။
"ကျနော်တို့အားလုံးရဲ့အဓိကအောင်နိုင်ရေးက စစ်ကောင်စီပြုတ်ကျပြီး ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးပဲ ဖြစ်တယ်။ အုပ်ချုပ်ရေးအလုပ်တွေကို လုပ်နေရင်း တန်းလန်းနဲ့ ဒီရည်မှန်းချက်တွေကို မပျောက်ဘဲနဲ့ တဖက်မှာလည်း နိုင်ငံရေးအထောက်အပံ့တွေ ဖြစ်ရမယ်။ လူထုလှုပ်ရှားမှုကိုလည်း အကူအညီ အထောက်အပံ့ ဖြစ်ရမယ်ဆိုတဲ့ ဒီအုပ်ချုပ်ရေးတွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့သူတွေကို ကျနော်တို့အနေနဲ့ အမြဲတမ်း ပြောကြားပြီးဆောင်ရွက်နေပါတယ်" လို့ ဆိုပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အခွန်ကောက်ခံမှုထက် ဒဏ်ကြေးရရှိမှုသာများပြီး ပုံမှန်အခွန်အနေနဲ့ ကောက်ခံမှု အနည်းအကျဥ်းသာ ရှိတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။
========================
📌📌 ၄။ ညောင်လေးပင်ခရိုင်၌ နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု ပြုလုပ်
ညောင်လေးပင်ခရိုင်၌ ခရိုင်အဆင့် ကရင်အမျိုးသမီးအစည်းအရုံး (K.W.O) မှ ဦးဆောင်ပြီး နိုင်ငံတကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ဆောထိမြို့နယ်၊ ကော်မူဒဲ အထက်တန်းကျောင်းတွင် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသမီး နှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုမှ ဘေးကင်းလုံခြုံသော လူမှုအသိုင်းအဝိုင်းကို တည်ဆောက်နိုင်ရန် ရည်ရွယ်၍ (၁၆) ရက်တာလှုပ်ရှားမှုကို ကျင်းပရခြင်းဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနားတွင် ဟောပြောပွဲများနှင့် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကာ အခမ်းအနားသို့ လူဦးရေစုစုပေါင်း (၂၆၀) ဦး ခန့် တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို (၁၆) ရက်တာလှုပ်ရှားမှုကို နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ပြီး လှုပ်ရှားမှုအတွင်း (၁)ကျေးရွာအတွင်း မိခင်နှင့် ကလေးများအား အကြမ်းဖက်မှုပပျောက်နိုင်ရန် အသိပညာ ပေးခြင်း၊ (၂)အလယ်တန်း/အထက်တန်းကျောင်းများတွင် အသိပညာပေးခြင်း၊ (၃)ကျောင်းဆရာ/ဆရာမများနှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများကို တွေ့ဆုံပြီး အမျိုးသမီးနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပပျောက်စေရန် အသိပညာပေးခြင်း၊ (၄)ပြည်သူလူထုများနှင့် တွေ့ဆုံကာ အမျိုးသမီးနှင့် ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပပျောက်စေရန် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ မယ်ဆိုင် ရေကြီးမှုအတွင်း နုံးမြေများ တင်ကျန်မှုသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းနိုင်ငံ ဖော်ပြ
ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာနက (၂၀၂၄) ခုနှစ် အောက်တိုဘာလတွင် လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပြီး အဆိုပါ လေ့လာမှုအရ မယ်ဆိုင်မြို့မြောက်ပိုင်း နယ်စပ်ဒေသတစ်လျှောက်တွင် ရေကြီးရေလျှံမှုအတွင်း မကြုံစဖူး နုံးမြေများ တင်ကျန်မှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ခြင်းမှာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့်ဖြစ်ကြောင်း ဖော်ပြထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRFက ထုတ်ပြန်ထားပါတယ်။
မယ်ဆိုင်မြစ်၊ နမ့်ခုတ်မြစ်နှင့် နမ့်လင်းမြစ် စသည်တို့သည် ရွှေ၊ ကျောက်မီးသွေးနှင့် သယံဇာတသတ္တု ထုတ်လုပ်မှုများကြောင့် ထိခိုက်မှုများ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ယခင်ကာလ၌ မယ်ဆိုင်မြို့နှင့်တာချီလိတ်မြို့များတွင် ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သော်လည်း နုံးပါဝင်မှုမများခဲ့ဘဲ ယခုတစ်ကြိမ် ရေကြီးမှုမှာ နုံးပါဝင်မှု အများဆုံးဖြစ်ခဲ့ပြီး ပြန်လည်ဖယ်ရှားရန် အခက်ခဲဆုံးနှင့် ကုန်ကျစားရိတ် အများဆုံးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ယခုနှစ်အတွင်း ထိုင်းအစိုးရ၏ လေ့လာမှုများအရ မယ်ဆိုင်မြစ်၏ ရေကြောင်းတစ်လျှောက် မျောပါလာသော နုံးများတွင် အာဆင်းနစ်၊ နီကယ်လ်နှင့် ဇင့် ပါဝင်မှု အများဆုံးဖြစ်ပြီး ဇင့်ပါဝင်မှုမှာသတ်မှတ်ထားသည့် ပမာဏထပ်ယက် ၁၈ ဆ ပိုများ နေတယ်လို့ သိရပါတယ်
မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ UWSA (ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်) လက်အောက်ခံဒေသများဖြစ်သော မိုင်းကန်း၊ နားယောင်း အနီးတစ်ဝိုက်နှင့် စစ်ကောင်စီလက်အောက်ခံ မယ် ကြုတ်ရွာ များတွင် လွန်ခဲ့သည့် ၂နှစ်ခန့် မှစပြီး ရွှေတူးဖော်ထုတ်လုပ်မှုများ ပိုမိုများပြားလာခဲ့မှုကြောင့် မြစ်ဘေးရှိ တောင်၏ အစိတ်အပိုင်းတချို့မှာ တိုက် စားခံရကာ ခဲဓာတ်များသော ကန်များအဖြစ်သို့ ပြောင်းလဲသွားပြီး အဆိုပါ ကန်များတွင် ရွှေတူးဖော်ရာ၌ အသုံး ပြု သည့် ဆိုင်ယာနိုက်ကဲ့သို့သော အဆိပ်ရှိဓာတုပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
========================
📌📌 ၆။ ဟင်္သာတထောင်တွင် နိုင်ကျဉ်းတဦးကို ထောင်ဝန်ထမ်းမှ အရက်မူးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့
ဧရာဝတီတိုင်း၊ ဟင်္သာတ အကျဉ်းထောင်၊ အဆောင် (၄) မှာ နိုင်ငံရေးအကျဉ်းသား တဦးကို အကျဉ်းဦးစီးဝန်ထမ်း တပွင့်အဆင့်ရှိ အောင်ကျော်မြင့်မှ အရက်မူးပြီး လူမဆန်စွာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (PPMN) က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၁၁) ရက်နေ့ ည (၈) နာရီဝန်းကျင်မှာ ထောင်ဝန်ထမ်း အောင်ကျော်မြင့်ဟာ နိုင်ကျဉ်း တဦးဖြစ်တဲ့ ကိုရှိုင်းထက်ဇော်အား ဘာယာတန်း (သံတိုင်အခန်း အပြင်ဘက်) ခေါ်ထုတ်ပြီး အကြောင်းပြချက်မရှိဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။
ရိုက်နှက်ခံခဲ့ရတဲ့ ကိုရှိုင်းထက်ဇော်ဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သဖြင့် ပုဒ်မ ၅၀ (ည) ၊ ၅၁ (က) တို့ ဖြင့် ဟင်္သာတ အကျဉ်းထောင်မှာ မတရား ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
၎င်း ထောင်ဝန်ထမ်း အောင်ကျော်မြင့်ဟာ အရက်မူးလာချိန်တိုင်း နိုင်ငံရေး အကျဉ်းသားများကို အခုလို ခေါ်ထုတ်ပြီး မကြာခဏ ရိုက်နှက်တက်ပြီး ၎င်းရဲ့ အရက်သောက်ဖက်ဖြစ်တဲ့ ထောင်ပိုင် သန်းဇော်ထွေးမှလည်း အရေးယူတာ မရှိသလို ကိုယ်တိုင် အမိန့်ပေးစေခိုင်းမှုများလည်း ပြုလုပ်နေတယ်လို့ PPNM က ဆိုပါတယ်။
အကျဉ်းထောင် အတွင်းက နိုင်ကျဉ်းများ အနေဖြင့် အသက်ရှင်သန်ခွင့်များပင် ဆုံးရှုံးနေရာ၊ အခြားသော လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေးများမှာ ပို၍ပင် ချိုးဖောက်ခံနေရတာကြောင့် ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများ၊ သပိတ်အင်အားစုများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းများ အနေနဲ့ လက်တွေ့ ကျတဲ့ ကူညီမှုများ၊ ထိရောက်တဲ့ အရေးယူမှုများ၊ လူမှုရေး ပြစ်ဒဏ်ပေးမှုများ ပြုလုပ်ပေးကြဖို့ PPNM က တိုက်တွန်းထားပါတယ်။
========================
📌📌 ၇။ နိုဝင်ဘာလအတွင်း အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၂၅) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းမှာ (၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရ
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ (၂၇) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၂၅) ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပဲခူးတိုင်းမှာ (၈) ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပြီး မွန်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့မှာ (၅) ဦးစီဖြင့် ဒုတိယအများဆုံး ဖမ်းဆီးခံခဲ့ရတယ်လို့ ဖော်ပြပါတယ်။
နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ စစ်အုပ်စုက အာဏာသိမ်းပြီးနောက် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သော (၈၈) မျိုးဆက်ငြိမ်းချမ်းရေး ပွင့်လင်းလူ့အဖွဲ့အစည်း အဖွဲ့ဝင်ဟောင်း ကိုအောင်ခိုင်နှင့် တက်ကြွလှုပ်ရှားသူ ဒေါက်တာအောင်ဖြိုးတို့အား အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့ပါတယ်။
မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၂၆) ဦးရှိပြီး ထိုအထဲမှ (၂၁၁၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၄၂) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက် စစ်ကောင်စီမှ ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိသော်လည်း မန္တလေး PDF မှ အပြည့်အဝ ထိန်းချုပ်ထားဟု ထုတ်ပြန်
အကြမ်းဖက် စစ်ကောင်စီသည် ၄င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်စခန်းများနှင့် နယ်မြေများကို ပြန်လည်ရရှိရန် ကြိုးစားလျက်ရှိသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ (၂၇) ရက်နေ့ မနက် (၉:၁၅) အချိန်တွင် မတ္တရာမြို့နယ်၊ လက္ကောင်းကြီးကျေးရွာအုပ်စု၊ လက္ကောင်းကြီးရွာသစ်ရှိ ဓမ္မာရုံအား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီမှ ဒရုန်းဖြင့် လာရောက်တိုက်ခိုက်သောကြောင့် ကိုရင်(၁)ပါး နှင့် အမျိုးသမီးငယ် (၂)ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
မတ္တရာမြို့နယ်၊ သပိတ်ကျင်းမြို့နယ် နှင့် နောင်ချိုမြို့နယ်တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် အကြမ်းဖက် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ပြည်သူကို ပစ်မှတ်ထား၍ စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ လယ်ဒိုမြို့နယ်တွင် (၇) ရက် အတွင်း ပြည်သူ (၆) ဦး ထိခိုက်ပြီး နေအိမ် (၃) လုံး၊ ဆေးပေးခန်း (၂) ခန်း၊ ဆန်စက် (၁) လုံးနှင့် ပြည်သူပိုင်အဆောက်အဦး (၂)လုံး ပျက်စီးခဲ့ရသည့် အပြင် ပြည်သူ (၁) ဦးမှာလည်း အကြောင်းမဲ့ဖမ်းဆီးခြင်း ခံခဲ့ရ
လယ်ဒိုမြို့နယ်တွင် နိုဝင်ဘာလ (၂၀) ရက်နေ့မှစ၍ (၂၆) ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာတွင်းသို့ လက်နက်ကြီး (၁၈)လုံး၊ ဒရုန်းဖြင့် (၂၀)ကြိမ် ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ (၆)ဦး ထိခိုက် ဒဏ်ရာရရှိပြီး၊ နေအိမ်(၃)လုံး၊ ဆန်စက်(၁)လုံး၊ ဆေးခန်း (၂) ခန်းနှင့် ပြည်သူပိုင်အဆောက်အဦး (၂)လုံး ပျက်စီးခဲ့ရသည့်အပြင် အပြစ်မဲ့ ပြည်သူ (၁) ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ပိန်းဇလုပ် အခြေစိုက်တပ် ခလရ-၂၆၄ မှ ၁၂၀ မမ လက်နက်ကြီး (၂) လုံးကို ရေတွင်းကုန်းကျေးရွာ ချိန်းချောင်းတံတားတွင် (၁)လုံး၊ အလယ်ကျွန်းကျေးရွာတွင် (၁)လုံး ပစ်ခတ်ခဲ့ကာ ဒရုန်းဖြင့် ကညင်ကြိုးကျေးရွာတွင် (၃)လုံး၊ ကျောင်းကုန်းကျေးရွာတွင် (၁)လုံး စုစုပေါင်း (၄)လုံးနှင့် စဉ့်အိုးလာကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် နံဇကျေးရွာတွင် (၃)လုံး စုစုပေါင်း(၇)လုံး ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုပစ်ခတ်မှုကြောင့် ကညှင်ကြိုးကျေးရွာမှ ဒေါ်ခင်စန်းဝင်း (၅၅) နှစ်ဟာ လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့သည့်အပြင် သူမ၏နေအိမ် (၁) လုံးလည်း ပျက်စီးခဲ့ရပြီး ကျောင်းကုန်းကျေးရွာမှ ဦးအနား၏ နေအိမ် (၁)လုံး နှင့် ဆန်စက် (၁)လုံး ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပင် သူဌေးကုန်းကျေးရွာတွင် နေရာယူထားသော စစ်ကောင်စီတပ်မှ ဂရုပ်ကုန်းတွင် လက်နက်ကြီး ၈၁မမ (၄)လုံး ပစ်ခတ်ခဲ့သောကြောင့် ဂရုပ်ကုန်းကျေးရွာမှ ဦးကျော်မင်းထူး (၆၆)နှစ် လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိရသည့်အပြင် ခလရ-၂၆၄ မှ ပိန်းဇလုပ် အဝင် ဂိတ်တွင် အလယ်ကျွန်းကျေးရွာမှ မဇာနီဝင်း ကိုလည်း အကြောင်းမဲ့ ဖမ်းဆီးထားခဲ့ပါတယ်။
နိုဝင်ဘာလ (၂၁) ရက်နေ့၌ ခလရ-၂၆၄မှ ဒရုန်းဖြင့် ကျောင်းကုန်းကျေးရွာနှင့် ဝါချဲကျေးရွာတွင် လက်နက်ကြီး (၉)လုံး၊ ဂရုပ်ကုန်းတွင် (၂)လုံး စုစုပေါင်း(၁၁)လုံး ပစ်ခတ်ခဲ့ပြီး ကညင်ကြိုးကျေးရွာအတွင်းသို့ ၁၂၀မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သောကြောင့် ကညင်ကြိုးကျေးရွာမှ ဒေသခံ(၄)ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်(၁)လုံး ပျက်စီးခဲ့ရသည့်အပြင် တစ်ချိန်တည်းမှာပင် ကုန်းချောင်းဝမှ နေရာယူထားသော စစ်ကောင်စီ တပ်များလည်း တလှိုင်းခင်ကျေးရွာတွင် လက်နက်ကြီး ၁၂၀ မမ (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ ဖောပြထားပါတယ်။
နိုဝင်ဘာလ (၂၂) ရက်နေ့တွင် ခလရ-၂၆၄မှ လိန်ပင်ကျေးရွာသို့ လက်နက်ကြီး ၁၂၂မမ (၁)လုံး ပစ်ခတ်ခဲ့ပြီး (၂၃) ရက်နေ့တွင် နတ်သံကွင်းရှိ စကစတပ်များမှ နိုဖိုးကျေးရွာတွင် လက်နက်ကြီး (၁၂၀) မမ (၁) လုံးပစ်ခတ်ခဲ့ကာ (၂၄) ရက်နေ့တွင် ကျောက်တံခါးရှိ စစ်ကောင်စီတပ်များသည် ဖျံတလင်းကျေးရွာနှင့် ခိုလိုကျေးရွာအတွင်းသို့ (၆၀)မမ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သည့်အပြင် (၂၆)ရက်နေ့တွင် နတ်သံကွင်းရှိ စစ်ကောင်စီတပ်မှ သူးကဘီး (ကျွဲတလင်း)ကျေးရွာ ဆေးပေးခန်းကို ဒရုန်းဖြင့် (၁) ကြိမ်၊ လက်နက်ကြီး (၁၂၀) မမ (၁) လုံးနှင့် တောကြောင် ပေါက်ရွာအတွင်းသို့ ဒရုန်းဖြင့် (၁) ကြိမ် ဗုံးကျဲခဲ့သောကြောင့် သူးကဘီး (ကျွဲတလင်း) ကျေးရွာ ဆေးပေးခန်းရှိ ဆေးခန်း (၂) ခန်း နှင့် အခြားအဆောက်အဦး (၂)လုံး ပျက်စီးခဲ့ရသလို ကုန်းချောင်းဝ စကစတပ်များမှ တောကြောင်ပေါက်ကျေးရွာသို့ (၁၂၀) မမ (၁) လုံး၊ နတ်သံကွင်း စကစတပ်မှ ပဲသောင် ကျေးရွာသို့ လက်နက်ကြီး (၁၂၀) မမ (၂)လုံး ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ လွိုင်ကော်မြို့နယ်က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီး တဦး အပါအဝင် သေဆုံးမှုများခဲ့ကာ (၅) ဦး အရှင်ဖမ်းမိ
ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လင်ဖုန်းလေးကျေးရွာ အနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ခွဲမှူး ဗိုလ်ကြီး (၁) ဦး အပါအဝင် ထိခိုက်သေဆုံးမှု များခဲ့ကာ (၅) ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ (၂၅) ရက်နေ့ ညနေ (၆) နာရီခန့်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (LKL PDF) တပ်ရင်း အမှတ် (၂)၊ တပ်ရင်း အမှတ် (၃)၊ KNDF BO-2 ၊ PNLA ပူးပေါင်းတပ်များက ပြန်လည် ခုခံ ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ၃၀ ကျော် ရှိခဲ့ပြီး စစ်သုံ့ပန်း (၅) ဦး ဖမ်းဆီးရမိခဲ့ကာ MA-1 (၁၀) လက်၊ MA-2 (၂) လက် ၊ MA-3 (၄) လက် ၊ MA-11 (၄) လက်၊ MA-4 (၁) လက်၊ ငါးကြင်းမြှီး (၁) လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့တယ်လို့ Loikaw Local PDF က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ ဒုစစ်ဦးစီးချုပ် မာဝီကလည်း “တပ်မ - ၆၆ လက်အောက်ခံ ခလရ - ၈၀ မှ ဗိုလ်ကြီးလင်းဇော် မိသားစု မုန့်ဟင်းခါး ချက်လို့ရပါပြီ” လို့ Facebook စာမျက်နှာမှာ ရေးတင်ထားပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်းမှ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း ရှိနေပြီး တပ်ပျက်ကာ ယာယီ တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
ကရင်နီ တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကိုလည်း စစ်ကောင်စီတပ်မှ ပြန်လည်သိမ်းပိုက်တော့မည်ဆိုတဲ့ စာများ လေကြောင်းကနေ ကြဲချခဲ့ကာ ၎င်းစာများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ချကြဖို့ စည်းရုံးရေးသားထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကြိုးဝကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြိုးဝကျေးရွာ အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် (၃၀) ဦးခန့် သေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ်-၄ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ (၂၂) ရက်နေ့က ကြိုးဝင်ကျေးရွာအတွင်း ဝင်ရောက်လာပြီး နေအိမ်များကို ဖောက်ထွင်းနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို သရက်ခရိုင် အမှတ် (၄) တပ်ရင်းနှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) တို့က ဒရုန်းဖြင့် (၆၀) မမ ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ (၄) ဦး ဒဏ်ရာရပြီး ပြန်ဆုတ်သွားတယ်လို့ ဆိုပါတယ်။
ကျေးရွာအတွင်းမှ ဆုတ်ခွာပြီး ရွာအနီးမှာ တပ်စွဲထားတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို နိုဝင်ဘာလ (၂၆) ရက်နေ့ မနက် (၆) နာရီခန့်မှာ သရက်ခရိုင် အမှတ်-၄ တပ်ရင်း၊ တပ်ခွဲ (၁) နဲ့ တပ်ခွဲ (၃) တို့မှ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် (၃၀) ခန့် သေဆုံးကာ တပ်ကြပ် အဆင့်ရှိ စစ်သုံပန်း (၁) ဦး ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မှလည်း ခွဲမှူး (၁) ဦးနဲ့ ရဲဘော် (၁) ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြပါတယ်။
ထို့အပြင် တိုက်ပွဲအတွင်း MA-1 (၃) လက်၊ MA-3 (၄) လက်၊ (၄၀) မမ ဗုံးပစ်လောင်ချာ (၁) လက်၊ ငါးကြင်းမြှီး စက်လက် (၁) လက်၊ (၆၀) မမ စိန်ပြောင်း (၁) လက်၊ ကင်းထောက် ဒရုန်း (၁) စီး၊ တိုက်ခိုက်ရေး ဒရုန်း (၁) စီး၊ 5.56 ကျည် (၁,၈၀၀) တောင့်၊ စက်လက်ကျည် (၄၅၀) တောင့်၊ (၆၀) မမ ဗုံးသီး (၇) လုံးနဲ့ ဒေသခံများထံက ခိုးယူထားတဲ့ ရွှေလက်ကောက် (၃) ကွင်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းမှာ ကပစ - ၁၂ (သရက်)၊ ခလရ - ၄၄ (သရက်)၊ တပ်မ - ၈၈ (မကွေး)၊ ကပစ - ၁၈ (တောင်တွင်းကြီး) နဲ့ မင်းတုန်းမြို့နယ်မှ ပျူခေါင်းဆောင် ဖိုးပြားနဲ့ ပျူ (၅) ဦး ပါဝင်ပြီး အင်အား (၁၀၀) ဝန်းကျင်ခန့် ပါရှိပြီး နိုဝင်ဘာလ (၁၈) ရက်နေ့တည်းက စတင်စစ်ကြောင်းထိုးနေခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ ၃ ဒသမ ၄ သန်းအထိ ရှိလာပြီး စံချိန်တင် များပြားလာ
မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ စံချိန်တင် များပြားလာပြီး၊ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်တယ်လို့ နိုဝင်ဘာလ (၂၇) ရက်မှာ UN OCHA Myanmar က အသိပေးဖော်ပြပါတယ်။
မရပ်မနားဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်နေပြီး အရပ်သား ကာကွယ်စောင့်ရှောက်ရေး လိုအပ်ချက်တွေနဲ့အတူ မြန်မာနိုင်ငံက လူသားချင်းစာနာမှုအကျပ်အတည်းဟာ ဆက်လက်ဆိုးဝါးနေဆဲဖြစ်ပါတယ်။လက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးနဲ့စစ်တပ်တို့အကြားက ပဋိပက္ခဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ပြင်းထန်လာခဲ့ပြီးနောက်မှာ တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၅ ခုရဲ့ ၁၂ ခုဟာ တိုက်ပွဲဒဏ်ကို ခံနေရပါတယ်။ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ဆင်ရေးနဲ့ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးရတာဟာ စံချိန်တင်များပြားလာပြီး၊ နိုင်ငံတစ်ဝန်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၄ သန်းရှိလာပြီဖြစ်တယ်လို့ဖော်ပြပါတယ်။
ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ သွားလာခွင့်တွေကို အဟန့်အတားမရှိ ခွင့်ပြုပေးရမှာဖြစ်ပြီး၊ အရပ်သားပြည်သူတွေဆီ လူမှုဘဝကယ်ဆယ်ရေး အကူအညီတွေရောက်ရှိဖို့ ရှုပ်ထွေးတဲ့ ကန့်သတ်ချက်တွေ ဖယ်ရှားပေးရမယ်လို့ ဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment