၂၀၂၄ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လွတ်လပ်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းသစ်အတွက် ဆီးရီးယားပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ယာယီသမ္မတဒူဝါလရှီးလဆို
📌 ၂။ ဝန်ကြီးဒေါက်တာဆာဆာနှင့် မယ်ရီလန်းပြည်နယ်ရှိ မြန်မာပြည်သူများတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်တက်ရောက်
📌 ၃။ လေကြောင်းရန်နဲ့စစ်ကြောင်းရန်တွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့ လူ့အခွင့်ရေးလိုလားတဲ့ဆန္ဒကို မတားဆီးနိုင်ခဲ့
📌 ၄။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ဆက်လက်တိုက်ဖျက်ဖို့၂၀၂၅ မှစတင်ပြီး ယူရို (၁၀) သန်းကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂဟာ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီးကိုင်တွယ်ဖြေရှင်းရာမှာ အသုံးပြုဖို့ ကတိကဝတ် ပြုထား
📌 ၅။ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)တွင် လျှောက်တင်ထားသည့်ရိုဟင်ဂျာ အမှု IIMMယန္တရားက အချက်အလက်များ ပိုတိုးကာ မျှဝေထား
📌 ၆။ အမျိုးသားအကျဉ်းဦးစီးဝန်ထမ်းများကိုယ်တိုင် ဥပဒေမဲ့ မတရား ရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး (၁၈)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရသည့်အပြင် အနည်းဆုံး (၅)ဦးတိုက်ပိတ်ခံရ
📌 ၇။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြို ချီတက်ပွဲနဲ့ မြန်မာအရေးပါဝင်နေတဲ့တရုတ်ကိုကန့်ကွက်ဆန့်ကျင်ကြောင်းနော်ဝေရောက်မြန်မာအင်အားစုများဆန္ဒထုတ်ဖော်
📌 ၈။ အမေရိကန်ပြည်ထောင်စုဆန်ဖရန်ဗေးဧရိယာမှာကျင်းပတဲ့ ၃၆ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ၁၃၀၀၀ ကျော်ရရှိ
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၈)ဗျူဟာမှ ပြုလုပ်သော တွဲလက်ပူးပေါင်းဗျူဟာ(၈)စစ်ကြောင်း"Campaignမှာ ပြည်သူများပူးပေါင်းပါဝင်ဖို့ KNDFဒုစစ်ဦးချုပ်ဖိတ်ခေါ်
🚩 ၂။ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ်ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အသိပေး
🚩 ၃။ ယင်းမာပင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်၏ နင်းမိုင်းကြောင့် အရပ်သား၊ပြည်သူ (၁)ဦး အပြင်းထန်ဒါဏ်ရာရကာ ခြေထောက်ဆုံးရှုံးသွားခဲ့ရ
🚩 ၄။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ အကြမ်းဖက်တပ်ဖွဲ့ဝင်များက ညအချိန် လူငယ်များကိုပေါ်တာဆွဲ
🚩 ၅။ “ကြာအင်းဆိပ်ကြီးမြို့နယ် CDM camp မှာ တပ်၊ ရဲ CDM မိသားစုများကို ပြည်သူ့ပန်းတိုင်မှငွေကျပ် (၁၅) သိန်း ထောက်ပံ့"
🚩 ၆။ တနိုင်ငံလုံးကစစ်ဆင်ရေးနဲ့တိုက်ပွဲတွေမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တွေပါဝင်ဆင်နွှဲနေတယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လွတ်လပ်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းသစ်အတွက် ဆီးရီးယားပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်း ယာယီသမ္မတဒူဝါလရှီးလဆို
ဒီဇင်ဘာ၉ရက်
လွတ်လပ်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းသစ်အတွက် ဆီးရီးယားပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိကြောင်းယာယီသမ္မတဒူဝါလရှီးလက ဒီဇင်ဘာ၉ရက်
ဆိုရှယ်မီဒီယာXမှာ ယာယီသမ္မတကဆိုထားပါတယ်။
"လွတ်လပ်မှု၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် အားလုံးပါဝင်နိုင်သော လူ့အဖွဲ့အစည်းသစ်အတွက် ကျွန်ုပ်တို့သည် ဆီးရီးယားပြည်သူများနှင့်အတူ ရပ်တည်လျက်ရှိပါတယ်။ အာဏာရှင်တွေ အားလုံး ကျဆုံးကုန်ပြီ"လို့ဆိုပါတယ်။
လက်ရှိမှာ ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့ဟာတော်လှန်ရေးအင်အားစုများလက်ထဲကျရောက်ပြီဖြစ်ကာအာဏာရှင် ဘာရှားအယ်လ်အာဆတ်ဟာထွက်ပြေးသွားခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၂။ ဝန်ကြီးဒေါက်တာဆာဆာနှင့် မယ်ရီလန်းပြည်နယ်ရှိ မြန်မာပြည်သူများတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်တက်ရောက်
ဒီဇင်ဘာ ၉ ရက်
အမေရိကန်နိုင်ငံ မယ်ရီလန်းမြို့တွင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် မယ်ရီလန်းပြည်နယ်ရှိ မြန်မာမိသားစုများတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ဒေသစံတော်ချိန် ဒီဇင်ဘာ (၇) ရက်နေ့တွင် ကျင်းပခဲ့သည့် တွေ့ဆုံပွဲတွင် ဝန်ကြီးဒေါက်တာဆာဆာ၊ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်နှင့်အတူ စီမံကိန်းဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့လည်း တက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။
တွေ့ဆုံပွဲတွင် Women for Myanmar အဖွဲ့က စားသောက်ဖွယ်ရာများစီစဉ်ပြီး တိုင်းရင်းသား ရိုးရာအကများနှင့် ကြိုဆို ဖျော်ဖြေခဲ့ကြပြီး ဝန်ကြီးဒေါက်တာဆာဆာမှလည်း တော်လှန်ရေး တေးသီချင်းများ သီဆိုဖျော်ဖြေပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှ ဒေါက်တာဆာဆာ၊ ဒေါက်တာဇော်ဝေစိုးတို့ကဲ့သို့ အသိပညာ အတတ်ပညာရှင်များက တော်လှန်ရေးစတင်ချိန်ကတည်းက ပါဝင်နေခြင်းဖြစ်ကြောင်း၊ သွေးသစ္စာသီချင်းကို ကြားရချိန်တိုင်း စိတ်လှုပ်ရှားကြောင်း၊ စစ်ကြောရေးအတွင်းနှိပ်စက်ခံရချိန်ကပင် ရိုက်နှက်ခံကာ သီဆိုခဲ့ရကြောင်း၊ ယခုအခါ တော်လှန်ရေးတေးသီချင်းအဖြစ် လွတ်လပ်စွာသီဆိုနိုင်တော့မှာဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
"ဒီသီချင်းဟာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေးတို့မှာ လွတ်လွတ်လပ်လပ်နဲ့ ဆိုနိုင်ရန်အတွက်ကို ကျွန်တော်တို့ ဝိုင်းဝန်း ကြိုးစားနေတာဖြစ်တယ်၊ ဒီလိုပွဲမျိုးမှာ ဒီသီချင်းကို ဆိုခွင့်ရသလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လွတ်လွတ်လပ်လပ်နဲ့ ဆိုခွင့်ရဖို့ လုပ်ဆောင်ကြဖို့ ပြောကြားလိုပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးဦးထင်လင်းအောင်က ပြောကြားခဲ့သည်။
ဝန်ကြီးဒေါက်တာဆာဆာသည် မြန်မာ့အရေး ရှေ့ဆက်မဟာဗျူဟာအတွက် အမေရိကန်အစိုးရတာဝန်ရှိသူများ၊ လွှတ်တော် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရေး၊ မြန်မာပြည်သူများကို တွေ့ဆုံ၍ ညီညွတ်ရေး၊ တိုက်တွန်းရေးတို့အတွက် အမေရိကန်ကိုရောက်ရှိနေခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
တွေ့ဆုံပွဲအတွင်း မြန်မာပြည်တွင်းရှိ ပြည်သူများအတွက် ဒေါက်တာဆာဆာတီးခတ်ခဲ့သည့် ဂစ်တာတစ်လုံးကို ရန်ပုံငွေအဖြစ် ရောင်းချပေးခဲ့သည်။
========================
📌📌 ၃။ လေကြောင်းရန်နဲ့စစ်ကြောင်းရန်တွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့ လူ့အခွင့်ရေးလိုလားတဲ့ဆန္ဒကို မတားဆီးနိုင်ခဲ့
လေကြောင်းရန်နဲ့စစ်ကြောင်းရန်တွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့ လူ့အခွင့်ရေးလိုလားတဲ့ဆန္ဒကို မတားဆီးနိုင်ခဲ့ဘူးလို့ ဒီဇင်ဘာ၉ရက်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုရှယ်မီဒီယာမှတဆင့်ဆိုထားပါတယ်။
"လေကြောင်းရန်တွေ စစ်ကြောင်းရန်တွေ ရှိနေပေမယ့် ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို လိုလားတဲ့ဆန္ဒကို မတားဆီးနိုင်ခဲ့ပါဘူး။ တော်လှန်ရေး သတိ လုံခြုံရေးအသိအပြည့်နဲ့ မြေပြင်မှာ အခုလိုမျိုး လူ့အခွင့်အရေးနေ့ အခမ်းအနားတွေ ဟောပြောပွဲတွေကို ကျင်းပနိုင်ခဲ့ပါတယ်။သာမန် အခမ်းအနား မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ လူ့အခွင့်အရေး လိုလားတောင်းဆိုမှုကို ပြသတဲ့ အခမ်းအနားပါ။
ပြည်သူတွေအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ကြားကာလ အုပ်ချုပ်ရေးတာဝန်ခံတွေ ပူးပေါင်းဆောင်ရွက်တဲ့ အခမ်းအနားပါ။လူ့အခွင့်အရေးမြို့နယ် တာဝန်ခံတွေနဲ့ ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်တဲ့ အခမ်းအနားပါ"လို့ဝန်ကြီးကဆိုပါတယ်။
ဒီဇင်ဘာလ (၁၀) ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပြီးတကမ္ဘာလုံးမှာရှိတဲ့ လူ့အခွင့်အရေးလိုလားလှုပ်ရှားသူများကလူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လူအများကသိမြင်ပါဝင်လာနိုင်ကြအောင် နည်းလမ်းမျိုးစုံဖြင့် ပုံဖော်လှုပ်ရှားကြပါတယ်။
========================
📌📌 ၄။ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ဆက်လက်တိုက်ဖျက်ဖို့၂၀၂၅ မှစတင်ပြီး ယူရို (၁၀) သန်းကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂဟာ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီးကိုင်တွယ်ဖြေရှင်းရာမှာ အသုံးပြုဖို့ ကတိကဝတ် ပြုထား
ဒီဇင်ဘာ၉ရက်
ဒီဇင်ဘာ၉ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်H.E. Ranieri Sabatucciမှ အခုလိုထုတ်ပြန်ပြောဆိုပါတယ်။
ဂျန်ဒါအခြေပြု အကြမ်းဖက်မှု (GBV) ဆန့်ကျင်ရေးလှုပ်ရှားမှု ၁၆ ရက်တာကမ်ပိန်း အဆုံးသတ်မှာတော့ GBV ကို တွေ့ကြုံခံစားခဲ့ရသူတွေ၊ GBV ကို တိုက်ဖျက်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေသူတွေနှင့် လွတ်မြောက်လာသူတွေကို ကာကွယ်ပေးနေသူအားလုံးရဲ့ ခွန်အား၊ သတ္တိနှင့် ကြံ့ကြံ့ခံနိုင်မှုတွေကို အချိန်ပေးပြီး အသိအမှတ်ပြုချင်ပါတယ်။ GBV ဆိုတာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ပြီး ကမ္ဘာ့ လူမှုအသိုက်အဝန်းကြီး တစ်ခုလုံးအပေါ်သက်ရောက်မှု ရှိနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံအပေါ်လည်း ခြွင်းချက်မရှိ သက်ရောက်နေပါတယ်။ဒီကမ်ပိန်းဟာ အသိပညာပေးရုံမျှသာမက၊ အရေးတယူဆောင်ရွက်မှု၊ စည်းလုံးမှုနှင့် ထုတ်ဖော်ပြောဆိုမှုလည်း ဖြစ်ပါတယ်။ ဖွင့်ဟပြောဆိုကာ တရားမျှတမှုကို လိုလားပြီး အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုလုံးဝမရှိသော၊ အိမ်၊ ကျောင်း၊ လုပ်ငန်းခွင်နှင့် အခြားအများပြည်သူနှင့် ပုဂ္ဂလိကဆိုင်ရာ မည်သည့်နေရာမှာမဆို ဒါကို လက်သင့်မခံသော မြန်မာ့လူမှုအဖွဲ့အစည်းတစ်ရပ် တည်ဆောက်ဖို့အတွက် တစ်ဦးတစ်ယောက်ချင်းစီကနေ စတင်ပါတယ်"လို့ဆိုပါတယ်။
ကမ်ပိန်းအဆုံးသတ်သွားပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂဟာ မိတ်ဖက်အဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီး ဂျန်ဒါအခြေပြုအကြမ်းဖက်မှုကို ဆက်လက်တိုက်ဖျက်ဖို့ ကတိကဝတ်ပြုပါတယ်။၂၀၂၅ မှစတင်ပြီး ယူရို (၁၀) သန်းကို ဖော်ပြပါကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အသုံးပြုဖို့ ကတိကဝတ် ပြုထားတယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၅။ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)တွင် လျှောက်တင်ထားသည့်ရိုဟင်ဂျာ အမှု IIMMယန္တရားက အချက်အလက်များ ပိုတိုးကာ မျှဝေထား
ဒီဇင်ဘာ၉ရက်
နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)တွင် လျှောက်တင်ထားသည့်ရိုဟင်ဂျာ အမှု IIMMယန္တရားက အချက်အလက်များ ပိုတိုးကာ မျှဝေထားကြောင်း ဒီဇင်ဘာ၉ရက်မှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားIIMMကထုတ်ပြန်အသိပေးဆိုပါတယ်။
မြန်မာနိုင်ငံသည် လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်အရ ရိုဟင်ဂျာများကို ကျူးလွန်သည့် လူမျိုးပြုန်းစေမှုမှ ကာကွယ်ရန်နှင့် ကျူးလွန်မှုကို အပြစ်ပေးအရေးယူရန် ဝတ္တရားပျက်ကွက်ခဲ့သည်ဟူ၍ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)တွင် လျှောက်တင်ထားသည့် အမှု၏ အဓိကအချက်ဖြစ်ပါတယ်။အိုင်စီဂျေတွင် နှုတ်ဖြင့် လျှောက်လဲချက်များကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ရာ၊ ယန္တရားသည်လည်း သက်ဆိုင်ရာအဖွဲ့များနှင့် အချက်အလက်များ၊ စိစစ်သုံးသပ်ချက်များကို ပိုတိုးကာ မျှဝေထားပါတယ်။ ထိုမှသာ တရားသူကြီးများအနေဖြင့် အကောင်းဆုံးသော အထောက်အထားများကို ရရှိပြီး ၂၀၁၇ခုနှစ် ရှင်းလင်းစစ်ဆင်ရေးများတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည့် ရိုဟင်ဂျာများကိုကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်ပြီး အချက်အလက်မှန်များကို ဆုံးဖြတ်ချက်ချနိုင်မှာဖြစ်တယ်"လို့ဖော်ပြပါတယ်။
၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက လူမျိုးပြုန်းစေမှုဆိုင်ရာစာချုပ်ကို တညီတညွတ်တည်း ပြဌာန်းခဲ့ပြီး ယင်းစာချုပ်တွင် လူမျိုးပြုန်းစေသည့် ရာဇဝတ်မှုနှင့် နိုင်ငံသား၊ လူမျိုးစု၊ မျိုးနွယ်စု၊ လူမျိုးနှင့် ဘာသာရေးအစုအဖွဲ့များ၏ ဖြစ်တည်မှုကို ကာကွယ်စောင့်ရှောက်ရန် အဖွဲ့ဝင်နိုင်ငံများက လိုက်နာရမည့် လုပ်ဆောင်ချက်များကို အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ပထမဦးဆုံးသော ဥပဒေဆိုင်ရာ စာတမ်းတစ်စောင်ဖြစ်ပါတယ်။
========================
📌📌 ၆။ အမျိုးသားအကျဉ်းဦးစီးဝန်ထမ်းများကိုယ်တိုင် ဥပဒေမဲ့ မတရား ရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး (၁၈)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရသည့်အပြင် အနည်းဆုံး (၅)ဦးတိုက်ပိတ်ခံရ
ဒီဇင်ဘာ၉ရက်
၂၀၂၄ ခုနှစ်အတွင်း အမျိုးသားအကျဉ်းဦးစီးဝန်ထမ်းများကိုယ်တိုင် ဥပဒေမဲ့ မတရား ရိုက်နှက်ခဲ့မှုများကြောင့် နိုင်ငံရေးအကျဉ်းသူ အနည်းဆုံး (၁၈)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ရသည့်အပြင် အနည်းဆုံး (၅)ဦးသည် တိုက်ပိတ်ပြစ်ဒဏ်များကိုပါ နောက်ဆက်တွဲအနေဖြင့် ပြစ်ဒဏ်ပေးခံခဲ့ကြရတယ်လို့ ဒီဇင်ဘာ၉ရက်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကအသိပေးဖော်ပြပါတယ်။
မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၉၇) ဦးရှိပြီး ထိုအထဲမှ (၂၁၂၃၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၉၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့AAPPမှတ်တမ်းများအရသိရပါတယ်။
========================
📌📌 ၇။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြို ချီတက်ပွဲနဲ့ မြန်မာအရေးပါဝင်နေတဲ့တရုတ်ကိုကန့်ကွက်ဆန့်ကျင်ကြောင်းနော်ဝေရောက်မြန်မာအင်အားစုများဆန္ဒထုတ်ဖော်
ဒီဇင်ဘာ၈ရက်
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အကြို ချီတက်ပွဲနဲ့ မြန်မာအရေးပါဝင်နေတဲ့ တရုတ်ကိုကန့်ကွက်ဆန့်ကျင်ကြောင်းကို ဒီဇင်ဘာ၇ရက်မှာ နော်ဝေရောက်မြန်မာအင်အားစုများက တညီတညွတ်တည်းလှုပ်ရှားခဲ့ကြပါတယ်
အဆိုပါချီတက်ဆန္ဒပြပဲဲတွင် နော်ဝေအစိုးရရဲ့ အာဏာရလေဘာပါတီက အမျိုးသမီး ပါလီမန်အမတ်နဲ့အတူ လက်ဝဲပါတီက အမျိုးသား ပါလီမန်အမတ် တဦး၊ အော်စလိုတက္ကသိုလ်က ပါမောက္ခကြီး ခရစ်ရှန်စတော့ကဲ၊ NUG နော်ဝေကိုယ်စားလှယ် ဦးမောင်မောင်မြင့်၊ နော်ဝေရောက် ဗီယက်နမ် ခိုလှုံသူများအသင်းကအမျိုးသမီး နှစ်ဦးတို့က မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေက လူ့စာခွင့်အရေး ချိုးဖောက်ခံရမှုတွေအကြောင်း ဟောပြောခဲ့ကြပါတယ်။
အခမ်းအနားကို အခမ်းအနားမှူးအဖြစ်ဗီယက်နမ်က ကိုယ်စားလှယ်နဲ့ CRPH Support Group (Norway) က အထွေထွေအတွင်းရေးမှူး မဝတ်မှုန်တို့က ဦးဆောင်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၈။ အမေရိကန်ပြည်ထောင်စုဆန်ဖရန်ဗေးဧရိယာမှာကျင်းပတဲ့ ၃၆ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ၁၃၀၀၀ ကျော်ရရှိ
ဒီဇင်ဘာ၉ရက်
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဗေးဧရိယာမှာကျင်းပတဲ့ ၃၆ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်းမှ အမေရိကန်ဒေါ်လာ၁၃၀၀၀ ကျော်ရရှိခဲ့တယ်လို့ ဒီဇင်ဘာ၉ရက်မှာ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုက သတင်းထုတ်ပြန်ပါတယ်။
"၃၆ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှယနေ့ရောင်းရငွေအလှူငွေလက်ခံရရှိမှု စုစုပေါင်းအမေရိကန်ဒေါ်လာ၁၃၈၈၉ ဒေါ်လာရရှိပါတယ်။ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ၊အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်"လို့နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကဆိုပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းဟာ လစဥ်အစားအသောက်များချက်ပြုတ်ရောင်းချ၍ နွေဦးတော်လှန်ရေးနဲ့မြန်မာပြည်ကလိုအပ်သောနေရာများသို့ကူညီထောက်ပို့လျက်ရှိနေတယ်လို့သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၈)ဗျူဟာမှ ပြုလုပ်သော တွဲလက်ပူးပေါင်းဗျူဟာ(၈)စစ်ကြောင်း"Campaignမှာ ပြည်သူများပူးပေါင်းပါဝင်ဖို့ KNDFဒုစစ်ဦးချုပ်ဖိတ်ခေါ်
ဒီဇင်ဘာ၉ရက်
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၈)ဗျူဟာမှပြုလုပ်သော တွဲလက်ပူးပေါင်းဗျူဟာ(၈)စစ်ကြောင်း"Campaignမှာ ပြည်သူများပူးပေါင်းပါဝင်ဖို့ KNDFဒုစစ်ဦးချုပ်မှ ဒီဇင်ဘာ၉ရက်မှာ
ဖိတ်ခေါ်လိုက်ပါတယ်။
"KNDF ဗျူဟာတွေက ပြုလုပ်နေတဲ့ ကမ်ပိန်းတိုင်းက ရလဒ်တွေဟာ ဒီပုံထဲကအတိုင်းဖြစ်စေရပါမယ်။ ကမ်ပိန်းတွေများနေတယ် ရလဒ်တွေ များစေရမယ်။နေ့တိုင်းအလုပ်လုပ်နေတယ်။ နေ့တိုင်းပေးဆပ်မှု့တွေရှိနေတယ်။ ဘာအကြောင်းပြချက်မှမပေးပါဘူး။ရလဒ်တွေကိုပဲကြည့်ပေးကြပါ"လို့ဆိုထားပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် အမှတ်(၈)ဗျူဟာမှ ပြုလုပ်သော တွဲလက်ပူးပေါင်း ဗျူဟာ(၈)စစ်ကြောင်း"Campaign သည် ကရင်နီပြည်ရှိ စစ်မိစ္ဆာများ အပြီးတိုင် ကျရှုံးရန် နှင့် မိမိ၏နယ်မြေများကို ကာကွယ်ရန်အပြင် ရဲဘော်များအထိအခိုက်နည်းပြီး တိုက်ပွဲများ ပိုမိုဖော်ဆောင်နိုင်ရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ပါတယ်။
ဤကမ်ပိန်းသည် အမှတ်(၈) ဗျူဟာ လက်အောက်ခံ တပ်ရင်း(၅)ရင်း၏လိုအပ်ချက်များကို ဖြည့်တင်းနိုင်ရန်အတွက် မျှော်မှန်းသည့် target ထက်ပို၍ နည်းနေသေးသည်ကြောင့် Targetများပြည့်မီရန်အတွက် ပြည်သူများအနေဖြင့် ဤကမ်ပိန်းတွင် ဆက်လက် ပါဝင်ပေးပါရန် မေတ္တာရပ်ခံထားပြီးမဲလက်မှတ်တစ်စောင် ၂၀,၀၀၀ကျပ်ဖြင့် ပါဝင်နိုင်ကြောင်းသိရပါတယ်။
========================
🚩🚩 ၂။ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ်ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အသိပေး
ဒီဇင်ဘာလ (၉)ရက်
မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အသိပေးဆိုပါတယ်။
၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလ (၆)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ခေတ္တလက်လွှတ်ခဲ့ရသော ကျေးရွာများကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ယခုအခါ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နှင့် ထိန်ပင်စောက်ကျေးရွာတို့ကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိပြီး ဖြစ်ပါတယ်လို့ဆိုပါတယ်။
အဆိုပါ တိုက်ပွဲများတွင် အကြမ်းဖက် စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကအတည်ပြုဆိုပါတယ်။
========================
🚩🚩 ၃။ ယင်းမာပင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်၏ နင်းမိုင်းကြောင့် အရပ်သား၊ပြည်သူ (၁)ဦး အပြင်းထန်ဒါဏ်ရာရကာ ခြေထောက်ဆုံးရှုံးသွားခဲ့ရ
ဒီဇင်ဘာ၉ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်၏ နင်းမိုင်းကြောင့် အရပ်သား၊ပြည်သူ (၁)ဦး အပြင်းထန်ဒါဏ်ရာရကာ ခြေထောက်ဆုံးရှုံးသွားခဲ့ရကြောင်းကို ဒီဇင်ဘာ၉ရက်မှာ
ရင်းမြစ်ဌာနနေ တပ်ရင်း၂၇သတင်းနဲ့ ပြန်ကြားရေးကထုတ်ပြန်ပါတယ်။
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ တွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြှုပ် နင်းမိုင်းနင်းမိ၍ ယင်းမာပင်မြို့ သုသာန်ဟောင်းတွင် ထင်းရှာဖွေ နေသော ယင်းမာပင်မြို့ (ဃ) ရပ်ကွက်မှ အပြစ်မဲ့ပြည်သူ အမျိုးသား (၁)ဦး ယနေ့နံနက် (၉)နာရီအချိန်ခန့်တွင် အပြင်းထန်ဒါဏ်ရာရကာ ခြေထောက်ဆုံးရှုံးသွားတယ်လို့ သတင်းရရှိထားတယ်လို့ဆိုပါတယ်။
ထိခိုက်ဒါဏ်ရာရသော အပြစ်မဲ့ပြည်သူအား မြို့ခံများမှ တွေ့ရှိရာ ယင်းမာပင်မြို့ စိုက်ပျိုးရေးရုံးမှာ အခြေစိုက်ထားသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာဆေးခန်းသို့ ပို့ကာ ဆေးကုသမှုခံယူခဲ့ရပြီး ခြေထောက်ဖြတ်လိုက်ရကာ မုံရွာဆေးရုံသို့လွှဲပြောင်းပေးလိုက်ကြောင်း သိရှိရပါတယ်။
ယင်းမာပင်ခရိုင်၊ ပုလဲမြို့အတွင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားချိန်တွင် ယင်းမာပင်မြို့မှာရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ယင်းမာပင်မြို့အပြင်မှာ (နင်းမိုင်းများ) လိုက်လံထောင်ထားကြောင်း ဒေသခံပြည်သူဆီမှ သိရှိရပါတယ်။
========================
🚩🚩 ၄။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ အကြမ်းဖက်တပ်ဖွဲ့ဝင်များက ညအချိန် လူငယ်များကိုပေါ်တာဆွဲ
ဒီဇင်ဘာ၈ရက်
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ အကြမ်းဖက်တပ်ဖွဲ့ဝင်များက ညအချိန် လူငယ်များကိုပေါ်တာဆွဲခဲ့တယ်လို့ ဒီဇင်ဘာ၈ရက်တောင်ဒဂုံSDGကဖော်ပြအသိပေးဆိုပါတယ်။
" ယခုရက်ပိုင်းထဲ တောင်ဒဂုံမြို့နယ်၊ ၂၆ ရပ်ကွက်ထဲ အကြမ်းဖက်တပ်သားများမှ တွေ့ရာလူ လိုက်ဆွဲဖမ်းနေပြီး ယနေ့ညထိ ၁၀ ဦးကျော် အဆွဲခံထားရပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့တွင် အောင်ဇေယျအိမ်ရာ၌ ၄ ဦး၊ ၇ ရက်နေ့တွင် ၎င်းအိမ်ရာ အုတ်ခုံအနီး၌ ၂ ဦးနှင့် ယနေ့ ၈ ရက်နေ့ နေ့လည်တွင် ရွာမကျောင်းအနီး သွားလာနေသည့် လူငယ် ၂ ဦးတို့ ဖမ်းဆွဲခံရပါတယ်"လို့ဆိုပါတယ်။
ထို့အပြင် တခြားသူများမှာ ရပ်ကွက်ဝန်းကျင် တခြားနေရာများတွင် ဆွဲခေါ်ခံရကြောင်း သိရှိရတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၅။ “ကြာအင်းဆိပ်ကြီးမြို့နယ် CDM camp မှာ တပ်၊ ရဲ CDM မိသားစုများကို ပြည်သူ့ပန်းတိုင်မှငွေကျပ် (၁၅) သိန်း ထောက်ပံ့"
ဒီဇင်ဘာ၉ရက်
ကရင်ပြည်နယ်"ကြာအင်းဆိပ်ကြီးမြို့နယ် CDM camp မှာ တပ်၊ ရဲ CDM မိသားစုများကို ပြည်သူ့ပန်းတိုင်မှငွေကျပ် (၁၅) သိန်း ထောက်ပံ့"ခဲ့တယ်လို့ ဒီဇင်ဘာ၉ရက် ပြည်သူ့ပန်းတိုင်မှ တရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် CDM camp တွင် နေထိိုင်နေသည့် CDM တပ်၊ ရဲ (၂၃) ဦး နှင့် မိသားစုများ အခြေခံရိက္ခာအတွက် အသုံးပြုနိုင်ရန် ငွေကျပ် (၁၅) သိန်း ကို ဒီဇင်ဘာလ ၈ ရက်နေ့က ပြည်သူ့ပန်းတိုင်မှ ပေးပို့ ကူညီခဲ့တယ်လို့ဖော်ပြပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့သည် ပြည်သူ့ဘက်ရပ်တည်လာသည့် CDM စစ်သား၊ ရဲ နှင့် မိသားစုဝင်များအတွက် စနစ်ပြောင်းတော်လှန်ရေး၌လိုအပ်သော ဘာသာရပ်ဆိုင်ရာဗဟုသုတများကို သင်ကြားပို့ချပေးခြင်း၊ လုံခြုံရေးဆိုင်ရာများ ကူညီဆောင်ရွက်ပေးခြင်း၊ ခိုလှုံရာနေရာများ ဖန်တီးပေးခြင်း၊ ရိက္ခာများထောက်ပံ့ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကူအညီများပေးခြင်း၊ သင့်လျော်ရာအလုပ်အကိုင်များ အကောင်အထည်ဖော်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။
========================
🚩🚩 ၆။ တနိုင်ငံလုံးကစစ်ဆင်ရေးနဲ့တိုက်ပွဲတွေမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တွေပါဝင်ဆင်နွှဲနေတယ်လို့ဆို
တနိုင်ငံလုံးကစစ်ဆင်ရေးနဲ့တိုက်ပွဲတွေမှာပြည်သူ့ကာကွယ်ရေးတပ်မတော်တွေလပါဝင်ဆင်နွှဲနေတယ်လို့ ဒီဇင်ဘာ၉ရက်မှာ တော်လှန်ရေးအင်အားစုများကိုရန်ပုံငွေရှာဖွေပေးနေတဲ့ Click 2donateကအသိပေးဆိုထားပါတယ်။
"ဗန်းမော်မြို့ထဲ ကားပတ်စီးတယ်ဆိုပြီး တင်ထားတဲ့ ဗီဒီယိုထဲမှာ PDF ဘတ်တံဆိပ်လေးတွေတွေ့လိုက်တာနဲ့ သတိရလို့ကချင်ပြည်နယ်ထဲကတိုက်ပွဲတွေမှာလဲ MOD PDF တွေပါတယ်။နောင်ချို မိုးကုတ်သပိတ်ကျင်းတကောင်း စဉ့်ကူးသိမ်းပြီး မတ္တရာ အရှေ့ခြမ်းကနေမန်းလေးနားထိကပ်လာတဲ့ တိုက်ပွဲတွေမှာလဲ MOD PDF တွေပါတယ်။ကရင်နီထဲမှာဆော်နေကြတဲ့ထဲမှာလဲ MOD PDF တွေပါတယ်။ပဲခူးမှာ တော်တော်ကြမ်းလာတာလဲ MOD PDF တွေ
ကရင်မှာ လှော်နေဆော်နေကြတာမှာလဲ MOD PDF တွေပါတယ်။စစ်ကိုင်းမကွေးက နေ့တိုင်းဆော်နေလှော်နေကြတာလဲ ဘာခရိုင်ညာခရိုင် ရင်းနံပါတ်ဘယ်လောက်ဘာညာဆိုတာတွေကလည်း MOD PDF တွေပါ"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနဟာလက်ရှိမှာမွမ်းမံသင်တန်းများဖွင့်လှစ်ခြင်းနဲ့လက်နက်တပ်ဆင်ပေးခြင်းများကိုဆောင်ရွက်လျက်ရှိနေပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment