၂၀၂၅ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ရှောင်ကျဉ်ရမယ့်အချက်တွေနဲ့ နေအိမ်စွန့်ခွာရချိန်မှာ ဆောင်ရွက်သင့်တာတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန ထပ်မံအသိပေး
📌 ၂။ ရခိုင်တပ်တော် ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မှာ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင် ဘွဲ့လက်မှတ်အပ်နှင်းပွဲနှင့်မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမဘုရားပွဲတော်ကျင်းပ
📌 ၃။ သာဂရမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးနေသူတွေကို ပြင်းထန်းစွာအရေးယူမယ်လို့ တနင်္သာရီစစ်ဌာန သတိပေး 📌 ၃။ သာဂရမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးနေသူတွေကို ပြင်းထန်းစွာအရေးယူမယ်လို့ တနင်္သာရီစစ်ဌာန သတိပေး
📌 ၄။ တအာင်းတပ်မတော်နှင့်တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော်မြို့က စကခ ၂၁ ဌာနချုပ်မကျရေး စစ်ကောင်စီက လေကြောင်းကနေ ပြင်းထန်စွာတိုက်ခိုက်
🚩 ၂။ မြဝတီမြို့ ကနဲလေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
🚩 ၃။ ထီးလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့စွန်နေရာတွေမှာ မြေမြှပ်မိုင်းတွေ ထောင်ထား
🚩 ၄။ ပုလောနယ် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး
🚩 ၅။ ပုသိမ်ကြီးမြို့ အခြေစိုက် ခလရ ၄ က ပြည်သူ့စစ် ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ရှောင်ကျဉ်ရမယ့်အချက်တွေနဲ့ နေအိမ်စွန့်ခွာရချိန်မှာ ဆောင်ရွက်သင့်တာတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန ထပ်မံအသိပေး
ဖေဖော်ဝါရီ ၁၆ရက်
လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ရှောင်ကျဉ်ရမယ့်အချက်တွေနဲ့ နေအိမ်စွန့်ခွာရချိန်မှာ ဆောင်ရွက်သင့်တာတွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ ထပ်မံအသိပေးထုတ်ပြန်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ် ကြုံတွေ့ရချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကာကွယ်နေထိုင်ခြင်းနဲ့ဆိုင်တဲ့ ဆောင်ရန်၊ရှောင်ရန်အချက်တွေကို ဒီရက်ပိုင်းမှာ အပိုင်းလိုက် အသိပေးထုတ်ပြန်ပေးနေတာပဲဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာ ကြောင့် အရပ်သားပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြုံတွေ့ရချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လို နေထိုင်ရမယ်ဆိုတာသိရှိစေဖို့ ရည်ရွယ်ထုတ်ပြန်နေတာလို့ သိရပါတယ်။
နေအိမ်တွေကို စွန့်ခွာရပြီဆိုရင် မီးခလုပ်တွေပိတ်ပြီး မိန်းချထားဖို့၊ အချိန်ရပါက ရေတိုင်ကီတွေ ရေစည်တွေမှာ ရေဖြည့် ထားခဲ့ဖို့၊ တန်ဖိုးကြီးပစ္စည်းတွေရှိရင် အိမ်တံခါးသော့တွေပိတ်ထားခဲ့ဖို့ အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဘက်က အိမ်တံခါးတွေဖျက်ဆီးထားခဲ့တာတွေရှိတဲ့အတွက် အရေးကြီးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာ တွေကို စဉ့်အိုး၊ ပလတတ်စတစ်ပုံး စတာတွေနဲ့ထည့်ပြီး မြေတွင်းမှာ မြှုပ်နှံထားခဲ့တာ ဒါမှမဟုတ် လုံခြုံတဲ့နေရာမှာ ထားခဲ့ ဖို့အသိပေးထားပြီး အဖိုးတန်ပစ္စည်းတွေ မရှိရင် တံခါးတွေကို စေ့ထားခဲ့ဖို့ သတိပေးထားပါတယ်။
ရှောင်တိမ်းမယ့်နေရာကို သွားရမယ်ဆိုရင် မိသားစုဝင်တွေ အချင်းချင်းအဆက်အသွယ်မပြတ်စေဖို့ အထူးသဖြင့် ကလေးငယ်တွေကို ဂရုစိုက်ခေါ်ဆောင်သွားဖို့လိုပြီး မိသားစုဝင်တွေရဲ့ အမည်၊ ဖုန်းနံပါတ်နဲ့ သွေးအုပ်စုတွေကို လက်မောင်းပေါ်မှာ ရေးမှတ်ထားကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုခံရချိန်မှာဆိုရင် ကြောက်လန့်တကြားနဲ့ ဦးတည်ရာမဲ့ထွက်မပြေးဖို့ လေကြောင်းတိုက်ခိုက်မှုကို စူးစမ်းလိုစိတ်နဲ့ ထွက်ကြည့်တာ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတင်တာတွေ မလုပ်ကြဖို့ အသိပေးထားပါတယ်။
မိမိတို့မိသားလုံခြုံရေးကို အထူးဂရုစိုက်သင့်ပြီး စူးစမ်းလိုစိတ်ကြောင့် အသက်န္တရာယ်ဖြစ်တတ်တာကို သတိပြုကြဖို့ သတိ ပေးထားပါတယ်။
မာကျောတဲ့နံရံတွေ သံမံတလင်းနဲ့မြေကြီးတွေမှာ မှီနေတာ ကပ်နေတာမျိုးမလုပ်သင့်ကြောငင်းနဲ့ တုန်ခါမှုကြောင့် ဒါဏ်ရာရ ထိခိုက်နိုင်တာတွေဖြစ်တတ်တဲ့အတွက် နံရံတွေ မာကျောတဲ့အရာတွေနဲ့ ခပ်ခွာခွာနေဖို့ ဖော်ပြထားပါတယ်။
ပြတင်းပေါက်မှန်တွေဟာ ပေါက်ကွဲမှုကြောင့် လွင့်စင်လာပြီး အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ပြတင်းပေါက်တွေအနီးမှာ မနေဖို့နဲ့ အဆောက်အအုံများအတွင်းမဟုတ်ရင် တတ်နိုင်သမျှ လူစုလူဝေးနဲ့ မနေဖို့ အကြံပြုထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုပြီးဆုံးချိန်မှာဆိုရင်လည်း လုံးဝငြိမ်သွားတဲ့အချိန်ကျမှ မိမိတို့ပုန်းအောင်းရာနေရာကထွက်ဖို့ လက်ရှိ ပုန်းအောင်နေသောနေရာဟာ လုံခြုံတဲ့နေရာမဟုတ်ရင် လုံခြုံတဲ့နေရာကို သွားဖို့လိုအပ်ပြီး ရပ်ရွာအတွင်း ကြိုတင်သတ်မှတ်ထားတဲ့ စုရပ်စုံရပ်တွေကို သွားကြဖို့နဲ့ လုံခြုံတဲ့နေရာ ထပ်သွားဖို့ လို၊မလို သတင်းရယူဆောင်ရွက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၂။ ရခိုင်တပ်တော် ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့မှာ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန်အာဂုံဆောင် ဘွဲ့လက်မှတ်အပ်နှင်းပွဲနှင့်မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမဘုရားပွဲတော်ကျင်းပ
ဖေဖော်ဝါရီ ၁၆ရက်
ရခိုင့်တပ်တော် AA ထိန်းချုပ်တဲ့ ရခိုင်ပြည် မြောက်ဦးဒေသမှာ အစ္စလာမ် ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် ဘွဲ့လက်မှတ် အပ်နှင်းတဲ့ "ဂျလ်ဆာ"ပွဲနဲ့ မောင်တောမြို့နယ်မှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမဘုရားပွဲတော် ကျင်းပနိုင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
မြောက်ဦးဒေသမှာ အစ္စလာမ် ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် ဘွဲ့လက်မှတ် အပ်နှင်းတဲ့ "ဂျလ်ဆာ"ပွဲကို အခု ဖေဖော်ဝါရီ ပထမပတ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ရခိုင့်တပ်တော်က တာဝန်ရှိသူတွေလည်း တက်ရောက်ချီးမြှင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအခမ်းအနားကို ကျမ်းမြတ် ကုရ်အာန်အာဂုံဆောင်နိုင်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ မွတ်ဆလင်ကျေးရွာက လူကြီးတွေနဲ့ အရပ်သားတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အတူ မောင်တောမြို့နယ်အတွင်း ဟိန္ဒူလူမျိုးတွေရဲ့ ရာမဘုရားပွဲတော်ကို ဖေဖော်ဝါရီ ၁ဝ ရက်ကကနေ ၁၂ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပနိုင်ခဲ့ကြတယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
AA ထိန်းချုပ်တဲ့နယ်မြေမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ရာမပွဲတော်ကို ပထမဆုံးအကြိမ် စည်ကားစွာကျင်းပ နိုင်ခဲ့ကြတာလို့ သိရပါတယ်။
အဲဒီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေ အေးချမ်းသာယာရေးအတွက်တင်မဟုတ်ဘဲ ရပ်ရွာအေးချမ်းသာယာရေးနဲ့ နိုင်ငံအေးချမ်းသာယာရေးအတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ဘာသာရေးအကြီးအကဲက ဆိုပါတယ်။
ဒီပွဲတော်ဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ အမြင့်မြတ်ဆုံးပွဲတော်တခုဖြစ်ပြီး မောင်တောဒေသကို AA ထိန်းချုပ်ပြီးနောက် ဒေသခံဟိန္ဒူဘာသာဝင်တွေအနေနဲ့ စည်ကားလွတ်လပ်စွာ ကျင်းပနိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ သာဂရမြို့ဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား ဖျက်ဆီးနေသူတွေကို ပြင်းထန်းစွာအရေးယူမယ်လို့ တနင်္သာရီစစ်ဌာန သတိပေး
ဖေဖော်ဝါရီ ၁၆ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စုမှာရှိတဲ့ သာဂရမြို့ဟောင်းက ယာဉ်ကျေးမှု အမွေအနှစ်တွေကို ဖျက်ဆီးနေသူတွေကို ပြင်းထန်းစွာအရေးယူမယ်လို့ တနင်္သာရီစစ်ဌာနက သတိပေး ပြောဆိုလိုက်ပါ တယ်။
သာဂရမြို့ဟောင်းယဉ်ကျေးမှုကာကွယ်ရေးဇုန်နဲ့ပတ်သက်လို့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၆ရက်မှာ ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး အသိပေးလိုက်တာဖြစ်ပါတယ်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စုမှာရှိတဲ့ သာဂရမြို့ဟောင်းဟာ မြန်မာသက္ကရာဇ် ၁၁၃ ခုနှစ် ခရစ်နှစ် ၇၅၁ ခုနှစ်မှာတည်ထောင်ခဲ့ပြီး ၂ဝ၁၂ ခုနှစ်မှာ ယဉ်ကျေးမှုကာကွယ်ရေးဇုန်အဖြစ်သတ်မှတ်ထားပြီးဖြစ်တာကြောင့် တန်ဖိုးထား ထိန်းသိမ်းရမယ့်ဇုန်ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို တန်ဖိုးထား ထိန်းသိမ်းရမယ့်ဇုန်ဖြစ်ပေမယ့် လက်နက်ကိုင်လူတစုက ဇုန်အတွင်းမှာရှိတဲ့ မြို့ရိုးတွေကို စက်ယန္တယား ကြီးတွေ အသုံးပြုပြီး ဖြိုချဖျက်ဆီးနေတယ်လို့ဆိုပါတယ်။
အခုလို ဖျက်ဆီးနေတာတွေ ရပ်တန်းကရပ်ကြဖို့ ဒေသအခြေစိုက်တော်လှန်ရေးအင်အားစုတွေက သတိပေးထားပြီး ဆက်လုပ်နေမယ်ဆိုရင် ပြင်းထန်တဲ့အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ တနင်္သာရီစစ်ဌာနက ထုတ်ပြန်ထားပါတယ်။
သာဂရမြို့ဟောင်းက ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးနေသူတွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းလို့ ထုတ်မ ပြောသလိုမြို့ရိုးကို ဖြိုချပြီး မြေဖို့ကာ အကွက်ရိုက်ပြီး ရောင်းစားဖို့ကြိုးစားလုပ်နေသူတွေကို ဒေသနေပြည်သူတွေက ကန့်ကွက်ပြောဆိုနေတာတွေရှိနေပါတယ်။
========================
📌📌 ၄။ တအာင်းတပ်မတော်နှင့်တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီက နောင်ချိုမြို့နယ်ကို လေကြောင်း၊ လက်နက်ကြီးတို့နဲ့ ပစ်ခတ်တိုက်ခိုက်
ဖေဖော်ဝါရီ ၁၆ရက်
တအာင်းတပ်မတော်-TNLA နဲ့ တွေ့ဆုံဆွေးနွေးပွဲတိုင်မီ စစ်ကောင်စီက TNLA ထိန်းချုပ်ရာ နောင်ချိုမြို့နယ်ကို လေကြောင်း ကနေဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
တရုတ်အစိုးရရဲ့စီစဉ်ပေးချက်အရ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA က ကိုယ်စားလှယ်တွေဟာ စစ်ကောင်စီဘက်က ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံဖို့ မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်း မြို့ကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ကြေညာပြီးနောက် နာရီပိုင်းအကြာမှာပဲ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။ လက်ရှိစစ်ရေးပြဿနာတွေပြေလည်နိုင်စေဖို့ ဒီနေ့ ဖေဖော်ဝါရီ ၁၆ရက်မှာ တွေ့ဆုံမှုများစတင်မယ်လို့ TNLA ဘက်က အသိပေးထားပြီးဖြစ်ပါတယ်။
အခုလိုအသိပေးထုတ်ပြန်တဲ့နေ့မှာပဲ စစ်ကောင်စီက TNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်သလို Y-12 လေယာဥ် အသုံးပြုပြီး ဗုံး ၁၇၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီဘက်က တိုက်ခိုက်ခဲ့တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောင်ချိုမြို့နယ်အတွင်းမှာရှိတဲ့ နာဆွေကျေးရွာ၊ အုမ္မသီးကျေးရွာ၊ ညောင်နီကျေးရွာနဲ့ တောင်ရွှေကျေးရွာတို့ကို တောင်ခမ်း စခန်းမှာရှိတဲ့ ခမရ ၄၀၆ ၊ တပ်ရင်း ၃၅၄ နဲ့ တပ်ရင်း ၉၀၂တို့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ လက်နက်ကြီးကျည် ၁၃၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ဘက်က ပြောပါတယ်။အဲဒီနောက် နေ့လည် ၂နာရီကျော်အချိန်မှာလည်း စစ်ကောင်စီတပ်က Y-12 လေယာဥ်နဲ့ နာဆွေကျေးရွာကို ဗုံး ၃၈ လုံး လာရောက်ကြဲချခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံး အလုံး ၂၀ ခန့် ကြဲချ တိုက်ခိုက်တာကြောင့် ဒေသနေပြည်သူ ၅ ဦး သေဆုံးခဲ့ရပြီး ၁၉ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးယ့် PSLFကိုယ်စားလှယ်အဖွဲ့ကို ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်ကာ မဟာမိတ် ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မှာဖြစ်ပြီး စစ်ကောင်စီ ကိုယ်စား လှယ်တွေအဖြစ် MNDAA ကိုးကန့်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကာကွယ်ရေးနဲ့စစ်ဆင်ရေးအထူးအဖွဲ့-၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်မယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်မြို့က စကခ ၂၁ ဌာနချုပ်မကျရေး စစ်ကောင်စီက လေကြောင်းကနေ ပြင်းထန်စွာတိုက်ခိုက်
ဖေဖော်ဝါရီ ၁၆ရက်
ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် မကျရေး စစ်ကောင်စီဘက်က လေကြောင်းက နေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ စကခ-၂၁ ကို ဖေဖော်ဝါရီ ၂ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက် အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်သုံပန်းအချို့ ဖမ်းမိထားတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အဲဒီနေ့ ညပိုင်းမှာ သတင်းဖော်ပြပါတယ်။
ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးအတွင်း အမြောက်တပ် ၃၆၆ ၊ ကန်တော်စာသင်ကျောင်းမှာရှိတဲ့ စစ်ကောင်စီတပ်၊ သံချပ်ကာ တပ်ရင်း-၇၀၀၆၊ လေယာဉ်ကွင်းစခန်းတို့ကို သိမ်းပိုက်ရရှိထားတယ်လို့ အသိပေးခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေယာဉ်၊ ဒရုန်းတွေနဲ့ အဆက်မပြတ်ခုခံနေတယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်း ၃ နာရီလောက်ကစပြီး လေကြောင်းကနေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်အချို့က ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့တွင်းမှာရှိတဲ့ ပြည်သူပိုင်အိမ်တွေ အများစု ပျက်စီးနေပြီး တိုက်ပွဲ ဟာလည်း ပြင်းထန်နေဆဲလို့ သိရပါတယ်။
ဗန်းမော်မြို့နယ်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းကစပြီး စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန် နေရာ စစ်ကောင်စီဘက်က တိုက်ပွဲနေရာတွေသာမက တိုက်ပွဲမရှိတဲ့နေရာတွေကိုပါ လေကြောင်းကနေ တိုက်ခိုက်နေတယ် လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
🚩🚩 ၂။ မြဝတီမြို့ ကနဲလေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ ၁၆ရက်
ကရင်ပြည်နယ် မြဝတီမြို့မှာရှိတဲ့ ကနဲလေးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ Cobra Column 2 Venom က ထုတ်ပြန်ပါတယ်။
မြဝတီမြို့ တောင်ဘက် ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ ကနဲကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာကို အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လက်ရှိကာလဟာ တိုက်ပွဲကာလဖြစ်တဲ့အတွက် စစ်ရေးအခြေအနေတွေကိုတော့ Cobra Column 2 Venom စစ်ကြောင်း တာဝန်ရှိသူတွေက အသိပေးပြောဆိုတာမရှိသေးပါဘူး
ဒါပေမဲ့ Cobra Column 2 Venom စစ်ကြောင်းက "အောင်မြင်မှုရရှိသည့် တော်လှန်ရေးတိုင်းဟာ စိတ်ရောကိုယ်ပါ နှစ်မြုပ်၍ ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ်လိုလားသော ရည်မှန်းချက်ကြီးသူတို့သာတွေ့ရ၏" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ထီးလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့စွန်နေရာတွေမှာ မြေမြှပ်မိုင်းတွေ ထောင်ထား
ဖေဖော်ဝါရီ ၁၆ရက်
မကွေးတိုင်း ယောဒေသ ဂန့်ဂေါခရိုင် ထီးလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့စွန်နေရာတွေမှာ မြေမြှပ်မိုင်းတွေ လာချသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ထီးလင်းမြို့ စစ်သားအင်အား ၃၀ ခန့်ဟာ ဒီနေ့ ဖေဖော်ဝါရီ ၁၆ ရက် မနက်အစောပိုင်းမှာ ထီးလင်းမြို့ အရှေ့မြောက်ဖက် မှာရှိတဲ့ မြို့စွန်နေရာတွေမှာ မြေမြှပ်မိုင်းတွေ လာထောင်သွားလို့ စစ်သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းတွေကို အသိပေးနေတဲ့ ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။
မိုင်းထောင်သွားတဲ့ စစ်ကောင်တပ်သား ၃၀ ခန့်ဟာ မိုင်းတွေထောင်ထားခဲ့ပြီးနောက် မနက် ၈ နာရီခန့်မှာ မြို့တွင်းကို ပြန်ဝင်သွားတယ်လို့ဆိုပါတယ်။
မနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၁ဝ နာရီ ကျော်အချိန်တုန်းကလည်း ထီးလင်းမြို့ စည်ပင်ရပ်ကွက် မောချောင်းဘေးက ငှက်ပျောခြံမှာ စစ်သားတွေထောင်ထားတဲ့ မိုင်းတလုံးပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
ယောဒေသ ဂန့်ဂေါမြို့မှာရှိတဲ့ ခလရ ၅ဝ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မနက်ပိုင်းကစပြီး မြို့အဝင်အထွက် ဂိတ်တွေကို ပြန်လည်ပြုပြင်နေတာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒါကြောင့် ယောနယ်သူ၊နယ်သားများတွေနဲ့ ခရီးသွားပြည်သူများအနေနဲ့ ထီးလင်းမြို့အနီးပတ်ဝန်းကျင် နေရာတွေကို သွားလာရာမှာ ဂရုစိုက်ကြဖို့ ယောအလင်းတန်းက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၄။ ပုလောနယ် ရှပ်ပုံကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံး
ဖေဖော်ဝါရီ ၁၆ရက်
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာကို ဝင်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးသွားတယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ် ရင်း - ပုလော PDF တပ်ဖွဲ့က ပြောပါတယ်။
ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၃ ရက် မနက် ၈ နာရီခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ရှပ်ပုံရွာထိပ်မှာတကြိမ်တိုက်ခိုက်ခဲ့ပြီး နေ့လည် ၁ နာရီခန့်မှာလည်း ရှပ်ပုံကျေးရွာ ဆီတောင်အနီးမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ အထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက် မနက် ၁၀ နာရီခွဲခန့်မှာလည်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရေချိုကျေးရွာဘက်ကို တောလမ်းနေဝင်လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်ပေါင်းစုရဲ့ တန်ပြန်ထိုးစစ်ကိုမခံနိုင်တော့တဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်း၊ ရေကြောင်း ပစ်ကူယူပြီး ကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။
နေ့လည် ၃ နာရီ ဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က Mi 2 ရဟတ်ယာဉ်နဲ့ ဗုံးအလုံး ၂၀ ကျော်ကြဲချခဲ့ပြီး ရေတပ်ကပါ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ် ။
အဲဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကာ စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ တဦး သေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်း စစ်ကြောင်းက အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း၊ ကရင်အမျိုးသား ကာကွယ်ရေးတပ် KNDO တပ်ရင်း ၇ နဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းက ရဲဘော် တ ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရသလို ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ပုသိမ်ကြီးမြို့ အခြေစိုက် ခလရ ၄ က ပြည်သူ့စစ် ၂ ဦး လက်နက်တွေနဲ့အတူ အလင်းဝင်
ဖေဖော်ဝါရီ ၁၆ရက်
မန္တလေးတိုင်း ပုသိမ်ကြီးမြို့ အခြေစိုက် ခလရ ၄ မှ ပြည်သူ့စစ် ၂ ဦးဟာ သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင် လာတယ်လို့ မန္တလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီစစ်သား ၂ ဦးဟာ ဇန်နဝါရီ ၂၅ ရက်နေ့မှာ MA1 သေနတ် ၂ လက်၊ ကျည် ၄၁၇ တောင့်၊ ကျည်ဘောက် ၆ ခု ယူ ဆောင်လာတယ်လို့ သိရပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှု့လာတဲ့ ပြည်သူ့စစ် ၂ ဦးကို မန္တလေးခရိုင် ပကဖ က ဂုဏ်ပြုငွေအဖြစ် တယောက်ကို ကျပ် ၁၀ သိန်းစီ ချီးမြှင့်ပေးခဲ့ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတယ်လို့လည်း အသိပေးထားပါတယ်။
မန္တလေးခရိုင် ပကဖ အဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေနဲ့ အလင်းဝင်လိုသူတွေကို ကြိုဆိုဆဲဖြစ်တာကြောင့် မန္တလေးခရိုင် အတွင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ၊ တပ်မတော်သားများ၊ ရဲများ အလင်းဝင်ချင်တယ်ဆိုရင် မန္တလေး ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို ချိတ်ဆက် ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment