၂၀၂၅ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန် သဘောတူညီ
📌 ၂။ သံအမတ်ကြီးဦးကျော်မိုးထွန်း ပြည်သူနဲ့အတူ ရပ်တည်၍ Civil Disobedience Movement ပြုလုပ်မှု (၄) နှစ် ပြည့်မြောက်
📌 ၃။ ပန်းချီဆရာ စောကနေဒီ ရေးဆွဲထားသော အဖူး ဘိုမြ ပုံတူပန်းချီနှင့် ပဒိုမန်းရှာလားဖန်းရဲ့ ပုံတူပန်းချီကားများ ပါဝင်တဲ့ စစ်တောင်းကမ်ပိန်း ကံစမ်းမဲအစီအစဉ်များမှာ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်
📌 ၄။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့
📌 ၅။ ဖယ်ခုံမြို့နယ်အတွင်း ပြည်သူများ ပြုလုပ်တည်ဆောက်ထားသော ကတုတ်ကျင်း၊ ဘန်ကာများအား ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးအကြံပေး
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ရေဦးမြို့နယ် အနောက်ခြမ်းက မင်္ဂလာပွဲ ပြုလုပ်နေတဲ့ ဘုရားကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
🚩 ၂။ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ချောင်းဦးမြို့နယ်မှာ ပကဖ ရဲဘော် (၁) ဦး အပါအဝင် (၆) ဦးထက်မနည်း သေဆုံး
🚩 ၃။ ကျောင်းတိုင်းမှာ "ဝ" အမျိုးသားစာပေ အပြင်တိုင်းရင်းသားလူမျိုးစုအလိုက် သက်ဆိုင်ရာ စာပေများကို သင်ကြားနိုင်ပြီး မူလတန်းအဆင့် အတန်းပညာ မပြီးဆုံးသေးတဲ့ ကလေးသူငယ်တွေကို စစ်သားစုဆောင်းခွင့်မရှိဟု UWSA ဆို
🚩 ၄။ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် ကာကင်းစခန်းများမှ တပ်စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှင်ဖမ်းဆီးရမိ
🚩 ၅။ ကျောက်တံခါးမြို့နယ် ရထားသံလမ်းပေါ်ရှိ စစ်ကောင်စီ လမ်းကင်းစခန်းများကို တပြိုင်နက်တိုက်ခိုက်
🚩 ၆။ ပေါက်မြို့နယ် ကပစ - ၂၄ လင်းယုန်ဂိတ် အနောက်ဘက်တွင် မိုင်းလာရှင်းတဲ့ စစ်သား (၁) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ
🚩 ၇။ ပြည်နှင့် ပေါက်ခေါင်း အစပ်၊ ကြူဝတ်ကျေးရွာမှာ ပျူခေါင်းဆောင် ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီး
🚩 ၈။ ကန့်ဘလူ ပအဖ ခေါင်းဆောင် ဦးမဲခေါင်ကို တန့်ဆည်တွင် ဖမ်းဆီးရမိထား
🚩 ၉။ ဂျေယန့် စစ်ရှောင်စခန်းမှ ကလေးသုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံဟု ယူဆရသူ အမျိုးသား (၂) ဦးကို KIO ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ချင်းပြည်ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ ပူးပေါင်းပြီး ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းရန် သဘောတူညီ
ချင်းပြည် (Chinland) ကောင်စီနှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) အနေဖြင့် ချင်းပြည်အတွင်းရှိ ချင်းပြည်သူများအတွက် ကောင်စီနှစ်ရပ် ရှိနေခြင်းကို မဖြစ်သင့်ကြောင်း နှစ်ဖက်လက်ခံယုံကြည်ကြသည်နှင့်အညီ ကောင်စီသစ်တစ်ရပ်အဖြစ် ပေါင်းစည်းရန် သဘောတူညီခဲ့ကြပြီး ထိုကောင်စီ၏ အမည်ကို “ချင်းအမျိုးသားကောင်စီ” ဟု ခေါ်တွင်ရန် သဘောတူညီကြကြောင်း ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ချင်းအမျိုးသားကောင်စီ အမြန်ဆုံး ပေါ်ပေါက်လာနိုင်ရေးအတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးအဖွဲ့ ကို ဖွဲ့စည်းရန်လည်း သဘောတူညီခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
သို့ဖြစ်ပါ၍ ချင်းလူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် အထက်ပါ သဘောတူညီချက်များအပေါ် ချင်းပြည်သူများအားလုံး ဝမ်းမြောက်စွာ ကြိုဆိုကြပါရန် အသိပေးနှိုးဆော်ထားပါတယ်။
ယခုလို "Chinland Council (CC) နှင့် Interim Chin National Consultative Council (ICNCC) သဘောတူပူးပေါင်းကာ Chin National Council ဖွဲ့စည်းပြီး ချင်းအမျိုးသား ဖွဲ့စည်းပုံဥပဒေ မူကြမ်းရေးဆွဲရန် သဘောတူညီမှုရအောင် အားထုတ်ကြိုးပမ်းခဲ့ကြတဲ့ ချင်းခေါင်းဆောင်များရဲ့ အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ယူမိပါတယ်" လို့ NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးလွင်ကိုလတ် က လူမှုကွန်ယက်မှာ ရေးသားထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူနဲ့အတူ ရပ်တည်၍ Civil Disobedience Movement ပြုလုပ်မှု (၄) နှစ်ပြည့်မြောက်
သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြည်သူနဲ့အတူ ရပ်တည်၍ Civil Disobedience Movement ပြုလုပ်မှု (၄) နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့အတွက် ဂုဏ်ယူတယ် လို့ ဖေဖော်ဝါရီ (၂၆) ရက်မှာ NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ထွန်းအောင်ရွှေ က ဆိုထားပါတယ်။
**"ဒီနေ့ဟာ သံအမတ်ကြီးသည် ပြည်သူနဲ့အတူ တော်လှန်ရေးထဲကို ခြေစုံပစ် ဝင်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ Civil Disobedience Movement ကို UN ထဲအထိ သယ်ယူသွားနိုင်ခဲ့တာကတော့ အသိမ်မွေ့ဆုံးနဲ့ အပြင်းထန်ဆုံးသော တော်လှန်အာခံမှု ဖြစ်စေခဲ့ပါတယ်။
ဒီလိုဆုံးဖြတ်ချက်ကို ရဲရင့်စွာ ချပေးခဲ့တဲ့အတွက် (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ သံအမတ်ကြီးအား အထူးလေးစား ဂုဏ်ယူကြောင်း ပြောချင်ပါတယ်ဗျ"** လို့ ဆိုပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဟာ လက်ရှိ စကစ ရဲ့ ကြမ်းတမ်းရက်စက်စွာ ကျူးလွန်မှုများကို အရေးယူရန် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရများထံ တင်ပြပြောဆိုနေသူလည်း ဖြစ်ပါတယ်။
========================
📌📌 ၃။ ပန်းချီဆရာ စောကနေဒီ ရေးဆွဲထားသော အဖူး ဘိုမြ ပုံတူပန်းချီနှင့် ပဒိုမန်းရှာလားဖန်း ရဲ့ ပုံတူပန်းချီကားများ ပါဝင်တဲ့ စစ်တောင်းကမ်ပိန်း ကံစမ်းမဲအစီအစဉ်များမှာ ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်
နေပြည်တော်နဲ့ အနီးဆုံး စစ်တောင်းမြစ်ဝှမ်းက ပြည်သူတွေ မကောင်းဆိုးဝါး စစ်မိစ္ဆာတွေရဲ့ ဘေးရန်က လွတ်မြောက်ဖို့ စစ်တောင်းကမ်ပိန်းကို ပြုလုပ်လျှက်ရှိပါတယ်။
ဂျပန်နိုင်ငံသီးသန့်အနေဖြင့်—ကရင်လူမျိုးများသာမက တိုင်းရင်းသားများအားလုံးကပါ လေးစားချစ်ခင်ရသော ကရင်တော်လှန်ရေးခေါင်းဆောင် KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး အဖူး ဘိုမြ ကို ဂုဏ်ပြုသောအနေနဲ့ ပန်းချီဆရာ စောကနေဒီ ရေးဆွဲထားသော ပုံတူပန်းချီကားကို ပါဝင်ကံစမ်းနိုင်မယ့် စစ်တောင်းကမ်ပိန်း ကံစမ်းမဲအစီအစဉ် မှာ ပူးပေါင်းပါဝင်ကူညီကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်လို့ Overseas Karen Organization Japan - OKOJ မှ ဖော်ပြထားပါတယ်။
ကမ်ပိန်း နောက်ဆုံးပိတ်ရက် မှာ မတ်လ (၃၀) ရက်နေ့ ဖြစ်ပြီး ကံစမ်းလက်မှတ် တစ်စောင်ကို ယန်း ၅,၀၀၀ ဖြင့် ကူညီအားဖြည့်ပါဝင်ဖို့ OKOJ page messenger သို့ ဆက်သွယ်ပေးကြရန်လည်း နှိုးဆော်ထားပါတယ်။
အလားတူ စစ်တောင်းကမ်ပိန်းရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ ပန်းချီဆရာ စောကနေဒီ ရေးဆွဲထားတဲ့ ကရင်တော်လှန်ရေးခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ရဲ့ ပုံတူပန်းချီကားကို ကံစမ်းမဲ (၃,၀၀၀) စောင် ရောင်းချပြီး ကံစမ်းမဲဖောက်ပေးမှာလည်း ဖြစ်ပြီး လက်မှတ် တစ်စောင်ကို အမေရိကန်ဒေါ်လာ (၂၀) ဖြင့် ဖေဖော်ဝါရီ (၂၈) ရက်နေ့မှ မတ်လ (၂၁) ရက်နေ့ အထိ ရောင်းချသွားမယ် လို့ စစ်တောင်း Campaign မှ သိရှိရပါတယ်။
========================
📌📌 ၄။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့
မြန်မာနိုင်ငံဟာ (၂၀၂၃) ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်သော စစ်လက်နက်တွေကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အရပ်သားကာကွယ်စောင့်ရှောက်ရေးအတွက် အရေးအကြီးဆုံးအချိန် ဖြစ်တယ်လို့ Landmine Monitor ကို ကိုးကားပြီး UN OCHA Myanmar က ဆိုထားပါတယ်။
မိုင်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှုဟာ မိုင်းအန္တရာယ်အသိပညာပေးခြင်းနဲ့ မြေမြှုပ်မိုင်းဒဏ် ခံရသူတွေကို အကူအညီပေးရာမှာ အရေးပါတဲ့ ကဏ္ဍတစ်ခု ဖြစ်ပြီး၊ ဒီအတွက် ရန်ပုံငွေလည်း အရေးတကြီး လိုအပ်လျက်ရှိ တယ်လို့ ဆိုပါတယ်။
(၂၀၂၃) ခုနှစ်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူပေါင်း (၁,၀၀၃) ဦး ရှိခဲ့ပြီး UNICEF ရဲ့ နောက်ဆုံးထုတ်အစီရင်ခံစာအရလည်း (၂၀၂၂) ခုနှစ် ဇန်နဝါရီလကနေ မေလကုန်အထိ မြေမြှုပ်မိုင်း၊ ဒါမှမဟုတ် စစ်လက်နက်အကြွင်းအကျန် ပေါက်ကွဲမှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ အရပ်သားသေဆုံးမှု စုစုပေါင်း (၁၆၂) ဦး ရှိကြောင်း သိရှိရပါတယ်။
========================
📌📌 ၅။ ဖယ်ခုံမြို့နယ်အတွင်း ပြည်သူများ ပြုလုပ်တည်ဆောက်ထားသော ကတုတ်ကျင်း၊ ဘန်ကာများအား ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က စစ်ဆေးအကြံပေး
ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့သည် ဖယ်ခုံမြို့နယ်အတွင်း လူထု တောင်းဆိုမှုရှိသော ကျေးရွာများသို့ ကွင်းဆင်းလျက် ပြည်သူများ ပြုလုပ်တည်ဆောက်ထားသော ကတုတ်ကျင်း၊ ဘန်ကာများအား စစ်ဆေးအကြံပေး လျှက်ရှိပြီး လိုအပ်ချက်ရှိသည်များကို ပြင်ဆင်ပြုလုပ်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဆေးမှုများအတွင်း ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာများအား ခိုင်ခန့်စွာ ပြုလုပ်ထားသည်များ ရှိသလို အချို့နေရာများတွင် အဆင်မပြေမှုများအား လေ့လာတွေ့ရှိရသဖြင့် ဝရမ်းပြေး အကြမ်းဖက်စစ်ရှုံးကောင်စီသည် လက်နက်ကြီး၊ လေယာဉ်များဖြင့် အစဉ်အမြဲ နှောင့်ယှက် အန္တရာယ်ပေးလျက်ရှိတာကြောင့် ပြည်သူများ မပေါ့ဆကြရန်၊ ကတုတ်ကျင်း၊ ဗုံးခိုကျင်း၊ ဘန်ကာများအား စနစ်တကျ တည်ဆောက်ကြရန် လိုအပ်တယ်လို့ ဆိုထားပါတယ်။
ပြည်သူများအနေနှင့် ဆောက်လုပ်နေမှုအား ခိုင်ခန့်မှု သော်လည်းကောင်း၊ ယုံကြည်စိတ်ချမှု သော်လည်းကောင်း စစ်ဆေးပေးရန် လိုအပ်လျှင် နီးစပ်ရာ သိတတ်ကျွမ်းသူများအပြင် ဖယ်ခုံမြို့နယ် ပလဖ ထံတွင် လာရောက်အကြံဉာဏ်တောင်းဆိုနိုင် တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ရေဦးမြို့နယ် အနောက်ခြမ်းက မင်္ဂလာပွဲ ပြုလုပ်နေတဲ့ ဘုရားကုန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းက မဲအိုးကျေးရွာကို စစ်ကောင်စီက ပေါင် (၁၀၀) ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ People’s Defence Comrade က သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည် (၁၁:၀၃) နာရီတွင် မဲအိုးရွာ မြောက်ဘက်က မင်္ဂလာပွဲ ပြုလုပ်နေတဲ့ ဖောင်တော်ဦးဘုရားဝန်းကို မိတ္ထီလာ ရှမ်းတဲတက် MiG-29 ဂျက်ဖိုက်တာ တစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်း ဘုရားဘေးက ရေကန်ထဲကို ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဖောင်တော်ဦးဘုရားနဲ့ အုတ်တံတိုင်းကို လက်နက်ကြီးအစများ ထိမှန်ပျက်စီးခဲ့သော်လည်း လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ကောင်စီတပ်က မင်္ဂလာပွဲ၊ အလှူပွဲနှင့် လူစုလူဝေးပွဲများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေလို့ တော်လှန်ရေးအင်အားစုများနဲ့ ပြည်သူများအနေဖြင့် လူစုလူဝေးပွဲများကို အကျယ်တဝင့် မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
========================
🚩🚩 ၂။ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ချောင်းဦးမြို့နယ်မှာ ပကဖ ရဲဘော် (၁) ဦး အပါအဝင် (၆) ဦးထက်မနည်း သေဆုံး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာနဲ့ ချောင်းမကျေးရွာကို စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မြေပြင်မှ စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်ခဲ့သဖြင့် ပကဖ ရဲဘော် (၁) ဦး အပါအဝင် (၆) ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ (၂၅) ရက်၊ နေ့လည် (၁၂:၀၀) နာရီခန့်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မြပုလဲဂိတ်တို့မှ စစ်သားများ ပူးပေါင်းကာ စစ်ကြောင်းထိုးလာပြီး ဂျက်ဖိုက်တာ (၁) စီး၊ စက်တပ်လေထီး (၂) စီး ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၆) ဦးထက်မနည်း သေဆုံးခဲ့ပြီး စက်တပ်လေထီးနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့တဲ့ နွယ်ခွေကျေးရွာနဲ့ ချောင်းမကျေးရွာတို့ဟာ ချောင်းဦးမြို့နဲ့ (၁) မိုင်ခန့်သာကွာဝေးပြီး အိမ်ခြေ (၁၀၀) နဲ့ (၄၀၀) ခန့်ရှိကြတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ သိရပါတယ်။
ထို့နေ့ ညနေပိုင်းမှာပဲ စစ်ကောင်စီ စစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားခဲ့သော်လည်း ညပိုင်းအထိ မြပုလဲဂိတ်ကနေ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ကျောင်းတိုင်းမှာ "ဝ" အမျိုးသားစာပေ အပြင်တိုင်းရင်းသားလူမျိုးစုအလိုက် သက်ဆိုင်ရာ စာပေများကို သင်ကြားနိုင်ပြီး မူလတန်းအဆင့် အတန်းပညာ မပြီးဆုံးသေးတဲ့ ကလေးသူငယ်တွေကို စစ်သားစုဆောင်းခွင့်မရှိဟု UWSA ဆို
"ဝ" ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် - UWSA ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေမှာ "ဝ" အမျိုးသား စာပေအပြင် တိုင်းရင်းသား လူမျိုးစုအလိုက် ၎င်းတို့ရဲ့စာပေတွေကို သင်ကြားနိုင်ပြီး မူလတန်းအဆင့် အတန်းပညာ မပြီးဆုံးသေးတဲ့ ကလေးသူငယ်တွေကို စစ်သားကောက်ခံခွင့်မရှိဘူးလို့ "ဝ" ပြည်သွေးစည်း ညီညွှတ်ရေးပါတီ နိုင်ငံရေးဌာန၊ ပညာရေးကော်မတီရုံးမှ တာဝန်ရှိသူ တစ်ဦးက "ဝ" လူငယ့်အသံ ကွန်ရက်ကို ပြောဆိုကြောင်း သိရပါတယ်။
အဆိုပါ ပြဌာန်းချက်ကို (၂၀၂၄) ခုနှစ် ဗဟိုနှစ်ချုပ် အစည်းအဝေးအပြီးမှာ ချမှတ်နိုင်ခဲ့သည့်အပြင် (၂၀၂၅) အတွင်း ရှေ့ဆက်လုပ်ဆောင်မယ့် ရှေ့ဆက်လုပ်ငန်းထဲ ပညာရေးကဏ္ဍနဲ့အတူ အချက် (၈) ချက်ပါ လုပ်ငန်းစဥ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။
ပညာရေးကဏ္ဍထဲ စာမတတ်မြောက်သူဦးရေ လျှော့ချရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ကြားနိုင်ရေးအတွက် ကျေးရွာအုပ်စုအဆင့်တိုင်းတွင် မူလတန်းကျောင်း တစ်ကျောင်း ဖွင့်လှစ်ရေး၊ မြို့နယ်နှင့် တပ်မဟာအသီးသီးတွင် မူလတန်းလွန်ကျောင်း တစ်ကျောင်း ဖွင့်လှစ်ရေး၊ ခရိုင်နှင့် အထူးမြို့နယ်များတွင် အလယ်တန်းနှင့် အထက်တန်းကျောင်းများ ဖွင့်လှစ်ရေး ကြိုးပမ်းကြရန်၊ မြန်မာစာ၊ "ဝ" စာနှင့် တရုတ်စာကို မဖြစ်မနေ သင်ကြားရန် လိုအပ်ပြီး တခြားဘာသာများလည်း သင်ကြားနိုင်၊ မြန်မာစာသင်ရိုးကို မြန်မာအစိုးရထုတ် ဖတ်စာအုပ်သုံးရန်၊ "ဝ" စာကို "ဝ" ပြည်နယ် ပညာရေးဌာန "ဝ" စာပေ သုသေတနဌာနခွဲထုတ် သင်ရိုး သုံးရန်၊ တရုတ်စာ အလယ်တန်းအဆင့်နှင့် အောက်ကို "ဝ" ပြည်နယ် ပညာရေးကော်မတီထုတ် ဖတ်စာကို အသုံးပြုပြီး အလယ်တန်းနှင့် အထက်တန်းကျောင်းများအနေဖြင့် တရုတ်ပြည်ထုတ် ဖတ်စာအုပ်ကို အသုံးပြုရန် စတဲ့အချက်တွေ ပါဝင်တယ်လို့ သိရပါတယ်။
'ဝ' ပြည်မှာက တိုင်းရင်းသားမျိုးနွယ်အားလုံး (၁၈) မျိုးရှိပြီး သက်ဆိုင်ရာ တိုင်းရင်းသားအသီးသီးက စာပေတွေနှင့် ကမ္ဘာသုံးဖြစ်တဲ့ English စာတွေကိုလည်း သီးသန့်သင်ချင်ရင် သင်ကြားနိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် "ဝ" ပြည်အတွင်း ပုဂ္ဂလိကကျောင်းအပြင် သင်တန်းကျောင်းဖွင့်ချင်တဲ့ မည်သူမဆို တရားဝင် လိုင်စင်လျောက်ရမှာဖြစ်ပြီး ချမှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာနိုင်ရင် ပညာရေးကို လွတ်လပ်စွာ လုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။
========================
🚩🚩 ၄။ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှင်ဖမ်းဆီးရမိ
မကွေးတိုင်း ငဖဲမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ၏ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်ကာကင်းစခန်းများမှ တပ်စခန်းစွန့်ခွာ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF Asho) မှ သတင်းထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော် မှ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ် တည်ရှိရာ တောင်ကုန်းအား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း ကာကင်းစခန်းများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချင်းကာကွယ်ရေးတပ် - အရှိုမှ (၂၄.၂.၂၀၂၅) ရက်နေ့မှစ၍ နယ်မြေရှင်းလင်းဖမ်းဆီးလျက်ရှိရာ ဖေဖော်ဝါရီလ (၂၆)နေ့အထိ (၃) ရက်အတွင်း နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင်၏ မြောက်ဘက် မီတာ (၂၀၀၀) ခန့်အကွာ တောတွင်းနေရာအသီးသီး၌ စစ်ကောင်စီတပ်သား (၂၃) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
🔹 သိမ်းဆည်းရရှိသည့် လက်နက်များ -
MA-1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-11 (၂) လက်၊ MA-5 (၁) လက် စုစုပေါင်း လက်နက်ငယ် (၂၀) လက်၊
လက်ပစ်မိုင်း (၁၈) လုံး၊ EY သီး (၁၂) လုံး၊ ကျည် (၄၀၀၀) ကျော်နှင့် အခြား စစ်အသုံးအဆောင်ပစ္စည်းများ လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
နတ်ရေကန်ဒေသ အနီးတစ်ဝိုက်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင်ပူးပေါင်းကြပါရန် CDF Asho မှ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ ကျောက်တံခါးမြို့နယ် ရထားသံလမ်းပေါ်ရှိ စစ်ကောင်စီ လမ်းကင်းစခန်းများကို တပြိုင်နက် တိုက်ခိုက်
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရထားသံလမ်းပေါ်က တံတားအမှတ် (၁၄၅၊ ၁၄၆၊ ၁၄၈ နဲ့ ၁၄၉) ရှိ စစ်ကောင်စီ သံလမ်းကင်းစခန်းများကို တပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း က သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ (၂၅) ရက်နေ့ ည (၁၀:၀၀) နာရီ အချိန်တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း - ၉၊ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း (P2-3702) နှင့် Spring Warriors Column တပ်ရင်းများက တပြိုင်နက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
🔹 တိုက်ပွဲရလာဒ် -
စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့ကာ
MA ကျည်ဘောက် (၂) ဘောက်၊ ကျည် (၂၀) တောင့် တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း P2-3702 တပ်ရင်းမှ ရဲဘော် တဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ဂိတ်ကင်းစခန်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ည (၁၀:၁၅) နာရီခန့်တွင် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီ ခလရ - ၂၆၄ တပ်ရင်းကို KNLA တပ်ရင်း - ၉ နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံး (၃) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၆။ ပေါက်မြို့နယ် ကပစ - ၂၄ လင်းယုန်ဂိတ် အနောက်ဘက်တွင် မိုင်းလာရှင်းတဲ့ စစ်သား (၁) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရ
ဖေဖော်ဝါရီလ (၂၅) ရက်နေ့ မနက် (၅:၀၀) နာရီခန့်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ - ၂၄ လင်းယုန်ဂိတ် အနောက်ဘက်၊ ခွေးအူတောင် လမ်းပေါ်တွင် ကျန်ရှိသော မိုင်းကို လာရောက်ရှင်းလင်းနေသော စစ်ကောင်စီတပ်သား သက်လွင်ဦး တစ်ဦး သေဆုံးခဲ့ပြီး အောင်သန်းဝေ၊ ကျော်စွာမင်း နှင့် အမည်မသိ စစ်သား (၁) ဦး တို့မှာ ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူ တကိုယ်တော် ကျားဇိုးမှ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ မိုင်းထောင်တိုက်ခိုက်မှုကို ဆိပ်ဖြူ တကိုယ်တော် ကျားဇိုး နှင့် ပေါက် Pa Ka Pha ဇုန် (၁) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ ပြည်နှင့် ပေါက်ခေါင်း အစပ်၊ ကြူဝတ်ကျေးရွာမှာ ပျူခေါင်းဆောင် ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီး
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့နယ်နဲ့ ပေါက်ခေါင်းမြို့နယ်အစပ်က ကြူဝတ်ကျေးရွာမှာ ပျူခေါင်းဆောင် ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ခရိုင် (၃၆၀၂) တပ်ရင်း PYAY - P23602 က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ (၂၄) ရက်နေ့ မွန်းလွဲ (၂:၃၀) နာရီမှာ ဝက်ထီးကန် တိုက်နယ်က စစ်ကောင်စီ အမာခံ ပျူခေါင်းဆောင် ဇေယျာဦးနဲ့ ဆီဆုံကုန်းရွာက ပျူခေါင်းဆောင် ငထွန်းရဲ့တူ ထူးကိုဆိုသူ ဦးဆောင်တဲ့ လောင်းကစားဝိုင်းကို ဝင်ရောက်ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရာတွင် လောင်းကစားဝိုင်း ပြုလုပ်နေတဲ့ ဒိုင်တချို့နဲ့ လောင်းကစားဝိုင်းမှာ ပါဝင်နေတဲ့ ပြည်သူတချို့ကို ငွေသား (၇၀၀,၀၀၀) ခုနှစ်သိန်း၊ လောင်းကစားရာမှာ အသုံးပြုတဲ့ စပ်ဆက်ပစ္စည်းများနဲ့ အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
လောင်းကစားဒိုင်နဲ့ ပြည်သူများကို တပ်ရင်းရဲဘော်များက ကောင်းမွန်စွာ ပြောဆိုဆုံးမပြီး နောက်နောင် ယခုကဲ့သို့ လောင်းကစားဝိုင်းများမှာ ပါဝင်ခြင်း မပြုကြဖို့ မှာကြားခဲ့ကာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီနဲ့ ၎င်းတို့ ထောက်တိုင်များက ပြည်သူများအား တော်လှန်ရေးမှာ စိတ်ပါဝင်စား ထောက်ခံအားပေးမှု လျော့နည်းလာစေရန်နဲ့ ၎င်းတို့ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ အပျော်အပါးများဖြင့် မွေ့လျော်နေစေရန် ရည်ရွယ်ပြုလုပ်တဲ့ အဆိုပါ တရားမဝင် လောင်းကစားဝိုင်းများကို ပြည်သူလူထု အနေဖြင့် လုံးဝ (လုံးဝ) မပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၈။ ကန့်ဘလူ ပအဖ ခေါင်းဆောင် ဦးမဲခေါင်ကို တန့်ဆည်တွင် ဖမ်းဆီးရမိထား
အဓမ္မပြုကျင့်မှုနဲ့ သံသယရှိသူ ကန့်ဘလူ ပအဖ ခေါင်းဆောင် ဦးမဲခေါင်ကို တန့်ဆည်တွင် ဖမ်းဆီးရမိထားကြောင်း သတင်းရရှိပါတယ်။
ဖေဖော်ဝါရီ (၂၆) ရက် မြေပြင်အခြေအနေကို မေးမြန်းချက်အရ တော်လှန်ရေးအင်အားစုဘက်ခြမ်းမှ တစ်ဦးက ပြောကြားရာတွင် "ဖမ်းမိထားတာတော့ ဟုတ်ပါတယ်" လို့ ဆိုပါတယ်။
ဦးမဲခေါင် (ခေါ်) ဦးမြင့်ဇော်ဦးဟာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်တာဝန်ယူခဲ့သူ ဖြစ်ပြီး၊ ၄င်းတာဝန်ယူစဉ်ကာလအတွင်း Non-CDM အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တယ် လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနထံ (၂၀၂၅) ခုနှစ် ဖေဖော်ဝါရီလအတွင်း စာပေးပို့ တိုင်ကြားခံထားရသူ တဦးဖြစ်ပါတယ်။
၎င်းအား လက်ရှိတွင် အချုပ်၌ ထိန်းသိမ်းထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို တရားဥပဒေနှင့်အညီ စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။
========================
🚩🚩 ၉။ ဂျေယန့် စစ်ရှောင်စခန်းမှ ကလေးသုံးဦးကို ပြန်ပေးဆွဲသတ်ဖြတ်ခဲ့တဲ့ တရားခံဟု ယူဆရသူ အမျိုးသား (၂) ဦးကို KIO ဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ ဂျေယန့် စစ်ရှောင်စခန်းမှ ကလေးငယ် (၃) ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ တရားခံဟု ယူဆရသူ အမျိုးသား (၂) ဦးကို ဖမ်းဆီးရမိထားပြီး၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က စစ်ဆေးမေးမြန်းနေတယ်လို့ သိရပါတယ်။
ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရတဲ့ ကလေးငယ် (၃) ဦးမှာ -
- အသက် (၁၀) နှစ်အရွယ် မဖောင်ရောမ်ဆွတ်ဆိုင်းအိန်
- မနန်းဇိန်းဂျီးဆန့်မိုင်
- မလထော်ရွယ်ဆိုင်း
တို့ ဖြစ်ကြပြီး၊ လိုင်ဇာမြို့နဲ့ (၁၅) မိုင်ခန့်အကွာ အလောဘွမ် အနီးတဝိုက်မှာ ပြန်တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ကလေးငယ် (၃) ဦးဟာ ဖေဖော်ဝါရီလ (၂၂) ရက်နေ့က ဂျေယန့် စစ်ရှောင်စခန်းမှ မှန်ဆိုင်ယာန်ကို သွားရာလမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပြီး၊ မသေဆုံးမီမှာ တောထဲတွင် လက်ပြန်ကြိုးတုတ်ထားတဲ့ ပုံကို မိဘတွေက လက်ခံရရှိခဲ့တယ် လို့ သိရပါတယ်။
သေဆုံးသွားတဲ့ ကလေးငယ် တယောက်ရဲ့ ရုပ်အလောင်းကို သစ်ပင်ပေါ်မှာ ကြိုးနဲ့ ဆွဲချ သတ်ထားပြီး ကျန်ကလေး နှစ်ယောက်ကိုတော့ ကျောက်တုံးကို ကြိုးနဲ့ချည်ပြီး ရေထဲမှာ နှစ်သတ်ထားတာ ကို တွေ့ရတယ်လို့ ဆိုပါတယ်။
ကလေး (၃) ဦးကို ပြန်ပေးဆွဲ သတ်ဖြတ်ခဲ့တဲ့ တရားခံဟု ယူဆရသူ ဦးအုန်းဆောင်ဒွဲအောင် (အသက် ၂၅ နှစ်) ကို KIA က ဖမ်းဆီးရမိခဲ့ပြီး၊ အတူကျူးလွန်ခဲ့တယ်လို့ ယူဆရသူ တဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ် လို့ သိရပါတယ်။
သတ်ဖြတ်ခံရတဲ့ ကလေးငယ် (၃) ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ဖေဖော်ဝါရီ (၂၆) ရက်နေ့မှာ ဆုတောင်းကာ သင်္ဂြုလ်လိုက်ပြီးဖြစ်တယ် လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment