မြန်မာ့ဂျုံစိုက်ပျိုးရေးလုပ်ငန်း မအောင်မြင်လို့ တောင်သူတွေ မီးတင်ရှို့လာ


မြန်မာ့ဂျုံစိုက်ပျိုးရေးလုပ်ငန်း မအောင်မြင်လို့ တောင်သူတွေ မီးတင်ရှို့လာ

သားအို (Radio NUG) ဖေဖော်ဝါရီ ၂၈၊ ၂၀၂၅


မြန်မာ့ဂျုံ စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်း အောင်မြင်သလား မေးရင် မီးရှို့ထားတဲ့ ဂျုံရိုးပြတ်ခင်းထဲက ဂျုံနှံတွေကို ပြရမှာ ဖြစ်ပါတယ်။ အခုလို ဖေဖော်ဝါရီလနဲ့ မတ်လဝန်းကျင်က ဂျုံရိတ်သိမ်းချိန်ဖြစ်ပြီး ဂျုံဈေးမကောင်းလို့ ရှမ်းပြည်တောင်ပိုင်းက ဂျုံစိုက်တောင်သူတွေ အကျိုးမြတ်နည်းခဲ့သလို အချို့ စိုက်ချိန်စောတဲ့ တောင်သူတွေမှာ မိုးတွေများလို့ ဂျုံတွေပျက်ပြီးအရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအခြေအနေကို ပင်းတယမြို့နယ်မှ ဂျုံတောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မှန်းခဲ့တာကတော့ ဂျုံတစ်ပိဿာကို ၄၅၀၀၊ ၅၀၀၀ ဝန်းကျင်ဖြစ်လာမယ်လို့ မှန်းပေမယ့် ဒီနှစ်ကတော့ ထင်သလို မဖြစ်လာခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ဘယ်လိုတုံး ဆိုတော့ ဂျုံ တစ်ပိဿာကို ၂၅၀၀၊ ၃၀၀၀ ရတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က မျိုးဈေးတွေကလည်း အဲဒီလောက် ဈေးမကြီးဘူး။ မြေဆီဈေးတွေကလည်း အဲဒီလောက် ဈေးမကြီးဘူး။ ဒီနှစ်ကျတော့ သုံးရတဲ့ မြေဆီဈေးတွေကလည်း ပြီးခဲ့တဲ့နှစ်က နှစ်အိတ် သုံးလို့ရရင် ဒီနှစ်က တစ်အိတ်ပဲ သုံးလို့ရတယ်” 

မြန်မာ့ဂျုံ စိုက်ပျိုးတဲ့ သက်တမ်းဟာ နှစ်ပေါင်း ၁၄၀ နီးပါး ရှိလာပေမယ့် ဂျုံစိုက်ပျိုးမှုဟာ လက်ရှိအချိန်ထိ ဝင်ငွေသေချာတဲ့ သီးနှံ ဖြစ်မလာသေးသလို ဂျုံစားသုံးမှု မြင့်တက်လာပေမယ့် ဂျုံ လိုအပ်ချက်ကလည်း ရှိနေလို့ ဩစတြေးလျ၊ အိန္ဒိယနဲ့  ထိုင်းနိုင်ငံဘက်ကလည်း မှာယူအသုံးပြုနေကြတာ ဖြစ်ပါတယ်။ တနိုင်ငံလုံး စိုက်ပျိုးထုတ်လုပ်နေတဲ့ ဂျုံမျိုးကွဲပေါင်း ၁၅ မျိုးရှိပြီး စုစုပေါင်းစိုက်ဧကက တစ်သိန်းသုံးသောင်းနီးပါး ရှိနေပါတယ်။ အဲဒီဂျုံမျိုးတွေမှာ အသားဓာတ်၊ ဂလူတင်နဲ့ ပြာဓာတ်တို့က အရည်သွေးမြင့်ပေါင်မုန့် ကိတ်မုန့်တွေ ထုတ်လုပ်နိုင်အောင် မပါဝင်တဲ့အတွက် ပါဝင်တဲ့ ဂျုံမျိုးသစ်တွေ ထုတ်လုပ်နိုင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လတ်တလောဒေသတွင်း စိုက်ပျိုးထုတ်လုပ်နေတဲ့ ဂျုံမျိုးတွေကို ရိုးရာဂျုံမှုန့်အကြမ်းသုံး စားစရာတွေမှာပဲ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ 

ဒါကြောင့် ပြည်တွင်းဂျုံစက်တွေက မြန်မာဂျုံကို ပြည်ပက တင်သွင်းလာတဲ့ ဂျုံမှုန့်တွေနဲ့ ရောစပ်အသုံးပြုနေကြပြီး နိုင်ငံခြားငွေအခက်အခဲကြောင့် ပြည်ပက ဂျုံမှုန့်တွေ မတင်သွင်းနိုင်တော့တဲ့အခါ ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းတွေမှာ ကုန်ကြမ်း ပြတ်လပ်တာတွေ ဖြစ်လာပါတယ်။ တောင်ကြီးမြို့က မုန့်လုပ်ငန်းရှင်တစ်ဦးကတော့ ဂျုံမှုန့် မှာမရလို့ အခက်တွေ့တယ်လို့ ဆိုပါတယ်။ 

“အခက်တွေ့တာပေါ့။ ဂျုံကို မရနေဘူး။ ဂျုံကို ပစ္စည်းကုန်ကြမ်း မရလို့တဲ့။ မရှိဘူး ” 

ဂျုံကို ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့ မှာ စိုက်ပျိုးကြပါတယ်။ အညာဂျုံနဲ့ ရှမ်းဂျုံဟာ ဈေးကွက်တစ်ခုအနေနဲ့ ရှိနေပြီး ကချင်နဲ့ ချင်းကတော့ စိုက်ပျိုးမှုနည်းလို့ ဈေးကွက်ဈေးတန်းရယ်လို့ သီးခြားမရှိပါဘူး။ ဂျုံသီးနှံဟာ အခြားသီးနှံတွေလိုပဲ အရည်အသွေးနဲ့ အထွက်နှုန်းကစလို့ ဈေးကွက်တည်ငြိမ်တာ မရှိတဲ့အတွက် စိုက်ပျိုးထုတ်လုပ် ရိတ်သိမ်းရာမှာ အားလျော့လာပြီး အလေအလွင့်တွေလည်း များပြားလာပါတယ်။ 

ရှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ်ကို ရောက်ရင် အခုလို ဆောင်းသီးနှံ ရိတ်သိမ်းချိန်မှာ အဝေးကနေ အဖြူရောင် အကွက်လိုက် ဖြစ်နေတဲ့ ဂျုံရိုးပြတ်တွေကို မြင်ရမှာဖြစ်ပြီး အဖြူရောင်နဲ့ ဆန့်ကျင်ဘက် အမည်းရောင်တွေကလည်း ဂျုံခင်းတွေပဲဖြစ်ပြီး ဂျုံရိုးပြတ်တွေကို မီးရှို့ထားတဲ့ အခင်းတွေပဲ ဖြစ်ပါတယ်။ ဂျုံရိုးတွေကို ဟုတ်ခနဲ လောင်ပြီး ငြိမ်းသွားတဲ့ ဂျုံခင်းထဲမှာ မီးအကုန်မလောင်ဘဲ ကျန်ခဲတဲ့ အမည်းရောင် ဂျုံနှံတွေကို မြင်ရမှာဖြစ်ပြီး ဒါတွေကတော့ ဂျုံရိတ်သိမ်းချိန်မှာ လေလွင့်သွားတာ ဖြစ်ပါတယ်။ ပိဿာငါးရာ ထွက်တဲ့ ဂျုံခင်းတစ်ခင်းမှာ အလေအလွင့်ပမာဏက ပိဿာ ၃၀ အထိရှိ နေပြီး စိုက်ပျိုးထုတ်လိုက်တဲ့ သီးနှံရဲ့ ၁၆ ရာခိုင်နှုန်းဟာ ရိတ်သိမ်းချိန်မှာပဲ ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။ အလေအလွင့်များတဲ့အတွက် ဂျုံရိတ်သိမ်းတဲ့ လုပ်ငန်းကို လေ့လာကြည့်တဲ့အခါ ရိတ်သိမ်းခြွေလှေ့စက်တွေကို အသုံးပြုကြသလို၊ မိရိုးဖလာအတိုင်း လူနဲ့ ရိတ်သိမ်းကြတာလည်း ရှိပါတယ်။ စက်နဲ့ လူ ယှဥ်ပြိုင် ရိတ်သိမ်းကြတဲ့အခါ ကုန်ကျစရိတ်က စက်နဲ့ ရိတ်သိမ်းတာက လူနဲ့ ရိတ်သိမ်းတာထက် ကျပ် နှစ်သိန်းတစ်သောင်း ကွာဟနေတဲ့အတွက် ပိုပြီးဈေးသက်သာတဲ့  ရိတ်သိမ်းခြွေလှေ့စက်တွေကို အသုံးပြုလာကြပါတယ်။

အဲဒီရိတ်သိမ်းခြွေလှေ့စက်တွေမှာလည်း စပါးကနေ ဂျုံသီးနှံကို ပြောင်းလဲ ရိတ်သိမ်းကြတဲ့အခါ စက်ကိရိယာပိုင်း ပြောင်းလဲတပ်ဆင်နိုင်ဖို့နဲ့ စက်ကိရိယာတွေ အချိန်မီ၊ အလုံအလောက် ရရှိအောင် ပြောင်းလဲတပ်ဆင်နိုင်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေ အပါအဝင် ဒေသတွင်း အထွေထွေအကျပ်အတည်းတွေကြောင့် နေရပ်ကို စွန့်ခွာသူတွေ၊ တိုက်ပွဲတွေနဲ့ အတင်းအဓမ္မ ပေါ်တာဆွဲလာတာတွေကြောင့် ဂျုံရိတ်သိမ်းဖို့ အလုပ်သမား ရှားလာတဲ့အပြင် အချိန်နဲ့ ငွေကြေး သက်သာတဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေကို သုံးကြရပေမယ့် အိုဟောင်းနေတဲ့ စက်တွေအပြင် စပါးရိတ်စက်ကို ဂျုံရိတ်တဲ့အခါ အလေအလွင့်နည်းအောင် စက်ပစ္စည်းတွေကို ပြောင်းလဲတပ်ဆင် အသုံးချနိုင်ဖို့တွေ လိုအပ်တဲ့အပြင် မကျွမ်းကျင်တဲ့စက်မောင်းအခက်အခဲတွေကြောင့် ဂျုံနှံ၊ ဂျုံ့စေ့တွေဟာ စားသုံးသူဆီ မရောက်နိုင်တော့ဘဲ နောက်တစ်သီး စိုက်ပျိုးဖို့အတွက် ဂျုံခင်းကို မီးရှို့ပြီး ရိုးပြတ်ကို ရှင်းလင်းတဲ့ခါ ရိတ်သိမ်းခြွေလှေ့စက်က ကျကျန်ခဲ့တဲ့ ဂျုံတွေ မီးလောင်ပျက်စီးကုန်တာပဲ ဖြစ်ပါတယ်။ အခုအခါမှာ မီးခိုးငွေ့တွေကြောင့် လေထုညစ်ညမ်းမှုတွေ ရှိနေပေမယ့်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းမှာ လယ်ယာဘေးထွက်ပစ္စည်းတွေကို သဘာဝမြေဩဇာ ထုတ်လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပေမယ့် စိုက်ပျိုးရေးပညာပေးလုပ်ငန်းတွေ ထိထိရောက်ရောက် ဖြစ်မလာတဲ့အခါ နောက်တစ်သီး စိုက်ဖို့အတွက် ရိုးပြတ်တွေကို မီးရှို့နေကြတာ ဖြစ်ပါတယ်။ 

တောင်သူတွေအနေနဲ့ ဆောင်းသီးနှံ ဂျုံတစ်သီး ပြီးတဲ့နောက် မိုးရာသီမှာ ပန်းမုန်လာ၊ မုန်လာထုပ်တွေ ပြန်စိုက်တဲ့အခါ ရိတ်သိမ်းရင်း ကျန်ရစ်ခဲ့တဲ့ ဂျုံစေ့တွေက ပေါင်းပင်တွေ ဖြစ်လာတဲ့အတွက် ပေါင်းနုတ်ခ ကုန်ကျစရိတ်ရှိတဲ့ တောင်သူတွေဟာ ဂျုံရိုးပြတ်တွေကို မီးရှို့နေကြရအုံးမှာ ဖြစ်ပါတယ်။ အခုလို ဓာတ်မြေဩဇာတွေ ဈေးတက်နေတဲ့ကာလမှာ ပင်းတယမြို့နယ်က ဂျုံတောင်သူတစ်ဦးကတော့ ရိုးပြတ်တွေကို သဘာဝမြေဩဇာ လုပ်နိုင်တဲ့ နည်းလမ်းရှိရင် မီးရှို့ဖို့ အစီအစဥ်မရှိဘူးလို့ ဆိုပါတယ်။ 

“မြေဩဇာလုပ်လို့ရရင် မီးရှို့ဖို့ အစီအစဥ်မရှိဘူး။ မရှိတော့ဘူး။ မြေဩဇာလုပ်လို့ရရင် လုပ်မယ်” 

ဂျုံရိတ်သိမ်းပြီးချိန်မှာ ရိတ်သိမ်းခြွေလှေ့စက်က ကျန်ခဲ့တဲ့ ဂျုံနှံတွေကို ကောက်သင်းကောက်တာ၊ စက်ရိတ်ဖို့ ကျန်သွားတဲ့ ဂျုံပင်တွေကို လူနဲ့ ရိတ်သိမ်းတာတွေ ရှိပေမယ့်လည်း အများစုကတော့ ကောက်သင်းမကောက်နိုင်ကြတော့ဘဲ ရိုးပြတ် မီးရှို့တဲ့အထဲ ပါကုန်ကြတာ ဖြစ်ပါတယ်။ ဒီဓလေ့ဟာ မိရိုးဖလာဓလေ့ကနေ့ ဒီကနေ့အထိ စွဲမြဲလာပြီး ရှမ်းတောင်ဒေသရဲ့ ဂျုံစိုက်ဧကပေါ် မူတည်ပြီး အကြမ်းဖျင်း တွက်ကြည့်ပါက ဂျုံပိဿာချိန် လေးသိန်း ရှစ်သောင်းကျော် အလေအလွင့် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် လူနည်းစု တောင်သူတွေက ဂျုံကောက်သင်းကောက်ကြတာ ရှိပေမယ့်လည်း ကျန်ခဲ့တဲ့ဂျုံနှံတွေကို ပမာဏတစ်ခုအထိ ကောက်ယူနိုင်တာ မရှိကြပါဘူး။

ဒါကြောင့် မြန်မာ့ဂျုံစိုက်ပျိုးမှုမှာ ဂျုံစိုက်ပျိုးတဲ့ တောင်သူတွေ ရှိပေမယ့်လည်း ဂျုံဟာ ပြည်ပ တင်ပို့နိုင်တဲ့ သီးနှံတစ်ခု ဖြစ်မလာတဲ့အပြင် ကိုယ့်ပြည်တွင်းသုံး ဂျုံလုပ်ငန်းတွေအတွက် သင့်တော်တဲ့ ဂျုံစေ့အလုံအလောက် ထောက်ပံ့နိုင်တာမရှိဘဲ ပြည်ပဂျုံကိုသာ အဓိကအားထားနေရပါတယ်။ ဒါကြောင့် တောင်ပေါ်ဒေသက  ဂျုံတောင်သူတွေမှာ မိုးသီးနှံ ကုန်စိမ်းတွေ ဈေးကွက်ပျက်လာရင် ဆောင်းသီးနှံ ဂျုံကို အားကိုးလိုပေမယ့် လောက်လောက်လားလား အားမထားနိုင်ဘဲ ဖြစ်နေပါတယ်။ 

ဂျုံနှစ်သက်သူ စားသုံးသူတွေမှာ အီကြာကွေးတစ်ချောင်းကို ကျပ်တစ်ထောင်ပေး ဝယ်စားလာရပေမယ့် ဂျုံစိုက်ပျိုးသူ တောင်သူတွေမှာ အီကြာကွေး အချောင်း ၂၀ ထွက်တဲ့ ဂျုံစေ့ တစ်ပိဿာကို ကျပ်လေးထောင်တောင် မရကြတဲ့အတွက် နှစ်ပေါင်း တစ်ရာကျော်ရှိလာတဲ့ မြန်မာ့ဂျုံ စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းဟာ တောင်သူတွေအတွက် တိုးတက်လာမှုမရှိတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဖေဖော်ရီလ ၆ ရက်နေ့မှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနက ပြည်တွင်းသုံး ဂျုံမှုန့်အမျိုးမျိုး ထုတ်လုပ်နိုင်မယ့် ဂျုံမျိုး ပြုပြင်ပြောင်းလဲရေးစီမံချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစီမံချက်ဟာ ဂျုံဈေးကြောင့် ဂျုံစိုက်ပျိုးမှု အားလျော့ပြီး ဂျုံချိန်အလေအလွင့်ကို ထည့်မစဥ်းစားနိုင်တော့ဘဲ ပြည်တွင်း ဂျုံကြိတ်ခွဲတဲ့လုပ်ငန်းတွေအတွက် အဖြည့်ခံဖြစ်နေတဲ့ ဂျုံတောင်သူတွေနဲ့ မြန်မာ့ဂျုံ စိုက်ပျိုးစီးပွားအပေါ်မှာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာနိုင်မလား ဆိုတာကတော့ စောင့်ကြည့်လေ့လာနေရမှာ ဖြစ်ပါတယ်။

Share:

No comments:

Post a Comment