၂၀၂၅ ဧပြီလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NLD ပါတီမှ သန်လျင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် တော်လှန်ရေးနယ်မြေတွင် ကွယ်လွန်
📌 ၂။ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေ
📌 ၃။ ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်ကျောင်းသားကျောင်းသူ (၅၆)ဦး သင်ကြားမယ့် စာသင်ကျောင်းဆောက်လုပ်ရန် အကူညီများ လိုအပ်နေ
📌 ၄။ DPLA လှုပ်ရှားနယ်မြေအတွင်း ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့
========================
၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KNDF၊ စစ်ဗျူဟာအမှတ် (၁) လက်အောက်ရှိ တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁)မှ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံ
🚩 ၂။ မန်တုံတွင် အပတ်စဉ်(၁)နယ်ထိန်း သင်တန်းဖွင့်ပွဲအခမ်းအနား PSLF/TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့ တက်ရောက်
🚩 ၃။ မင်းလှမြို့နယ်မှာ စစ်ရှောင် ပြည်သူများရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်
🚩 ၄။ ဟားလီးကွေ့ စစ်ကောင်စီ တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦး သေဆုံးပြီး ၁၆ ဦး အရှင်ဖမ်းမိ
🚩 ၅။ ကလေးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ အရပ်သား ၄ ဦး သေဆုံး
🚩 ၆။ မိုးဗြဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး အမျိုးသား တစ်ဦး သေဆုံး
🚩 ၇။ တောင်သာမြို့နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲရာ နေအိမ်များ မီးလောင် ပျက်စီး
🚩 ၈။ ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်
🚩 ၉။ နွားထိုးကြီး ပကဖ က ရဲဘော်သစ်များ ခေါ်ယူနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NLD ပါတီမှ သန်လျင် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် တော်လှန်ရေးနယ်မြေတွင် ကွယ်လွန်
ဧပြီလ ၂၇ရက်
Radio NUG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း၊ သန်လျင်မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင် (အသက်၄၅နှစ်) သည် ၂၀၂၅ ခုနှစ် ဧပြီလ (၂၇) ရက်နေ့တွင် ကွယ်လွန်အနိစ္စရောက်သွားကြောင်း သိရှိရသည့်အတွက် အထူးဝမ်းနည်းကြေကွဲရကြောင်း ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီမှ သတင်းထုတ်ပြန်ပါတယ်။
ဦးနေလင်းအောင်သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲများတွင် သန်လျင် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး ၂၀၁၅ခုနှစ် မှ ၂၀၂၀ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တိုင်းလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရာတွင် ၎င်း၏မဲဆန္ဒနယ် တိုးတက်ဖွံ့ဖြိုးရေးအတွက် လည်းကောင်း၊ ပြည်သူ့ငွေစာရင်းကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ရာတွင်လည်း ပြည်သူ့ ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမဖြစ်စေရေးအတွက်လည်းကောင်း၊ တက်ကြွစွာ တာဝန်ထမ်းဆောင်သည့် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် ရန်ကုန် လွှတ်တော်ကိုယ်စားလှယ်များ စုစည်းပြီး လွှတ်တော် လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် တက်ကြွစွာ ပါဝင်ခဲ့ရုံမက ခုခံစစ်အဖြစ် တော်လှန်ရေးတာဝန်များကို ထမ်းဆောင်ရာတွင်လည်း တော်လှန်ရေး နယ်မြေများ၌ ကိုယ်တိုင် ဦးဆောင် ပါဝင်ထမ်းရွက်ခဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။
ထိုသို့ ခက်ခဲကြမ်းတမ်းသော မြေပြင်လုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်ရာ၌ ကျန်းမာရေး ချို့ယွင်းလာသည့်ကြားမှ တော်လှန်ရေးအောင်မြင်စေရေးအတွက် ဦးလည်မသုန် ဆက်လက် ထမ်းဆောင်ရင်း ဆေးကုသရန် လိုအပ်လာချိန်၌ လုံခြုံရေးနှင့် ဆက်သွယ်ရေးအခက်အခဲများအရ အချိန်ယူ ဆောင်ရွက်နေရစဉ် ရုတ်တရက် ကွယ်လွန်သွားခြင်းဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအဖြစ် ပြည်သူက တာဝန် အပ်နှင်းထားသော နိုင်ငံရေး တာဝန်များအပြင် သမိုင်းပေးတာဝန်ဖြစ် သည့် တော်လှန်ရေး တာဝန်များကိုပါ နောက်ဆုံးထွက်သက် အထိတာဝန်ကျေပွန်စွာ ရွပ်ရွပ်ချွံချွံ ထမ်းဆောင်သွားသော ဦးနေလင်းအောင်အား ရန်ကုန်လွှတ်တော်မှ လေးစားစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ကျန်းမာရေးဆိုးရွားနေ
ဧပြီလ ၂၇ရက်
Radio NUG
စစ်ကောင်စီ၏ မတရားဖမ်းဆီးမှု ခံနေရသည့် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေမှာ ဆိုးရွားနေပြီး အင်းစိန်ဆေးရုံတွင် ထပ်မံ၍ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း၊ သို့ရာတွင် လုံလောက်သည့် ဆေးဝါးစောင့်ရှောက်ခွင့် မရရှိမည်ကို စိုးရိမ်ရကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၅ ရက်နေ့ညပိုင်းတွင် မဝတ်ရည်အောင်၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ၍ အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်လိုက်ရကြောင်း၊ မဝတ်ရည်အောင်သည် စစ်ကြောရေးတွင် မတရားညှင်းပမ်းနှိပ်စက်ခံရ၍ ဦးခေါင်းအတွင်း ဒဏ်ရာရရှိကာ မကြာခဏ သတိလစ်ခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အရေးပေါ်အခြေအနေမှသာ အင်းစိန်ထောင်မှ ဆေးရုံပို့ဆောင်ပေးကြောင်း၊ ယင်းနောက် အကျဉ်းထောင်အတွင်းသို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရပါတယ်။
မဝတ်ရည်အောင်သည် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ဗဟိုအလုပ်အမှုဆောင်ဖြစ်ပြီး ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက သူမကို ပုဒ်မ ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီး ထပ်မံ၍ ပုဒ်မ ၅၂ (က) ဖြင့်လည်း ထောင်ဒဏ် ၄ နှစ်ချထပ်မံချမှတ်ခဲ့ပါတယ်။
========================
📌📌 ၃။ ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ရှောင်ကျောင်းသားကျောင်းသူ (၅၆)ဦး သင်ကြားမယ့် စာသင်ကျောင်းဆောက်လုပ်ရန် အကူညီများ လိုအပ်နေ
ဧပြီလ ၂၇ရက်
Radio NUG
ရှမ်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်း (၂)ခုရှိ ကျောင်းသား၊ ကျောင်းသူများအတွက် စာသင်ကျောင်း ဆောက်လုပ်ရန် အကူအညီများ လိုအပ်နေကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။
ထိုစာသင်ကျောင်းဆောင်သည် KG မှ Grade 5 အထိ ကျောင်းသားကျောင်းသူ (၅၆)ဦး သင်ကြားရန် ကနဦးရည်ရွယ်ထားပြီး အရင်နှစ်တွေက အဝေးကြီးက ကျောင်းတွေဆီ ပို့ရတာကြောင့် ပညာသင်ကြားဖို့ အခက်အခဲတွေ ဖြစ်ကာ ကျောင်းမနေရသေးတဲ့သူတွေ ရှိတဲ့အတွက် ဒီနှစ်တွင် ကလေးတွေကို အဝေးမလွှတ်တော့ဘဲ စစ်ရှောင်မှာပဲ ကျောင်းဖွင့်မို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အဆိုပါ စာသင်ကျောင်းကို လက်ရှိအချိန်တွင် ကိုယ်ထူကိုယ်ထ တိုင်များသာ စိုက်ထူထားရပြီး အမိုး၊ အကာ၊ ထိုင်ခုံနှင့် အိမ်သာများအတွက် အကူအညီများ လိုအပ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ရှောင်စခန်း (၂)ခုရှိ စစ်ဘေးရှောင်များသည် မိုးဗြဲမြို့က စစ်ဘေးရှောင်ပြည်သူများဖြစ်ပြီး စစ်ဘေးရှောင်ကာလ (၃)နှစ်ကျော်လာသည်အထိ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် အခက်အခဲများလည်း ရှိနေတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ DPLA လှုပ်ရှားနယ်မြေအတွင်း ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့
ဧပြီလ ၂၇ ရက်၊
Radio NUG
ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF/DPLA) ရဲ့ လှုပ်ရှားမှု နယ်မြေအတွင်းက ပြည်သူလူထုနှင့် စစ်ဘေးရှောင် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
နှစ်ဆန်း ၁ ရက်နေ့ကနေ ၃ ရက်နေ့အတွင်း DPLA က ကျန်းမာရေး CDM ဆရာမများ၊ ဆေးမှူးများနဲ့ ဆေးတပ်သားများ ပူးပေါင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဆေးခန်းများသို့ သွားရောက်ဆေးကုသဖို့ အခက်ခဲ ဖြစ်နေတဲ့ အချိန်ကာလမှာ ပြည်သူထုများ ဆီကို တိုက်ရိုက်ကွင်းဆင်း ဆေးကုသမှုများ လုပ်ဆောင်ပေးနေတာလို့ သိရပါတယ်။
ဆေးကုသမှု ဆောင်ရွက်ပေးရာမှာ လိုအပ်တဲ့ ဆေးဝါးပစ္စည်းများ ဝယ်ယူနိုင်ဖို့အတွက် ဓနု ဆေးတပ်ဖွဲ့ထံ ထောက်ပံ့ပေးခြင်းဖြင့် တဖက်တလှမ်းကနေ ပါဝင်ကူညီပေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KNDF၊ စစ်ဗျူဟာအမှတ် (၁) လက်အောက်ရှိ တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁)မှ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံ
ဧပြီလ ၂၇ရက်
Radio NUG
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ စစ်ဗျူဟာအမှတ် (၁) ၏ လက်အောက်ခံတပ်ရင်းများဖြစ်ကြသော တပ်ရင်းအမှတ် (၃) နှင့် တပ်ရင်းအမှတ် (၃၁) ရှိ တပ်သားများနှင့် မိသားစုဝင်များ တွေ့ဆုံခြင်းအခမ်းအနားကို ဧပြီလ ၂၀ရက်နေ့ နှင့် ၂၆ရက်နေ့တို့တွင် ဖယ်ခုံမြို့နယ်တစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း KNDF Phekon Zoneမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါအခမ်းအနားတွင် သက်ဆိုင်ရာ ဌာနအသီးသီးမှ တပ်ဗိုလ်၊ တပ်မှူးများမှ အမှာစကားပြောကြားခြင်း၊ တပ်သားများ၏ မိသားစုဝင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခြင်း၊ တပ်သားများမှ သိလိုသည့် အကြောင်းအရာများကို တင်ပြဆွေးနွေးခြင်းနှင့် တပ်ဖက်မှ အရာရှိများက ပြန်လည်ဖြေကြားဆွေးနွေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ မန်တုံတွင် အပတ်စဉ်(၁)နယ်ထိန်း သင်တန်းဖွင့်ပွဲအခမ်းအနား PSLF/TNLA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်တို့ တက်ရောက်
ဧပြီလ၂၆ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ(၄)နယ်မြေ၊ မန်တုံမြို့နယ်တွင် အပတ်စဉ် (၁) နယ်ထိန်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးတားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်တို့မှ တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
အခမ်းအနားတွင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားမှ “ကျွန်တော်တို့ တအာင်းပြည်အတွင်း လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသောကြောင့် နယ်ထိန်းများ၏ လုပ်ဆောင်ချက်များ နည်းစနစ်တကျဖြစ်အောင်လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီသင်တန်းမှ သင်ကြားပေးမည့် ဘာသာရပ်အပြင် ရဲလုပ်ငန်းများကို အထောက်အကူပြုစေမည့် အခြားနည်းပညာ ဘာသာများကိုလည်း လေ့လာသင်ယူရန် လိုအပ်ပါကြောင်း၊ ငယ်သည့်အမှု ပပျောက်သွားအောင်နှင့် ကြီးသည့်အမှု ငယ်သွားအောင် လုပ်ဆောင်ကြရမည် ဖြစ်တယ်” လို့ အမှာစကားပြောကြားခဲ့ပါတယ်။
တတ်ကျွမ်းသော ဆရာများမှ သင်ကြားပေးသွားမည့် အပတ်စဉ်(၁) နယ်ထိန်းသင်တန်းတွင် သင်တန်းသား (၃၆)ဦး တက်ရောက် သင်ကြားမည်ဖြစ်ပြီး ရဲကျင့်ဝတ်၊ ရာဇသတ်ကြီး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများကို ရဲလုပ်ငန်းများနှင့် နယ်ထိန်းလုပ်ငန်းများ သိရှိနားလည်နိုင်ရန်၊ ခိုးဆိုးလုယက်မှု၊ မူးယစ်ဆေးဝါးများ ရောင်းဝယ်သုံးစွဲမှု စသည်တို့ကို လျော့နည်းပပျောက်သွားရန်နှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရန် ရည်ရွယ်ကာ သင်တန်းကာလ (၃)လ သင်ကြားမယ်လို့ သိရပါတယ်။
ထို့အပြင် ဗိုလ်ချုပ်တားဘုန်းကျော်မှ “ရဲဆိုသည့်အသံကြားရင် ပြည်သူလူထုအများစုက မုန်းတတ်ကြပြီး လုပ်လည်း မလုပ်ချင်ကြဘူး။ ဘာကြောင့်ဆိုတော့ သူတို့ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်နှင့် လုပ်ရပ်များကို ပြည်သူများက ကြုံတွေ့ခံစားနေရသောကြောင့် မုန်းကြခြင်းဖြစ်တယ်။ မြို့တစ်မြို့တွင် ပြည်သူများက ရဲကို မြင်ကြတဲ့အခါ ကြောက်နေမည်ဆိုရင် ထိုမြို့လေးသည် ပျော်ရွင်မည်မဟုတ်ပါဘူး။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ရဲများမှ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပါတယ်”လို့ တိုက်တွန်းထားပါတယ်။
ဖွင့်ပွဲအခမ်းအနားကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA၏ ထိပ်ပိုင်းခေါင်းဆောင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာများနှင့် သင်တန်းသားများ အပါအဝင် စုစုပေါင်းလူဦးရေ (၅ဝ)ကျော်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ မင်းလှမြို့နယ်မှာ စစ်ရှောင် ပြည်သူများရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်
ဧပြီလ ၂၇ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင်၊ ပဲခူးရိုးမအစပ် ကျေးရွာများမှ စစ်ဘေးရှောင်နေရတဲ့ ပြည်သူပိုင် နေအိမ်တွေကို လိုက်လံဖောက်ထွင်း ခိုးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၆ ရက်နေ့ မနက် ၉ နာရီခန့်မှာ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို ထောက်ကြန့်အုပ်စု၊ ဆားချောင်း ရွာထိပ်က ကြိုးတံတားပေါ် တက်လာချိန်မှာ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ၄၀ မမ ဗုံးသီးနှင့် လက်နက်ငယ် ကျည်များ ထိမှန်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ ဦး မျက်မြင် သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလာနိုင်သေးတာကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနီးကို သွားလာနေထိုင်ခြင်း လုံးဝ(လုံးဝ) မပြုကြဖို့နဲ့ အထိနာနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့က လေကြောင်းကနေ ဗုံးကြဲတာ၊ ပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာ၊ လူမဆန်စွာ သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာကြောင့် အထူးသတိထား နေထိုင်ကြဖို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ ဟားလီးကွေ့ စစ်ကောင်စီ တပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး တစ်ဦး သေဆုံးပြီး ၁၆ ဦး အရှင်ဖမ်းမိ
ဧပြီလ ၂၇ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာ၊ ရေး - ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
ဧပြီလ ၂၆ ရက် မနက် ၆ နာရီခန့်မှာ ဟားလီးကွေ့ စစ်ကောင်စီစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် MA 1 သေနတ် ၉ လက်၊ MA 2 ၁ လက်၊ MA3 ၆ လက်၊ MA4 ၁ လက်၊ MA11 ၁ လက်၊ BA 100 ၁ လက်နဲ့ ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) ဒူရကစစ်ကြောင်းရဲ့ ဦးဆောင်မှုဖြင့် ရေဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPPDF) ၊ KNU တပ်မဟာ (၄) တပ်ရင်း (၁၂) တပ်ခွဲ (၅) ၊ ဥဩ စစ်ကြောင်း၊ Dawei Guerrilla Revolutionary Force (DGRF)। Tavoy People Liberation Force (TPLF) 3 (7)। Sky Ghost Drone Force 1 ၊ ဖယ်ဒရယ် ဓူဝံကြယ် တပ်ဖွဲ့ နဲ့ အရှေ့တော ပြည်သူ့ကာကွယ်ရေး အင်အားစုတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ကလေးမြို့နယ်ကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ အရပ်သား ၄ ဦး သေဆုံး
ဧပြီလ ၂၇ရက်
Radio NUG
ဧပြီလ ၂၇ ရက်နေ့၊ မနက် ၈ နာရီ ၃၀ မိနစ်တွင် ကလေးမြို့နယ်တောင်ပိုင်း၊ အောင်ချမ်းသာကျေးရွာနဲ့ ငါးဖားကျေးရွာ အနီးအနားတဝိုက်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရှိရပါတယ်။
ဗုံးအလုံးရေ အများအပြားနဲ့ ကျေးရွာအနီးအနားဝန်းကျင်မှာ အဆက်မပြတ် ဗုံးကြဲသွားတာကြောင့် ပြည်သူ တစ်ဦး သေဆုံးပြီး နွားများလည်း ထိခိုက်သေဆုံးတယ်လို့ သိရပါတယ်။
အလားတူ ဧပြီလ ၂၆ နေ့ညနေပိုင်းတွင်လည်း ကလေးမြို့နယ်၊ နတ်ချောင်းကျေးရွာနဲ့ နတ်မြောင်းကျေးရွာတို့ကို ဂျက်ဖိုက်တာ၊ Y12 လေယာဥ်တို့နဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လေယာဥ် နှစ်စီးနဲ့ ဗုံးအလုံးအရေ ၃၀ ကျော်နဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားများ သေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မိုးဗြဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ထိမှန်ပြီး အမျိုးသား တစ်ဦး သေဆုံး
ဧပြီလ ၂၇ရက်
Radio NUG
ဧပြီလ (၂၇)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင် မိုးဗြဲမြို့ စစ်ကောင်စီ ခမရ (၄၂၂)တပ်မှ မိုးဗြဲမြို့အနီးသို့ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဝါရီကောခူကျေးရွာနေ ဦးလိ သေဆုံးခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။
သေဆုံးသူသည် မြို့ထဲကို ဆိုင်ကယ်နဲ့ ဖြတ်သွားစဉ် လက်နက်ကြီးအစ ထိမှန်ပြီး လည်ပင်း ထုတ်ချင်းပေါက်ကာ လေပြွန်ထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ (၂၇)ရက်နေ့တွင် မိုးဗြဲအနီးကို လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်လျက်ရှိပြီး ဧပြီလ (၂၆)ရက်နေ့ ညနေ (၄)နာရီဝန်းကျင်တွင်လည်း မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ ဒရုန်းဗုံးကြဲချမှုကြောင့် ဒေသခံ သားအဖ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ တောင်သာမြို့နယ်၊ တောင်ခမောက်ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲရာ နေအိမ်များ မီးလောင် ပျက်စီး
ဧပြီလ ၂၇ရက်
RadioNUG
ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့နယ်၊ တောင်ခမောက်ကျေးရွာတွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။
ထို့သို့ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး လက်ရှိချိန်ထိ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
တောင်ခမောက်ကျေးရွာသည် နေအိမ် ၁၃၀ ကျော်ရှိပြီး အကြမ်းဖက်စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်များ မီးလောင်နေစဉ် ပြည်သူများ မီးငြိမ်းသတ်ရန် လုပ်ဆောင်ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူများ ပြန်လည် ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ကျောင်းသားလက်ရုံးတပ်တော် ၄ နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်
ဧပြီလ ၂၇ ရက်၊
Radio NUG
ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (SAF) (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မွမ်းမံသင်တန်းဆင်း လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ဧပြီလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၄ နှစ်ပြည့် အခမ်းအနားကို တပ်တော် ဗဟိုဌာနချုပ် နယ်မြေမှာ ကျင်းပခဲ့တာ ဖြစ်ပြီး မွန်းမံ သင်တန်းဆင်း လက်နက်တပ်ဆင်ခြင်း အခမ်းအနားကိုလည်း တဆက်တည်း ပြုလုပ်ခဲ့တယ်လို့ ဆိုရပါတယ်။
အခမ်းအနားမှာ (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် တပ်ဦး/တပ်တော်ရဲ့ ထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခြင်း၊ စစ်ဦးစီးချုပ် မိန့်ခွန်းပြောကြားခြင်း၊ မွမ်းမံသင်တန်းဆင်းခြင်းနှင့် လက်နက်တပ်ဆင်ခြင်းများကို ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၉။ နွားထိုးကြီး ပကဖ က ရဲဘော်သစ်များ ခေါ်ယူနေ
ဧပြီလ ၂၇ ရက်၊
Radio NUG
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နွားထိုးကြီး ပ.က.ဖ) က ရဲဘော်သစ်များ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
တပ်ဖွဲ့ဝင်လိုသူများအနေဖြင့် ကျန်းမာရေး ကောင်းမွန်ပြီး စိတ်ဓါတ်ကြံ့ခိုင်သူ၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း မူးယစ်ဆေးဝါး မသုံးစွဲသူ လူမှုရေး ပြစ်ချက်ကင်းရှင်းသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ထို့အပြင် တပ်ဖွဲ့က ပေးအပ်တဲ့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရမှာ ဖြစ်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများကို တိကျစွာ လေးစားလိုက်နာရမယ်လို့လည်း ဆိုပါတယ်။
နွားထိုးကြီး မြို့နယ်အတွင်း နေထိုင်သူ ဖြစ်ရမှာဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောင်ရေးအတွက် တော်လှန်ရေး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်ရမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment