25 May 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ α€™ေα€œ ( ၂၅ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား


πŸ“ŒπŸ“Œ ၁။ α€€ျောင်းα€žားα€œူα€„α€š်တွေ တပ်α€žားα€žα€…် α€…ုဆောင်းခံရရင် တိုင်α€€ြားα€”ိုင်α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်ပြော

 

မင်းတပ်α€™ြို့α€”α€š်ထတွင်းα€™ှာ α€‘α€žα€€်မပြα€Š့်α€žေးα€žူတွေα€”ဲ့ α€€ျောင်းα€žားα€œူα€„α€š်တွေ တပ်α€žားα€žα€…် α€…ုဆောင်းခံရပါα€€ α€…α€…်ဦးα€…ီးချုပ်α€›ုံးα€€ို တိုင်α€€ြားα€”ိုင်α€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် α€…α€…်ဦးα€…ီးချုပ်α€€ ပြောα€€ြားα€α€š်α€œို့ DVB α€›ဲ့  α‚၀၂၅ α€™ေα€œ ၂၂ α€›α€€်α€”ေ့ α€žα€α€„်းα€™ှာ α€–ော်ပြပါα€α€š်။

 

မင်းတပ်α€™ြို့α€”α€š်ထတွင်းα€™ှာ တပ်ရင်းတချို့α€€ ထခုα€›α€€်ပိုင်း α€‘α€žα€€်မပြα€Š့်α€žေးα€žူတွေα€”ဲ့ α€€ျောင်းα€žားα€œူα€„α€š်တွေα€€ို တပ်α€žားα€žα€…် α€…ုဆောင်းခံα€›α€α€š်ဆိုတဲ့ α€€ောα€œα€Ÿα€œα€žα€α€„်းတွေ ပျံ့α€”ှံ့α€œာတဲ့α€”ောα€€် ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် α€…α€…်ဦးα€…ီးချုပ်α€€ ထခုα€œို ပြောα€€ြားတာပါ။

 

ထဲ့α€œိုα€™ျိုးα€€ α€€ျα€”ော်တို့ α€…α€…်ဦးα€…ီးချုပ်α€›ုံးα€€ို တင်ပြα€œို့ရပါα€α€š်။ α€€ျα€”ော်တို့ဆီα€€ို ထဲ့α€œိုပုံα€…ံα€™ျိုးα€”ဲ့ တင်ပြα€œာတာတွေα€œα€Š်း α€›ှိပါα€α€š်၊ ထတင်းထဓမ္α€™ α€…ုဆောင်းတာα€™ျိုးတော့ α€™α€›ှိပါα€˜ူး။ α€’ါပေα€™ဲ့ တာဝန်ကတော့ α€œူတိုင်းα€™ှာα€›ှိα€α€š်။ α€’ီထမျိုးα€žားα€œွတ်α€™ြောα€€်α€›ေးတာဝန်၊ α€’ီတော်α€œှα€”်α€›ေးပြီးα€™ြောα€€်α€–ို့ တာဝန်α€€ α€œူတိုင်းα€œူတိုင်းα€›ဲ့ တာဝန်α€–ြα€…်α€α€š်။ α€€ျα€”ော်တို့ α€œα€€်α€›ှိ α€œα€€်α€”α€€်α€€ိုင်α€”ေတဲ့ α€œူတွေα€›ဲ့ တာဝန်α€œα€Š်းα€™α€Ÿုတ်α€˜ူး ဆိုတဲ့ α€žα€˜ောတရားα€€ို‌တော့ ပြα€Š်α€žူα€œူထုα€”ားα€œα€Š်ထောင် α€€ျα€”ော်တို့ ထမြဲတမ်းα€›ှင်းပြပါα€α€š်။ α€™ြေပြင်α€™ှာ တပ်α€žားα€žα€…်α€…ုဆောင်းတဲ့ထခါ တချို့α€œိုထပ်ချα€€်တွေ α€›ှိα€€ောင်းα€›ှိα€”ိုင်ပါα€α€š်၊ α€™ြေပြင်α€™ှာ α€–ြα€…်α€žα€™ျှα€€ိα€…္α€… ထကုα€”်α€œုံးα€€ို တာဝန်α€šူα€™ှု တာဝန်ခံα€™ှုα€›ှိα€…ွာα€”ဲ့ α€€ျα€”ော်တို့ တော်α€œှα€”်α€›ေးα€€ို α€œုပ်α€”ေα€α€š်α€œို့ ပြောတဲ့ထကြောင်း α€›ေးα€žားထားပါα€α€š်။

 

မင်းတပ်α€™ြို့α€€ို ၂၀၂၄ α€”ိုဝင်α€˜ာ ၉ α€›α€€်α€”ေ့ ချင်းα€Šီα€”ောင် α€…α€…်ဆင်α€›ေးα€–ော်ဆောင်ခဲ့ပြီး ၂၀၂၄ α€’ီဇင်α€˜ာ ၂၁ α€›α€€်α€™ှာ α€™ြို့α€€ို ထပြီးα€žα€် ပြα€”်α€œα€Š်α€žိα€™်းα€šူα€”ိုင်ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€€ျောင်းα€”ေထရွα€š်α€€α€œေးα€„α€š်တွေ α€œွတ်α€œွတ်α€œα€•်α€œα€•် α€•α€Šာα€žα€„်α€€ြားα€–ို့ CDF ထရှို ထုတ်ပြα€”်

 

α€…α€…်ဆင်α€›ေးα€œှုပ်α€›ှားα€”α€š်α€™ြေα€”ဲ့ ထိစပ်α€”ေတဲ့ α€”α€š်α€™ြေတွေα€™ှာ ထခြေခံα€•α€Šာα€žα€„်α€€ြားα€™α€š့် α€€ျောင်းα€žူ၊ α€€ျောင်းα€žားတွေα€”ဲ့ ဆရာ၊ ဆရာမတွေα€€ို α€œွတ်α€œွတ်α€œα€•်α€œα€•် α€•α€Šာα€žα€„်α€€ြားα€”ိုင်ထောင် α€€ူα€Šီပံ့ပိုးα€™α€š်α€œို့ Chin Defence Force – Asho α€€ α€™ေα€œ ၁၉ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

α€…α€…်α€›ေးα€œှုပ်α€›ှားα€™ှုα€”α€š်α€™ြေα€™ျားα€”ှင့် ထိစပ်α€œျα€€်α€›ှိα€žော α€™α€€ွေးတိုင်း၊ ငဖဲα€™ြို့α€”α€š်၊ တောင်ပေါ်α€’ေα€žα€”ှင့် α€™ြေပြα€”့်α€’ေα€ž α€€ျေးα€›ွာα€™ျားα€›ှိ ထခြေခံα€•α€Šာα€€ျောင်းα€™ျားတွင် တာဝန်ထမ်းဆောင်α€œျα€€်α€›ှိα€žော ထခြေခံα€•α€Šာထဆင့် α€€ျောင်းဆရာ၊ ဆရာα€™α€™ျားα€€ို ခြိα€™်းခြောα€€်ခြင်း၊ α€”ှောα€€်α€šှα€€်α€Ÿα€”့်တားခြင်း၊ α€–α€™်းဆီးထိα€”်းα€žိα€™်းခြင်း၊ α€•α€Šာα€žα€„်α€€ြားα€™ှု α€€ျောင်းα€€ိα€…္α€…α€™ျားα€€ို ဝင်α€›ောα€€်α€…ွα€€်α€–α€€်ခြင်း α€œုံးဝ ပြုα€œုပ်α€™α€Š်α€™α€Ÿုတ်α€€ြောင်းα€”ှင့် ထိုα€€ဲ့α€žို့ပြုα€œုပ်α€žူα€™α€Š်α€žူမဆိုα€€ို တားα€™ြα€…်ထရေးα€šူα€žွားα€™α€Š်α€–ြα€…်α€€ြောင်း α€‘α€žိပေးထပ်ပါα€žα€Š်။α€œို့ CDF – Asho α€€ α€–ော်ပြထားပါα€α€š်။

 

α€€ျောင်းဆရာ၊ မတွေထနေα€”ဲ့α€œα€Š်း α€€α€œေးတွေα€€ို α€…ေတနာ၊ ဝါα€žα€”ာ၊ ထနစ်α€”ာ ၃ ခုα€€ို ခံα€šူα€‘α€œေးထားပြီး α€œွတ်α€œွတ်α€œα€•်α€œα€•် α€žα€„်α€€ြားပေးα€€ြα€–ို့ α€™ေတ္တာရပ်ခံထားပါα€α€š်။

 

CDF – Asho ထနေα€”ဲ့ α€…α€…်α€›ေး၊ α€…α€…်α€˜α€€်ဆိုင်α€›ာ ပစ်α€™ှတ်α€€ိုα€žာ ထဓိα€€ ဦးα€α€Š်တိုα€€်ခို၊α€€်α€žွားα€™α€š်α€œို့α€œα€Š်း α€™ေα€œ ၁၉ α€›α€€်α€”ေ့ ထုတ်ပြα€”်ချα€€်α€™ှာ α€–ော်ပြပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ α€—α€”်းα€™ော်α€™ှာ α€›α€Ÿα€်α€šာဉ် ၁ စင်းα€€ို KIA α€”ဲ့ ပူးပေါင်းတပ်α€€ ပစ်ချ

 

ကချင်ပြα€Š်၊ α€—α€”်းα€™ော်α€™ြို့α€€ို α€…α€…်α€€ူပို့တဲ့ α€…α€…်α€€ောင်α€…ီα€›α€Ÿα€်α€šာဉ်α€€ို (α€™ေ ၂၀) α€™ွα€”်းα€œွဲ ၁ α€”ာα€›ီဝန်းα€€ျင်α€™ှာ တပ်ပေါင်းα€…ုα€€ ပစ်ခတ်ခဲ့α€›ာ ပျα€€်α€€ျခဲ့α€α€š်α€œို့ α€žိရပါα€α€š်။

 

α€…α€…်α€€ောင်α€…ီ α€›α€Ÿα€်α€šာဉ် ၃ စင်းထဲα€€ ၁ စင်း တောတွင်းတနေα€›ာ ပျα€€်α€€ျခဲ့ပြီး α€”ောα€€် ၁ စင်းα€™ှာ α€›ွှေα€€ူα€™ြို့ထနီး ထရေးပေါ် ဆင်းα€žα€€်ခဲ့α€€ြောင်း α€žိα€›ှိα€›α€α€š်α€œို့ ကချင်α€œွတ်α€™ြောα€€်α€›ေးတပ်မတော် - KIA ပြောခွင့်α€› α€—ိုα€œ်α€™ှူးα€€ြီးα€”ော်α€˜ူα€€ ပြα€Š်တွင်းα€žα€α€„်းα€Œာနတွေα€™ှာ α€‘α€α€Š်ပြု α€–ြေα€€ြားထားပါα€α€š်။

 

ကချင်ပြα€Š်၊ α€—α€”်းα€™ော်α€™ြို့α€›ှိ α€…α€…်α€€ောင်α€…ီတပ်ရင်းα€€ို α€…α€…်α€€ူပို့တဲ့ α€›α€Ÿα€်α€šာဉ်တွေα€€ို ကချင်α€œွတ်α€™ြောα€€်α€›ေးတပ်မတော် - KIA α€”ဲ့ တော်α€œှα€”်α€›ေးတပ်ပေါင်းα€…ုα€€ ပ၊α€…်ခတ်α€œို့ ပျα€€်α€€ျတဲ့ α€›α€Ÿα€်α€šာဉ်α€€ို α€…α€…်α€€ောင်α€…ီα€˜α€€်ကတော့ α€…α€€်ချို့α€šွင်းပြီး ပျα€€်α€€ျတာဆိုပြီး α€™ေα€œ ၂၀ α€›α€€်α€”ေ့ α€Šα€•ိုင်း ထုတ်ပြα€”်ပါα€α€š်။

α€œα€‘α€α€”်α€€ြာ တို၊α€€်ပွဲပြင်းထန်α€”ေတဲ့ α€—α€”်းα€™ော်α€™ြို့α€›ှိ စကခ ၂၁ α€€ို α€…α€…်α€€ူပို့တဲ့ α€…α€…်α€›α€Ÿα€်α€šာဉ် ၃ α€…ီးα€€ို KIA ပူးပေါင်းတပ်α€€ ပစ်ချခဲ့တာα€–ြα€…်ပြီး α€›α€Ÿα€်α€šာဉ်ပျα€€်α€”ဲ့ α€œေα€šာဉ်α€™ှူး α€›ုပ်α€‘α€œောင်းα€œα€Š်း α€œူα€™ှုα€€ွα€”်α€›α€€်α€™ှာ ပျံ့α€œာတဲ့ α€›ုပ်α€žံတွေα€™ှာ တွေ့ရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ α€Ÿားခါးα€™ြို့α€›ှိ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တဦးα€€ို CDF-Hakka α€–α€™်းဆီးα€›α€™ိ၊ ၃ ဦး α€‘α€œα€„်းဝင်

 

ချင်းပြα€Š်၊ α€Ÿားခါးα€™ြို့α€›ှိ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တပ်α€žားတဦးα€€ို CDF-Hakha α€€ ထရှင်α€–α€™်းဆီးα€”ိုင်ခဲ့α€žα€œို α€”ောα€€်ထပ်α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၃ ဦးα€œα€Š်း α€‘α€œα€„်းဝင်α€œာα€α€š်α€œို့ CDF-Hakha α€€ α€™ေα€œ ၁၈ α€›α€€်α€”ေ့ α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€…α€…်α€€ောင်α€…ီ α€…α€…်α€žားတα€₯ီးα€€ို CDF-Hakha α€€ ပြီးခဲ့တဲ့ ၂၀၂၅မေα€œ ၁၅ α€›α€€်α€”ေ့ α€–α€™်းဆီးတာα€œို့ ဆိုပါα€α€š်။ 

 

α€’ါ့ထပြင် α€™ေα€œ ၁၅ α€”ဲ့ ၁၇ α€›α€€်α€”ေ့တွေα€™ှာα€œα€Š်း α€Ÿားခါးα€™ြို့α€›ှိ  α€…α€…်α€žား ၂ α€₯ီး α€›ဲတပ်α€žား ၁ α€₯ီးတို့α€Ÿာ α€œα€€်α€”α€€်ခဲα€šα€™်းတွေα€”ဲ့ထတူ Chinland Defense Force - Hakha ထံ α€‘α€œα€„်းဝင်ခဲ့တာα€œို့ α€žိရပါα€α€š်။


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment