၂၀၂၅ မေလ ၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီးဆုံးရန် ပြည်တွင်း၊ပြည်ပရှိ မြန်မာအလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲ ဝင်ကြရန် NUGယာယီသမ္မတပြောကြား
📌 ၂။ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ၁၁၃ ကြိမ်မြောက် အလုပ်သမားညီလာခံကနေ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်နိုင်အောင် ကြိုးစားသွားမယ်လို့ CRPH ပြော
📌 ၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်မယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားသို့ ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ NUGမှတာဝန်ရှိသူများ တက်ရောက်မည်
📌 ၄။ အလုပ်သမားထုလွတ်မြောက်ရေးနှင့် လူမျိုးပေါင်းစုံလွတ်မြောက်ရေးကသာ ခွဲခြားဆက်ဆံမှုကင်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းသစ်ကို ပြဌာန်းနိုင်မယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၆ ခုပြော
📌 ၅။ ဖြည့်စွက်စာ၊ဆေးဝါးနဲ့ ကျန်းမာရေး၊ နေ့စဥ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပါဝင်ကူညီနိုင်မယ့်မိုမိုတို့ရဲ့ အိမ်ပြန်လမ်းကမ်ပိန်းစတင်
========================
၂၀၂၅ ခုနှစ် မေလ ၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အမည်ခံနျူကလီးယားစွမ်းအင် စီမံကိန်း ဖွံ့ဖြိုးရေးတို့ကိုသာ ပိုမို အာရုံစိုက် နေဆဲဖြစ်
🚩 ၂။ ရေဖြူမြို့နယ် နဘုလယ်ဒေသမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ၈ ဦးထက်မနည်း သေဆုံး
🚩 ၃။ ကွတ်ခိုင်မြို့နယ်မှာ မိုးကြိုးပစ်ခံရပြီး အမျိုးသား ၃ ဦး သေဆုံး
🚩 ၄။ နတ်ရေကန် စစ်တပ်စခန်းမကျရေး စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး သေနတ် ၉ လက်နဲ့ခဲယမ်းများ သိမ်းဆည်းရရှိ
🚩 ၅။ စစ်ကိုင်းတက္ကသိုလ်နဲ့ ကတလူတိုးဂိတ်မှာတပ်ဆွဲပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၁၀ ဦး ထက် မနည်းသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်ပြီးဆုံးရန် ပြည်တွင်း၊ပြည်ပရှိ မြန်မာအလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲ ဝင်ကြရန် NUGယာယီသမ္မတပြောကြား
မေလ၁ရက်
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတဒူဝါလရှီးလ၏ အလုပ်သမားထုသို့ ပေးပို့သောသဝဏ်လွှာတွင် အခုလိုဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ အကြမ်းဖက်စစ်အုပ်စု၏ အာဏာ လုယူပြီးနောက် အခြေခံအလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးများ ဆိုးရွားစွာ ဆုံးရှုံးနေရပါတယ်။အလုပ်သမားများအပါအဝင် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး နေ့စဉ် ကြုံတွေ့ခံစားနေရ သည့် ကိုယ်၊ စိတ် ဒုက္ခမျိုးစုံသည် အာဏာရှင်စနစ်ကို အပြီးတိုင် ချေမှုန်းနိုင်မှသာလျှင် ဆုံးရှုံးနေသည့်အခြေခံအခွင့်အရေးများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် တန်းတူညီမျှရေး၊ အဘက်ဘက်မှ ယိုယွင်းနေသည့် တိုင်းပြည် .. ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ့နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးရန် ပြည်တွင်း၊ ပြည်ပရှိ မြန်မာအလုပ်သမားများ အပါအဝင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး တတ်နိုင်သည့် နည်းလမ်းမျိုးစုံဖြင့် ဆက်လက် တိုက်ပွဲ ဝင်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာ့ကုလသမဂ္ဂ(UN)နှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့အစည်းများ၊ အခြေခံလူ့အခွင့်အရေးနှင့် အလုပ်သမား အခွင့်အရေး အလေးထားသည့် နိုင်ငံတကာအစိုးရများ အနေဖြင့်လည်း လက်တွေ့ဆန်သော ပံ့ပိုးကူညီမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုပေးစေလိုကြောင်း မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ထပ်မံတိုက်တွန်းတောင်းဆိုအပ်တယ်လို့ယာယီသမ္မတကပြောကြားထားပါတယ်။
========================
📌📌 ၂။ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ၁၁၃ ကြိမ်မြောက် အလုပ်သမားညီလာခံကနေ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်နိုင်အောင် ကြိုးစားသွားမယ်လို့ CRPH ပြော
မေလ၁ရက်
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ၁၁၃ ကြိမ်မြောက် အလုပ်သမားညီလာခံ 2025 International Labour Conference – ILC မှာ အကြမ်းဖက်စစ်ကောင်စီကို International Labor Organization (ILO) Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနတွေ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကပြောဆိုလိုက်ပါတယ်။အခုနှစ် မေလ ၁ ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အတွက်ပေးပို့တဲ့ သဝဏ်လွှာကနေတဆင့် ပြောဆိုလိုက်တာဖြစ်ပါတယ်။
အလုပ်သမားတွေရဲ့ စုစည်းညီညွတ်မှုအင်အားကို ဂုဏ်ပြုဖော်ညွှန်းတဲ့အနေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အလုပ်သမားနေ့ကို နှစ်စဉ်ကျင်းပလေ့ရှိပေမယ့် မြန်မာနိုင်ငံတဝှမ်းက အလုပ်သမားထုအပါအဝင် တိုင်းရင်းသားပြည်သူတွေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာ မြို့ပြနဲ့ကျေးလက်တွေက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ မတရား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာ ထောင်သွင်းအကျဉ်းချတာ စတဲ့ အကြမ်းဖက်လုပ်ရပ်အမျိုးမျိုးနဲ့ ရင်ဆိုင်တွေ့ကြုံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအပါအဝင် အကြမ်းဖက် စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံအဖွဲ့တွေ မြန်မာပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှု တွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရေး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နိုင်ငံတကာလွှတ်တော်များ၊ အစိုးရများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးမှာ ဘုံရည်မှန်းချက် ပန်းတိုင်တူညီတဲ့ အဖွဲ့အစည်းများနဲ့ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် အခုနှစ် ဇွန်လ ၂ ရက်ကနေ ၁၃ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပမယ့် ၁၁၃ ကြိမ်မြောက် အလုပ်သမားညီလာခံ 2025 International Labour Conference – ILC မှာ အကြမ်းဖက်စစ်ကောင်စီကို International Labor Organization - ILO Article 33 အရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွား မယ်လို့ CRPH က ပြောပါတယ်။
အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ နိုင်ငံတကာ သဘောတူစာချုပ်များ၊ စံညွှန်းများနဲ့အညီ လုပ်သား ပြည်သူများ တန်းတူညီမျှမှု ရရှိရေး၊ လူနေမှုဘဝများ ပိုမိုတိုးတက်အောင်မြင်နိုင်ရေး အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အပြင် ကဏ္ဍအသီးသီးမှာရှိတဲ့ အလုပ်သမားလူထုအတွက် ပိုမိုခိုင်မာအားကောင်းတဲ့ ဥပဒေ၊ နည်းဥ ပဒေတွေ ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက
ကတိပြုထားပါတယ်။
ဒါ့အပြင် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေက အလုပ်သမား နဲ့ ပြည်သူတွေအားလုံး အလုပ်သမားထုအခွင့်အရေးတွေ နိုင်ငံတကာစံနှုန်းနဲ့အညီ အပြည့်အဝရရှိခံစားနိုင်ကြပြီး လုပ်ငန်းခွင် အတွင်း ဘေးအန္တရာယ်ကင်းရှင်းကာ ကိုယ်စိတ်နှစ်ပါး ကျန်းမာအေးချမ်းကြပါစေကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက ဆုတောင်းပေးထားပါတယ်။
========================
📌📌 ၃။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်မယ့် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားသို့ ဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ NUGမှတာဝန်ရှိသူများ တက်ရောက်မည်
မေလ၁ရက်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုပေးအပ်မယ့် "၁၆ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဂုဏ်ပြုပွဲအခမ်းအနားသို့ NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊လူ့အခွင့်အရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သံအမတ်ကြီးဦးကျော်မိုးထွန်းတို့ တက်ရောက်ချီးမြှင့်ပါမယ်"လို့ ပြည်သူ့ဂုဏ်ရည်အသင်းမှ အမှုဆောင်တဦးဖြစ်သူတဲ့ ဦးကျော်ဝဏ္ဍက အသိပေးဆိုထားပါတယ်။၂၀၂၅ခုနှစ် ၁၆ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုမူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျေးဇူးကိုသိမှတ်ရည်မှန်းပြီး ဂုဏ်ပြုကြတာဖြစ်ပါတယ်။မေလ ၂၄ရက်၊ ဟူစတန်မြို့(တက်ဆက်) မှာ ကျင်းပမယ့် ဂုဏ်ပြုပွဲအမီ တစ်လက်မပတ်လည် ရင်ထိုးများကို အမှတ်တရထုတ်ဝေသွားဖို့လည်းရှိတယ်လို့သိရပါတယ်။
ရန်ပုံငွေအကျိုးအမြတ်အားလုံးကို မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများနဲ့ တော်လှန်ရေးဆေးတပ်ဖွဲ့များအတွက် ပေးပို့လှူဒါန်းကြမှာလည်းဖြစ်ပါတယ်။
========================
📌📌 ၄။ အလုပ်သမားထုလွတ်မြောက်ရေးနှင့် လူမျိုးပေါင်းစုံလွတ်မြောက်ရေးကသာ ခွဲခြားဆက်ဆံမှုကင်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းသစ်ကို ပြဌာန်းနိုင်မယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၆ ခုပြော
မေလ၁ရက်
အလုပ်သမားထုလွတ်မြောက်ရေးနှင့် လူမျိုးပေါင်းစုံလွတ်မြောက်ရေးကသာ ခွဲခြားဆက်ဆံမှုကင်းပြီး တရားမျှတတဲ့ လူ့အဖွဲ့အစည်းသစ်ကို ပြဌာန်းနိုင်မျာဖြစ်တယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၆ ခုက ပြောဆိုလိုက်ပါတယ်။နိုင်ငံတကာအလုပ်သမားနေ့ဖြစ်တဲ့ ဒီနေ့ မေလ ၁ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းပြောဆို လိုက်တာဖြစ်ပါတယ်။
မေလ ၁ ရက်နေ့ဟာ မေဒေးလို့ခေါ်တဲ့ နိုင်ငံတကာအလုပ်သမားနေ့ဖြစ်ပြီး ရုပ်ဝတ္တုဖွံ့ဖြိုးတဲ့ကမ္ဘာကြီးကို ထူထောင်ခဲ့ကြ သလို နိုင်ငံတကာတော်လှန်ရေးတွေနဲ့ တကျော့ပြန်တော်လှန်ရေးမှာ ရှေ့တန်းကနေပါဝင်နေကြတဲ့ ပြည်တွင်း၊ ပြည်ပက အလုပ်သမားထုကို ချီးကျုးဂုဏ်ပြုကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလုပ်သမားထုဟာ ၂ဝ၂၁ ဖေဖော်ဝါရီ ၆ ရက်က လှည်းတန်းလှုပ်ရှားမှုကို ဦးဆောင်ခဲ့သလို အခုအချိန်အထိလည်း တောင်သူလယ်သမားထု၊ အခြေခံလူတန်းစားထုနဲ့အတူ တော်လှန်ရေးရဲ့ အခြေခံအင်အားအဖြစ် ရုန်းကန်ပါဝင်နေဆဲလို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ တော်လှန်ရေးအခြေခံအင်အားထု ရပ်တည်ရေး ပျက်စီးစေဖို့နဲ့ လူထုလှုပ်ရှားမှုကြီးတွေ ဖြစ်မလာအောင် နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသလို တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း မိမိတို့အခြေခံအင်အားထု အထွေထွေအကျပ် အတည်းကို ရပ်တည်ကျားကန်နိုင်ရေး၊ လူထုလှုပ်ရှားမှုကြီးတွေပေါ်ပေါက်ရေး အလေးထားလှုပ်ရှားသင့်တယ်လို့ တိုက်တွန်း ထားပါတယ်။
ဒါ့အပြင် ပြည်နယ်ယူနစ်ဖွဲ့စည်းပုံ ရေးဆွဲခြင်းနဲ့ ပြည်ထောင်စုအဆင့် သဘောတူညီချက်ရယူရေးလုပ်ငန်းစဉ်တွေမှာ အလုပ်သမားထု အခန်းကဏ္ဍပါဝင်ရေးနဲ့ အခြေခံရပိုင်ခွင့်များရရှိရေး၊ လူတန်းစားကွာဟာမှုလျှော့ချရေးနဲ့ လူမှုဖူလှုံရေး ဆိုင်ရာအစီအမံတွေ မဖြစ်မနေထည့်သွင်းရေးဆွဲဖို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက အကြံပြုထားပါတယ်။
လာမယ့် အနာဂါတ်လူ့အဖွဲ့အစည်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူထု လူမှုဖူလုံရေး၊ ဖိနှိပ်မှုများရပ်တန့်ရေးနဲ့ ပဋိပက္ခ များမရှိစေရေး၊ ဒီမိုကရေစီခိုင်မာအားကောင်းရေးတွေမှာ အလုပ်သမားထုရဲ့အခန်းကဏ္ဍဟာ အရေးကြီးဆုံးကိစ္စရပ်တခု ဖြစ်တယ်ဆိုတဲ့အချက်ကို ထည့်သွင်းစဥ်းစားဖို့လည်း အလေးအနက်ထားပြီး နှိုးဆော်ထားပါတယ်။
မိမိတို့အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ တော်လှန်ရေးအဆက်ဆက်မှာ ပါဝင်ခဲ့ ပါဝင်နေဆဲဖြစ်တဲ့ လူမျိုးပေါင်းစုံက လုပ်သားထုနဲ့ တသားတည်းရပ်တည်နေတယ်လို့လည်း အသိပေးထားပါတယ်။
မေဒေးထုတ်ပြန်ချက်ကို စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုကော်မတီ - AJMM၊ သွေးစွန်းငွေလှုပ်ရှားမှု - BMC၊
အထွေထွေသပိတ်ကော်မတီ - GSC လူမျိုးပေါင်းစုံမျိုးဆက်များသွေးစည်းညီညွတ်သောမဟာမိတ်အင်အားစု - GSCN၊
တိုးတက်သောမွတ်စ်လင်မ်လူငယ်အစည်းအရုံး - PMYA နဲ့ ဒို့မြေကွန်ရက် - Land In Our Hands တို့ ပူးပေါင်းထုတ်ပြန်တာ ဖြစ်ပါတယ်။
========================
📌📌 ၅။ ဖြည့်စွက်စာ၊ဆေးဝါးနဲ့ ကျန်းမာရေး၊ နေ့စဥ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပါဝင်ကူညီနိုင်မယ့်မိုမိုတို့ရဲ့ အိမ်ပြန်လမ်းကမ်ပိန်းစတင်
မေလ၁ရက်
ဖြည့်စွက်စာ၊ ဆေးဝါးနဲ့ ကျန်းမာရေး၊ နေ့စဥ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပါဝင်ကူညီနိုင်မယ့်မိုမိုတို့ရဲ့ အိမ်ပြန်လမ်းကမ်ပိန်းစတင်ပြီဖြစ်ကြောင်းသိရပါတယ်။ဒီကမ်ပိန်းဟာ ဆင်များဖြစ်တဲ့မိုမိုတို့ရဲ့ ဖြည့်စွက်စာ၊ ဆေးဝါးနဲ့ ကျန်းမာရေး၊ နေ့စဥ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ပါဝင်ကူညီနိုင်မယ့် အစီအစဥ်တခုဖြစ်ပါတယ်။ဒီကမ်ပိန်းကို မေလ (၁) ရက်ကနေ (၃၁) ရက်နေ့အထိ နွေဦးဘဏ် Spring Development Bank ရဲ့ Spring CrowdFund ကနေ လွယ်ကူလျင်မြန်စွာ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်မျှတသာယာတဲ့ အနာဂတ်ကို တည်ဆောက်နေကြတဲ့ မြန်မာနိုင်ငံသားတို့နဲ့အတူ ထပ်ချပ်မကွာလိုက်ပါနေတဲ့ မိုမိုတို့ကို မြန်မာ့ရေမြေ တောတောင်တွေထဲမှာ လှပစွာ ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ဖို့ ဝိုင်းဝန်းပါဝင်ပေးကြရန်လည်း ဖိတ်ခေါ်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အမည်ခံနျူကလီးယားစွမ်းအင် စီမံကိန်း ဖွံ့ဖြိုးရေးတို့ကိုသာ ပိုမို အာရုံစိုက် နေဆဲဖြစ်
မေလ၁ရက်
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ် နျူကလီးယား လက်နက်များ မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံအတွက် ပြင်ဆင်ရေးကော်မတီ တတိယအကြိမ်မြောက် အစည်းအဝေးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုပြောပါတယ်။
"ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ဖျက်အားမြင့် ငလျှင် ဘေးအန္တရာယ် ပြီးနောက် တွင်ပင် အကြမ်းဖက်စစ်တပ်သည် အရပ်သားပြည်သူများအပေါ် ခွဲခြားမှုမရှိသော လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ၎င်းတို့၏ အမည်ခံနျူကလီးယားစွမ်းအင် စီမံကိန်း ဖွံ့ဖြိုးရေးတို့ကိုသာ ပိုမို အာရုံစိုက် နေဆဲဖြစ်ပါကြောင်း၊ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုမရှိသည့်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာမှုမရှိသည့် အကြမ်းဖက်စစ်အုပ်စုသည် နျူကလီးယား လက်နက်များ မပြန့်ပွားရေးစာချုပ်၏ အပိုဒ် (၃) အရ အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင် အေဂျင်စီ (IAEA) နှင့်လည်း ရိုးသားစွာ ပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ငလျင်ဘေးအလွန် လူသားချင်းစာနာမှု အကူအညီပေးမှုကို လက်နက်အဖြစ် အသုံးချသော အကြမ်းဖက် စစ်အုပ်စုသည် နျူကလီးယားနည်းပညာကိုလည်း လက်နက်အဖြစ် အသုံးချမည်သာ ဖြစ်ကြောင်းသံအမတ်ကြီးကထပ်လောင်းပြောပါတယ်။
နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ၂၀၂၆ ခုနှစ် နျူကလီးယား လက်နက်များ မပြန့်ပွားရေး စာချုပ်ဝင် နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံကို၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်လျှက်ရှိရာ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်လျက်ရှိပါတယ်။
========================
🚩🚩 ၂။ ရေဖြူမြို့နယ် နဘုလယ်ဒေသမှာဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ၈ ဦးထက်မနည်း သေဆုံး
မေလ၁ရက်
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသမှာ ဖြစ်တဲ့တိုက်ပွဲမှာ စစ်သား ၈ ဦးထက်မနည်း သေဆုံးသွား တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
ရေဖြူမြို့နယ် နဘုလယ်ဒေသ လဲရှောင်ကျေးရွာ ခြေတော်ရာတောင်ခြေအနီး ထားဝယ် အထူးစီးပွားရေးဇုန်ဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဧပြီလ ၂၄ ရက်နေ့ မနက် ၁၁ နာရီခန့်က တိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၈ ဦး ထက်မနည်းသေဆုံးကာ အများ အပြား ဒဏ်ရာရသွားတာလို့ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ထားဝယ် ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF က သာဂရ စစ်ကြောင်း၊ ထားဝယ်ခရိုင် အမှတ် - ၁ တပ်ရင်း၊ T1 ၊ ဒေါနစစ်ကြောင်း ၃၊ KBDF တပ်ခွဲ-၄ ၊ တပ်ခွဲ- ၆ ဝေဟင်၊ တပ်ခွဲ - ၇ LPF၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး - DDPDF ၊ DGRF ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့နဲ့ ရွှေဘီလုံးတပ်ဖွဲ့တို့ ပူး ပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ရေဖြူမြို့နယ် ပူးပေါင်းမဟာမိတ်အဖွဲ့အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ ကွတ်ခိုင်မြို့နယ်မှာ မိုးကြိုးပစ်ခံရပြီး အမျိုးသား ၃ ဦး သေဆုံး
မေလ၁ရက်
တအာင်းပြည် တပ်မဟာ ၅ နယ်မြေ ကွတ်ခိုင်မြို့နယ် ဟိုနောင်အုပ်စု ကုန်းချမ်းကျေးရွာမှာ အမျိုးသား ၃ ဦး မိုးကြိုးပစ်ခံ ရပြီး သေဆုံးသွားတယ်လို့ TNLA ဘက်က သတင်းထုတ်ပြန်ပါတယ်။
ဧပြီလ ၂၈ ရက်နေ့က မိုးသက်လေပြင်းကျနေချိန်မှာ ကြွင်းထဲက မီးသွေးသွားထုတ်တဲ့ အမျိုးသား ၃ ဦး မိုးကြိုးပစ်ခံရပြီး သေဆုံးနေတာကို ထမင်းသွားပို့တဲ့ မိသားစုဝင်တဦးက ဧပြီလ ၂၉ ရက်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
မိုးကြိုးပစ်ခံရသူတွေဟာ အသက် ၆၂ နှစ်၊ အသက် ၃၆ နှစ်နဲ့ အသက် ၃ဝ အရွယ် အမျိုးသားတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဒေသနေပြည်သူလူထုက သွားရောက်သယ်ဆောင်ကာ ဧပြီလ ၂၉ ရက် ညနေ ၃ နာရီအချိန်မှာ မီးသဂြိုလ်ပေးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန အသိပေးထားပါတယ်။
========================
🚩🚩 ၄။ နတ်ရေကန် စစ်တပ်စခန်းမကျရေး စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး သေဆုံးပြီး သေနတ် ၉ လက်နဲ့ခဲယမ်းများ သိမ်းဆည်းရရှိ
မေလ၁ရက်
မကွေးတိုင်း ငဖဲမြို့နယ်ထဲက နတ်ရေကန် စစ်စခန်းမကျစေဖို့ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ဖြတ်တောက်တိုက်ခိုက် ခဲ့ရာမှာ စစ်သား ၉ ဦးသေဆုံးပြီး သေနတ် ၉ လက်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အရှို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ မေလ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ် ပဇီကျေးရွာဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ ၁၃ က စစ်သား ၂၀ ခန့်ဟာ နတ်ရေကန်စစ်စခန်းမကျရေး အတွက် မနေ့ ဧပြီလ ၃၀ ရက် မနက် ၈ နာရီခန့်က လမ်းလုံခြုံရေးလုပ်ဖို့ထွက်လာခဲ့တာကို အရှိုချင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီ ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်သားတွေကိုင်တဲ့ MA အမျိုးစား လက်နက်ငယ် ၉ လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တာလို့ အသိပေးပါတယ်။
ငဖဲမြို့နယ် ပဇီရွာတပ်စခန်းမှာ တပ်မ ၉၉ ၊ ကပစ ၂ ၊ ကပစ ၁၀ ၊ ကပစ ၁၃ ၊ ကပစ ၁၄ တပ်တို့က စစ်သားအင်အား ၁၃၀ ခန့်နဲ့ တပ်စွဲထားတယ်လို့ သိရပါတယ်။
ဒီစခန်းဟာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းဖြစ်ပြီး စခန်းမှာရှိတဲ့စစ်သားတွေဟာ ပြည်သူ ပိုင်အိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူရောင်းချတာတွေ လုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မကွေးတိုင်း ငဖဲမြို့နယ်ဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ ထိစပ်နေတာကြောင့် စစ်ကောင်စီဟာ ငဖဲမြို့နယ်ကနေတဆင့် အမ်းမြို့နယ်ထဲကို ဝင်နိုင်ဖို့ကြိုးစားနေတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းတာမျိုးမလုပ်ကြဖို့ ဒေသ အခြေစိုက်တော်လှန်ရေးအင်အားစုတွေက အသိပေးတိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ စစ်ကိုင်းတက္ကသိုလ်နဲ့ ကတလူတိုးဂိတ်မှာတပ်ဆွဲပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုမှာ စစ်သား ၁၀ ဦး ထက် မနည်းသေဆုံး
မေလ၁ရက်
စစ်ကိုင်းမြို့မှာရှိတဲ့ စစ်ကိုင်းတက္ကသိုလ်နဲ့ ကံတလူတိုးဂိတ်မှာတပ်ဆွဲပြီး ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာမှာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးသွားတယ်လို့ လင်းယုန်ညီနောင် ပြောက်ကျား တပ်ဖွဲ့က ပြောပါတယ်။
စစ်ကိုင်းတက္ကသိုလ်အတွင်း အထိုင်ချတပ်ဆွဲထားပြီး လမ်းသွား လမ်းလာတွေနဲ့ ပြည်သူပိုင်ကားတွေကို ဖမ်းဆီးငွေညစ်နေ တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ကံတလူတိုးဂိတ်မှာ အထိုင်ချတပ်ဆွဲပြီး ပြည်သူလူထုကို ဖမ်းဆီးငွေညစ်နေတဲ့ စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၂၉ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်မှာ တပြိုင်တည်း တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ သေဆုံးသွားတဲ့ စစ်သားတွေနဲ့ ဒဏ်ရာရစစ်သားတွေကို သယ်ဆောင်ချိန်မှာ စစ်တပ်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့တာရှိပြီး ပြည်သူလူထုပိုင်လယ်ယာမြေတွေထဲ ကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်မှုတွေဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အဲဒီတိုက်ခိုက်မှုကို လင်းယုန်ုညီနောင် ပျောက်ကြားတပ်ဖွဲ့ စစ်ကိုင်းနဲ့ Sagaing PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment