၂၀၂၅ မေလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အပစ်ရပ် ထုတ်ပြန်ချက်တွေကို ချိုးဖောက်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ကုလနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို NLD တိုက်တွန်း
📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလအတွင်း အရပ်သား ၁၈၂ ဦးသေဆုံးကာ ၃ဝဝ ခန့် ဒဏ်ရာရ
📌 ၃။ ပြည်သူလူထုနဲ့အတူ PDF တွေ၊CDM တွေတော်လှန်ရေးနဲ့အတူရှိနေဆဲဖြစ်၍ တော်လှန်ရေးအောင်မြင်မယ်လို့ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
📌 ၄။ ”မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စု၏ နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကြောင့်မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆိုးရွား လျက်ရှိကြောင်း"သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
📌 ၅။ NUGPay နှင့် ပြည်သူများ၏ ၂၅ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်
📌 ၆။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေး မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေတာဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခ ရှည်ကြာစေပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ SAC-M ပြော
📌 ၇။ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကိုမြန်မာစစ်တပ် တိုက်ခိုက်မှု ပြင်သစ်နိုင်ငံနဲ့ကနေဒါနိုင်ငံတို့က ရှုတ်ချကန့်ကွက်ကြောင်းကြေညာချက်များထုတ်ပြန်
========================
၂၀၂၅ ခုနှစ် မေလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြို့သိမ်းတိုက်ပွဲကာလမှာ အိမ်ဖျက်ဆီးခံရတာနဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှုရှိခဲ့အပေါ် ဖလမ်းဒေသနေပြည်သူတွေကို CNO တောင်းပန်
🚩 ၂။ ငလျင်ဒဏ်ကြောင့် အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို AA သတိပေး
🚩 ၃။ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေ ထပ်မံကြဲချ
🚩 ၄။ ထိုင်း-မြန်မာနယ်စပ်ရှိ မိုးကြိုးလူ စစ်ကောင်စီတပ် ခလရ ၂၄စစ်စခန်းကို မေလ ၁၅ရက်နေ့မနက်မှာ KNLA/KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းများအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်
🚩 ၅။ မြိုင်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေး
🚩 ၆။ KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းဟရာ ကွယ်လွန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အပစ်ရပ် ထုတ်ပြန်ချက်တွေကို ချိုးဖောက်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ကုလနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို NLD တိုက်တွန်း
မေလ ၁၅ရက်
အပစ်ရပ်ထုတ်ပြန်ချက်တွေကို ချိုးဖောက်နေတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီကို အရေးယူပေးဖို့ ကုလနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီဟာ အပစ်ရပ်ရေး ထုတ်ပြန်ချက်တွေကိုချိုးဖောက်ပြီး အရပ်သား ပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
အခုလို အစုလိုက်အပြုံလိုက် သေဆုံးစေတဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု-Crime Against Humanity နဲ့ စစ်ရာဇဝတ်မှုများ - War Crimes တွေ ဆက်တိုက်ကျူးလွန်နေတာတွေကို လူသားချင်းစာနာတဲ့အနေနဲ့ တားဆီး အရေးယူ ပေးဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို မေတ္တာရပ်ခံ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်ငလျင်အပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေ ငလျင်ဘေးသင့်ဒေသတွေမှာ ယာယီအပစ်အခတ်ရပ်ထားမယ် လို့ ကြေညာခဲ့တယ်လို့ အသိပေးထားပါတယ်။
အာဏာလုစစ်ကောင်စီဘက်ကလည်း ဧပြီလ ၂ ရက်နေ့ကစပြီး အပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာခဲ့ပေမယ့် ငလျင်ဘေးသင့်ဒေသတွေအပါအဝင် မြန်မာနိုင်ငံဒေသအနှံ့ လေကြောင်း တိုက်ခိုက်မှုတွေ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာ မီးရှို့ဖျက်ဆီးတာ အကျဥ်းထောင်တွေမှာ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို ညှဥ်းပမ်း နှိပ်စက်တာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အပစ်ရပ်ကာလအတွင်း အရပ်သား ၁၈၂ ဦးသေဆုံးကာ ၃ဝဝ ခန့် ဒဏ်ရာရ
မေလ ၁၅ရက်
အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အပစ်ရပ်ကာလအတွင်း အရပ်သား ၁၈၂ ဦးသေဆုံးကာ ၃ဝဝ ခန့် ဒဏ်ရာရခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အပစ်ရပ်ကာလ ဧပြီ ၃ ရက်ကနေ မေလ ၁၃ ရက်အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ်ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၈၂ ဦး သေဆုံးခဲ့ရာမှာ ၁၈ နှစ်အောက်အရွယ် ၃၄ ဦးပါဝင်ခဲ့ပြီး ဒဏ်ရာရသူ ၂၉၈ ဦးမှာဆိုရင်လည်း ၁၈ နှစ်အောက်အရွယ် ၇၆ ဦး ပါဝင်နေတယ်လို့ အသိပေးပါတယ်။
ငလျင်ဘေးသင့်ဒေသတွေဖြစ်တဲ့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ဟာ စစ်ကောင်စီရဲ့တိုက်ခိုက်တာကို အများဆုံးခံရတဲ့ ဒေသတွေဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအချက်အလက်တွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့က လက်လှမ်းမီသလောက် ကောက်ယူထားတဲ့စာရင်းတွေဖြစ်တဲ့အတွက် မြေပြင်မှာဆိုရင် ဒိထက်ပိုများနိုင်တယ်လို့လည်း အသိပေးပါတယ်။
အခုလို မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာလုစစ်ကောင်စီဟာ အပစ်ရပ် ထုတ်ပြန်ချက်တွေကိုချိုးဖောက်ပြီး အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို လူသားချင်းစာနာတဲ့အနေနဲ့ တားဆီး၊ အရေးယူဆောင်ရွက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီက ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်း မေတ္တာရပ်ထားပါတယ်။
========================
📌📌 ၃။ ပြည်သူလူထုနဲ့အတူ PDF တွေ၊CDM တွေတော်လှန်ရေးနဲ့အတူရှိနေဆဲဖြစ်၍ တော်လှန်ရေးအောင်မြင်မယ်လို့ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးပြော
မေလ ၁၅ရက်
ပြည်သူလူထုနဲ့အတူ PDF တွေ၊CDM တွေတော်လှန်ရေးနဲ့အတူရှိနေဆဲဖြစ်၍ တော်လှန်ရေးအောင်မြင်မယ်လို့ယုံကြည်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
ပြည်သူမှပြည်သူသို့ အစီအစဉ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
"ပြည်သူတွေက အခုထက်ထိ တော်လှန်ရေးကို ခုခံဆဲ တော်လှန်ရေးနဲ့ အတူရှိနေဆဲဖြစ်ပါတယ်။PDFတွေက အခုထက်ထိ တက်ကြွဆဲ ပြည်သူနဲ့အတူ ရှိဆဲပါ။ တော်လှန်ရေးနဲ့အတူရှိဆဲပါ။ CDM တွေက ပြည်သူနဲ့အတူ တော်လှန်ရေးနဲ့အတူ ရှိဆဲပါ။ အားလုံး တော်လှန်ရေးအင် အားစုများက ရည်ရွယ်ချက်တူ ပန်းတိုင်တူ ချီတက်နေဆဲဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။ ဒါကြောင့် အားလည်းရှိပါတယ်။ဒါကြောင့်လည်းပဲ ကျနော်တို့ တော် လှန်ရေးအောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်"လို့ ဝန်ကြီးကပြောပါတယ်။
လက်ရှိမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာ တော်လှန်ရေးနယ်မြေအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးကုပညာသင်ကြားရေးများကို လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၄။ ”မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စု၏ နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကြောင့်မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆိုးရွား လျက်ရှိကြောင်း"သံအမတ်ကြီးဦးကျော်မိုးထွန်းပြော
မေလ ၁၅ရက်
၂၀၂၅ ခုနှစ်တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓနေ့ အထိမ်းအမှတ် အခမ်းအနား၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။
"မတရား စစ်အာဏာသိမ်းမှုနှင့် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စု၏ နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာနိုင်ငံ၏ အခြေအနေမှာ ဆိုးရွား လျက်ရှိပြီး ပြည်သူများ ကြုံတွေ့ခံစားနေရသည့် ဆင်းရဲဒုက္ခများနှင့် များစွာသော အပြစ်မဲ့ ပြည်သူများ သေဆုံးမှု မှာလည်း ဆို့နင့်ကြေကွဲ ဖွယ်ကောင်းကြောင်း၊ ထို့ပြင် မြန်မာပြည်သူများ အနေဖြင့် အကြောက်တရားအောက်တွင် နေထိုင်နေရကြောင်း၊အဆိုပါ ဒုက္ခများမှာ မကြာသေးမီက ဖြစ်ပွားခဲ့သော ပြင်းအား ၇.၇ ရှိသည့် ငလျင်ဘေး အန္တရာယ်ကြောင့် ပိုမို ဆိုးရွားလာခဲ့ကြောင်း"သံအမတ်ကြီးကပြောပါတယ်။
ပဋိပက္ခဖြစ်စဉ်တိုင်းတွင် ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ် များနှင့် ကလေးသူငယ်များက ပဋိပက္ခ၏ ဘေးဒဏ်ကို အများဆုံး ခါးစည်းခံကြရပြီးယခုအချိန်သည် အန္တရာယ် ကြီးမားစွာ ကျရောက်နေသည့် လူသားဆန်မှုအား ထိန်းသိမ်း ကာကွယ်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်းမှ မလွဲမသွေ အလေးထား ဆောင်ရွက် ရမည့် အချိန်အခါပင်ဖြစ်ကြောင်း သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားအားမေလ၁၄ရက် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် စီးပွားရေးနှင့် လူမှုရေးကောင်စီခန်းမတွင်ကျင်းပခဲ့ပါတယ်။
========================
📌📌 ၅။ NUGPay နှင့် ပြည်သူများ၏ ၂၅ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမည်
မေလ ၁၅ရက်
NUGPayနှင့် ပြည်သူများ၏ ၂၅ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် ကချင်ဒေသ ကာကွယ်ရေးအင်အားစုများအတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်လို့ မေလ၁၅ရက်မှာဖော်ပြပါတယ်။
ပါဝင်ထောက်ပို့လိုသူများအနေနဲ့ ယနေ့မှစ၍ မေလ၂၈ထိ လက်ခံကာ မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်တယ်လို့ NUGPayက ဆိုထားပါတယ်။
========================
📌📌 ၆။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေး မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေတာဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခ ရှည်ကြာစေပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ SAC-M ပြော
မေလ ၁၅ရက်
တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေး မျက်နှာပြောင်တိုက် ဝင်ရောက်စွက်ဖက်နေတာဟာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခ ရှည်ကြာစေပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဒီနေ့ မေလ ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းကို ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့မူဝါဒကို ကျင့်သုံးနေတယ်လို့ ထပ်ခါတလဲလဲ အခိုင်အမာ ပြောဆိုလေ့ရှိပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူတို့ရဲ့ကြားဝင်စွက်ဖက်မှုတွေဟာ မိမိအကျိုးစီးပွားကိုသာ ရှေးရှုတယ်ဆိုတာကို ပြသရာရောက်တယ်လို့ ထောက်ပြထားပါတယ်။
ဒီလုပ်ရပ်တွေဟာ မြန်မာပြည်သူတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတာကြောင့် မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ပြောကြားလိုက်တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း မြန်မာ့ပဋိပက္ခတွေထဲကတခုဖြစ်တဲ့ လားရှိုးမြို့ ကိစ္စဟာ တရုတ်အစိုးရရဲ့ တိုက်ရိုက်အကျဆုံး ကြားဝင်စွက်ဖက်မှုဖြစ်တယ်လို့ SAC-M က ဝေဖန်ထားပါတယ်။
ကိုးကန့်တပ် MNDAA အနေနဲ့ လားရှိုးမြို့ကို အကြမ်းဖက်စစ်အုပ်စုထံ ပြန်လွှဲအပ်ဖို့ ဆုံးဖြတ်လိုက်တာဟာလည်း မြို့ လွတ်မြောက်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ တော်လှန်ရေးသမား ရာပေါင်းများစွာရဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို သစ္စာဖောက်ရာရောက်တယ်လို့ ထောက်ပြထားပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုကို တရုတ်နိုင်ငံဘက်က စစ်ရေးအထောက်အပံ့ပေးနေတာနဲ့ မြန်မာနိုင်ငံတွင်းမှာ မျက်နှာ ပြောင်တိုက် ကြားဝင်စွက်ဖက်နေတာဟာ စစ်အုပ်စုကို ကယ်တင်နိုင်မှာ မဟုတ်တဲ့အပြင် မြန်မာပြည်သူလူထု ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေကို ရှည်ကြာစေပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရောက်ရှိလာဖို့လည်း နှောင့်နှေးကြန့်ကြာစေဖို့သာရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်အုပ်စု မလွဲမသွေကျဆုံးမှာဖြစ်ပြီး အဲဒီချိန်မှာ တရုတ်နိုင်ငံအနေနဲ့ ဘယ်သူ့ဘက်က ရပ်တည်ခဲ့တယ်ဆိုတာကို မြန်မာ ပြည်သူတွေ အသေအချာ မှတ်မိနေကြမှာပဲဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က တရုတ် အစိုးရကို သတိပေးထားပါတယ်။
========================
📌📌 ၇။ ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကိုမြန်မာစစ်တပ် တိုက်ခိုက်မှု ပြင်သစ်နိုင်ငံနဲ့ကနေဒါနိုင်ငံတို့က ရှုတ်ချကန့်ကွက်ကြောင်းကြေညာချက်များထုတ်ပြန်
မေလ ၁၅ရက်
စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကိုမြန်မာစစ်တပ် တိုက်ခိုက်မှု ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချတယ်လို့ မေလ၁၄ရက် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်တွင်ထုတ်ပြန်ဖော်ပြပါတယ်။
မြန်မာစစ်တပ်ကထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး၊ ယခုနောက်ဆုံး အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ်အနည်းငယ်က ကြောက်မက်ဖွယ်ငလျင်လှုပ်ခတ်ခဲ့သော ဒေသများအပါအဝင် မြန်မာစကစ၏ ခွဲခြားမဆက်ဆံဘဲ ဗုံးကြဲတိုက်ခိုက်ခြင်း ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ဖော်ပြပါတယ်။
ပြင်သစ်နိုင်ငံက သေဆုံးသူများ၏ မိသားစုဝင်များနှင့် ၎င်းတို့၏ ချစ်ရသူ များအား ဝမ်းနည်းကြောင်း ပြောကြားကာ မြန်မာနိုင်ငံရှိ ပြည်သူများနှင့် အတူ မားမားမတ်မတ် ရပ်တည်တယ်လို့ဖော်ပြပါတယ်။
ဒါ့အပြင်နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာရန်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးနှင့် ပဋိပက္ခ ဆိုင်ရာ အင်အားစုများကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်တိုက်တွန်းထားပါတယ်။
အလားတူကနေဒါနိုင်ငံခြားရေးဝန်ကြီးဌာနကလည်းထုတ်ပြန်ရာမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်မှုကြောင့် အပစ်အခတ် ရပ်စဲရေး ကာလအတွင်း ကလေးငယ်တွေနဲ့ ဆရာ ဆရာမတွေ သေဆုံးခဲ့ရတဲ့ဖြစ်စဥ်အပေါ်အထိတ်တလန့် ဖြစ်နေတယ်လို့ဆိုပါတယ်။
ဤအသိတရားမဲ့အဖြစ်ဆိုးကြောင့် ဒုက္ခရောက်ခဲ့ရသူများ၏ မိသားစုများအတွက် စိတ်ရင်းမှန်ဖြင့် ဝမ်းနည်းကြောင်း တင်ပြအပ်တယ်လို့ဆိုပါတယ်။
အကြမ်းဖက်မှုကို အရှိန်လျှော့ဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ နိုင်ငံတကာဥပဒေကို လေးစားလိုက်နာဖို့ မြန်မာစကစကို ကနေဒါက တိုက်တွန်းလိုက်ပါတယ်လို့ဖော်ပြပါတယ်။
ဒီပဲယင်းမြို့နယ် ၊အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကိုမေလ၁၂ရက်မနက်ပိုင်းစကစလေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုကြောင့်လူဦးရေရာနဲ့ချီထိခိုက်ဒဏ်ရာရရှိခဲ့ပြီးလက်ရှိမှာသေဆုံး စာရင်းမှာ (၂၄)ဦးအထိ ရှိခဲ့ပြီဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြို့သိမ်းတိုက်ပွဲကာလမှာ အိမ်ဖျက်ဆီးခံရတာနဲ့ ပစ္စည်းတွေ ပျောက်ဆုံးမှုရှိခဲ့အပေါ် ဖလမ်းဒေသနေပြည်သူတွေကို CNO တောင်းပန်
မေလ ၁၅ရက်
ချင်းပြည်နယ် ဖလမ်းမြို့မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ၅ လတာ ကာလအတွင်း မြို့တွင်းက အိမ်ချို့ ဖျက်ဆီးခံရတာနဲ့ ပစ္စည်းတွေ ပျောက်ဆုံးတာတွေရှိခဲ့တဲ့ပေါ် ဖလမ်းဒေသနေပြည်သူတွေကို တောင်းပန်လိုက်ပါတယ်။
ဖလမ်းမြို့နယ်အခြေစိုက် ချင်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားအဖွဲ့ချုပ် CNO က မေလ ၁၄ ရက်နေ့မှာ ချင်းစာပေနဲ့ အသိပေး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဖလမ်းမြို့ကိုသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖလမ်းမြို့ထဲက အိမ်တွေ၊ဘုရားကျောင်းတွေ ပျက်စီးခဲ့တာ ကို မြင်တွေ့ရတာ စိတ်မကောင်း ဝမ်းနည်းမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြို့တွင်းပြည်သူတွေရဲ့ အိမ်တွင်းပစ္စည်းတွေကို မကာကွယ်ပေးနိုင်ခဲ့တဲ့အပေါ် တောင်းပန်ထားပြီး တိုက်ပွဲနိုင်ဖို့နဲ့ မြို့ကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးစားရဲ့သားနဲ့ ပြည်သူတွေရဲ့ အိမ်တွေ၊ပစ္စည်းတွေ ဖျက်စီးခံရတာ ပျောက်တာတွေရှိခဲ့တယ်လို့ လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
မြင်တွေ့ရတဲ့ ပစ္စည်းတချို့ကို ထိန်းသိမ်းထားပြီး ပိုင်ရှင်အစစ်တွေလက်ထဲ ပြန်ပေးနိုင်ဖို့ စီစဉ်ထားတဲ့အကြောင်းနဲ့ မိဘနေရာကနေ စိတ်ရှည်ပေးပြီး မှားတာတွေ လိုအပ်ချက်တွေကို နားလည်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့ကစတင်ဖော်ဆောင်ခဲ့တာဖြစ်ပြီး CNO/CNDF ပါဝင်တဲ့ ချင်ညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ထိုးစစ်ကာလ ၅ လပြည့်တဲ့ အခုနှစ် ဧပြီ ၉ ရက်နေ့မှာ ဖလမ်းမြို့နယ်ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းမှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၂။ ငလျင်ဒဏ်ကြောင့် အပစ်ရပ်ထားတာကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို AA သတိပေး
မေလ ၁၅ရက်
ငလျင်ဒဏ်သင့်ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထိထိရောက်ရောက်ပေးနိုင်ဖို့ အပစ်ရပ်ထား တာကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ် တွေကို မှတ်တမ်းတင်ထားတယ်လို့ ရခိုင်တပ်တော် AA က သတိပေး ပြောဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း ရခိုင်ပြည်နယ်က အရပ်သားပြည်သူ ၁၄ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ AA က သတိပေးပြောဆိုလိုက်တာဖြစ်ပါတယ်။
မေလ ၃၁ ရက်အထိ အပြစ်ရပ်ကာလ တလ တိုးမြှင့်ထားတာကို အခွင့်ကောင်းယူပြီး အပြစ်မဲ့ပြည်သူတွေကို ဗုံးကြဲ တိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို AA က ပြင်းပြင်းထန်ထန်ရှုတ်ချထားပါတယ်။
အခုလို အပြစ်မဲ့အရပ်သားပြည်သူတွေကို အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားတယ်လို့ AA က အသိပေးထားပါတယ်။
မေလ ၁၃ ရက်က ရသေ့တောင်မြို့နယ် မေလ ၁၄ရက်နေ့မှာ ကျောက်တော်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
မေလ ၁၃ ရက် မနက် ၁၀ နာရီကျော်အချိန်မှာ ရသေ့တောင်မြို့နယ် ထွန်းရဝေရွာဟောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သား ၁၂ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရခဲ့ကာ အိမ် ၃၁ လုံး ပျက်စီးခဲ့တယ်လို့ အသိပေးပါတယ်။
မနေ့ မေလ ၁၄ ရက် ညနေ ၄ နာရီခန့်မှာလည်း ကျောက်တော်မြို့က လူနေရပ်ကွက်တွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး အိမ် ၉ လုံးခန့် ပျက်စီးခဲ့တယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ငလျင်ဒဏ်ခံစားနေကြရတဲ့ ပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေထိထိရောက်ရောက် ကူညီပေးနိုင်ဖို့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့က တဖက်သတ် အပစ်ရပ်ကာလကို မေလ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားမယ်လို့ မေလ ၁ ရက်နေ့ကပဲ ကြေညာထားပါတယ်။
စစ်ကောင်စီဟာ မေလ ၁၂ ရက်ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာစာသင်ကျောင်းကို လေကြောင်းက နေ ဗုံးကြဲခဲ့တဲ့အတွက် ကျောင်းသားကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁၀၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။
အခုလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာ အသိုင်းအဝိုင်းကို တောင်းဆိုထားပါတယ်။
========================
🚩🚩 ၃။ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးတွေ ထပ်မံကြဲချ
မေလ ၁၅ရက်
ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်အစပ်မှာရှိတဲ့ ဖယ်ခုံမြို့နယ် လအိကျေးရွာအနီးက ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီ က ပေါင် ၅ဝဝ ဗုံးတွေ ထပ်မံကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ မေလ ၁၄ ရက်နေ့ ည ၈ နာရီခွဲကျော်မှာ ဘန်ကောက်စစ်ရှောင်စခန်းဟောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အဆောက်အအုံအချို့ ပျက်စီးခဲ့ပေမယ့် လူထိခိုက်တာမရှိဘူးလို့ ဒေသတွင်းသတင်းဌာနအချို့ကလည်း ဖော်ပြပါတယ်။
လအိကျေးရွာအနီးမှာရှိတဲ့ ဘန်ကောက်စစ်ရှောင်စခန်းဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်တာခံခဲ့ရပြီး အသက် ၄၀ ကျော် အမျိုးသမီးတဦး ဗုံးစထိမှန်သေဆုံးခဲ့ရသလို
စက်တင်ဘာလ ၅ ရက်နေ့မှာလည်း ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်တာခံခဲ့ရတဲ့အတွက် ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ၉ ဦး သေဆုံးခဲ့ရပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၄။ ထိုင်း-မြန်မာနယ်စပ်ရှိ မိုးကြိုးလူ စစ်ကောင်စီတပ် ခလရ ၂၄စစ်စခန်းကို မေလ ၁၅ရက်နေ့မနက်မှာ KNLA/KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းများအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်
မေလ ၁၅ရက်
ထိုင်း-မြန်မာနယ်စပ်ရှိ မိုးကြိုးလူ စစ်ကောင်စီတပ် ခလရ ၂၄စစ်စခန်းကို မေလ ၁၅ရက်နေ့မနက်မှာ KNLA/KNDO နှင့် တော်လှန်ရေးပှုးပေါင်တပ်တွေက ဒရုန်းများအသုံးပြုပြီး ဗုံးသီးချတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနကဖော်ပြပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဖက်ခြမ်းကို တိုင်းရင်းသားစစ်ရှောင် ၄၁၄ယောက် သောင်ရင်းမြစ်ကို ဖြတ်၍ ရောက်သွားခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲဖြစ်နေတဲ့နေရာအနီး ထိုင်းဘက်ခြမ်း မဲ့လဗို့ ဘုန်းကြီးကျောင်းမှာ စစ်ရှောင် ၁၅၉ဦးနဲ့ မယ်လဒုက္ခသည်စခန်းဖက်မှ စစ်ရှောင် ၂၅၅ဦးရောက်ရှိခဲ့တယ်လို့သိရပါတယ်။
========================
🚩🚩 ၅။ မြိုင်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကြောင်းပျက်ပြီး ဆုတ်ခွာထွက်ပြေး
မေလ ၁၅ရက်
မကွေးတိုင်း မြိုင်မြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာပြီး စစ်ကြောင်းပျက်ကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
မေလ ၁ ရက်နေ့က စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၀၁ နဲ့ ခမရ ၂၅၄ တပ်က စစ်သားတွေပါတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ မြိုင် ပကဖ က မနေ့ မေလ ၁၄ ရက် ညပိုင်းမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ လိုက်လံချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းဟာ ရည်မှန်းချက်ပျောက်ပြီး ဖွဲ့စည်းပုံပျက်ကာ အထိအခိုက်များစွာနဲ့ တပ်မ ၁၀၁ ထဲသို့ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်စဉ်မှာ စစ်သားအလောင်း ၈ လောင်းတွေ့ရပြီး MA1 တလက်၊ ကျည် ၅၀၀ ကျော်နဲ့ အခြားခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ပကဖ စုဖွဲ့မှုတပ်၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ပခုက္ကူ ပကဖ တပ်ရင်း ၁၊ ပခုက္ကူခရိုင် အမှတ် ၂၊ ၆၊ ၇၊ ၁၄၊ ၁၅၊ ၁၇၊ ကျောင်းသားတပ်မတော် - ABSDF၊ ကမ္မတပ်ပေါင်းစု၊ 8+တပ်ပေါင်းစု၊ အညာမြေတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ PPDF၊ PLC တပ်ပေါင်းစု၊ Bo Brother တပ်ပေါင်းစု၊ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ Earthquake တပ်ဖွဲ့နဲ့ ဒေသဆိုင်ရာတပ်ဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၆။ KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းဟရာ ကွယ်လွန်
မေလ ၁၅ရက်
ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဥက္ကဋ္ဌဟောင်း လညော်ဇောင်းဟရာ ဒီနေ့ မေလ ၁၅ ရက်မနက်ပိုင်းမှာ ကွယ်လွန်သွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အသက် ၈၇ နှစ် အရွယ် ရှိနေပြီဖြစ်တဲ့ လညော်ဇောင်းဟရာဟာ ဒီနေ့ မေလ ၁၅ ရက် မနက် ၇ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားတာလို့ ကချင်ဒေသအခြေစိုက် သတင်းဌာနအချို့မှာလည်း ဖော်ပြထားပါတယ်။
စကားပြောချိုတဲ့ လညော်ဇောင်းဟရာဟာ သစ်တောဝန်ထောက်ကနေ ကချင်လွတ်လပ်ရေးအဖွဲ့ - KIO အဖွဲ့မှာပါဝင်လာခဲ့ ပြီး ၂၀၁၈ နှစ်ဆန်းပိုင်းမှာ KIO ဥက္ကဋ္ဌ တာဝန်ကနေ အနားယူခဲ့တယ်လို့ ဆိုပါတယ်။
ဥက္ကဋ္ဌတာဝန်ကနေ အနားယူချိန်မှာ အသက် ၈၀ ခန့် ရှိနေပြီဖြစ်ပြီး ကျန်းမာရေးအခြေအနေနဲ့အသက်အရွယ်အရ အနားယူ ခဲ့တာလို့ KIO/KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောထားခဲ့ဖူးပါတယ်။
လညော်ဇောင်းဟရာ KIO ဥက္ကဋ္ဌတာဝန်ကနေ အနားယူသွားတဲ့အတွက် ဗိုလ်ချုပ်ကြီး အင်ဘန်လက KIO ဥက္ကဋ္ဌတာဝန်ကို ဆက်ခံခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ KIO ခေါင်းဆောင်ပိုင်းတာဝန်တွေကို ဗိုလ်ချုပ်ကြီး အင်ဘန်လန်၊ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်၊ ကချင်လွတ်လပ်ရေးကောင်စီ-KIC ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဂွန်မော်၊ ကချင်လွတ်လပ်ရေး တပ်မတော် - KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်ဆိုင်းလာ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်မရန်ဇော်တောင် တို့က တာယန်ယူထား တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment