၂၀၂၅ သြဂုတ်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုတွေ၊ ဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက်နေတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို
📌 ၂။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်၊ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးသန်းတင် ကွယ်လွန်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ထုတ်ပြန်
📌 ၃။ PSLF/TNLAမှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေ အနေနှင့် ဇွန်လ (၁)လတာ လှုပ်ရှားမှုအခြေအနေများကို သတင်းစာရှင်းလင်းပွဲကျင်းပမည်
📌 ၄။ စစ်ဘေးရှောင်ကလေးများ မြေအောက်ကျောင်းတွင် လုံခြုံစွာ ပညာသင်ကြားနေပြီလို့ ဆို
📌 ၅။ ဂန့်ဂေါမြောက်ပိုင်းတွင် ရုတ်တရက်မိုးရွာသွန်းပြီး တောင်ကျချောင်းရေ မြင့်တက်လာခြင်းကြောင့် ကျေးရွာအချို့ ရေလျှံမှုများဖြစ်ပွားနေ
📌 ၆။ တအာင်းပြည်တွင် ဇူလိုင်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ(၁၅)ဦးနှင့် သုံးစွဲသူ (၃၄)ဦး ဖမ်းဆီးနိုင်ခဲ့
📌 ၇။ ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီ၏စစ်သံရုံးအရှေ့တွင် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကျင်းပသွားမည်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်ကောင်စီ၏ လပတ်ရွာ စွပ်စွဲချက်များကို KNU ပြင်းထန်စွာ ကန့်ကွက်
🚩 ၂။ ကမ္မမြို့ပေါ် စစ်ကောင်စီတပ် ယာယီအထိုင်ချစဉ် လမ်းပိတ်ဆို့ထားသည်များကို တော်လှန်ရေးတပ်များ ဖယ်ရှား
🚩 ၃။ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ
🚩 ၄။ ကန့်ဘလူမြို့နယ် သာစည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ မြေးအဖွား ၂ဦး သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုတွေ၊ ဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက်နေတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေးဆို
သြဂုတ်လ ၁ရက်
Radio NUG
"အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုတွေ၊ ဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက်နေတယ်"လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အသိပေးဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ်(၂၆/၂၀၂၅)မှာ ဝန်ကြီးချုပ်က ဆိုပါတယ်။
"အမျိုးသား အစိုးရအနေနဲ့ အုပ်ချုပ်ရေးယန္တရား အကောင်အထည်ဖော်ဆောင်ရေးကို တော်လှန်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းစဥ်တစ်ရပ်အဖြစ် ဆောင်ရွက်လာကြတာ ၄ နှစ်တာ ကာလရောက်ရှိလာပြီဖြစ်ပြီး ရှိတဲ့အရင်းအမြစ်နဲ့ ကြိုးစားလုပ်ကိုင် ဆောင်ရွက်ကြရင်းဘဲ အောင်မြင်တာတွေ ရှိလာသလို စိန်ခေါ်မှုတွေကလည်း များပြားလှပါကြောင်း၊ ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ အစိုးရအဖွဲ့အတွင်းမှာ မဟာဗျူဟာနဲ့အညီ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့လိုအပ်နေတယ်ဆိုတာကို မီးမောင်းထိုးပြနေသလိုဖြစ်တဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုတွေ၊ ဌာနအလိုက် ပြုပြင်ပြောင်းလဲမှုတွေနဲ့ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို လေ့လာဆန်းစစ်ပြီး ဆောင်ရွက်နေကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။
ဒါ့အပြင် တော်လှန်ရေးရဲ့ လိုအပ်ချက်နဲ့အညီ ပြုလုပ်ကြရတဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ အားလုံး တက်ညီလက်ညီနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့နှင့် တော်လှန်ရေးက အနိမ့်အမြင့်အတက်အကျတွေရှိတာ ဓမ္မတာဘဲ ဖြစ်တာကြောင့် ရှိနေတဲ့ အောင်မြင်စွာကြိုးပမ်းနိုင်စွမ်းတွေကိုလည်း ဆက်လက်ထိန်းသိမ်းရင်း စိန်ခေါ်မှုတွေကိုလည်း ကောင်းမွန်စွာ ကျော်လွှားနိုင်ကြဖို့ ဝန်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်၊ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးသန်းတင် ကွယ်လွန်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ထုတ်ပြန်
ဩဂုတ်လ(၁)ရက်
Radio NUG
နွေဦးတော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေသော နိုင်ငံရေးအကျဉ်းသားဟောင်း ဦးသန်းတင် (မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်၊ ချောက်မြို့နယ်မဲဆန္ဒနယ်အမှတ် ၂ ) အသက်(၇၅)နှစ် သည် ၁၃၈၇ ခု၊ ဝါခေါင်လဆန်း(၇)ရက်၊၂၀၂၅ခုနှစ်၊ ဇူလှိုင်လ(၃၁)ရက် နေ့ည(၁၀း၄၂) နာရီတွင် တော်လှန်ရေးတနေရာတွင် မြင့်မြတ်စွာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရတယ်လို့ သြဂုတ်လ၁ရက်နေ့ ဖော်ပြပါတယ်။
ဦးသန်းတင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရသည့်အတွက် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် ကျန်ရစ်သူမိသားများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရတယ်လို့ဆိုပါတယ်။
ဦးသန်းတင်သည် တော်လှန်ရေးကာလအတွင်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တာဝန်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတာဝန်များနှင့် မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်က မှတ်တမ်းတင်ဂုဏ်ပြုအပ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်များနှင့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၏ တာဝန်များကို နောက်ဆုံးအချိန်ထိ ပြည်သူအကျိုးထမ်းဆောင် တိုက်ပွဲဝင်သွားသော ဦးသန်းတင်၏ မပြီးဆုံးသေးသော စစ်အာဏာရှင် တော်လှန်ရေးခရီးကို မိမိတို့မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် တော်လှန်ရေးပြည်သူများနှင့်အတူ ဆက်လက်ဆောင်ရွက်သွားမည်ဟု ကတိပြုအပ်တယ်လို့ ဖော်ပြပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်ရန် တိုက်ပွဲဝင်တော်လှန်ခဲ့သော ဆရာကြီးဦးသန်းတင် ကောင်းရာဘုံဘဝရောက်ပါစေကြောင်း အလေးပြုဦးညွှတ် ဂါရဝပြုဆုတောင်းလျက် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ PSLF/TNLAမှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေ အနေနှင့် ဇွန်လ (၁)လတာ လှုပ်ရှားမှုအခြေအနေများကို သတင်းစာရှင်းလင်းပွဲကျင်းပမည်
သြဂုတ်လ ၁ရက်
Radio NUG
PSLF/TNLAမှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေ အနေနှင့် ဇွန်လ (၁)လတာ လှုပ်ရှားမှုအခြေအနေများကို သတင်းစာရှင်းလင်းပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
"မိမိတို့ ပလောင်ပြည်နယ်လွတ် မြောက်ရေးတပ်ဦး PSLF/TNLAမှ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် ဇွန်လ (၁)လတာ လှုပ်ရှားမှုအခြေအနေများကို Zoom (Online)ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း မီဒီယာနှင့် အဖွဲ့အစည်းအသီးသီးမှ တက်ရောက်နိုင်ပါရန် ဖိတ်ကြားအပ်တယ်"လို့ အသိပေးကြေညာထားပါတယ်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAသည် လက်ရှိစစ်အုပ်စုကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတရပ်လည်း ဖြစ်ပါတယ်။
========================
📌📌 ၄။ စစ်ဘေးရှောင်ကလေးများ မြေအောက်ကျောင်းတွင် လုံခြုံစွာ ပညာသင်ကြားနေပြီလို့ ဆို
ဩဂုတ်လ ၁ ရက်
RadioNUG
စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဆောက်လုပ်လှူဒါန်းထားသော မြေအောက်စာသင်ကျောင်းတွင် ကလေးငယ်များ လုံခြုံစွာ ပညာသင်ကြားနိုင်နေပြီဖြစ်သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။
ဤမြေအောက်ကျောင်းသည် စစ်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ကလေးများအတွက် ပညာရေးဆက်လက်လေ့လာနိုင်ရန် ဘေးကင်းသောနေရာတစ်ခု ပေးအပ်ရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ဂန့်ဂေါမြောက်ပိုင်းတွင် ရုတ်တရက်မိုးရွာသွန်းပြီး တောင်ကျချောင်းရေ မြင့်တက်လာခြင်းကြောင့် ကျေးရွာအချို့ ရေလျှံမှုများဖြစ်ပွားနေ
သြဂုတ် ၁
Radio NUG
ဂန့်ဂေါမြို့နယ်၊ အရှေ့မြောက်ပိုင်းတွင် ဩဂုတ်လ ၁ရက်နေ့ ညနေ ၅နာရီကျော်အချိန်က ရုတ်တရက်မိုးရွာသည်းထန်စွာရွာသွန်းရာမှ ကွမ်းဇဲချောင်းရေ မြင့်တက်လာခြင်းကြောင့် ညနေ၆နာရီကျော်အချိန်မှစပြီး ပိုဦးကျေးရွာအတွင်းကို ရေများ စတင်ဝင်ရောက်လာကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။
ပိုဦးကျေးရွာသည် ဂန့်ဂေါမြို့ရဲ့ အရှေ့မြောက်ဘက်မှာတည်ရှိပြီး မြို့နဲ့ ၅မိုင်ဝန်းကျင်သာ ကွာဝေးကာ ကွမ်းဇဲချောင်းနံဘေးတွင် တည်ရှိတယ်လို့ သိရပါတယ်။
ကျေးရွာတွင် အိမ်ခြေ၄၀၀ကျော် တည်ရှိပြီး ယခုရေဝင်ရောက်မှုကြောင့် ဘုန်းကြီးကျောင်းအုတ်တံတိုင်းများ ပြိုကျသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရွာထဲ ရေ၀င်ပြီး ရေလျှံတာသည် ယခုနှစ်မှ စဖြစ်ပြီး ရွာအနီးနဲ့ ချောင်းဘေးက လယ်ယာခင်းများလည်း ရေမြုပ်သွားကာ သိုလှောင်သိမ်းဆည်းထားသော စပါးများအပါအဝင် လူသုံးကုန်ပစ္စည်းများစွာလည်း ပျက်စီးဆုံးရှုံးရကြောင်း ပိုဦးကျေးရွာမှ ဒေသခံတစ်ဦးက ယောအလင်းတန်းကို ပြောဆိုထားပါတယ်။
ထို့အတူ ကွမ်းဇဲချောင်းအနီး တည်ရှိသော ရွာစည်ကျေးရွာမှာလည်းဘဲ ၇နာရီခန့်က ချောင်းရေမြင့်တက်လာခြင်းကြောင့် ကျေးရွာအတွင်းက မြေနိမ့်ပိုင်းနေရာများရှိ နေအိမ်များ ရေဝင်ရောက်ပြီး မြေနိမ့်ပိုင်းနေရာနေတဲ့ ပြည်သူတွေလည်း ရေထပ်တက်လာမည်ကို စိုးရိမ်လို့ ရေလွတ်ရာကို ရှောင်တိမ်းနေကြတယ်လို့လည်း ဖော်ပြထားပါတယ်။
တောင်ကျချောင်းရေမြင့်တက်လာမှုကြောင့်ရေလျှံနေကြသော ပိုဦးကျေးရွာနဲ့ ရွာစည်ကျေးရွာတွင် ရေဘေးသင့်ပြည်သူများအတွက် အကူအညီများလိုအပ်နေတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၆။ တအာင်းပြည်တွင် ဇူလိုင်လအတွင်း တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ(၁၅)ဦးနှင့် သုံးစွဲသူ (၃၄)ဦး ဖမ်းဆီးနိုင်ခဲ့
သြဂုတ်လ ၁ရက်
Radio NUG
တအာင်းပြည်၊ ကျောက်မဲ၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းငေါ့၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူနှင့် မိုးကုတ်မြို့နယ်တို့တွင် တအာင်းပြည်မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ (၁၅)ဦးနှင့် သုံးစွဲသူ (၃၄)ဦးတို့ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့TNLAက သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲမြို့နယ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၂)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦးတို့ထံမှ ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ ယာမဆေးပြား (၂၄၆)ပြား၊ ဖုန်း(၁)လုံး၊ ငွေသား သိန်း (၁,၀၄၉)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကွတ်ခိုင်မြိုနယ်တွင်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား(၃)ဦးတို့ထံမှ မူးယစ်ဆေးဝါး (၃)ဂရမ်၊ ယာမဆေးပြား (၁၀၀)ပြား၊ ဖုန်း (၁)လုံးတို့ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ထိုအပြင် သီပေါမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၅)ဦး၊ အမျိုးသမီး (၁)ဦးနှင့် သုံးစွဲသူအမျိုးသား (၂)ဦးတို့ထံမှ စိတ်ကြွဆေးပြားအထုပ်သေး (၄၂)ထုပ်နှင့် (၆၈)ပြား၊ ဘိန်းဖြူဆပ်ပြာခွက်(၅)ခွက်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကာ မိုင်းငေါ့မြို့နယ်တွင်လည်း ကျောက်မဲမှ ဆိုင်ကယ်ဖြင့် ပန်စရီကျေးရွာသို့ ပြန်လာသည့် မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၁)ဦးအား မန်ပင့်တံတား စစ်ဆေးရေးဂိတ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးရာတွင် ယာမဆေးပြား (၆၁၅)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
အလားတူ နမ့်ဆန်မြို့နယ်လည်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၄)ဦးတို့ထံမှ ဘိန်းဖြူထည့်ထားသည့် Lipoအချိုရည် (၁)ပုလင်း၊ ယာမဆေးပြား (၅)ပြား၊ ခါးခူး (၃)ထုပ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှဖမ်းဆီးရမိခဲ့ပါတယ်။
မန်တုံမြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူအမျိုးသား (၁)ဦးထံမှ စိတ်ကြွဆေးပြားအထုပ်သေး (၂)ထုပ်နှင့် (၁၃၀)ပြား၊ ပိုက်ဆံ (၄၅၂,၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ထိုအပြင် နမ္မတူမြို့နယ်လည်း မူးယစ်ဆေးဝါးသုံးစွဲသူအမျိုးသား (၂)ဦးထံမှ ယာမဆေးပြား (၁၀)ပြားတို့ကို ဖမ်းဆီးရမိခဲ့ပါတယ်။
ထိုအပြင် မိုးကုတ်မြို့နယ်လည်း မူးယစ်ဆေးဝါးရောင်းဝယ်သူ (၆)ဦးနှင့်သုံးစွဲသူ (၂၀)ဦးထံမှ ယာမအထုပ်သေး (၁၇)ထုပ်နှင့် ဆေးပြား (၃၇၉)ပြား၊ ဘိန်းဖြူဆပ်ပြာခွက် (၆)ခွက်၊ ဘိန်းဖြူထည့်ထားသည့် ရေသန့်ဗူးအသေး တစ်ဝက်ခန့်၊ Betadineဆေးဗူး (၁)ဗူး၊ မျက်ဆင်းခတ်ဗူး (၂)ဗူး၊ ဆင်တုံးမနွယ်ဆေးဗူးတစ်ဝက်၊ ယာမဆေးပြားထည့်ထားသည့် Grand Label တစ်ပိုင်းပုလင်းအပြား တစ်ဝက်ခန့်၊ အချိုရည်ပိုက် (၁၀)ပိုက်၊ ဆင်တုံးမနွယ်ဆေးဗူး (၁)ဗူးနှင့် ဖုန်း (၁)လုံး၊ ငွေသား (၁,၀၈၀,၀၀၀)ကျပ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်။
========================
📌📌 ၇။ ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီ၏စစ်သံရုံးအရှေ့တွင် အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကျင်းပသွားမည်
သြဂုတ်လ၁ရက်
Radio NUG
ကိုရီးယားနိုင်ငံရှိ စစ်ကောင်စီ၏စစ်သံရုံးအရှေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကျင်းပသွားမည်ဖြစ်ကြောင်းသိရပါတယ်။
မြန်မာ့အရေးအတွက် တော်လှန်လှုပ်ရှားသူများအနေနဲ့ သြဂုတ်လ၃ရက်(တနင်္ဂနွေနေ့) နေ့လယ် ၂နာရီမှာ စစ်ကောင်စီ၏ စစ်သံရုံးအရှေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကျင်းပသွားမှာ ဖြစ်တယ်လို့ဖော်ပြပါတယ်။
ဆန္ဒပြသပိတ်တွင် အကြမ်းဖက်စစ်ခေါင်းဆောင်များ၏ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရန်၊ မြန်မာပြည်သူလူထုကို မတရားသတ်ဖြတ်မှု၊ ညှင်းပန်းမှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ရှုတ်ချဖော်ပြရန်၊ ၃၇နှစ်မြောက် ၈၈၈၈ ပြည်သူ့အရေးတော်ပုံအထိမ်းအမှတ်အဖြစ် ပါဝင်ရန်တို့ လှုပ်ရှားသွားမှာဖြစ်ပါတယ်။
ရန်ကုန်လူထုသပိတ်ရဲဘော်များရဲ့ ၈၈၈၈ သမိုင်းဝင် ထီးများကိုလည်း ဆန္ဒပြနေ့မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်ကောင်စီ၏ လပတ်ရွာ စွပ်စွဲချက်များကို KNU ပြင်းထန်စွာ ကန့်ကွက်
ဩဂုတ် ၁
Radio NUG
ကရင်အမျိုးသားအစည်းအရုံး (KNU) က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက လပတ်ကျေးရွာတွင် အရပ်သား ၁၃ ဦးကို သတ်ဖြတ်ပြီး ၁၅ ဦး ဒဏ်ရာရရှိစေခဲ့သည်ဟူသော စစ်ကောင်စီ၏ စွပ်စွဲချက်များကို လုံးဝမဟုတ်မမှန်ဟု ဆိုကာ ပြင်းထန်စွာ ကန့်ကွက်ကြောင်း KNUမှ ထုတ်ပြန်ထားပါတယ်။
KNU ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ စွပ်စွဲချက်များသည် ပြည်သူလူထုနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်းဖြစ်ပြီး အခြေအမြစ်မရှိကြောင်း ဖော်ပြထားပါတယ်။
၎င်းတို့၏ မြေပြင်စုံစမ်းစစ်ဆေးမှုများအရ လပတ်ရွာတွင် ဖြစ်ပွားခဲ့သော အရပ်သားထိခိုက်မှုများသည် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုထားပါတယ်။
တိုက်ပွဲဖြစ်ပွားစဉ် လပတ်ရွာနေ ပြည်သူများသည် တိုက်ပွဲအတွင်း ပိတ်မိနေခဲ့ပြီး KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ပိတ်မိနေသူအချို့ကို ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့သည်ဟု KNU က ဆိုထားပါတယ်။
သို့သော် လယ်ဒို (ကျောက်ကြီး) မှ စစ်ကောင်စီတပ်၏ စစ်ကူစစ်ကြောင်းက လက်နက်ငယ်၊ လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရသည်ဟု ၎င်းတို့က ထပ်လောင်းဖော်ပြထားပါတယ်။
KNU ၏ အဆိုအရ စစ်ကောင်စီတပ်သည် ၎င်းတို့၏ တပ်ဖွဲ့များနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များကို အရပ်သားနယ်မြေများတွင် ရည်ရွယ်ချက်ရှိရှိ နေရာချထားပြီး ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများကြောင့် အရပ်သားများ ထိခိုက်ခဲ့ရသည်ဟု ဆိုထားပါတယ်။
KNLA နှင့် PDF ၏ စစ်ရေးလှုပ်ရှားမှုများသည် စစ်ကောင်စီတပ်များကိုသာ ပစ်မှတ်ထားပြီး အရပ်သားများကို ထိခိုက်စေရန် ရည်ရွယ်ချက်မရှိကြောင်း ၎င်းတို့က အခိုင်အမာ ပြောကြားသည်။
လပတ်ရွာအနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးနှင့် ပျူစောထီးအဖွဲ့ဝင် ၁၄ ဦး အပါအဝင် စုစုပေါင်း ၃၂ ဦး သေဆုံးခဲ့သည်ဟု KNU က ထုတ်ပြန်ထားပါတယ်။
ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် လေကြောင်းတိုက်ခိုက်မှုများဖြင့် အဆက်မပြတ် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားများအပေါ် အန္တရာယ်ပိုမိုဖြစ်ပေါ်ခဲ့သည်ဟု ဆိုထားပါတယ်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ သတင်းဖြန့်ဝေမှုများသည် ၎င်းတို့၏ စစ်ထောက်လှမ်းရေးတပ်ရင်း (၆၀) မှ ဗိုလ်ကြီးဇေယျာလင်း၏ ဦးဆောင်မှုဖြင့် စတင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု KNU က ယူဆထားပြီး KNU က ၎င်းတို့၏ မြေပြင်စစ်ဆေးမှုများဖြင့် အမှန်တရားကို ဖော်ထုတ်ရန် ကြိုးပမ်းနေကာ ယခုထုတ်ပြန်ချက်မှာ ထိုစစ်ဆေးမှုများ၏ ရလဒ်ဖြစ်သည်ဟု ဆိုထားပါတယ်။
KNU သည် အရပ်သားများကို ကာကွယ်ရန်နှင့် အမှန်တရားကို ထိန်းသိမ်းရန် ၎င်းတို့၏ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုထားသည့် အပြင် စစ်ကောင်စီ၏ မဟုတ်မမှန်သတင်းများကို ပြင်းထန်စွာ ရှုတ်ချပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းထံ တောင်းဆိုထားပါတယ်။
========================
🚩🚩 ၂။ ကမ္မမြို့ပေါ် စစ်ကောင်စီတပ် ယာယီအထိုင်ချစဉ် လမ်းပိတ်ဆို့ထားသည်များကို တော်လှန်ရေးတပ်များ ဖယ်ရှား
သြဂုတ် ၁
Radio NUG
ကမ္မမြို့ပေါ်သို့ စစ်ကောင်စီမှ ယာယီအထိုင်ချစဥ်က လမ်းများ ပိတ်ဆို့ထားသည့်အတွက် ပြည်သူများ အခက်တွေ့နေတာကြောင့် RED GIANT နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
စစ်တပ်က ယာယီ အထိုင်ချစဉ်က တော်လှန်ရေး တပ်ဖွဲ့တွေ လာရောက် တိုက်ခိုက်မှာကို ကြောက်လန့်ပြီး သဲအိတ်တွေ၊ ပြည်သူတွေရဲ့ အိမ်တွေက ခုံတွေ ယူပြီးတော့ သစ်ကိုင်းတွေ လမ်းတွေမှာ ပိတ်ဆို့ထားတာဖြစ်ပြီး ယူနီဖောင်းတွေလည်း သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ရှင်းလင်းရေးလုပ်ဆောင်မှုများကို RED GIANT၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGF လူငယ် ပျောက်ကျားတပ်ဖွဲ့၊ HUNTER PAKOKKU၊ ဆုံကုန်း(ပကဖ)အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ (၁)ဦး သေဆုံး၊ (၂)ဦးထိခိုက်ဒဏ်ရာရ
သြဂုတ်လ ၁ရက်
Radio NUG
တအာင်းပြည်၊ တပ်မဟာ (၃)နယ်မြေ၊ နောင်ချိုမြို့နယ်၊ ဒိုးပင်ကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀)ဗုံး (၂)လုံးနှင့် အတွဲလိုက်ဒုံး (၁၅)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၁)ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင်လ (၃၁)ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် (၃၂)နှစ်အရွယ် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ပြီး အသက်(၄၂)နှစ်အရွယ် ဦးခမ်းပန်းနှင့် အသက် (၆၈)နှစ်အရွယ် ဒေါ်တင်တင်ဦးတို့အား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုအတူ နေအိမ် (၈)အိမ်နှင့် အိမ်စီးကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကန့်ဘလူမြို့နယ် သာစည်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်၊ မြေးအဖွား ၂ဦး သေဆုံး
ဩဂုတ် ၁
Radio NUG
ဇူလိုင်လ ၃၁ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၆၃ နှစ်အရွယ် ဒေါ်အိမ်ရွှေနှင့် သူ၏ မြေးဖြစ်သူ အသက် ၄ နှစ်အရွယ် ဆောင်းဝတီချိုတို့ သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
တံတားဦးလေတပ်စခန်းမှ စစ်ကောင်စီပိုင် ဂျက်ဖိုက်တာလေယာဉ်တစ်စီးက သာစည်ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် ၃ လုံးနှင့် နွားစာကျီ တစ်လုံး ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃ ဦးအပါအဝင် စုစုပေါင်း ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ၁ဦးမှာ စိုးရိမ်ရတယ်လို့ သိရပါတယ်။
သာစည်ကျေးရွာတွင် အိမ်ခြေ ၆၀ ကျော်ရှိပြီး ယခုလို လေကြောင်းတိုက်ခိုက်မှုမှာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment