၂၀၂၅ သြဂုတ်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ရှင်းလင်းတင်ပြ
📌 ၂။ CRPH အနေဖြင့် လွှတ်တော်ကဏ္ဍအပြင် အခြား ကဏ္ဍများတွင်လည်း ကချင်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအရွေ့ မြန်ဆန်စေရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း (၅၀) နှစ်မြောက် ကချင် အာဇာနည်နေ့သို့ သဝဏ်လွှာ ပေးပို့
📌 ၃။ တိုင်းဒေသကြီးငါးခုက လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေနဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တွေ့ဆုံ
📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးပြုလုပ်
📌 ၅။ အမေရိကန်ပြည်ထောင်စုတွင် ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်မြောက် အခမ်းအနားများ ကျင်းပ
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ပဲခူးတိုင်း အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၃ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ
🚩 ၂။ မောတောင် ဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်အား ထောက်ပို့လာတဲ့ ယာဉ်တန်းကို KNLA ကြားဖြတ် တိုက်ခိုက်
🚩 ၃။ မြိုင်မြို့အနီးက စစ်ကောင်စီ ကင်းစခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၃ ဦးကို အရှင်ဖမ်းဆီးရမိ
🚩 ၄။ မြင်းမူမှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာများကို Fixed Wings Drone များဖြင့် ဗုံးကြဲတိုက်ခိုက်
🚩 ၅။ ကျိုက်ထိုနဲ့ ဘီးလင်းကြားမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး
🚩 ၆။ သပိတ်ကျင်း၊ လမ်းလယ်ကျစ်ကျေးရွာက နာရေးကို စစ်တပ်က ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်၊ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရ
🚩 ၇။ ရေစကြိုအနောက်ပိုင်းကျေးရွာများကို စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးဖြင့် တိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ
🚩 ၈။ ခလရ (၁၀၄) တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး KNLA တပ်မဟာ ၄ ထံ ဘက်ပြောင်းခိုလှုံ
🚩 ၉။ ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်း ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ရှင်းလင်းတင်ပြ
ဩဂုတ်လ ၁၀ရက်
Radio NUG
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃၀/၂၀၂၅) တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကားပြောကြားကာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဝန်ကြီးဌာန၏ လုပ်ငန်းများ နောက်ဆုံးဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကာကွယ်ရေးနှင့် ပတ်သက်သည့် မြေပြင်အခြေအနေများ၊ စိန်ခေါ်မှုများ၊ မဟာမိတ်များနှင့် ဆက်ဆံရေးအခြေအနေများအပေါ် ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များက သိရှိလိုသည်များအား ဆွေးနွေးမေးမြန်းကာ အကြံပြုခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီအဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ CRPH အနေဖြင့် လွှတ်တော်ကဏ္ဍအပြင် အခြား ကဏ္ဍများတွင်လည်း ကချင်ခေါင်းဆောင်ကြီးများ၊ တော်လှန်ရေးအင်အားစုများနှင့် တော်လှန်ရေးအရွေ့ မြန်ဆန်စေရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း (၅၀) နှစ်မြောက် ကချင် အာဇာနည်နေ့သို့ သဝဏ်လွှာ ပေးပို့
ဩဂုတ်လ ၁၀ရက်
Radio NUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လွှတ်တော်ကဏ္ဍဖြင့်သာမက အခြား ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများတွင်လည်း ကချင်ခေါင်းဆောင်ကြီးများအပါအဝင် အားလုံးသော တော်လှန်ရေး အင်အားစုများနှင့် တော်လှန်ရေးအရွေ့ မြန်ဆန်စေရန် ဆက်လက်ကြိုးစား လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ကတိပြုလျက် (၅၀) နှစ်မြောက် ကချင် အာဇာနည်နေ့ သဝဏ်လွှာအား ထုတ်ပြန်ခဲ့ပါတယ်။
သဝဏ်လွှာတွင် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၀ရက်နေ့တွင် ကျရောက်သည့် (၅၀) နှစ်မြောက် ကချင်အာဇာနည်နေ့တွင် ကချင်တိုင်းရင်းသား ခေါင်းဆောင်ကြီးများနှင့်တကွ ကချင်လူမျိုးများ အားလုံး ကျန်းမာဘေးကင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သထားပါတယ်။
လွတ်လပ်မှု၊ တရားမျှတမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့အား အပြည့်အဝ ပုံဖော်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မိတ်ဖက်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ အင်အားစုအသီးသီးတို့နှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆန္ဒပြုထားပါတယ်။
ကချင်အမျိုးသားခေါင်းဆောင်ကြီးများအနေဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ (Kachin Independence Organization-KIO) ကချင်လွတ်လပ်ရေးတပ်မတော်(Kachin Independence Army-KIA)တို့ကို ဖွဲ့စည်းတည်ထောင်လျက် ကချင်တမျိုးသားလုံး လွတ်မြောက်ရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ယနေ့အချိန်ထိတိုင် ကချင်တော်လှန်ရေး ခရီးလမ်းအား ဖြတ်သန်းလာခဲ့သည်မှာ လွန်စွာလေးစားဂုဏ်ယူဖွယ်ရာ ဖြစ်ကြောင်း၊ သမိုင်းမှတ်တမ်းဝင် ပြည်သူ့တော်လှန်ရေး ခရီးကြမ်းများနှင့် မျက်မှောက် နွေဦး တော်လှန်ရေး ခရီးလမ်းတွင်လည်း အသက်ခန္ဓာ ပေးဆပ်ကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည့် ကချင် အမျိုးသားခေါင်းဆောင်ကြီးများဖြစ်သည့် KIO/KIA ဥက္ကဋ္ဌ စစ်ဦးစီးချုပ် ဗိုလ်ချုပ် GOC-Lahtaw Zau Seng၊ ဒုတိယ စစ်ဦးစီးချုပ် VCS-Lahtaw Zaw Tu နှင့် အထွေထွေ အတွင်းရေးမှူး Salang Kaba PungShwi Zau Seng အပါအဝင် ကချင်ပြည်သူများ၊ KIO/KIA ရဲဘော်ရဲဘက်များ၏ မျိုးချစ် စိတ်ဓာတ် ရှင်သန်ခိုင်မာမှု၊ စွမ်းရည်သတ္တိ ပြည့်ဝမှုတို့အား ကချင်တမျိုးသားလုံးနှင့်တကွ မိမိတို့အနေဖြင့် အစဥ်အမြဲ ဂုဏ်ယူလျက် အောက်မေ့သတိရမိကြောင်း ဖော်ပြထားပါတယ်။
ကချင်တိုင်းရင်းသားများသည် စစ်အာဏာရှင်တို့၏ ရက်စက်ကြမ်းကြုပ်မှုအမျိုးမျိုးကို နှစ်ပေါင်းများစွာကြာ ကြုံတွေ့ခံစားခဲ့ကြရသည်သာမက လက်ရှိ လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် အကြမ်းဖက်လုပ်ရပ်များကိုလည်း ရင်ဆိုင်ကြုံတွေ့နေကြရဆဲဖြစ်ပြီး ခက်ခဲ ကြမ်းတမ်းမှုများ မည်မျှပင် တွေ့ကြုံရ သော်လည်း ကချင်ပြည်သူပြည်သားများနှင့်အတူ တသားတည်း ရပ်တည်လျက် ရှေ့ဆက်တိုက်ပွဲဝင်နေကြသည့် ကချင်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်ရဲဘက်အပေါင်းတို့၏ မြင့်မြတ်သည့် စိတ်ထားကိုလည်း လေးစားစွာ ချီးကျူး ဂုဏ်ယူမိကာ ဆက်လက်၍လည်း နိုင်ငံရေး၊ စစ်ရေး၊ တရားဥပဒေစိုးမိုးရေးစသည့် ပြည်သူ့ကဏ္ဍ အသီးသီးတွင်လည်း တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ ဆောင်ရွက်သွားနိုင်မည်ကို ယုံကြည်ပါကြောင်း ဆိုထားပါတယ်။
========================
📌📌 ၃။ တိုင်းဒေသကြီးငါးခုက လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေနဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန တွေ့ဆုံ
ဩဂုတ်လ ၁၀ရက်
Radio NUG
စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီတိုင်း စတဲ့ တိုင်းဒေသကြီး ငါးခုက လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံတွေနဲ့ တွေ့ဆုံမှုကို ဇူလိုင်လ ၅ ရက်ကနေ ၇ ရက်အထိ သုံးရက်တာ ပြုလုပ်ခဲ့ကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုတွင် ရေးရာတာဝန်ခံတွေက မြေပြင်အခက်အခဲတွေ တင်ပြတာတွေကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဖြေရှင်းပေးတာတွေနဲ့ မြေပြင်လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေ အချက်အလက်ကောက်ယူမှုတွေကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် မြေပြင်မှာ လူ့အခွင့်အရေးသင်တန်းတွေ ပြန်လည်ပို့ချနိုင်ဖို့အတွက် လိုအပ်တဲ့ စစ်တမ်းကောက်ယူမှုတွေနဲ့ သတင်းအချက်အလက် ရရှိနေမှုတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ လူအခွင့်အရေးတာဝန်ခံများသည် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် သက်ဆိုင်ရာ တာဝန်ခံများနဲ့ ပူးပေါင်းချိတ်ဆက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုဆောင်းမှတ်တမ်းတင်ခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများကို ချိတ်ဆက်ပြီး ဖြေရှင်းနိုင်တဲ့နည်းလမ်းများကို ရှာဖွေခြင်းနဲ့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးပြုလုပ်
ဩဂုတ်လ ၁၀ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၈/၂၀၂၅)ကို ဩဂုတ်လ ၁၀ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးမှ အဖွင့်အမှာစကားပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်များ၏ အာဂျင်တာ တင်သွင်းလာမှုများအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဆွေးနွေးဆောင်ရွက်ခဲ့ပြီးနောက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေး ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၁:၄၅) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ အမေရိကန်ပြည်ထောင်စုတွင် ရှစ်လေးလုံး အရေးတော်ပုံ ၃၇ နှစ်မြောက် အခမ်းအနားများ ကျင်းပ
ဩဂုတ်လ ၁၀ရက်
Radio NUG
အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေမြို့ မြို့တော်ခန်းမရှေ့တွင် ရှစ်လေးလုံး အရေးတော်ပုံကြီး ၃၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် Burma Day အလံတင်ပွဲကို ဩဂုတ်လ ၉ ရက်နေ့က ကျင်းပခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဆိုပါအခမ်းအနားသို့ ၈၈၈၈ မျိုးဆက်များ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ ကျောင်းသားအင်အားစုများနှင့် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပြီး ထိုပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးလှုပ်ရှားမှုသမိုင်းကို အမှတ်ရဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပင် နယူးယောက်မြို့၊ မက်ဟမ်တန်ရှိ Greeley Square တွင် NYCBC အဖွဲ့က ဦးဆောင်ကျင်းပသော ရှစ်လေးလုံး ၃၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၈၈ မျိုးဆက်မှ ဦးနေတင်မြင့်က တစ်ပါတီအာဏာရှင်စနစ်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည့် ၁၉၈၈ ခုနှစ်က အရေးတော်ပုံ၏ သမိုင်းနှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ဆက်လက်တော်လှန်နေမှုများကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားသို့ အဝေးရောက် မြန်မာပြည်ဖွား တိုင်းရင်းသားများ တက်ရောက်ခဲ့ကြပြီး၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ကြွေးကြော်သံများနှင့် နွေဦးတော်လှန်ရေးအတွက် နိုင်ငံတကာမှ အာရုံစိုက်ရန် တိုက်တွန်းသည့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ပဲခူးတိုင်း အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ စိုးမိုးနယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် ၃ ဦး သေဆုံး၊ လက်နက် ၂ လက် သိမ်းဆည်းရရှိ
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
ပဲခူးတိုင်းအတွင်းက တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားတဲ့ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ အမှတ် (၂) စစ်ဆင်ရေး နယ်မြေက ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၈ ရက်နေ့က အဆိုပါစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၂ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးကာ ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်း အထိနာကာ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက သေနတ် ၂ လက်နဲ့ ခဲယမ်းများ၊ စစ်သုံးပစ္စည်းများကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း (၈) ၊ အမှတ် (၂) စစ်ဆင်ရေး နယ်မြေ ၊ ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ (၂၄) ၊ နဂါးနီ တပ်ရင်းနဲ့ အမှတ် (၃၅၀၃) တပ်ရင်း တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ မောတောင် ဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်အား ထောက်ပို့လာတဲ့ ယာဉ်တန်းကို KNLA ကြားဖြတ် တိုက်ခိုက်
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ မြိတ် - ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်ရှိ မောတောင် ဒေသအား ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်များအား ထောက်ပို့လာတဲ့ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၉ ရက်နေ့က သီခွန်းကျေးရွာနဲ့ ချောင်းနှစ်ခွပေါက်ရွာကြားမှာ လက်နက် ခဲယမ်းနဲ့ ရိက္ခာများ လာပို့တဲ့ စစ်ကောင်စီ ယာဉ်တန်းကို ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၁၁) နှင့် ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၅ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ထောက်ပို့ ယာဉ် ၂ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တိမ်းမှောက်ပျက်စီးသွားခဲ့တဲ့ စစ်ကောင်စီ ယာဉ်အတွင်းမှ ပျက်စီးနေတဲ့ ကာမီကာဇေ အသေခံဒရုန်း ၂ စီး အပါအဝင် လက်နက်ငယ်တချို့ တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မြိုင်မြို့အနီးက စစ်ကောင်စီ ကင်းစခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်၊ စစ်သုံ့ပန်း ၃ ဦးကို အရှင်ဖမ်းဆီးရမိ
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့အနီးက စစ်ကောင်စီကင်းစခန်း တစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃ ဦးကို အရှင် ဖမ်းဆီးရမိခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၁၀ ရက် မနက် ၅ နာရီခန့် အချိန်မှာ အဆိုပါ ကင်းစခန်းကို မြိုင် ပကဖနဲ့ ပေါက် ပကဖ ပူးပေါင်းအဖွဲ့ က တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၁ နာရီခွဲခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ စစ်သုံ့ပန်း ၃ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ပြီး စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အပြင် G-3 သေနတ် ၃ လက်၊ 7.62 ကျည် အများအပြားကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စက်တပ်လေထီး (Paramotor)၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပေမယ့် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၄။ မြင်းမူမှာ စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာများကို Fixed Wings Drone များဖြင့် ဗုံးကြဲတိုက်ခိုက်
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မြောင် လမ်းခွဲက စစ်ကောင်စီ တပ်စခန်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို Fixed Wings Drone များဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Myaung Drone Force က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၈ ရက်က ‘၈၈၈၈ အရေးတော်ပုံနေ့’ အထိမ်းအမှတ်အနေဖြင့် Fixed Wings ဒရုန်းများအသုံးပြုကာ ၁၂ နာရီခွဲမှ ၁ နာရီခွဲအတွင်း ဗုံးသီး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဗုံးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားများက ဘေးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကာ အဆိုပါ တိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး အလကပ္ပရွာ ကိုးဆူဘုရားအတွင်း ယာယီ အထိုင်ချထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား ညနေ ၅ နာရီ ခွဲမှ ၆ နာရီ အတွင်း ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုများကို MDF Drone ကျားခင်စိန် (Myaung)၊ Popa Guerilla Force (PGF)၊ Revolution Air Force Drone တပ်ဖွဲ့ (Myaung)၊ Peacock Drone Team (Myaung)၊ ယင်းမာပင်ခရိုင် ဗျူဟာ (၄၇) Drone တပ်ဖွဲ့၊ B21 Drone တပ်ဖွဲ့၊ Black Eagle People Defense Force (MMU)၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ ဧရာမြွေပွေး ပြောက်ကျားတပ်ဖွဲ့ (NZN) နဲ့ မြင်းမူမြို့နယ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၅။ ကျိုက်ထိုနဲ့ ဘီးလင်းကြားမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၈ ဦး သေဆုံး
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ကျိုက်ထို နဲ့ ဘီးလင်း မြို့ကြား၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်မှာ စစ်ကောင်စီ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၈ ဦး သေဆုံးခဲ့တယ်လို့ White Dragon -P29904 က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၉ ရက်နေ့က ဝင်းပတုံကုန်းဆင်း ဆီဆိုင်နဲ့ သင်းချိုင်းကုန်းကြားမှာ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ ၆ ဘီးကား ၂ စီးကို နဂါးဖြူတပ်ရင်း၊ တပ်ခွဲ (၂) နဲ့ (၇၈၀၅) တပ်ရင်း၊ တပ်ခွဲ (၄) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ သပိတ်ကျင်း၊ လမ်းလယ်ကျစ်ကျေးရွာက နာရေးကို စစ်တပ်က ဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် တိုက်ခိုက်၊ ပြည်သူ ၁၁ ဦးသေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရ
ဩဂုတ်လ ၁၀ရက်
Radio NUG
ဩဂုတ်လ ၈ ရက် နံနက် ၈ နာရီခန့်တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လမ်းလယ်ကျစ်ကျေးရွာတွင် ပြုလုပ်ခဲ့သည့် နာရေးတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်းနှင့် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး ၁၀ ဦးသေဆုံးပြီး နောက်ထပ်တစ်ဦး နောက်ပိုင်းတွင် သေဆုံးခဲ့ကာ ဒဏ်ရာရသူ ၄၀ ခန့်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိရပါတယ်။
ထို့ပြင် နံနက် ၈ နာရီခွဲခန့်တွင် တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာတစ်စီးဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
လမ်းလယ်ကျစ်ကျေးရွာသည် တိုက်ပွဲဖြစ်ပွားနေသည့် ၇ မိုင်ကျေးရွာမှ တောင်ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ပါတယ်။
========================
🚩🚩 ၇။ ရေစကြိုအနောက်ပိုင်းကျေးရွာများကို စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးဖြင့် တိုက်ခိုက်၊ အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရ
သြဂုတ်လ ၁၀ရက်
Radio NUG
သြဂုတ်လ ၉ ရက်နေ့ မနက်ပိုင်းမှစတင်ကာ ရေစကြိုမြို့နယ်အနောက်ပိုင်းရှိ တောင်ဦးကျေးရွာကို စစ်တပ်က တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုင် လေကြောင်းတိုက်ခိုက်ခဲ့ပြီး၊ ရေစကြို ဖူလုံ ခလရ ၂၅၆ တပ်ရင်းမှ ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် တစ်နေ့လုံး ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့ပြင်၊ ကြက်ဆူကျင်းကျေးရွာအလယ်သို့လည်း ပခုက္ကူ တပ်မ ၁၀၁ မှ ပါရာမော်တာ နှစ်စီးဖြင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်တိုက်ခိုက်ခံရပြီး တောင်ဦးရွာမှ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ ဟောင်ဝစ်ဇာဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးနှင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကြက်ဆူကျင်းရွာအလယ်သို့ ပါရာမော်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှ သိရပါတယ်။
ရေစကြိုမြို့နယ်သည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အရေးပေါ်စစ်အုပ်ချုပ်ရေး ကြေညာချက်တွင် ပါဝင်သည့် မြို့နယ်များထဲမှ တစ်ခုဖြစ်ပြီး ရေစကြိုမြို့နယ်အတွင်း အရပ်သားများ ဖမ်းဆီးခံနေရကာ မြို့ပေါ်မှ ကျေးရွာများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုများကို တင်းကြပ်ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၈။ ခလရ (၁၀၄) တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး KNLA တပ်မဟာ ၄ ထံ ဘက်ပြောင်းခိုလှုံ
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ် ခရိုင်အတွင်း စစ်ကောင်စီ တပ်သား တစ်ဦး လက်နက်နှင့် တကွ KNLA တပ်မဟာ (၄) တပ်ရင်း (၁၀) ထံ ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီရဲ့ ခလရ (၁၀၄) တပ်ရင်း၊ ပွိုင့် ၁၅၀၀ တပ်စခန်းမှ အသက် ၂၅ နှစ်အရွယ်ရှိ တပ်သား မောင်မင်းထက်နိုင် ဆိုသူ ဘက်ပြောင်းခိုလှုံ လာခဲ့တယ်လို့ ဆိုပါတယ်။
၎င်း အလင်းဝင် တပ်သားဟာ MA1 သေနတ် တစ်လက်၊ ကျည် ၃၀ တောင့် နဲ့ ကျည်ဘောက် ၁ ခုကို တစ်ပါတည်း ယူဆောင်လာခဲ့တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၉။ ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်း ၄ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနား ကျင်းပပြုလုပ်
ဩဂုတ်လ ၁၀ ရက်၊
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်းရဲ့ (၄) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဩဂုတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တပ်ရင်း တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်းရဲ့ မဟာမိတ် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ ပ.က.ဖ၊ ပ.အ.ဖ၊ ပ.လ.ဖ အဖွဲ့များမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်ရင်း မိသားစုဝင်များနဲ့ ထောက်ပို့ ပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါအခမ်းအနား ကျင်းပရာမှာ တပ်ရင်းတာဝန်ရှိသူများက စစ်ဓလေ့ထုံးတမ်းနှင့်အညီ ပြည်သူ့ကာကွယ်ရေး တပ်မတော် အလံတော်အား အလေးပြုခြင်း၊ ကျဆုံးခဲ့ရတဲ့ အာဇာနည် ရဲဘော် ၂၀ ဦးအား အလေးပြုခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုခရိုင် အမှတ် (၉) တပ်ရင်း အနေဖြင့် ကျဆုံးခဲ့တဲ့ အာဇာနည် ရဲဘော်များကို ဦးညွှတ်တိုင်တည်ပြီး ပြည်သူ လူထု အဖွဲ့အစည်းတရပ်လုံး လွတ်မြောက်အောင်မြင်တဲ့အထိ မဆုတ်မနစ်တိုက်ပွဲဝင်သွားမယ်လို့ ပြောကြားရင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment