၂၀၂၅ သြဂုတ်လ ၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG ဒုဝန်ကြီး ဦးကျော်နီ၊ စိုးမိုးထိန်းချုပ်နယ်မြေတွင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
📌 ၂။ ၂၀၂၅ ဇူလိုင် ၃၁ အထိ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်လုပ်ရပ် အချက်အလက်များထုတ်ပြန်
📌 ၃။ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများအနေဖြင့် တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဟန်ချက်ညီညီ မှန်မှန်ကန်ကန် နှင့် ဆောင်ရွက်ပေးဖို့ ပြောကြား
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ CDMများအတွက် အသေးစားစီးပွါးရေး မတည်မှုအစီအစဉ်အောင်မြင်
📌 ၅။ ထိုင်းမြန်မာနယ်စပ်တွင် ကျင်းပြုလုပ်သည့် (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ KNU တွဲဘက်အထွေထွေအတွင်းရေးမှူး(၂) တက်ရောက်ဂုဏ်ပြုချီးမြှင့်
📌 ၆။ သိန္နီခရိုင်အတွင်း တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားပြီး ၂၄ နာရီ ကုန်စည် စီးဆင်းနေ
📌 ၇။ လိုင်ဇာဒေသတွင် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်းများမှ နေအိမ်များ ပျက်စီးဆုံးရှုံး
📌 ၈။ ဒေါ်လာ လေးသောင်းဖြင့် သူပုန်ဖြူစာအုပ် လေလံပြိုင်ပွဲအား စာအုပ်အမှတ် 01109 မှ လေလံအောင်
========================
၂၀၂၅ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်
🚩 ၂။ မင်းလှဆည်ဘောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ ထွက်ပြေးလာသူ ၂ ဦးကို ဖမ်းဆီးရမိ
🚩 ၃။ ဖားကန့်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
🚩 ၄။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရ
🚩 ၅။ အနောက်ဂန့်ဂေါနဲ့ ရှုံးရှီရွာတို့ကို ညပိုင်းမှာ စစ်ကြောင်းထိုးပြီး ပြည်သူ ၁၂ ဦးအား ဖမ်းဆီးသွားခဲ့
🚩 ၆။ မင်းလှမြို့တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၁၈ ဦး ထွက်ပြေးလွတ်မြောက်
🚩 ၇။ နမ့်ဆန်၊ သီပေါ၊ မိုးကုတ်မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၇)ဦးနှင့် သုံးစွဲသူ အမျိုးသား (၃၁)ဦး ဖမ်းဆီးရမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG ဒုဝန်ကြီး ဦးကျော်နီ၊ စိုးမိုးထိန်းချုပ်နယ်မြေတွင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး
ဩဂုတ်လ ၄ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အလုပ်သမားဝန်ကြီးဌာနနှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက စိုးမိုးထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာပြီး တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် လူထုသပိတ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း PVTVမှာ ဖော်ပြထားပါတယ်။
ဦးကျော်နီက “တိုင်းရင်းသားတော်လှန်ရေးအင်အားစုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် NUG ၏ ပြည်ထောင်စုအစိုးရအဖြစ် ပိုမိုအားကောင်းရေး၊ တိုင်းရင်းသားအင်အားစုများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အိမ်နီးချင်းနိုင်ငံများထံမှ အသိအမှတ်ပြုမှုရရှိရေးနှင့် တော်လှန်ရေး အမြန်အောင်မြင်ရေးအတွက် အင်အားစုများ စုစည်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့သည်” ဟု ပြောကြားခဲ့ပြီး ၎င်းက အဖွဲ့အစည်းတိုင်းတွင် ဖိအားများရှိသော်လည်း ယင်းဖိအားများကို စနစ်တကျ အတူတကွ ဖြေရှင်းနိုင်ရေးကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။
ထို့ပြင် မြေပြင်သပိတ်ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် တော်လှန်ရေးနှင့်အညီ လူထုတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု ၎င်းက ပြောကြားခဲ့ပါတယ်။
“အကြမ်းဖက်စစ်ကောင်စီကို လက်နက်နည်းဖြင့် တော်လှန်နေရသော်လည်း၊ နိုင်ငံရေးနှင့် လူထုလှုပ်ရှားမှုများ ဆက်လက်လိုအပ်နေဆဲဖြစ်သည်။ ဤလုပ်ငန်းများကို မည်သို့ပူးပေါင်းဆောင်ရွက်မည်ကို ဆွေးနွေးခဲ့သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားထားပါတယ်။
ဒုဝန်ကြီးသည် မြေပြင်တွင် ပြည်သူများနှင့် တွေ့ဆုံစဉ်၊ ပြည်သူများက NUG အပေါ် ယုံကြည်မှုအပြည့်ရှိကြောင်းနှင့် အစိုးရတစ်ရပ်အနေဖြင့် စီမံခန့်ခွဲမှုများကို သေချာစွာ ဆောင်ရွက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည့်အပြင် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုများကို ပြည်သူများက မနိုင်မချင်း တောင့်ခံနိုင်သော်လည်း၊ တော်လှန်ရေးဘက်တော်သားများ၏ လူထုအပေါ် ဖိနှိပ်မှုနှင့် စီမံခန့်ခွဲမှုအမှားများကို ကြာရှည်သည်းခံနိုင်မည်မဟုတ်ကြောင်း ပြည်သူများက သတိပေးခဲ့တယ်လို့ ၎င်းက ထပ်လောင်းပြောကြားပါတယ်။
========================
📌📌 ၂။ ၂၀၂၅ ဇူလိုင် ၃၁ အထိ အကြမ်းဖက်စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်လုပ်ရပ် အချက်အလက်များထုတ်ပြန်
ဩဂုတ်လ ၄ရက်
Radio NUG
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု ၃,၁၉၁ ကြိမ်အထိ ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူပေါင်း ၃,၄၀၅ ဦးရှိခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၅၀၁ ဦးပါဝင်နေသည့်အပြင်၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း ၂၇၄ ကျောင်း၊ ဆေးရုံနှင့် ဆေးခန်း ၁၀၆ ခုနှင့် ဘာသာရေးအဆောက်အအုံ ၄၈၃ ခု ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ စစ်ကောင်စီစစ်တပ်သည် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၄၁၃ မှုအထိ ကျူးလွန်ခဲ့ပြီး၊ ယင်းကြောင့် သေဆုံးသူ ၄,၃၇၇ ဦးရှိခဲ့ကာ သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၇၀ ဦးနှင့် အမျိုးသမီး ၇၅၇ ဦး ပါဝင်နေတယ်လို့ သိရပါတယ်။
ထို့အပြင် စစ်တပ်၏ အတင်းအဓမ္မ စစ်သားစုဆောင်းမှု ဖြစ်စဉ် ၁,၅၆၉ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းကြောင့် စုဆောင်းခံရသူ ၃၀,၄၂၉ ဦးရှိခဲ့ကာ အများဆုံး စစ်သားစုဆောင်းမှုများမှာ မန္တလေးတိုင်းတွင် ဖြစ်ပေါ်ပြီး၊ ရခိုင်ပြည်နယ်သည် ဒုတိယအများဆုံးဖြစ်တယ်လို့ အသိပေးထားပါတယ်။
ထို့အတူ လူ့အခွင့်အရေးချိုးဖောက်မှု ၂၀,၁၉၈ မှုအထိ ပြုလုပ်ခဲ့ပြီး၊ အများဆုံးမှာ တရားလက်လွတ်သတ်ဖြတ်မှု (Extrajudicial Killing) ၄,၇၁၄ မှုဖြစ်ကာ စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားသည့် ဒေသအဖြစ် မှတ်တမ်းတင်ထားပါတယ်။
========================
📌📌 ၃။ မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများအနေဖြင့် တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဟန်ချက်ညီညီ မှန်မှန်ကန်ကန် နှင့် ဆောင်ရွက်ပေးဖို့ ပြောကြား
သြဂုတ်လ ၄ရက်
Radio NUG
မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများအနေဖြင့်တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဟန်ချက်ညီညီ မှန်မှန်ကန်ကန်နှင့် ဆောင်ရွက်ပေးဖို့ သြဂုတ်လ၂ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာနနှင့် မြို့နယ်တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲမှာ တရားရေးဝန်ကြီးဌာန၊ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးကပြောပါတယ်။
"လက်ရှိကာလ နိုင်ငံရေးအခြေအနေအရ ပြိုင်ဆိုင်မှု အရှိန်အဟုန်မြင့်မားနေသည့်အချိန်တွင် မြို့နယ်များတွင် တာဝန်ထမ်းဆောင်နေကြသော တရားသူကြီးများအနေဖြင့် တရားစီရင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဟန်ချက်ညီညီဖြင့် တရားစီရင်ရေးဆိုင်ရာ ကျင့်ဝတ်စံနှုန်းများနှင့်အညီ မှန်မှန်ကန်ကန်နှင့် ဆောင်ရွက်ပေးဖို့လိုကြောင်း၊ ခန့်အပ်ထားသော တရားရုံးစာရေးဝန်ထမ်းများအား သင့်တော်သလိုရွေးချယ်၍ တာဝန်ပေးအပ်ရန် လိုကြောင်းနှင့် စာရေးဝန်ထမ်းများအပေါ် လမ်းညွှန် ကြီးကြပ်ကာ ဆောင်ရွက်သွားကြစေလိုကြောင်း တရားရုံး၏ ငွေကြေးဆိုင်ရာကိစ္စရပ်များတွင် ဘီလစ်၏ လုပ်ငန်းတာဝန်သည် လွန်စွာအရေးကြီးကြောင်းနှင့် ဒဏ်ငွေ၊ သက်သေခံအပ်ငွေများနှင့် ပတ်သတ်၍လည်း စည်းမျဥ်းစည်းကမ်းလမ်းညွှန်းချက်များနှင့် အညီ စနစ်တကျဆောင်ရွက်ထားရှိစေလိုကြောင်း၊ အချုပ်တရားခံများ ပါသည့်အမှုများတွင်လည်း တရားခံချုပ်ရက်များအား စနစ်တကျစိစစ်ကာ ချုပ်ရက်များ ထုတ်နှုတ်ခံစားခွင့်ပြုပေးနိုင်ရေးအတွက် ဂရုပြုဆောင်ရွက်သွားကြစေလိုကြောင်း" ပြောကြားခဲ့ပါတယ်။
ထို့နောက် မြို့နယ်တရားသူကြီးများမှ မေးမြန်းလာသည့် မေးခွန်းများအား ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုး၊ ပြစ်မှုနှင့်တရားမဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုး၊ ဥပဒေလုပ်ထုံးလုပ်နည်းဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင် ၊ ရုံးအဖွဲ့မှူး ဒေါ်ရွှေနွယ်ရိုးတို့မှ အသီးသီးပြန်လည် ဖြေကြားပေးခဲ့ကြပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ CDMများအတွက် အသေးစားစီးပွါးရေး မတည်မှုအစီအစဉ်အောင်မြင်
သြဂုတ်လ ၄ရက်
Radio NUG
အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ CDM ထောက်ပံ့မှုတွင် အသေးစားစီးပွါးရေး မတည်မှုအစီအစဉ်မှ CDM တစ်ဦး၏ ဘဲမွေးမြူရေးလုပ်ငန်း အောင်မြင်လာပြီး တစ်ရက်လျှင် ဘဲဥအလုံး (၆၀)ထွက်ရှိခဲ့ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
"ကျမ CDM စတင်လုပ်စဉ်တုန်းက အခက်အခဲအများကြီး တွေ့ခဲ့ရပါတယ်၊ အာဏာရှင်ရဲ့ လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက်ကြောင့် ပြည်သူ့ဘက်ကို ရပ်တည်ခဲ့တာပါ။ CDMလုပ်လိုက်တဲ့အတွက် လစာဝင်ငွေမရတော့တဲ့အတွက် အခက်အခဲတွေနဲ့ အများကြီးကြုံတွေ့ခဲ့ရတယ်၊ အဲ့ဒီမှာ ဝန်ကြီးဌာနရဲ့ တပိုင်တနိုင်စီးပွါးရေး ထောက်ပံ့မှုနဲ့ အခုဆိုရင် ဘဲမွေးမြူရေးလုပ်ငန်းကြောင့် မိသားစု စားဝတ်နေရေးအတွက်လည်း အဆင်ပြေလာခဲ့သလို အပိုဝင်ငွေတွေလည်း စုဆောင်းလာနိုင်ပါပြီ။ မကြာခင် တော်လှန်ရေးအောင်မြင်တဲ့အချိန်မှာ ပြည်သူ့အစိုးရထံမှာ ကျမ ပြန်လည်ပြီး တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်၊ ဒီချိန်ကာလမှာလည်း စိတ်ဓာတ်မကျပဲ စီးပွါးရေးကို အောင်မြင်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်"လို့ CDMတစ်ဦးကလည်း ပြောကြားထားပါတယ်။
========================
📌📌 ၅။ ထိုင်းမြန်မာနယ်စပ်တွင် ကျင်းပြုလုပ်သည့် (၁၉) ကြိမ်မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ KNU တွဲဘက် အထွေထွေအတွင်းရေးမှူး(၂) တက်ရောက်ဂုဏ်ပြုချီးမြှင့်
သြဂုတ်လ ၄ရက်
Radio NUG
သြဂုတ်လ(၃)ရက်နေ့တွင် ထိုင်းမြန်မာနယ်စပ်ဖြစ်သော မဲဆောက်မြို့နယ်၊ မဲပ ရပ်ကွက်(၈)ရှိ ခြေတော်ရာသင်္ဘောဦးဆိပ် တောရကျောင်းတွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း မှ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့နယ်တွင် မဲပ(၈)ရပ်ကွက်ရှိ ခြေတော်ရာသင်္ဘောဦးဆိပ် တောရကျောင်း ဆရာတော် ဘန္ဒန္တ ကေသ၀(ဖူ့ကျာ် မိုးကလော်)နှင့် ရွှေ့ပြောင်းပညာရေးလုပ်သားများ၊ ရပ်ကွက်ဒေသခံရပ်မိရပ်ဖဒေသခံ လူကြီးများ တို့ဖြင့် ဖွဲ့စည်းထားသည့် ပွဲတော်ကျင်းပရေးကော်မတီများတို့မှ နှစ်စဉ်ကျင်းပြုလုပ်ခဲ့ရာ ယခုနှစ်ဆိုလျှင် (၁၉)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သို့ ထိုင်းမြန်မာနယ်စပ်ဒေသတဝိုက်ရှိ ကရင် အမျိုးသားများ အပြင် ဘန်ကောက်၊ ချင်းမိုင်နှင့် ကရင်ပြည်နယ်အတွင်းရှိ ကရင်အမျိုးသားတို့ တက်ရောက် ဂုဏ်ပြုကြပြီး ဝေးကွာနေကြသော မိသားစုများ ပြန်လည်စုစုံ တွေ့ဆုံကြခြင်း၊ မိတ်ဆွေရောင်းရင်းသူငယ်ချင်းများ ပြန်လည်တွေ့ဆုံကြခြင်းနှင့်အတူ မိမိတို့၏ ဖြတ်သန်းနေရသော အခက်အခဲ အခြေအနေများတို့ကို တစ်ဦးကိုတစ်ဦး အသိပေးဝေ ငှခြင်း၊ မိဘဘိုးဘွားဆရာသမားများ ခေါင်းဆောင်ကြီးများတို့၏ သွန်သင်ဆုံးမသြဝါဒ စကားများတို့ကို နာခံရယူပြီး ဘေးရန်ဘယကင်းဝေးခြင်း၊ စိတ်၏ချမ်းသာခြင်း နှင့် ကိုယ်၏ကျန်းမာခြင်း စသည့် ဆုတောင်းမေတ္တာ ပို့သချက်များတို့ကို ရယူခဲ့ကြတယ်လို့ သိရပါတယ်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သို့ အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားများတို့မှ စုစုစည်းစည်း ညီညီညာညာ စည်းလုံး ညီညွတ်စွာဖြင့် ရောက်ရှိလာကြပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည့်အတွက် ၀မ်းသာကြည်နူးရပါကြောင်း ကရင်အမျိုးသားတို့၏ ရိုးရာဓလေ့ကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ပေးကြသည့် အတွက် အထူးကျေးဇူးတင်ရှိကြောင်း မိမိတို့၏ ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွတ်မှုတို့ကိုပြသစေလိုကြောင်း နောင်နှစ်များတို့တွင်လည်း ယခုလို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆက်လက်၍ ဖော်ထုတ်ကျင်းပစေလိုကြောင်း ပဒိုစောလှထွန်း မှ တိုက်တွန်းအားပေး ဂုဏ်ပြုပြောကြားခဲ့ပါတယ်။
(၁၉)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော်သို့ မဲဆောက်မြို့ပိုင်(နိုင်အန်းဖုန်း)နှင့် မဲပကျေးနယ် အုပ်စုမှူး(ကာမနန်း)၊ ရပ်ကွက် မှူး(ဖူ့ယိုင်၊ဖူ့ချွေ့)များ တို့မှလည်း တက်ရောက်ဂုဏ်ပြုခဲ့ကြပြီး ကရင်ပြည်နယ်ရှိ ကရင်အနုပညာတေးသံရှင်များ၊ ထိုင်းမြန်မာနယ်စပ်ရှိ အနုပညာမောင်နှမများတို့မှ စည်းလုံးညီညွတ်စွာဖြင့် တက်ရောက်သီဆို ဂုဏ်ပြုခဲ့ကြတယ်လို့ အသိပေးထားပါတယ်။
========================
📌📌 ၆။ သိန္နီခရိုင်အတွင်း တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေး စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားပြီး ၂၄ နာရီ ကုန်စည် စီးဆင်းနေ
ဩဂုတ်လ ၄ ရက်၊
Radio NUG
MNDAA က ထိန်းချုပ်ထားတဲ့ သိန္နီခရိုင်အတွင်းက တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ စစ်ဆေးရေးဂိတ် ၆ ခု ဖွင့်လှစ်ထားပြီး ၂၄ နာရီ ကုန်စည်စီးဆင်း ဝင်ထွက်သွားလာခွင့် ပြုထားကြောင်း MNDAA က ထုတ်ပြန်ထားပါတယ်။
တရုတ်(ယူနန်) - မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်ရှိ သိန္နီခရိုင်ဟာ အရေးပါတဲ့ ဖြန့်ဖြူးရေးစင်တာ တစ်ခု ဖြစ်တဲ့အပြင် အဓိက ကုန်စည်ဝင်ထွက်ရာ နယ်စပ်နှစ်ခုဖြစ်တဲ့ မူဆယ်နဲ့ ချင်းရွှေဟော်တို့ကို ဆက်သွယ်ပေးထားတယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ခရိုင်အတွင်း ကုန်သွယ်ရေးလမ်းကြောင်း ချောမွေ့စွာဆက်သွယ်နိုင်ရန် သေချာစေခြင်း၊ ကုန်စည်များ ဘေးကင်းလုံခြုံမှုကို စစ်ဆေးခြင်းအပြင် ဥပဒေနှင့်အညီ လမ်းတံတား အခကြေးငွေများ ကောက်ခံကာ လမ်းပန်း ဆက်သွယ်ရေး အဆောက်အအုံများကို ထိန်းသိမ်းနိုင်ရန် စစ်ဆေးရေးဂိတ်များစွာ ဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ သိန္နီခရိုင်မှတဆင့် စပါး ပဲမျိုးစုံ စတဲ့ စိုက်ပျိုးရေးထုတ်ကုန်များ၊ တိရစ္ဆာန်အနည်းငယ် သယ်ဆောင်တဲ့ ယာဉ်များ လစဉ် ထောင်နဲ့ချီရှိနေပြီး တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ နေ့စဉ်သုံးကုန်စည်များ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနဲ့ ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို သယ်ဆောင်နေတဲ့ ယာဉ်များလည်း လစဉ် အကြိမ် နှစ်ရာမှ သုံးရာအတွင်း ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။
သိန္နီခရိုင်ဟာ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ် ၂ ခုကို ဆက်သွယ်ထားတဲ့ သဘာဝ ပထဝီဝင် အားသာချက်ကြောင့် အဓိက ကုန်စည်ပို့ဆောင်ရေး ဆုံမှတ်အဖြစ် ပို၍ ထင်ရှားလာမယ်လို့ ယုံကြည်ကြောင်း၊ ယူနန်-မြန်မာ စီးပွားရေး လမ်းကြောင်း ရဲ့ အနာဂတ် ဖွံဖြိုးတိုးတက်ရေးအတွက် မရေတွက်နိုင်သော အားအင်များကို ထည့်သွင်းပေးနေပြီး နယ်စပ် ကုန်သွယ်ရေး စီးပွားရေးဇုန်၏ အသက်သွေးကြောတစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထား ပါတယ်။
========================
📌📌 ၇။ လိုင်ဇာဒေသတွင် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်းများမှ နေအိမ်များ ပျက်စီးဆုံးရှုံး
ဩဂုတ်လ ၄ရက်
Radio NUG
ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး၊ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် ဩဂုတ်လ ၃ ရက်ညမှ စတင်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး၊ စစ်ရှောင်စခန်းများရှိ နေအိမ်များ ပျက်စီးမှုများ ရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရပါတယ်။
ယခုတစ်ကြိမ်မှာ ရေကြီးမှု အလွန်ပြင်းထန်ပြီး နေအိမ်အချို့ ရေစီးနှင့်မျောပါသွားတယ်လို့ သိရပါတယ်။
ဂျယ်ယန်ချောင်းအနီးရှိ စစ်ရှောင်စခန်းများအပါအဝင် ဆွတ်မူအောင်၊ ဂျာထူကောင်၊ ဂျေယန့်၊ ဖွန်လွမ်ယန်နှင့် မုန်းဆိုင်ယန်စစ်ရှောင်စခန်းများရှိ နေအိမ်အချို့ ရေနစ်မြှုပ်ကာ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိတွင် နေရာအချို့၌ ရေများပြန်လည်ကျဆင်းနေသော်လည်း၊ ရွာအတွင်း သဲနှုန်းများဖြင့် ဖုံးလွှမ်းနေပြီး ဂျေယန်ဆေးရုံအနီးတစ်ဝိုက်မှာ ထိခိုက်မှု အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၈။ ဒေါ်လာ လေးသောင်းဖြင့် သူပုန်ဖြူစာအုပ် လေလံပြိုင်ပွဲအား စာအုပ်အမှတ် 01109 မှ လေလံအောင်
ဩဂုတ်လ ၄ရက်
Radio NUG
"သူပုန်ဖြူ ကဗျာများစုစည်းမှု" ကဗျာစာအုပ်လေလံပြိုင်ပွဲကို ကဗျာစာအုပ် အမှတ်စဉ်နံပါတ် 01109 ပိုင်ရှင် Mr.MHZ-PT မှ နောက်ဆုံးလေလံဈေးအဖြစ် ဒေါ်လာ (၄၀၀၀၀) လေးသောင်း- (မြန်မာငွေ သိန်း ၁၇၀၀ ခန့်) ဖြင့် နောက်ဆုံး လေလံဈေးပေးကာ အောင်မြင်စွာ ဝယ်ယူခဲ့ကြောင်း သတင်းရရှိပါတယ်။
"သူပုန်ဖြူ ကဗျာများစုစည်းမှု" ကဗျာစာအုပ်လေလံပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
ကဗျာစာအုပ် ရောင်းချမှုနှင့် လေလံပွဲများမှ ရရှိသော ငွေကြေးများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ကာ စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သော တော်လှန်ရေးစစ်သည်များအတွက် ထောက်ပံ့ကူညီသွားမယ်လို့ သိရပါတယ်။
လေလံပွဲမှ ရရှိသော ငွေကြေးနှင့် စာအုပ်ရောင်းချမှုများအရ အကြမ်းဖျင်း တွက်ချက်မှုအရ မြန်မာငွေ သိန်း ၃၅၀၀ ခန့်ကို တော်လှန်ရေးသမားများအတွက် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်
ဩဂုတ်လ ၄ရက်
Radio NUG
သြဂုတ်လ ( ၃ ) ရက်နေ့ နံနက် ( ၈:၅၀ ) ဝန်းကျင်တွင် မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု (၂ )ကြိမ် ပြုလုပ်သွားခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများတွင် ပြည်သူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ အစိုးရအဆောက်ဦး (၂)လုံးခန့်နှင့် ပြည်သူနေအိမ် ( ၈ )လုံးခန့် စုစုပေါင်းအဆောက်ဦး (၁၀ )လုံးခန့် ထိခိုက်ပျက်စီးမှုများရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
========================
🚩🚩 ၂။ မင်းလှဆည်ဘောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ ထွက်ပြေးလာသူ ၂ ဦးကို ဖမ်းဆီးရမိ
ဩဂုတ်လ ၄ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ဘောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကနေ ထွက်ပြေးလာတဲ့ တပ်သား ၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သာယာဝတီခရိုင်၊ ၃၈ဝ၂ တပ်ရင်း၊ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၉ ရက်၊ မနက် ၈ နာရီခန့်မှာ ဆည်ဘောင်ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား စောထူးဖောနဲ့ တပ်သား စောအယ်ကညောတို့ နှစ်ဦးကို ၃၈ဝ၂ တပ်ရင်း၊ တပ်ခွဲ ၅ က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးခံတပ်သား စောထူးဖောဟာ အုတ်ဖိုမြို့နယ် ဇာတိဖြစ်ပြီး မတ်လ ၁၄ ရက်နေ့က တောင်သုံးလုံး ရွာသစ်မှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ စောအယ်ကညောဟာလည်း မင်းလှမြို့နယ် ဇာတိဖြစ်ပြီး မတ်လ ၂၈ ရက်နေ့က ကိုင်းပြင်ကြီး ရွာမှာ ဝါးခုတ်နေရင်း ပေါ်တာဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။
၎င်းတို့ နှစ်ဦးဟာ လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ သင်တန်းကျောင်းမှာ စစ်မှုထမ်း အပတ်စဉ် (၁၂) တက်ရောက်ခဲ့ရပြီး ရခိုင်ပြည်နယ်ကိုပို့ဖို့ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးမှာ လူစုနေစဉ် အခြားတပ်သားသစ် ၄ ဦးနဲ့အတူ ထွက်ပြေးခဲ့ကြတာ ဖြစ်တယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၃။ ဖားကန့်တွင် အကြမ်းဖက်စစ်တပ် ပစ်ခတ်မှုကြောင့် ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦးသေဆုံး
ဩဂုတ်လ ၄ရက်
Radio NUG
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ဩဂုတ်လ ၄ ရက် နံနက်ပိုင်းတွင် ဖားကန့်တပ်မကုန်းမှ မြောက်ဖြူကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အသက် ၃၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။
ထို့ပြင် ရှလောခကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၂ ရက်မှစ၍ အေးမြသာယာရပ်ကွက်ရှိ ရွှေညောင်ပင်ကုန်းသို့ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထပ်မံထိုးလာရာ ဩဂုတ်လ ၄ ရက်အထိ လက်နက်ကြီး၊ ဒရုန်းနှင့် လက်နက်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ကျောက်မဲမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃)ဦး ထိခိုက်ဒဏ်ရာရ
ဩဂုတ်လ ၄ရက်
Radio NUG
ဩဂုတ်လ ၄ရက်နေ့ နံနက် (၁၀း၂၃) နာရီအချိန်တွင် တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ၊ ကျောက်မဲမြို့ ရပ်ကွက် (၆)ရှိ စျေးသစ်ဝန်းကျင်ကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၅၀၀)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် (၂၉)နှစ်ရွယ် ဒေါ်မီမီသွေး၊ အသက် (၃၈)နှစ်အရွယ် ဒေါ်မီမီရင်နှင့် အသက် (၆၀)နှစ်အရွယ် ဒေါ်အေးဝင်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ချော ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆေးခန်း (၁)ခန်း၊ နေအိမ် (၃)အိမ်နှင့် ကား (၁)စီး ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်မဲမြို့တွင် ဇူလိုင်လ (၆)ရက်နေ့မှ ဩဂုတ်လ ၃ရက်နေ့အထိ လေကြောင်းဖြင့် (၈)ကြိမ် တိတိ ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃)ဦး သေဆုံးခဲ့ပြီး အမျိုးသမီး (၄)ဦးနှင့် အမျိုးသား (၁၃)ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၄၂)အိမ်၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁)ကျောင်းလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ အနောက်ဂန့်ဂေါနဲ့ ရှုံးရှီရွာတို့ကို ညပိုင်းမှာ စစ်ကြောင်းထိုးပြီး ပြည်သူ ၁၂ ဦးအား ဖမ်းဆီးသွားခဲ့
ဩဂုတ်လ ၄ ရက်၊
Radio NUG
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါနဲ့ ရှုံးရှီရွာတို့ကို စစ်ကောင်စီတပ်က ညပိုင်းမှာ စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ ၁၂ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ ယောအလင်းတန်းက ဖော်ပြထားပါတယ်။
ဩဂုတ်လ ၃ ရက် ည ၁၀ နာရီအချိန်မှာ ဂန့်ဂေါအခြေစိုက် ခလရ (၅၀) တပ်ရင်းက ကား ၂ စီးဖြင့် လောင်ထောင်ဂိတ်ကို ရောက်ရှိလာပြီး ထိုမှတဆင့် ည ၁၂ နာရီ အချိန်မှာ ပျားရွာကို ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် ၄ ရက်နေ့ မနက် ၃ နာရီခန့်မှာ ရှောက်ပင်ရွာတွင် ကင်းချထားသော စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပူးပေါင်းကာ အနောက်ဂန့်ဂေါရွာနဲ့ ရှုံးရှီရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့နောက် မနက် ၆ နာရီခွဲခန့်မှာ စစ်ကြောင်း ၂ ကြောင်းခွဲကာ ယခင်အထိုင်ချ နေထိုင်လျက်ရှိတဲ့ ရှောက်ပင်ရွာနဲ့ ဂန့်ဂေါမြို့ ခလရ ၅၀ ကို တပ်ပြန်ဆုတ်သွားခဲ့ကာ ဖမ်းဆီးသွားတဲ့ထဲမှ အမျိုးသမီး ၂ ဦးကို We Love GanGaw တံတားထိပ် အရောက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့ကို မနက် ၁၀ နာရီ ၅၀ မိနစ်ခန့်မှာ စစ်ကောင်စီက ရိက္ခာ၊ ခဲယမ်း ထုပ်များကို လေထီးများနဲ့ ချပေးခဲ့တယ်လို့ ဆိုပါတယ်။
မိုးရာသီ ရိက္ခာစုဆောင်းတဲ့ ကာလမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအတွက် မိတ္ထီလာ လေတပ်က တက်လာတဲ့ Y-8 ထောက်ပို့လေယာဉ် တစ်စီးဖြင့် ၁၂ ပတ် ပျံဝဲပြီး အထုပ်ပေါင်း ၃၆ ထုပ် ချပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ မင်းလှမြို့တွင် ဖမ်းဆီးခံထားရသည့် လူငယ် ၁၈ ဦး ထွက်ပြေးလွတ်မြောက်
ဩဂုတ်လ ၄ရက်
Radio NUG
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ အုပ်ချုပ်ရေးရုံးတွင် စစ်တပ်က ဖမ်းဆီးထားသည့် လူငယ် ၁၉ ဦးအနက် ၁၈ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်တပ်က မြို့တွင်းလမ်းများကို ပိတ်ဆို့ကာ ဓာတ်ပုံများဖြင့် ရှာဖွေမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။
ဩဂုတ်လ ၂ ရက် ညပိုင်းတွင် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဖမ်းဆီးခံထားရသည့် လူငယ်များသည် အုပ်ချုပ်ရေးရုံးတွင် စစ်သားများ မရှိသည့်အချိန်ကို အခွင့်ကောင်းယူပြီး ထွက်ပြေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
သို့သော် ထွက်ပြေးသူများထဲမှ တစ်ဦးကို စစ်တပ်က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်ရှိသူ ၁၈ ဦးမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်တပ်သည် မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေ့စဉ် ပေါ်တာဆွဲဖမ်းဆီးမှုများ ပြုလုပ်နေပြီး လစဉ် လူငယ် ၁၀၀ ခန့်ကို စစ်မှုထမ်းရန် စုဆောင်းကာ လေ့ကျင့်ရေးသင်တန်းသို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၇။ နမ့်ဆန်၊ သီပေါ၊ မိုးကုတ်မြို့နယ်တွင် တအာင်းပြည် ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၇)ဦးနှင့် သုံးစွဲသူ အမျိုးသား (၃၁)ဦး ဖမ်းဆီးရမိ
သြဂုတ်လ ၄ ရက်
Radio NUG
နမ့်ဆန်မြို့နယ်တွင် ဇူလိုင်လ စတုတ္ထပတ်အတွင်း တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်သခင်စစ်ဆေးနေချိန် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးသန်းမင်းဇော်၊ ဦးဆောင်အေးနှင့် မူးယစ်ဆေးဝါးသုံးစွဲသူ ဦးစိုးမင်းသူ၊ ဦးယောဟန်၊ ကိုဖိုတို၊ ကိုကျစ်တ၊ ကိုမတ်တူ၊ ဦးလွန်၊ ဦးဆောင်လျှူ၊ ဦးအလွင်၊ ကိုစိုးမင်းသူ၊ ဦးအချစ်၊ ဦးအထက်၊ ဦးအလို၊ ဦးထွန်းကျော်၊ ဦးထွန်းမင်းနိုင်တို့ထံမှ ဘိန်းဖြူဗူးသေး (၇)ဗူး၊ ယာမဆေးပြား (၈၅)ပြား၊ ဆိုင်ကယ် (၁)စီး၊ ဖုန်း (၁)လုံး၊ ငွေသား (၂၃၂၀၀၀)ကျပ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။
ထိုအပြင် ဇူလိုင်လ (၂၈)ရက်နေ့လည်း မူးယစ်ဆေးဝါးသုံးစွဲသူ ဦးထွန်းမင်းသူ၊ ဦးအောင်ဆန်း၊ ဦးသက်နိုင်ဦး၊ ဦးချမ်းသာ၊ ဦးမောင်ကျော်တို့ထံမှ မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည့်ပစ္စည်းများ၊ ဖုန်း(၁)လုံး၊ ငွေသား (၂၀၀၀၀)ကျပ်နှင့်အတူ မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အလားတူ သီပေါမြို့နယ်လည်း ဇူလိုင်လ နောက်ဆုံးပတ်တွင် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးနေစဉ် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဦးအိုက်မောင်၊ ဦးကျော်၊ ဦးဆန်ပွားနှင့် ကိုပြည့်စုံတို့ထံ စိတ်ကြွဆေးပြား အထုပ်သေး(၆)ထုပ်နှင့် (၁၀၉)ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ထိုနောက် မူးယစ်ဆေးဝါးသုံးစွဲသူ ကိုဆန်ညွန့်၊ ဦးအိုက်ပီ၊ ဦးအိုက်ရန်၊ ဦးအိုက်ဆိုင်၊ အောင်သက်နိုင်၊ ကိုမောင်မြင့်၊ ကိုပန်းစိန်၊ ကိုဇော်ဝင်းနှင့် ကိုအိုက်ကျန်တို့ကို တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
ထို့အတူ မိုးကုတ်မြို့နယ်တွင်လည်း ဩဂုတ်လ (၁)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှ ရှောင်တခင်စစ်ဆေးမှု ပြုလုပ်စဥ် မူးယစ်ဆေးဝါးရောင်းဝယ်သူ ဒေါ်နဒီထံမှ ဘိန်းဖြူဆပ်ပြာခွက် (၁၁)ခွက်၊ ယာမဆေးပြား (၁၅)ပြား၊ ဖုန်း (၁)လုံး၊ မူးယစ်ဆေးဝါးနှင့်ဆက်စပ်သည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်အပြင် မူးယစ်ဆေးဝါးသုံးစွဲသူ ဦးထွန်းမောင်၊ ဦးဆန်ချောင်၊ ဦးကျော်မျိုးအောင်တို့လည်း မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တပ်ဖွဲ့မှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲသူများကို အကျင့် စာရိတ္တပြုပြင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ ပဒဲဖိုးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment