၂၀၂၅ စက်တင်ဘာလ ၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ၏ (၇၅) နှစ်မြောက် မွေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မွေးနေ့ ဆုတောင်းသဝဏ်လွှာပေးပို့
📌 ၂။ ကနေဒါနိုင်ငံ တိုရန်တို မြို့တွင် သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံပွဲကို ကျင်းပခဲ့
📌 ၃။ ပြည်သူ့သံအမတ်ကြီးအားထောက်ခံကြောင်းဆန္ဒထုတ်ဖော်
📌 ၄။ လုံခြုံစိတ်ချရတဲ့ စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ UN တိုက်တွန်း
📌 ၅။ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေ
📌 ၆။ Launglone People Defence Force - LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ
📌 ၇။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ဦး သေဆုံးခဲ့ရပြီး အတည်ပြုရန်လိုအပ်ဆဲ သေဆုံးအရပ်သား (၁၈) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူထား
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော်မြို့ သံချပ်ကာတပ်ရင်းအနီး တိုက်ပွဲမှာ စစ်တပ်အထိနာပြီး တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင်ခဲ့
🚩 ၂။ အမေရီကန်က BGF/KNA ခေါင်းဆောင် စောချစ်သူရဲ့ လူ ၃ ဦးနဲ့ လုပ်ငန်း ၆ ခုကို ထပ်မံ ဒဏ်ခတ်အရေးယူ
🚩 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်ကြောင်းကြောင့် ဩဂုတ်လထဲမှာ အမျိုးသမီး ၇၃ ဦး သေဆုံး
🚩 ၄။ ပွင့်ဖြူမြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို မိုင်းကွင်းဖြတ်ခိုင်းတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာကြောင့် ၉ ဦးသေဆုံး
🚩 ၅။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ကျောက်မဲမြို့နယ်က ဒေသနေ ပြည်သူ ၈၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ယာယီသမ္မတ ဒူဝါလရှီးလ၏ (၇၅) နှစ်မြောက် မွေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မွေးနေ့ ဆုတောင်းသဝဏ်လွှာပေးပို့
စက်တင်ဘာလ (၉)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၏ (၇၅) နှစ်မြောက် မွေးနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ၉ရက်မှာ မွေးနေ့ ဆုတောင်းသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
သဝဏ်လွှာတွင် ဖော်ပြချက်အရ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောက်စုတည်ဆောက်ရေးအတွက် ရှေ့ဆက်ရမည့်တော်လှန်ရေးခရီးတွင် အရေးကြီးသည့်တာဝန်များကိုထမ်းဆောင်နိုင်ရန် ယာယီသမ္မတကြီး၏ခွန်အားသည် အရေးပါကြောင်းဖော်ပြထားပါတယ်။
ဒါ့အပြင် ယာယီသမ္မတကြီး၏ဆန္ဒနဲ့ ရည်မှန်းချက်များ အမြန်ဆုံးပြည့်ဝစေဖို့အတွက်လည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဆုမွန်ကောင်းတောင်းဖော်ပြထားပါတယ်။
========================
📌📌 ၂။ ကနေဒါနိုင်ငံ တိုရန်တို မြို့တွင် သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံပွဲကို ကျင်းပခဲ့
စက်တင်ဘာလ (၉)ရက်
ကနေဒါနိုင်ငံ တိုရန်တို မြို့တွင် သမ္မတဦးဝင်းမြင့် နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံပွဲကို ကျင်းပခဲ့ပါတယ်။
ကနေဒါနိုင်ငံ တိုရန်တိုမြို့တွင် မြန်မာနိုင်ငံ၏နိုင်ငံတော် သမ္မတကြီးဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သောအစိုးရမှ တရားဝင်ခန့်အပ်ထားသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံပွဲကို ကျင်းပခဲ့ရာ Toronto GTA နှင့် Nearby Cities, Southern & Southwestern Ontario (London, Kitchener, Hamilton and Sarnia) နှင့် Buffalo (USA) တို့မှ မြန်မာ့အရေးတက်ကြွ လှုပ်ရှားသူများ အဖွဲ့လိုက်သော်လည်းကောင်း၊ Zoom (live) နှင့် လည်းကောင်း အားဖြည့်ပါဝင်ထောက်ခံခဲ့တယ်လို့ MEF Canada ကဖော်ပြပါတယ်။
အဆိုပါ လူထုထောက်ခံပွဲတွင် Special Guest Speakers အဖြစ် NUGနိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦး၊M.P. Garnett Genuis (Member of Parliament / Parliamentary Friends of Democratic Burma (PFODB) ၊ Matthew J Walton (Associate Professor of Comparative Political Theory, Department of Political Science, University of Toronto) တို့တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ ပြည်သူ့သံအမတ်ကြီးအားထောက်ခံကြောင်းဆန္ဒထုတ်ဖော်
စက်တင်ဘာလ (၉)ရက်
ပြည်သူ့သံအမတ်ကြီးအားထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုတရပ်ကို ရွှေဘိုမြို့နယ်တွင် လူထုလူတန်းစားအသီးသီးက ပါဝင်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်တွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ ‘’Our Ambassador Myanmar’s Voice” “ငါတို့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံ ဖြစ်သည်" စာသားကိုင်ဆောင်ပြီး လူထုဆန္ဒကို ထုတ်ဖော်ခဲ့ကြတယ်လို့ ရွှေဘိုမြို့နယ်သပိတ်အင်အားစုကယနေ့အသိပေးဖော်ပြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းလူထုလှုပ်ရှားမှုများမြန်မာတနိုင်ငံလုံးရှိနေရာအသီးသီးတွင်လှုပ်ရှားလျက်ရှိကြပါတယ်။
========================
📌📌 ၄။ လုံခြုံစိတ်ချရတဲ့ စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ UN တိုက်တွန်း
စက်တင်ဘာလ (၉)ရက်
လုံခြုံစိတ်ချရတဲ့ စာသင်ကျောင်းများဆိုင်ရာ ကြေညာချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ဖို့ ကမ္ဘာ့ကုလသမဂ္ဂ UN က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုမှ ကာကွယ်ရေး နိုင်ငံတကာနေ့ဖြစ်တဲ့ ဒီနေ့ စက်တင်ဘာ ၉ ရက်မှာကမ္ဘာ့ကုလသမဂ္ဂ UN က တိုက်တွန်းနှိုးဆော်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် အခြားနိုင်ငံတွေမှာလည်း ပညာရေးကဏ္ဍဟာ ခြိမ်းခြောက်မှုအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ UN ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကလေးငယ်တိုင်း ဘေးကင်းလုံခြုံ ငြိမ်းချမ်းစွာ ပညာသင်ကြားရဖို့ ထိုက်တန်ပေမယ့် ကမ္ဘာတလွှားမှာရှိတဲ့ စာသင်ကျောင်း တွေဟာ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီး ကလေးတွေရဲ့ အနာဂတ်တွေ ပျောက်ဆုံးနေတယ်လို့လည်း အသိပေးထားပါ တယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဘယ်ကလေးငယ်မှ ပညာသင်ကြားဖို့အတွက် အသက်အန္တရာယ် မရှိသင့်ပါဘူးလို့ ပြောပါတယ်။
စာသင်ကျောင်းတွေကို ဘေးကင်းလုံခြုံတဲ့နေရာတွေအဖြစ် အသိအမှတ်ပြုဖို့၊ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ယူစေဖို့၊ အားလုံးအတွက် ပညာရေးစနစ်တွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ လုံခြုံစိတ်ချရတဲ့ စာသင်ကျောင်းများဆိုင်ရာ ကြေညာချက် - Safe Schools Declaration ကို အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ကျွန်တော်တို့တတွေ အတူတကွ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ကျောင်းသူ၊ကျောင်းသားများတွေနဲ့ ဆရာ၊ဆရာမများအပေါ် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုအများဆုံး နိုင်ငံ ၄ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံ ပါဝင်နေတယ်လို့ ရန်ကုန်မြို့တော်မှာရှိတဲ့ ဗြိတိန်သံရုံးကလည်း ထောက်ပြထားပါတယ်။
========================
📌📌 ၅။ တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေ
စက်တင်ဘာလ (၉)ရက်
တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာတယ်လီကွန်းကုမ္ပဏီများ တရားမဝင်စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးကို အားပေးကူညီနေကြောင်း JusticeForMyanmarက စက်တင်ဘာလ၉ရက် တွင် ထုတ်ဖော်လိုက်ပါတယ်။
ယနေ့ထုတ်ပြန်လိုက်သည့် အစီရင်ခံစာသည် တရုတ်အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ် ပုံစံအား မြန်မာနိုင်ငံသို့ ရောင်းချ တပ်ဆင် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်အစိုးရနှင့် ဆက်နွှယ် သည့် တရုတ်ကုမ္ပဏီ Geedge Networks နှင့် တရားမဝင်မြန်မာစစ်အုပ်စုတို့အကြား အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ထုတ်ထားပါတယ်။
ယင်းစနစ်သည် အရပ်သားပြည်သူများအား ခြေရာခံ၊ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ရန် စစ်အုပ်စုအတွက် မရှိစဖူးသော လုပ်နိုင်စွမ်းများကို ပေးအပ်လျက်ရှိတယ်လို့သိရပါတယ်။
Justice For Myanmar ၏ အစီရင်ခံစာဖြစ်သော ထောက်လှမ်းရေးပိုးလမ်းမ - စစ်အုပ်စု၏ ဒီဂျစ်တယ်အကြမ်းဖက်စစ်ဆင်ရေးတွင် တရုတ်ကုမ္ပဏီ Geedge Networks နှင့် မြန်မာ့ဆက်သွယ်ရေး နည်းပညာလုပ်ငန်းများ၏ အခန်းကဏ္ဍ တွင် Geedge ကုမ္ပဏီ၏ ခေတ်မီ ဆန်းပြားသော စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်ရေးနည်းပညာအား ဆက်လက် လည်ပတ်အသုံးပြုနေမှုတွင် တရားမဝင်စစ်အုပ်စုကိုယ်စား အခရာကျသည့် အခန်းကဏ္ဍမှ ပါဝင်နေကြသည့် မြန်မာနိုင်ငံတွင်းရှိ ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ ၁၃ ခုကိုလည်း ဖော်ထုတ်ထားပါတယ်။
ယင်းကုမ္ပဏီများမှာ ATOM (ယခင်နာမည် တယ်လီနောမြန်မာ)၊ မိုင်တဲလ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ အော်ရီဒူးမြန်မာ၊ Frontiir၊ StreamNet၊ Golden TMH Telecom၊ Internet Maekhong Network (IM-Net)၊ Myanmar Broadband Telecom (MBT)၊ Myanmar Telecommunication Network (MTN)၊ Campana၊ Global Technology Group နှင့် China Unicom တို့ ဖြစ်ကြပါတယ်။
Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောကြားရာမှာ"Geedge Networks က ရောင်းချ တပ်ဆင်ပေးထားပြီး၊ မြန်မာနိုင်ငံတွင်း အင်တာနက်ဝန်ဆောင်မှုပေးနေသူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုနဲ့ အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာက မြန်မာနိုင်ငံအတွင်း စစ်အုပ်စုကို ဝေဖန်သူ၊ အမှန်တရားအတွက် ထွက်ဆိုသူမှန်သမျှအတွက် ဖြစ်ဖြစ်၊ လွတ်လပ်တဲ့သတင်းရင်းမြစ်တွေကို လက်လှမ်းမီကြည့်ရှုနိုင်ဖို့အတွက်ဖြစ်ဖြစ် ဆိုးရွားတဲ့ အန္တရာယ်တွေ ပေးနေတာပါ။Geedge ကုမ္ပဏီက တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့ မြန်မာစစ်အုပ်စုအတွက် စွမ်းရည်မြှင့်တင်ရာမှာ ကူညီပေးနေပါတယ်"လို့ပြောကြားထားပါတယ်။
========================
📌📌 ၆။ Launglone People Defence Force - LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ
စက်တင်ဘာလ (၉)ရက်
Launglone People Defence Force - LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို လွတ်မြောက်တနေရာမှာကျင်းပခဲ့ပါတယ်။
လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Launglone People Defence Force- LLPDF ဖွဲ့စည်းခြင်း လေးနှစ်ပြည့်အခမ်းအနားကိုစက်တင်ဘာ ၈ ရက်တွင် ကျင်းပခဲ့တယ်လို့ လောင်းလုံးLLPDFက အတည်ပြုဆိုထားပါတယ်။
အခမ်းအနားတွင် အလံတော်အလေးပြုခြင်း ၊ သစ္စာအဓိဌာန်ဆိုခြင်း ၊ ကျဆုံးရဲဘော်အား အလေးပြုခြင်း နှင့် (၄)နှစ်ပြည့် ကိတ်မုန့်ခွဲခြင်း တို့ကို ပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၇။ ပြီးခဲ့သည့် သီတင်းတပတ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ဦး သေဆုံးခဲ့ရပြီး အတည်ပြုရန်လိုအပ်ဆဲ သေဆုံးအရပ်သား (၁၈) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူထား
စက်တင်ဘာလ (၉)ရက်
ပြီးခဲ့သည့် သီတင်းတပတ်အတွင်း နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အတည်ပြုရန်လိုအပ်ဆဲ သေဆုံးအရပ်သား (၁၈) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူ စုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။
စစ်အုပ်စုက အကြမ်းဖက်မှု နည်းလမ်းပေါင်းစုံကို အသုံးပြုကာ အရပ်သားပြည်သူများအပေါ် ဦးတည်တိုက်ခိုက်လျက် ရှိသောကြောင့် အရပ်သား သေဆုံးမှုနှုန်း မြင့်တက်လျက်ရှိတယ်လို့ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ စက်တင်ဘာ ၈ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၇၂၀၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်မြို့ သံချပ်ကာတပ်ရင်းအနီး တိုက်ပွဲမှာ စစ်တပ်အထိနာပြီး တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင်ခဲ့
စက်တင်ဘာလ (၉)ရက်
ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်မှာရှိတဲ့ သံချပ်ကာတပ်ရင်းအနီး တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်တပ်ဘက်က အထိနာပြီး KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းတွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မနေ့ စက်တင်ဘာလ ၈ ရက် မနက် ၆ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဗန်းမော်မြို့မှာရိတဲ့ အမှတ် - ၇၀၀၆ သံချပ်ကာတပ်ရင်းအနီးမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၉ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူတွေလည်းများခဲ့တာကြောင့် မနက် ၁၀ နာရီလောက်မှာ စစ်တပ်က လေကြောင်းပစ်ကူပေးပြီး ဗုံးကြဲတာတွေ လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်သားတွေသုံးတဲ့ ပွိုင့်ဖိုက်သေနတ်အပါအဝင် MA အမျိုးအစား လက်နက်ငယ်တွေ၊ ၇၉ မမ လောင်ချာနဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်ပွဲဖြစ်ခဲ့တဲ့ သံချပ်ကာတပ်ရင်းပတ်ဝန်းကျင်ကို နယ်မြေရှင်းလင်း မှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဗန်းမော်မြို့မကျရေးအတွက် စစ်သင်္ဘောတွေနဲ့ လက်နက်၊ခဲယမ်း၊ လူအင်အားအများအပြား ပို့ဆောင်ပြီး သူတို့ လက်လွှတ်လိုက်ရတဲ့ စစ်စခန်းတွေ ပြန်လည်ရှိဖို့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန် နေတာပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ အမေရီကန်က BGF/KNA ခေါင်းဆောင် စောချစ်သူရဲ့ လူ ၃ ဦးနဲ့ လုပ်ငန်း ၆ ခုကို ထပ်မံ ဒဏ်ခတ်အရေးယူ
စက်တင်ဘာလ (၉)ရက်
မြန်မာနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ နယ်ခြားစောင့်တပ် BGF/KNA ခေါင်းဆောင် စောချစ်သူရဲ့ လူ ၃ ဦးနဲ့ လုပ်ငန်း ၆ ခုကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်ပြီး ချမှတ်လိုက်တယ်လို့ အမေရိကန်ပြည်ထောင်စုက မနေ့ စက်တင်ဘာ ၈ ရက်မှာ ကြေညာ လိုက်ပါတယ်။
ဒါဟာ BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ ဆက်စပ်နေတဲ့ ကွန်ရက်ကို ပစ်မှတ်ထားပြီး နောက်ထပ် အရေးယူ ဒဏ်ခတ်မှုတွေ ချမှတ်လိုက်တာလို့ သတင်းတွေက ဆိုပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံခြားပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး OFAC ရဲ့ ကြေညာချက်အရ စောချစ်သူဦးဆောင်တဲ့ သူ့ရဲ့ ကွန်ရက်က လုပ်ဆောင်နေတဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်နိုင်ဖို့နဲ့ သူတို့ရဲ့ ရာဇဝတ်လုပ်ငန်း တွေကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
ဒဏ်ခတ်အရေးယူခံရတဲ့ လူပုဂ္ဂိုလ်တွေဟာ BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနဲ့ဆက်နွယ်နေတဲ့ စောတင်ဝင်း၊ စောမင်းမင်းဦး၊ SHE ZHIJIANG တို့ဖြစ်ပြီး ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့ ကုမ္ပဏီ ၆ ခုကတော့ International Holding Group Co.LTD. (Myanmar Yatai)၊ ချစ်လင်းမြိုင် သတ္တုတူးဖော်ရေးနှင့် စက်မှုကုမ္ပဏီ၊ ချစ်လင်းမြိုင် တိုယိုတာကုမ္ပဏီ၊ ချစ်လင်းမြိုင်ကုမ္ပဏီ၊ ရွှေမြစ်သောင်ရင်းစက်မှုနှင့်ကုန်ထုတ်လုပ်ငန်းကုမ္ပဏီ၊ YATAI INTERNATIONAL HOLDING GROUP LIMITED တို့ပါဝင်တယ်လို့ သိရပါတယ်။
စောချစ်သူဦးဆောင်တဲ့ သူ့ကွန်ရက်ဟာ မြန်မာ-ထိုင်း နယ်စပ်တလျှောက် အထူးသဖြင့် ရွှေကုက္ကိုလ်လို့ လူသိများတဲ့ မြို့သစ်စီမံကိန်းမှာအခြေစိုက်ပြီး ကမ္ဘာတဝန်းက လူတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်း ငွေကြေးလိမ်လည်မှုတွေ လုပ်နေတဲ့ လုပ်ငန်းတွေကို အကာအကွယ်ပေးထားတယ်လို့ OFAC ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါဟာ ကမ္ဘာ့နိုင်ငံအသီးသီးကလူတွေကို အတင်းအဓမ္မ ခေါ်ဆောင်လာပြီး ကျွန်အဖြစ် ခိုင်းစေကာ လူကုန်ကူးမှုတွေ ကျူးလွန်နေတာလို့လည်း ထောက်ပြထားပါတယ်။
အမေရိကန်အနေနဲ့ အခုနှစ်မေလဆန်းပိုင်းတုန်းကလည်း ငွေလိမ်ဂိုဏ်းတွေကို အကာအကွယ်ပေးနေတဲ့ ကရင်နယ် ခြားစောင့်တပ် BGF/KNA ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သူရဲ့သားတွေဖြစ်တဲ့ စောထူးအယ်မူးနဲ့ စောချစ်ချစ်တိုကို လည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူရဲ့ကွန်ရက်ဟာ ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစိုက်မှုခံနေရပြီး အမေရိကန်အပြင် ဗြီတိန်နဲ့ ဥရောပသမဂ္ဂ - EU တို့ကလည်း စောချစ်သူနဲ့ သူရဲ့ လုပ်ငန်းတွေကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်ထားတယ်လို့ မှတ်တမ်းတွေ အရ သိရပါတယ်။
========================
🚩🚩 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်ကြောင်းကြောင့် ဩဂုတ်လထဲမှာ အမျိုးသမီး ၇၃ ဦး သေဆုံး
စက်တင်ဘာလ (၉)ရက်
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့မြေပြင်စစ်ကြောင်းကြောင့် ဩဂုတ်လထဲမှာ အမျိုးသမီး ၇၃ ဦး သေဆုံးပြီး ၈ဝ ဒဏ်ရာရသွားတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်လာပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ လုပ်ငန်းစဥ်တခုဖြစ်တဲ့ အမျိုးသမီးမှတ်တမ်းနှင့်သုသေတနလုပ်ငန်းစဥ်ရဲ့ အမျိုးသမီးဆိုင်ရာ အချက်အလက်တွေ မျှဝေလိုက်တာဖြစ်ပါတယ်။
တရားမဝင် အကြမ်းဖက် စစ်အုပ်စုဟာ အာဏာသိမ်းဖို့ကြိုးပမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၅ နှစ်နီးပါး ကာလတလျောက် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေကို နည်းမျိုးစုံနဲ့ ကျူးလွန်နေခဲ့တာလို့ ဆိုပါတယ်။
စစ်အုပ်စုအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရင်လတွေကထက် ပိုပြီးအသုံးပြုလာပြီး အကြမ်းဖက်လုပ်ရပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်နေတာ တွေ့ရတယ်လို့လည်း အသိပေးပါတယ်။
ဩဂုတ်လအတွင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး ၅၄ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရခဲ့သလို လက်နက် ကြီးပစ်ခတ်မှုကြောင့် ၇ ဦးသေဆုံးကာ ၂၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ မှတ်တမ်းအရ သိရပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၁၁ ဦး သေဆုံးခဲ့ရာမှာ ၃ ဦးဟာ မီးရှို့သတ်ဖြတ်ခံရတာဖြစ် ပြီး ပဋိပက္ခနဲ့ဆက်နွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကြောင့် တဦးသေဆုံးကာ ၄ဦး ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသမီးတွေထဲက ၁၄ ဦးဟာ အသက် ၁၈ နှစ်အောက် အရွယ်တွေလို့ သိရပါတယ်။
ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာအချက်အလက်တွေနဲ့ မြေပြင်ကရတဲ့ အချက်အလက်တွေကို စုဆောင်းပြီး မှတ်တမ်းတင်ထားတာဖြစ်တဲ့အတွက် မြေပြင်မှာဆိုရင် ဒီထက် ပိုများနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ က ခန့်မှန်းထားပါတယ်။
========================
🚩🚩 ၄။ ပွင့်ဖြူမြို့နယ်မှာ စစ်တပ်က အရပ်သားပြည်သူတွေကို မိုင်းကွင်းဖြတ်ခိုင်းတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာကြောင့် ၉ ဦးသေဆုံး
စက်တင်ဘာလ (၉)ရက်
မကွေးတိုင်း ပွင့်ဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူတွေကို မိုင်းကွင်း ဖြတ်ခိုင်းတာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေကြောင့် ဒေသနေပြည်သူ ၉ ဦးသေဆုံးခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ပွင့်ဖြူမြို့ပေါ်မှာရှိတဲ့ ခလရ ၁၀ တပ်ရင်းက ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး ကျေးရွာတွေကို စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၃ ရက်နေ့မှာ မကျီးစုရွာက ဒေသနေပြည်သူ ၂ ဦးနဲ့ အခြားရွာက အရပ်သားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းတွေကို လေးအိမ်စုရွာအနီးက မြောင်းထဲမှာ စွန့်ပစ်ခဲ့တယ်လို့ အသိပေးပါတယ်။
စက်တင်ဘာ ၆ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က ကနီရွာ၊ မဒဲရွာ၊ မဒဲကုန်းရွာနဲ့ အင်းကုန်းရွာက ဒေသနေပြည်သူ ၁၂ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး မိုင်းကွင်းတွေကိုဖြတ်ခိုင်းတာကြောင့် ပေါက်ကွဲမှုတွေဖြစ်ပြီး ၅ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရသွာတယ်လို့ သိရပါတယ်။
အဲဒီနေ့မှာပဲ အကြမ်းဖက်စစ်တပ်က မဒဲရွာက အသက် ၄၀ အရွယ်အမျိုးသားတဦးကို ဖမ်းဆီးပြီး ဖုန်းတာဝါတိုင်မှာ ကြိုးနဲ့ ချည်ပြီး ခေါင်းကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။
ပွင့်ဖြူ ဝါစိုက်ပျိုးရေးတပ်က အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၃ဝ ပါ စစ်တပ်စစ်ကြောင်းနဲ့ မဲဇလီ ရဲစခန်းကထွက်လာတဲ့ အင်အား ၈ဝ ပါ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ပွင့်ဖြူ ပကဖ၊ ပွင့်ဖြူ ကာကွယ်ရေးတပ်နဲ့ မင်းဘူးခရိုင် ပကဖတို့ စက်တင်ဘာ ၆ ရက်နေ့က လိုက်လံတိုက်ခိုက်ခဲ့ရာမှာ ရန်သူ့စစ်ကြောင်းက ၂ဝ ဦးခန့် ထိခိုက်သေဆုံးသွားတယ်လို့ ပွင့်ဖြူ ပကဖ က ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ စစ်ကြောင်းတလျောက် အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး မိုင်းကွင်းတွေကို ဖြတ်ခိုင်းတာ၊ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်နေတာကြောင့် ဒေသနေပြည်သူတွေအနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အသိပေးထားတဲ့အတိုင်း လိုက်နာကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
🚩🚩 ၅။ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ကျောက်မဲမြို့နယ်က ဒေသနေ ပြည်သူ ၈၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရ
စက်တင်ဘာလ (၉)ရက်
အကြမ်းဖက်စစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုတွေဖြစ်စေနိုင်တဲ့ လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ကျောက်မဲမြို့နယ် က ဒေသနေပြည်သူ ၈၆၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် - SHRF က ဒီနေ့ စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဩဂုတ်လ ၁၈ ကနေ ၃ဝ အတွင်းမှာဆိုရင် ကျောက်မဲမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ မြေပြင်က ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၉ ဦးသေဆုံးခဲ့ပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ရာမှာ အများစုဟာ ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
ဂုတ်ထိပ်တံတားမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လ ၁၈ ရက်ကစပြီး နောင်ပိန်နဲ့အနီးတဝိုက်ကို လက်နက်ကြီးတွေ နဲ့ပစ်ခတ်သလို ဒရုန်းတွေနဲ့ အဆက်မပြတ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
ကျောက်မဲမြို့ရဲ့ အနောက်တောင်ဘက် ကီလိုမီတာ ၂၀ အကွာမှာရှိတဲ့ နောင်ပိန်ကျေးရွာအုပ်စုကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်တာဟာ နောင်ချိုကနေ ချီတက်လာတဲ့ စစ်သားတွေအနေနဲ့ မူဆယ်-မန္တလေး ကားလမ်းမပေါ်မှာရှိတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA ကို ရှင်းလင်းဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က ကြဲတဲ့ဗုံးတွေနဲ့ လက်နက်ကြီးကျည်တွေဟာ နောင်ပိန်ကျေးရွာအုပ်စုကို ဖြတ်သန်းသွားတဲ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများအနီး အန္တရာယ်ရှိလောက်အောင် ကျရောက်ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ကျောက်မဲမြို့နယ်က ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတာပဲဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ အခု စက်တင်ဘာလဆန်းပိုင်းမှာလည်း ကျောက်မဲမြို့နယ်ထဲကရွာတွေကို လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်လုပ်ထားတာကြောင့် ဒေသနေပြည်သူ ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိသလို အိမ်တွေ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် - SHRF က ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment