၂၀၂၅ စက်တင်ဘာလ ၁၂ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေမှာရည်ရွယ်ချက်ရှိရှိပါဝင်ပတ်သက်သူတွေကိုတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း မှန်ကန်စွာ မှတ်တမ်းယူပြီး စနစ်တကျ အရေးယူနိုင်ဖို့ လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းဖို့နဲ့ အချုပ်အနှောင်ကနေ အမြန်ဆုံးကင်းလွတ်စေဖို့ စလင်း - ပကဖ ဆုတောင်းမေတ္တာပို့
📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာခံရတဲ့ သရက်ချောင်းမြို့နယ်က ဒေသနေပြည်သူတွေကို DDMSC က ဆန်နဲ့အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့
📌 ၄။ အကြမ်းဖက်စစ်တပ်ဟာ လူစုလူဝေးရှိတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေတယ်လို့ MDSI ပြော
📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၃၉) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ပဲခူးတိုင်းမှာသေဆုံးမှုအများဆုံးဒေသဖြစ်
📌 ၆။ သရုပ်ဆောင် "ဒေါင်း" နဲ့ "Myanmar Community Football Club" တို့သြစတြေးလျနိုင်ငံမဲလ်ဘန်းမြို့မှာ ချစ်ကြည်ရေး ဘောလုံးကစားပွဲကျင်းပ
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကျောက်တော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ
🚩 ၂။ ကျွန်းစုမြို့နယ် မိုင်းတွေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂ဦးသေပြီး ၅ ဦး ဒဏ်ရာရ သတင်း Video မှတ်တမ်း ထုတ်ပြန်ချက်။
🚩 ၃။ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာမှာ စစ်ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ
🚩 ၄။ မြိတ်-ထား၀ယ်လမ်းအတိုင်း ပြန်ဆုတ်လာတဲ့ အင်အားတရာကျော်ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦးသေပြီး ၃ ဦး ဒဏ်ရာရ
🚩 ၅။ ချောင်းဦး - နတ်ရေကန်ကြားမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို ငွေညှစ်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းစစ်အုပ်စုရဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေမှာရည်ရွယ်ချက်ရှိရှိပါဝင်ပတ်သက်သူတွေကိုတည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း မှန်ကန်စွာ မှတ်တမ်းယူပြီး စနစ်တကျ အရေးယူနိုင်ဖို့ လိုအပ်ကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
စက်တင်ဘာလ (၁၂)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ်(၃၁/၂၀၂၅)ကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် မနက်မှာ ကျင်းပပြုလုပ်ကြပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက "၂၀၂၅ ခုနှစ် ရောက်လာချိန်မှာ ကျွန်တော်တို့ရဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေး ကဏ္ဍဟာ ယခင်နှစ်တွေထက် ပိုမိုခိုင်မာလာပေမယ့် အုပ်ချုပ်ရေးနဲ့ပတ်သက်တဲ့ အဓိကစိန်ခေါ်မှုတွေကို အချက် (၃) ချက် ရှိနေပါကြောင်း၊ ပထမအချက်တရားဝင်မှုအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တရားဝင်အသိ အမှတ်ပြုမှု ကိုရယူဖို့ အတွက် ကျွန်တော်တို့ရဲ့ ဒေသန္တရအုပ်ချုပ်ရေး ဟာ ပွင့်လင်းမြင်သာမှုရှိဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့နဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာဖို့ ကြိုးစားဖို့လိုအပ်ပါကြောင်း၊ ဒုတိယအချက်အနေနဲ့ အကြမ်းစစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို အထိရောက်ဆုံး တန်ပြန်ဖို့ ရွေးကောက်ပွဲအတွက် ပြင်ဆင်တာတွေ၊ လူထုစည်းရုံးတာတွေနဲ့ သတင်းဖြန့်ချီ တာတွေကို တားဆီးဖို့၊ ဒီလိုလုပ်ငန်းတွေမှာ ရည်ရွယ်ချက်ရှိရှိ ပါဝင်ပတ်သက်သူတွေကိုလည်း တည်ဆဲဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း မှန်ကန်စွာ မှတ်တမ်းယူပြီး စနစ်တကျ အရေးယူနိုင်ဖို့ လိုအပ်ပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရဟာ အနာဂတ်ရဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို အုတ်မြစ်ချနေတာဖြစ်တာကြောင့် အကြမ်းဖက်စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ပြည်သူတွေနဲ့အတူ တစ်စုတစ်စည်းတည်း ရင်ဆိုင်ကျော်လွှားပြီး တော်လှန်ရေးအောင်ပွဲကို လက်တွေ့အကောင်အထည်ဖော်ဖို့ဝန်ကြီးချုပ်ကထပ်လောင်းပြောပါတယ်။
========================
📌📌 ၂။ မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းဖို့နဲ့ အချုပ်အနှောင်ကနေ အမြန်ဆုံးကင်းလွတ်စေဖို့ စလင်း - ပကဖ ဆုတောင်းမေတ္တာပို့
စက်တင်ဘာလ (၁၂)ရက်
မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းဖို့နဲ့ အချုပ်အနှောင်ကနေ အမြန်ဆုံးကင်းလွတ်စေဖို့ စလင်း - ပကဖအဖွဲ့က ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် စလင်း - ပကဖ ရဲဘော်တွေနဲ့ ပြည်သူလူထု စိုက်ပျိုးခဲ့တဲ့ အရိပ်ရသစ်ပင်တွေကို ရေလောင်းပေါင်းသင် သန့်ရှင်းရေးလုပ်ချိန်မှာ အခုလို ဆုတောင်းမေတ္တာပို့သလိုက် တာဖြစ်ပါတယ်။
အမေစု နှစ် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် စိုက်ပျိုးခဲ့တဲ့ အရိပ်ရသစ်ပင်တွေ လန်းဆန်းကြီးထွားလာသလို မတရား ဖမ်းဆီးခံထားရတဲ့ အမေစုရဲ့ ကျန်းမာရေးလည်း စိုက်ပျိုးထားတဲ့ အပင်တွေလို အမြဲလန်းဆန်းလှပပြီး အချုပ်အနှောင်ကနေ အမြန်ဆုံး ကင်းလွတ်စေဖို့ ဆုတောင်း မေတ္တာပို့သလိုက်တာလို့ စလင်း - ပကဖအဖွဲ့က အသိပေးပါတယ်။
တဆက်တည်းမှာပဲ ရာသီဥတုဖောက်ပြန်မှုကနေ ကင်းဝေးပြီး ရာသီဥတုကောင်းမွန်စေဖို့ သစ်ပင်တွေမခုတ်ဘဲ သဘာဝ ပတ်ဝန်းကျင်နဲ့ ဥတုရာသီကို ထိန်းသိမ်းဖို့ သစ်ပင်တွေ စိုက်ပျိုးကြဖို့လည်း စလင်း - ပကဖအဖွဲ့က နှိုးဆော်ထားပါတယ်။
စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ အရပ်သားပြည်သူတွေကို ရန်သူလိုသဘောထားနေတဲ့ အကြမ်းဖက်စစ်သား တွေကို တိုက်ခိုက်နေသလို တိုက်ပွဲမရှိတဲ့အချိန်မှာ ရပ်ရွာဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်တာ၊ ဒေသနေပြည်သူတွေကို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးတာတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တခုဖြစ်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာခံရတဲ့ သရက်ချောင်းမြို့နယ်က ဒေသနေပြည်သူတွေကို DDMSC က ဆန်နဲ့အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့
စက်တင်ဘာလ (၁၂)ရက်
အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာခံရတဲ့ သရက်ချောင်းမြို့နယ်က ဒေသနေပြည်သူတွေကို ဆန်နဲ့ အသုံးအဆောင် ပစ္စည်းတွေ ထောက်ပံ့ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ - DDMSC အဖွဲ့က ထုတ်ပြန် ထားပါတယ်။
စက်တင်ဘာ ၇ ရက်နေ့တုန့်က အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ပြာကျခဲ့ရတဲ့ အိမ်တွေက ဒေသနေ ပြည်သူတွေကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနဲ့ ဒေသခံနေပြည်သူတွေပူးပေါင်းပြီး ထောက်ပံ့ ပေးခဲ့တာလို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံ အကြမ်းဖက်စစ်သားတွေဟာ စက်တင်ဘာ ၇ ရက်မနက်ပိုင်းမှာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်ထဲက သင်းကျွန်းရွာနဲ့ရန်တောင်ရွာတို့က ပြည်သူပိုင်အိမ် ၄၀ မီးရှို့ ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
အဲဒီ အကြမ်းဖက်စစ်သားတွေဟာ ရန်တောင်ရွာက အိမ် ၃၁ လုံးနဲ့ သင်းကျွန်းရွာက အိမ် ၉ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တာ ကြောင့် အပြစ်မဲ့ပြည်သူပိုင် အိမ် အလုံး ၄၀ မီးလောင်ပြာကျခဲ့ရပါတယ်။
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်အားလုံးဟာ အပြစ်မဲ့ပြည်သူတွေရဲ့ အိမ်တွေဖြစ်ပြီး အိမ်တလုံးရဖို့ တမိသားစုလုံး အနှစ်နှစ် အလလ ကြိုးစားရှာဖွေစုဆောင်းပြီး ဆောက်လုပ်ခဲ့ရတာဖြစ်တဲ့အတွက် အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်ဟာ အပြစ်မဲ့ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ လုပ်ရပ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ဖော်ပြောဆိုထားပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်ဟာ လူစုလူဝေးရှိတဲ့နေရာတွေကို ဦးတည်တိုက်ခိုက်နေတယ်လို့ MDSI ပြော
စက်တင်ဘာလ (၁၂)ရက်
အကြမ်းဖက်စစ်တပ်ဟာ လူစုလူဝေးရှိတဲ့နေရာတွေကို ပြင်းထန်တဲ့ ဗုံးတွေသုံးပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေ တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ - MDSI ကပြောကြားလိုက်ပါတယ်။
အုခုနှစ် သြဂုတ်လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု မြင့်တက်လာတာနဲ့ပတ်သက်လို့ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အခုနှစ် သြဂုတ်လအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၅၀ ဦး သေဆုံးပြီး ၃၄၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမီဒီယာတွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။
အခုလို လေကြောင်းကနေ ဗုံးကြဲရာမှာ အရပ်သားပြည်သူနေထိုင်ရာ လူနေအိမ်များ၊ ဘာသာရေးအဆောက်အုံတွေဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ ဘုရာရှိခိုးကျောင်းတွေ စာသင်ကျောင်းတွေ ဈေးတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး အဓိကထား တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်ရာမှာ အထူးသဖြင့် လူစုလူဝေးနဲ့ လူအများအပြားရှိတဲ့နေရာတွေကို ပြင်းထန်တဲ့ လေကြောင်းဗုံးတွေသုံးပြီး စနစ်တကျ ဦးတည်တိုက်ခိုက်နေတာကို တွေ့ရတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ -MDSI က သုံးသပ်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လအတွင်းမှာ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်တို့ကို လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားလုပ်ခဲ့ပြီး ထိခိုက်သေဆုံးမှုအနေနဲ့ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့က အများဆုံးဖြစ်တယ်လို့ MDSI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကို တံတားဦးလေတပ်စခန်း၊ ရှမ်းတဲ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်နဲ့ နေပြည်တော်လေတပ်စခန်းတို့က အဓိကလုပ်ခဲ့တာကို တွေ့ရတယ်လို့လည်း MDSI က အသိပေးထားပါတယ်။
ဒီနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာဆိုရင်လည်း အကြမ်းဖက်စစ်တပ်ဟာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ထဲက သရက်တပင်ရွာမှာရှိတဲ့ ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းကို ပေါင် ၅ဝဝ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ကျောင်းသူ ၁၈ ဦးထက်မနည်းသေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထား ပါတယ်။
========================
📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၃၉) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ပဲခူးတိုင်းမှာသေဆုံးမှုအများဆုံးဒေသဖြစ်
စက်တင်ဘာလ (၁၂)ရက်
အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီးနှင့် အမျိုးသား စုစုပေါင်း (၃၉) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းနဲ့ပဲခူးတိုင်းမှာသေဆုံးမှုအများဆုံးဒေသဖြစ်တယ်လို့AAPPကထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းAAPPမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၆) ဦးနှင့် အမျိုးသား (၂၃) ဦး စုစုပေါင်း (၃၉) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅) ဦး ပါဝင်ပါတယ်။
အဆိုပါ သေဆုံးသူ (၃၉) ဦးအနက် စစ်ကိုင်းတိုင်းမှာ (၁၅) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ပဲခူးတိုင်းမှာ (၁၁) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်ပါတယ်။
သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၈)ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၉) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး အဆိုပါ ကာလအတွင်း အတည်ပြုရန်လိုအပ်နေဆဲ သေဆုံးအရပ်သား (၃၀) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းပြီး အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့၊ ည ၁၀ နာရီခွဲခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှအကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နဘူးတောကျေးရွာအတွင်းရှိ ဗုံးခိုကျင်းထဲသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ထိုကျင်းထဲ၌ ပုန်းအောင်းနေကြသည့် ဒေါ်ညွန့်ရီနှင့် ဒေါ်သိန်းမြင့်တို့ အမျိူးသမီးနှစ်ဦး ကျည်စထိမှန်၍ သေဆုံးခဲ့ရပါတယ်။
========================
📌📌 ၆။ သရုပ်ဆောင် "ဒေါင်း" နဲ့ "Myanmar Community Football Club" တို့သြစတြေးလျနိုင်ငံမဲလ်ဘန်းမြို့မှာ ချစ်ကြည်ရေး ဘောလုံးကစားပွဲကျင်းပ
စက်တင်ဘာလ (၁၂)ရက်
သရုပ်ဆောင် "ဒေါင်း" နဲ့ "Myanmar Community Football Club" တို့သြစတြေးလျနိုင်ငံမဲလ်ဘန်းမြို့မှာ ချစ်ကြည်ရေး ဘောလုံးကစားပွဲကျင်းပခဲ့ပါတယ်။
သရုပ်ဆောင်ဒေါင်းကို "Daung's LIVE in Melbourne" တေးဂီတပွဲ "Movie Night wirh Daung" တို့မှာ အားပေးခဲ့တာတောင် အားမရသေးတဲ့ပရိသတ်များဟာ ဘောလုံးကစားတဲ့အထိပါ ဆက်လက်လာရောက်အားပေးခဲ့ကြတယ်လို့သိရပါတယ်။
Monash University (Clayton Campus) အတွင်းက Monash Sport ဘောလုံးကွင်းမှာ "ဒေါင်း" က "Myanmar Community Football Club" ရဲ့ အသင်းနှစ်သင်းလုံးဘက်ကနေ တစ်လှည့်စီ ကစားခဲ့ပါတယ်။
"ချစ်ကြည်ရေးဘောလုံးပွဲကို လာရောက်အားပေးခဲ့ကြသူတွေရော၊ "ဒေါင်း" နဲ့အတူ အားကစားစိတ်ဓါတ်အပြည့်နဲ့ ချစ်ခင်ရင်းနှီးစွာ ဘောလုံးကစားခဲ့ကြတဲ့ "Myanmar Community Football Club" မှ ဘောလုံးသမားများ၊ ဒိုင်လူကြီးများအဖြစ် ဆောင်ရွက်ပေးခဲ့ကြတဲ့ ကိုညီညီစံ၊ ကိုကျော်ကျော်စိုး၊ ဗွီဒီယိုမှတ်တမ်း တင်ပေးခဲ့ကြတဲ့ ကိုပြည့်ဖြိုးညိမ်း၊ ကိုကောင်းခန့်တို့ကိုရော၊ အစားအသောက်များ စီစဉ်ပေးခဲ့ကြသူများ အားလုံးအား ကျေးဇူးတင်ရှိပါတယ်"လို့ ပရိသတ်တဦးတဦးကလည်းအသိပေးဆိုထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကျောက်တော်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသားကျောင်းသူ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရ
စက်တင်ဘာလ (၁၂)ရက်
ရခိုင်ပြည် ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာမှာရှိတဲ့ ပညာပန်းခင်းအမည်ရတဲ့ ကုယ်ပိုင်အထက်တန်းကျောင်း က ကျောင်းသား ကျောင်းသူ ၁၈ ဦးသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရခိုင့်တပ်တော် AA ကဒီနေ့ စက်တင်ဘာ ၁၂ မနက်မှာ ထူးခြားသတင်းအဖြစ် ထုတ်ပြန်လာပါတယ်။
ဖက်ဆစ် အကြမ်းဖက် စစ်တပ်ဟာ ဒီနေ့မနက်အစောပိုင်း လူအများအိပ်နေချိန် ၁ နာရီကျော်မှာ ကျောက်တော်မြိုနယ် သရက်တပင်ကျေးရွာအတွင်းကို ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချခဲ့တာကြောင့် ကျောင်းသားကျောင်းသူတွေ သေဆုံးရတာလို့ ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ကြဲချတဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြောင့် ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေနဲ့ ကျောင်းအနီးက ကလေးငယ်တချို့အပါအဝင် စုစုပေါင်း ၁၈ ဦး ရှေ့ဆင့်နောက်ဆင့် သေဆုံးကာ ၂၀ ကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ကနဦး သတင်းအနေနဲ့ ထုတ်ပြန်ထားပါတယ်။
ဒေသတွင်းသတင်းတွေအရ သေဆုံးသူတွေဟာ Grade ၁၁ နဲ့ ၁၂ က ကျောင်းသားတွေဖြစ်ပြီး သေဆုံးမှုရေအတွက် ထပ်တိုးလာနိုင်တယ်လို့ သိရပါတယ်။
ဒေသနေရွာသားတွေကတော့ သရက်တပင်ကျေရွာက ပညာပန်းခင်း ဘော်ဒါဆောင်ကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူ ကျောင်းသား အယောက် ၂၀ နီးပါရှိတယ်လို့ ပြောပါတယ်။
========================
🚩🚩 ၂။ ကျွန်းစုမြို့နယ် မိုင်းတွေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂ဦးသေပြီး ၅ ဦး ဒဏ်ရာရ သတင်း Video မှတ်တမ်း ထုတ်ပြန်ချက်။
စက်တင်ဘာလ (၁၂)ရက်
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် မိုင်းတွေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂ဦးသေပြီး ၅ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းရထားကြောင်း အဲဒီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၂ မှာ ရုပ်သံမှတ်တမ်းနဲ့အတူ ထုတ်ပြန်လာပါတယ်။
ကျွန်းစုမြို့နယ်အတွင်း စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဆောင်ရွက်နေခြင်း ရှိမရှိ နယ်မြေ ရှင်းလင်း ဆောင်ရွက်နေချိန် မိုင်းတွေးကျေးရွာဘက်ကတက်လာတဲ့ 116 စစ်သင်္ဘောတစင်း၊ ခရီးသည်တင်လှေနဲ့ လိုက်ပါ လာတဲ့ မိုင်းတွေးကျေးရွာက ပျူစောထီး အင်အား ၂၀ ကျော်နဲ့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့တို့ မိုင်းတွေးရွာအနီးမှာ စက်တင်ဘာ ၉ ရက်နေ့ နေ့လည် ၁၂ နာရီခွဲဝန်ကျင်မှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာနဲ့ပတ်သက်လို့ အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေပါတဲ့လှေဟာ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ဝရုန်းသုန်းကားနဲ့ ထွက်ပြေးဆုတ်ခွာသွားကြတယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စသားနဲ့ပျူစောထီးတွေဘက်က ၂ ဦး သေဆုံးပြီး ၅ ဦးခန့် ပြင်းထန်ရရှိသွားတယ်လို့ ဒေသနေပြည်သူတွေရဲ့ သတင်းပေးပို့ချက်အရ သိရတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အတူ 116 စစ်သင်္ဘောဟာလည်း ခေါင်မိုးပိုင်း ကျည်ဆန်ထိမှန်ပြီး ထိခိုက်ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။
အဲဒီစစ်အုပ်စုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ကရဲဘော်တွေအနေနဲ့ အထိအခိုက်မရှိ အောင်မြင် စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၃။ ရေဦးမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကို ဒရုန်းနဲ့ ဗုံးကြဲခဲ့ရာမှာ စစ်ဗိုလ်အပါ ၅ ဦး ပြင်းထန်ဒဏ်ရာရ
စက်တင်ဘာလ (၁၂)ရက်
စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ဗိုလ် အပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ရွှေဘိုခရိုင် အမှတ် - ၁၄ တပ်ရင်း ရေဦး PDF က ထုတ်ပြန်ထားပါတယ်။
ရေဦးမြို့ပေါ်ကနေ မြို့အနောက်ဘက်ခြမ်း သံသည်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၄၀ ခန့်ရှိ စစ်အုပ်စုကို မနေ့ စက်တင်ဘာလ ၁၁ ရက် မနက်ပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်က စစ်ဗိုလ်အပါအဝင် ၅ ဦး ပြင်းထန်ဒဏ်ရာရသွားတာလို့ ရေဦး PDF က အသိပေး ပါတယ်။
ဒဏ်ရာရသွားတဲ့ စစ်ဗိုလ်နဲ့အဖွဲ့ဟာ စက်တင်ဘာ ၁၀ ရက်နေကမှ အကြမ်းဖက်စစ်အုပ်စုက Mi17 ရဟတ်ယာဥ်နဲ့ စစ်ကူ ပို့ပေးခဲ့သူတွေ ဖြစ်တယ်လို့လည်း ရေဦး PDF က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မြိတ်-ထား၀ယ်လမ်းအတိုင်း ပြန်ဆုတ်လာတဲ့ အင်အားတရာကျော်ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦးသေပြီး ၃ ဦး ဒဏ်ရာရ
စက်တင်ဘာလ (၁၂)ရက်
မြိတ်-ထား၀ယ်လမ်းအတိုင်း ပြန်ဆုတ်လာတဲ့ အင်အားတရာကျော်ပါ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်သား ၄ ဦးသေပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ထား၀ယ်ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ဒီနေ့ စက်တင်ဘာ ၁၂ မှာ ထုတ်ပြန်လာပါတယ်။
မြိတ်-ထား၀ယ်လမ်းပိုင်း အမှတ် - ၈ ပြည်ထောင်စုလမ်းမအတိုင်း စစ်ကြောင်းပြန်ဆုတ်လာတဲ့ အင်အားတကျော်ပါ ရန်သူ့ ကားတန်းကို ထား၀ယ်ခရိုင်တပ်ပေါင်းစုနဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၇ ရက် မနက် ၈ နာရီခွဲခန့်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီကားတန်းဟာ ရွှေဂူတောင်စစ်ဆေးရေးဂိတ်ကတဆင့် သရက်ချောင်းဘက် ဦးတည်ဆင်းလာတာဖြစ်ပြီး ညောင်ဇင်ရွာနဲ့ ရန်တောင်ရွာကြား တောက်ထိန်တောင်လမ်းပိုင်းမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ထား၀ယ်ခရိုင်တပ်ပေါင်းစုက ဆိုပါတယ်။
ရန်သူ့ ကားတန်းမှာ အန်စာတုံးကား ၄ စီး မြေတင်ကားတစီး၊Vigo အမျိုးအစား ကားတစီးပါ၀င်ပြီး ရှေ့ကားတွေမှာ ဖမ်းဆီး လာတဲ့ ပြည်သူတွေကို လူသားဒိုင်းလုပ်ပြီး ခေါ်ဆောင်လာတဲ့အတွက် နောက်ဆုံးကနေ မောင်းလာတဲ့ Vigo ကားကို ပဒေသာ ရှေ့ထွက်မိုင်းနဲ့ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။
ဒီ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ရန်သူ ၁၂ ဦးတဲ့ VIGO ကားထိမှန်ခဲ့ပြီး လိုက်ပါလာတဲ့ ရန်သူစစ်သား ၄ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရသွားတာလို့ သိရပါတယ်။
မိုင်းဆွဲခံလိုက်ရတဲ့ အကြမ်းဖက်စစ်သားတွေဟာ နီးစပ်ရာရွာထဲ ခြေလျင်၀င်ရောက်လာပြီး တိုက်ပွဲနဲ့မဆိုင်တဲ့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာ ဆိုင်ကယ်တွေ ရွှေ ငွေနဲ့ တန်ဖိုးရှိပစ္စည်းတွေ အဓမ္မယူဆောင်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီး ခဲ့တယ်လို့လည်း ထား၀ယ်ခရိုင်တပ်ပေါင်းစု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြိတ်-ထား၀ယ်လမ်းအတိုင်း ပြန်ဆုတ်လာတဲ့ အင်အားတရာကျော်ပါ စစ်တပ်စစ်ကြောင်းကို ထား၀ယ်ခရိုင် တပ်ပေါင်းစုနဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၅။ ချောင်းဦး - နတ်ရေကန်ကြားမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို ငွေညှစ်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်
စက်တင်ဘာလ (၁၂)ရက်
စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ မုံရွာ - မန္တလေးလမ်းပိုင်းက ချောင်းဦး - နတ်ရေကန်ကြားမှာ အထိုင် ချပြီး ခရီးသွားပြည်သူတွေကို ငွေညှစ်နေတဲ့ စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Yae Nagar အဖွဲ့က ထုတ်ပြန်ထားပါတယ်။
သြဂုတ် ၂၇ ရက်က မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦး-နတ်ရေကန်အကြားမှာ အထိုင်ချပြီး ခရီးသွားပြည်သူတွေကို အဓမ္မ ပိုက်ဆံတောင်းနေတဲ့ စစ်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာကို မနေ့ စက်တင်ဘာ ၁၁ ရက် ညပိုင်းမှ ရုပ်သံနဲ့ ထုတ်ပြန်လာတာဖြစ်ပါတယ်။
ခရီးသွားပြည်သူတွေကို ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ 4kg ဗုံးသီး တလုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာ တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ထိခိုက်မှုရှိပေမယ့် မြေပြင်အခြေအနေအရ ထိခိုက်မှု အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ Yae Nagar အဖွဲ့က အသိပေးထားပါတယ်။
ဒီတိုက်ခိုက်မှုကို Yae Nagar ၊ Seven Defend Force နဲ့ ဇာမနီ စတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment