၂၀၂၅ စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ သရက်အကျဉ်းထောင်က အချိန်မီဆေးကုသခွင့်မပေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတဦးကျဆုံး
📌 ၂။ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ကမြို့နယ် (၁၂) မြို့နယ်မှ စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ ထောက်ပံ့
📌 ၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ CDMA and Human Resources Department နှင့် HECAFC တို့ ဦးစီး၍ မာရသွန်စိတ်ဓာတ် ခေါင်းစဉ်ဖြင့် Spring Talk ကျင်းပ မည်
📌 ၄။ ရောင်နီ Live in NYC မှာ အမေစုပန်းချီကား နှင့် PDF ရဲဘော်အင်္ကျီပန်းချီ လေလံအောင်
========================
၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စစ်တပ်လေကြောင်းဆိုင်ရာ အချက်အလက်တွေ သတင်းပေးပို့ကြဖို့ KNDF ဒုစစ်ဦးစီးချုပ် တောင်းဆို
🚩 ၂။ သံဖြူဇရပ် ထင်းရှူးဘူတာအနီးက စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်
🚩 ၃။ ညောင်လေးပင်မြို့နယ်က စစ်တပ်ထောက်တိုင် ပျူစောထီးတဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၄။ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ မုံးကိုးခရိုင်ရဲတပ်ဖွဲ့က ပြည်သူလူထုကို တိုက်တွန်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ သရက်အကျဉ်းထောင်က အချိန်မီဆေးကုသခွင့်မပေးတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတဦးကျဆုံး
စက်တင်ဘာလ (၁၉)ရက်
မကွေးတိုင်း သရက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက အချိန်မီဆေးကုသခွင့်မပေးခဲ့တာကြောင့် နိုင်ငံရေး အကျဉ်းသားတဦးကျဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် - PPNM က ဒီနေ့ စက်တင်ဘာ ၁၉ မှာ ထုတ်ပြန်လာပါတယ်။
သရက်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်ဟာ စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး အသက်ရှုကြပ် တဲ့ ဝေဒနာကို ခံစားနေရတဲ့အတွက် ထောင်ဆေးရုံကို ပြောင်းရွှေ့ကုသခဲ့ရာမှာ ထောင်ဆရာဝန်က ထောင်ဆေးရုံအတွင်း အောက်စီဂျင်အပါအဝင် အခြားပစ္စည်းတွေ လုံလောက်မှုတဲ့ ပြင်ပဆေးရုံမှာ ပြောင်းရွှေ့ကုသဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စက်တင်ဘာ ၁၄ ရက်နေ့မှာ ကိုကျော်လင်းအောင်ကို ပြင်ပဆေးရုံ ပြောင်းရွှေ့ကုသခွင့်ပေးဖို့ ထောင်ပိုင် စိုးနောင် ကို တင်ပြခဲ့ပေမယ့် ညွှန်မှူးလမ်းကြောင်းရှိနေတယ်ဆိုပြီး ပြောင်းရွှေ့ကုသခွင့်မပေးခဲ့ဘူးလို့ အသိပေးပါတယ်။
ကိုကျော်လင်းအောင်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ဆိုးရွားလာတဲ့အတွက် စက်တင်ဘာ ၁၅ ရက်နေ့မှ ပြောင်းရွှေ့ ကုသခွင့်ပေးခဲ့တယ်လို့ PPNM ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါကြောင့် နိုင်ငံရေးအကျဉ်းသား ကိုကျော်လင်းအောင်ဟာ အချိန်မီဆေးကုသခွင့်မရဘဲ စက်တင်ဘာ ၁၇ ရက်နေ့ ညနေမှာ မကျဆုံးသင့်ဘဲ ကျဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။
ထောင်ပိုင် စိုးနောင်ဟာ အကျဉ်းထောင်ဥပဒေကို လက်တလုံးခြားလုပ်ပြီး စည်းကမ်းတကျရှိသယောင်နဲ့ နိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာလည်း ဖိနှိပ်မှုတွေ စနစ်တကျကျူးလွန်နေတယ်လို့ PPNM က အသိပေးထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်းမှာ အချိန်မီ ဆေးကုသခွင့်မရတာကြောင့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူအနည်းဆုံး ၂၀ ဦး ကျဆုံးခဲ့ရ ပြီလို့ PPNM မှတ်တမ်းတွေအရ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်တွေမှာ မတရားဖမ်းဆီးထားပြီး ဆေးဝါးစောင့်ရှောက်မှု အလုံအလောက် မပေးတာ၊ အချိန်မီ ဆေးကုသခွင့် မပေးတာတွေဟာ လူသားတယောက်ရရှိရမယ့် အသက်ရှင်သန်ပိုင်ခွင့်ကို အတိအလင်း ချိုးဖောက်နေတာလို့လည်း အသိပေးထားပါတယ်။
ဒါကြောင့် ကျူးလွန်နေသူတွေ ပါဝင်နေသူတွေအနေနဲ့ ဒီလုပ်ရပ်ကို ရပ်တန်းကရပ်ဖို့ PPNM က တိုက်တွန်းထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ဆက်လက်ကျူးလွန်နေမယ်ဆိုရင် PPNM အနေနဲ့ ကျူးလွန်သူတွေကို ဆက်လက် ဖော်ထုတ်သွားမှာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု အပြည့်အဝရရှိရေး ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။
========================
📌📌 ၂။ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ကမြို့နယ် (၁၂) မြို့နယ်မှ စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ ထောက်ပံ့
စက်တင်ဘာလ (၁၉)ရက်
လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က မြို့နယ် (၁၂) မြို့နယ်မှ စစ်ဘေးရှောင်များနှင့် ဒေသခံများအတွက် ခြင်ထောင်များ ထောက်ပံ့ခဲ့ပါတယ်။
လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) သည် အာရက္ခပြည်သူ့ကျန်းမာရေးဌာန အပါအဝင် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ မုတ်သုံရာသီအတွင်း ခြင်မှတဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန် ကျန်းမာရေးဆိုင်ရာ စီမံကိန်းတစ်ခုကို ဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။
စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် စစ်ဘေးရှောင်များနှင့် ဒေသခံများ စုစုပေါင်း အိမ်ထောင်စု (၄,၈၅၁) စု၊ လူဦးရေ (၂၃,၂၈၆) ဦးအတွက် ကျန်းမာရေးခြင်ထောင် (၆,၈၅၀) လုံး ထောက်ပံ့ခဲ့ပြီးဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မင်းပြား၊ ပေါက်တော၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ မြို့နယ်တို့ပါဝင်တယ်လို့သိရပါတယ်။
လက်ရှိအခြေအနေတွင် မြန်မာစစ်ကော်မရှင်မှ ကြည်း၊ ရေ၊ လေတပ်များ အသုံးပြုကာ ပြည်သူနေအိမ်များနှင့် အဆောက်အဦးများကို ယခုအချိန်ထိ ပစ်မှတ်ထားတိုက်ခိုက်နေဆဲဖြစ်ပြီး အိမ်များနှင့် အဆောက်အဦးများအား ပျက်စီး၊ စွန့်ပစ်ထားရပြီး ထိုအဆောက်အဦးများတွင် ခြုံနွယ်ထူထပ်လာခြင်း၊ စစ်ဘေးရှောင်စခန်းများတွင် လူဦးရေ တိုးလာခြင်းတို့ကြောင့် ခြင်ပေါက်နှုန်း မြင့်တက်လာပြီး ကူးစက်ရောဂါ ဖြစ်ပွားနိုင်မှု တိုးလာစေတယ်လို့လည်းလူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)ကဖော်ပြပါတယ်။
========================
📌📌 ၃။အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ CDMA and Human Resources Department နှင့် HECAFC တို့ ဦးစီး၍ မာရသွန်စိတ်ဓာတ် ခေါင်းစဉ်ဖြင့် Spring Talk ကျင်းပ မည်
စက်တင်ဘာလ (၁၉)ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ CDMA and Human Resources Department နှင့် HECAFC တို့ ဦးစီး၍ ဆရာသွန်းနေစိုးက မာရသွန်စိတ်ဓာတ် ခေါင်းစဉ်ဖြင့် Spring Talk ကျင်းပ မည်ဖြစ်ကြောင်းသိရပါတယ်။
Spring Talk ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့နှင့် ၂၇ ရက်နေ့ နှစ်ရက်တိတိ ည ၇ နာရီမှ ၉ နာရီ (MMT) အထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန လူမှုကွန်ရက်စာမျက်နှာမှ live လွှင့်မည်ဖြစ်ကြောင်းသိရှိရပါတယ်။
========================
📌📌 ၄။ ရောင်နီ Live in NYC မှာ အမေစုပန်းချီကား နှင့် PDF ရဲဘော်အင်္ကျီပန်းချီ လေလံအောင်
စက်တင်ဘာလ (၁၉)ရက်
ရောင်နီ Live in NYC မှာ အမေစုပန်းချီကား နှင့် PDF ရဲဘော်အင်္ကျီပန်းချီ လေလံအောင်မြင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
"ရောင်နီ Live in NYC မှာ လေလံတင်ခဲ့တဲ့ ပန်းချီအနုပညာပစ္စည်းလေး နှစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။ပထမတစ်ခုက Amay Suu Painting လေးပါ။ 11,500 USD နှင့်လေလံအောင်သွားခဲ့ပါတယ်။ ဒီအမေစု ပန်းချီကားလေးက 2012 အမေစု အကျယ်ချုပ်ကလွတ်လာအပြီး Nobel Prize Committee က အမေစုအတွက် ပြန်လုပ်ပေးတဲ့ အခမ်းအနား အမှတ်တရ အနေနဲ့ ရေးခဲ့တဲ့ ကားလေးပါ။ အမေစု အကျယ်ချုပ်ကာလမှာ ရေးပြီးပို့ခဲ့တဲ့ စာတွေစုပြီး "Letters From Burma" စာအုပ်ထုတ်တော့ မျက်နှာဖုံးနဲ့ အတွင်း သရုပ်ဖော်ပုံတွေ ဆွဲပေးခဲ့တဲ့ ပန်းချီဆရာက ဆွဲပေးထားတာပါ။ ပန်းချီဆရာအနေနဲ့ ရံပုံငွေပွဲတွေမှာ အသုံးပြုစေချင်လို့ ပြည်တွင်းကနေ ခက်ခက်ခဲခဲ ရအောင် ပို့ပေးခဲ့တဲ့ ပန်းချီကားပါ။ အမေစု ဘဝမှတ်တမ်းနဲ့ ဆက်စပ်နေတဲ့ ပန်းချီကားမို့လည်း ပိုလို့ တန်ဖိုးထားရပါတယ်။ ဒုတိယတစ်ခုက PDF ရဲဘော် အင်္ကျီPainting လေးပါ။
5,000 USD နှင့်လေလံအောင်သွားခဲ့ပါတယ်။
မြေပြင်ကပီဒီအက်ဖ်ရဲဘော်တစ်ဦးရဲ့ အင်္ကျီပေါ်မှာ ပန်းချီဆရာမ မချောအိသိမ်းက လင်းလင်းရဲ့ ရောင်နီသီချင်းမှာပါတဲ့ စာသားတွေကို စကားလုံးတွေစီပြီး၊ စကားလုံးတွေကိုချိတ်ဆက်ပြီး၊ အနုပညာမြောက်စွာ အင်္ကျီပန်းချီ လေးအဖြစ် နွေဦးတော်လှန်ရေးဖြတ်သန်းမှုပုံရိပ်များအမှတ်တရ အနုပညာရသမြောက်စွာ သက်ဝင်ခံစား ရေးဆွဲထားပါတယ်"လို့ရောင်နီTourကအသိပေးဆိုထားပါတယ်။
အနုပညာရှင် ပန်းချီဆရာ/ဆရာမများကို ကျေးဇူးအထူးတင်သလို၊ အမြတ်တနိုး တန်ဖိုးထားပြီး လေလံဝယ်ယူအားပေးသွားပါတဲ့ ထောက်ပို့အလှူရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စစ်တပ်လေကြောင်းဆိုင်ရာ အချက်အလက်တွေ သတင်းပေးပို့ကြဖို့ KNDF ဒုစစ်ဦးစီးချုပ် တောင်းဆို
စက်တင်ဘာလ (၁၉)ရက်
အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်နဲ့ လေကြောင်းဆိုင်ရာ အချက်အလက်တွေကို Enemy Air Route - EAR ထံ သတင်းပေး ပို့ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဒီနေ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ တောင်းဆိုထားတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြလာပါတယ်။
စစ်တပ်ရဲ့ လေဆိပ်တွေနားမှာ နေထိုင်ကြတဲ့ တော်လှန်ပြည်သူတွေအားလုံး လေယာဥ်တက်ပြီဆိုတာနဲ့ ဘယ်အချိန်မှာ တက်တယ် ဘယ်ဘက်ကိုဦးတည်တယ် စသဖြင့် သတင်းပေးပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
ကျွန်တော်တို့ရဲ့ နယ်မြေတွေအပေါ်မှာ ပျံသန်းလာတဲ့ လေယာဉ်မှန်သမျှဟာ ရန်သူ့လေယာဉ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိဘပြည်သူများအနေနဲ့ မိမိတို့ သိရှိတဲ့အချက်အလက်တွေကို ကျွန်တော်တို့ကို သတင်းပေးပို့ကြပါလို့ မေတ္တာရပ်ခံပါတယ်” ဟု KNDF တာဝန်ရှိသူ ဒုစစ်ဦးစီးချုပ် မာဝီက ပြောကြားခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Karenni Media က ဖော်ပြပါတယ်။
ဒါဟာ ရန်သူ့လေယာဉ်တွေအကြောင်းနဲ့ သူတို့ပျံသန်းမှုလမ်းကြောင်းဆိုင်ရာ အချက်အလက်တွေကို စုဆောင်းလိုတာ ကြောင့် တောင်းဆိုရတာလို့လည်း ဆိုထားပါတယ်။
အခုလို သတင်းပေးခြင်းအားဖြင့် စစ်တပ်လေယာဥ်နဲ့ပတ်သတ်တဲ့ သတင်းတွေကို ကြိုတင်ရရှိပြီး မိမိကိုယ်ကို ကာကွယ်နိုင်မှာဖြစ်သလို လေယာဥ်ပစ်ချနိုင်ရေးအတွက် အချိန်ပိုရတဲ့ကြောင်း အသိပေးထားတယ်လို့ Karenni People’s Voice မှာလည်း ဖော်ပြထားပါတယ်။
ဒါ့ကြောင့် ပြည်သူလူထုတရပ်လုံး လေယာဥ်သတင်းပေးကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးကြဖို့ တောင်းဆိုလိုက်တာဖြစ် ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ကရင်နီပြည်ကို မြေပြင်ကနေ စစ်ကြောင်းထိုးနေတဲ့အပြင် အရပ်သားပြည်သူတွေနေထိုင်ရာ နေရာတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စစ်ရှောင်စခန်းတွေကို လေကြောင်းကနေတိုက်ခိုက်တာတွေ ဆက်တိုက် လုပ်လာတဲ့အတွက် KNDF တာဝန်ရှိသူ ဒုစစ်ဦးစီးချုပ် မာဝီက အခုလို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၁၇ ရက်နေ့ဆိုရင်လည်း ဒီးမော့ဆိုအနောက်ခြမ်း တနန်းဥကွိုင် ကက်သလစ်ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုရားကျောင်း ပျက်စီးခဲ့ရတယ်လို့ စစ်ရေးသတင်းမှတ်တမ်း တွေအရ သိရပါတယ်။
========================
🚩🚩 ၂။ သံဖြူဇရပ် ထင်းရှူးဘူတာအနီးက စစ်တပ်ကင်းပုန်းကို တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်
စက်တင်ဘာလ (၁၉)ရက်
မွန်ပြည်နယ် သံဖြူဇရပ်မြိုနယ် ထင်းရှူးဘူတာနားမှာရှိတဲ့ စစ်တပ်ကင်းပုန်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာနက တပ်တွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MSFC က ဒီနေ့
စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်လာပါတယ်။
အဲဒီကင်းပုန်းကို မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာနက တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် -MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF နဲ့ တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေက မနေ့ စက်တင်ဘာ ၁၈ ရက် နေ့လည် ၁ နာရီမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထင်းရှူးဘူတာနားမှာရှိတဲ့ ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရန်သူစစ်တပ်ဘက်က ထိခိုက် ကျဆုံးမှု အသေးစိတ်အခြေအနေကို ဆက်လက်စုံစမ်းနေတယ်လို့ အသိပေးပါတယ်။
တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာ မွန်ပြည်တော်လှန်ရေးတပ် - MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF၊ ရာမညတပ်တော် - RMA၊ KNLA တပ်ရင်း - ၂၇ တပ်ခွဲ ၁၊ ဗျူဟာ ၃၃ ဒေါန ချေမှုန်းရေးတပ်ခွဲနဲ့ တပင်ရွှေထီးတပ် တို့ ပူးပေါင်းပါဝင်ခဲ့ပြီး မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ - MSFC ကာကွယ်ရေးဌာနက တပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် -MSRF၊ ရေးပြည်သူ့ကာကွယ်ရေးတပ် YPDF တို့ဟာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက် ၁ဝ နာရီခန့်အချိန်တုန်းကလည်း သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာက ဘူတာအနီးမှာရှိတဲ့ ရန်သူ့စစ်တပ်ကင်းပုန်းကို ပျောက်ကြားစနစ်နဲ့ တိုက်ခိုက်ခဲ့တာရှိ ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ပါတယ်။
========================
🚩🚩 ၃။ ညောင်လေးပင်မြို့နယ်က စစ်တပ်ထောက်တိုင် ပျူစောထီးတဦးကို ပစ်ခတ်ရှင်းလင်း
စက်တင်ဘာလ (၁၉)ရက်
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှာ စစ်တပ်ကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကူညီပေးနေပြီး ဒေသနေပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေတဲ့ စစ်တပ်ထောက်တိုင် ပျူစောထီး ကိုကို ဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ် လို့ လူငယ်မြို့ပြ ပြောက်ကျားရေးအဖွဲ့ဖြစ်တဲ့ 9 Stars UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒေသနေပြည်သူတွေက တိုင်ကြားလာတာကြောင့် ညောင်လေးပင်မြို့နယ် တာဦးကျေးရွာမှာနေတဲ့ ပျူစောထီး ကိုကို ဆိုသူ နေထိုင်ရာအိမ်ကို 9 Stars UG အဖွဲ့ စက်တင်ဘာ ၁၇ ရက်နေ့ညပိုင်းမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
လွယ်အိတ်တလုံးနဲ့ အပြင်သွားဖို့ ပြင်ဆင်နေတဲ့ ပျူစောထီး ကိုကို ဆိုသူကို ဖမ်းဆီးလာခဲ့ပြီး တာဦးရွာပြင်ဘက် ခေါ်ဆောင် လာချိန်မှာ သူက လွယ်အိတ်ထဲမှာပါလာတဲ့ လက်ပစ်ဗုံးနဲ့ ခုခံတိုက်ခိုက်ဖို့ ကြိုးစားလာတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတာလို့ 9 Stars UG အဖွဲ့က ရှင်းပြထားပါတယ်။
သေဆုံးသွားတဲ့ ပျူစောထီး ကိုကိုရဲ့ လွယ်အိတ်ထဲကနေ Vivo အမျိုးအစား ဖုန်းတလုံး၊ ပိုက်ဆံအိတ်က ငွေကျပ် ၄ သောင်း နဲ့ မှတ်ပုံတင် တခု၊ အကြမ်းဖက်စစ်တပ်က ထုတ်ပေးထားတဲ့ လက်ပစ်ဗုံးတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါ တယ်။
ပျူစောထီး ကိုကို ဆိုသူဟာ အကြမ်းဖက်စစ်တပ်ကလုပ်မယ့် တရားမဝင် ရွေးကောက်ပွဲဖြစ်မြောက်ရေး ကြိုးပမ်း ဆောင်ရွက်နေသူဖြစ်တဲ့အပြင် မဒေါက်မြို့က ဗိုလ်လေး ခင်လှိုင်နဲ့ပေါင်းပြီး စစ်တောင်းမြစ်အတွင်း ငါးရှာစားနေတဲ့ ပြည်သူ တွေဆီက ဆက်ကြေးကောက်တာ၊ လုပ်ငန်းရှင် စက်လှေတွေဆီကနေ လေတစင်းကို ကျပ် ၂ သိန်းတောင်းတာ၊ စစ်ဘေး ရှောင်ရွာကပြည်သူတွေ ကျွဲ၊ နွားတွေကို အမဲပေါ်ရင်လဲ တကောင်ကို ကျပ် ၃ သောင်းခွဲ ကောက်ခံနေသူလို့ 9 Stars UG အဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောင်မှာလဲ ပဲခူးတိုင်း အရှေ့ခြမ်းက ဒေသနေပြည်သူတွေကို ဒုက္ခပေးနေတဲ့ ပျူစောထီးတွေ၊ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် အကြမ်းဖက်စစ်တပ်နဲ့ တိုက်ရိုက် ထိတွေ့ဆက်ဆံနေပြီး ပြည်သူလူထုကို ဒုက္ခပေးနေတဲ့သူတွေကို စစ်ရေး ပစ်မှတ်အဖြစ်သတ်မှတ်ပြီး တိုက်ခိုက်သွားမယ်လို့ 9 Stars UG အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ မုံးကိုးခရိုင်ရဲတပ်ဖွဲ့က ပြည်သူလူထုကို တိုက်တွန်း
စက်တင်ဘာလ (၁၉)ရက်
မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းတွေမှာ အပြုသဘောဆောင်တဲ့ ထောက်ခံမှုနဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ ၁ မုံးကိုးခရိုင် ရဲတပ်ဖွဲ့က ဒေသနေ ပြည်သူများကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။
စက်တင်ဘာ ၁၅ ရက်နေ့က ကျင်းပတဲ့ အထူးဒေသ - ၁ မုံးကိုးခရိုင်ရဲတပ်ဖွဲ့ရဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး အထူးနှိမ်နှင်းမှု စတင်မယ့် စည်းရုံးရေးအစည်းအဝေးမှာ အခုလို တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ - ၁ မုံးကိုးခရိုင် ရဲတပ်ဖွဲ့အနေနဲ့ ၉၁၅ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ဆောင်ချက် ကို အပြည့်အဝအကောင်အထည်ဖော်မယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးနှိမ်နှင်းမှုစတင်ကြောင်း စည်းရုံးရေး အစည်းအဝေး ကျင်းပခဲ့တာလို့ သိရပါတယ်။
မူးယစ်ဆေးဝါးဟာ လူ့အဖွဲ့အစည်းအတွက် ရန်သူဖြစ်ပြီး လူသားတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေစေပြီး မိသားစုပျော်ရွှင်မှုကို ဖျက်ဆီးနေတဲ့အပြင် လူမှုရေးအဖွဲ့အစည်းကိုလည်း ဖျက်ဆီးနေတဲ့အပြင် မှုခင်းနဲ့ ဥပဒေချိုးဖောက်မှုတွေကို အလွယ်တကူဖြစ်စေတယ်လို့ ခရိုင်ရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။
မုံးကိုးခရိုင် ရဲတပ်ဖွဲ့အနေနဲ့ ၉၁၅ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ဆောင်ချက်ကို အပြည့်အဝအကောင်အထည်ဖော်မယ့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထူးနှိမ်နှင်းမှုကို မုံးကိုးခရိုင်အတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာဌာနအသီးသီး ပူးပေါင်းပါဝင်မှာဖြစ်ပြီး ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်၊ ကျေးရွာနဲ့ လမ်းအသီးသီးမှာ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်း တွေ အကောင်အထည်ဖော်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
အထူးဒေသအုပ်ချုပ်ရေးကော်မတီရဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုနဲ့ ခရိုင်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာ အသီးသီးရဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် မုံးကိုးခရိုင်ရဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းဟာ မကြာသေးမီနှစ်တွေမှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီးဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းစဥ်မှာ ပါဝင်သူတွေအားလုံး စည်းကမ်းလိုက်နာပြီး ဥပဒေနဲ့ အညီ တာဝန်ထမ်းဆောင်ဖို့ မုံးကိုးခရိုင် ရဲတပ်ဖွဲ့မှူးက သတိပေးထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ သဲလွန်စတွေတွေ့ရင် သတင်းပေးဖို့ မူးယစ်ဆေးဝါးကင်းစင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင်တည်ဆောက်ပြီး လှပတဲ့အနာဂတ်ပတ်ဝန်းကျင်ကို အတူတကွ ကာကွယ်စောင့်ရှောက်ကြဖို့ မုံးကိုးခရိုင် ရဲတပ်ဖွဲ့မှူးက တိုက်တွန်းနှိုးဆော် ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။







No comments:
Post a Comment