21th Dec 2021 - Afternoon Daily News by Radio NUG

ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လည်ခင်း ရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -

📌လူမှုကွန်ရက်ပေါ်မှာ စစ်သတင်းများ အလျဉ်စလိုမတင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် KNU က သတိပေး
📌အကျဉ််းထောင်များအတွင်း အကြမ်းဖက် နှိပ်စက်မှုများနှင့် ပတ်သက်သည့်ထုတ်ပြန်ချက်ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်
📌အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်လောင်းတွေကို သင်တန်းပေခြင်းရပ်ဖို့ HRW ကတောင်းဆို

ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်

========================

📌📌လူမှုကွန်ရက်ပေါ်မှာ စစ်သတင်းများ အလျဉ်စလိုမတင်ခြင်းဖြင့် ပူးပေါင်းပါဝင်ကြပါရန် KNU က သတိပေး

ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်တွင်းရှိ လေးကေကော်မြို့သစ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် အင်အားသုံး၍ အကြမ်းဖက်ဝင်ရောက်ဖမ်းဆီးမှုများကြောင့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစလို့ တိုက်ပွဲများပြင်းထန်လျက်ရှိပါတယ်။ တိုက်ပွဲပြင်းထန်ရာမှ အထိနာနေသော စစ်ကောင်စီတပ်သည် ဆက်လက်အင်အားတိုးချဲ့နေမှုများ နေ့စဉ်လိုလိုရှိနေပီး ပြုကျင့်နေကျအတိုင်း မြေပြင်တိုက်ပွဲများအစား စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ရန် ပြင်ဆင်နေကြသည်ကိုလည်း သိရပါတယ် လေးကေ့ကော်နှင့်အနီးပတ်ဝန်းကျင်ဒေသတဝိုက်မှ စစ်ဘေးရှောင်ပြည်သူများသည်လည်း လေကြောင်းရန်ကို စိုးရိမ်ထိတ်လန့်မှုကြောင့် တဖက်ထိုင်းနိုင်ငံကို ပြေးဝင်ခိုလှုံလျက်ရှိပါတယ်။ KNDO ကရင်အမျိုးသား ကာကွယ်ရေးအစည်းအရုံးသည် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ စစ်ကောင်စီကိုတော်လှန်လျက်ရှိပီး ဒီဇင်ဘာလ ၁၈ ရက်တွင်ကြေငြာချက်တစောင်ကိုထုတ်ပြန်ခဲ့ရာမှာ ပြည်သူများအနေဖြင့် မိမိတို့တော်လှန်ရေးအဖွဲ့များအား များများထောက်ပံ့ပေးပါလို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်သူများသည် စစ်ကောင်စီလာရာလမ်းကြောင်းနှင့် အင်အားတိုးချဲ့နေမှုအခြေအနေများကို တော်လှန်ရေးတပ်များဘက်မှ အချိန်မီသိရှိစေရန် သတင်းပေးပို့မှုများကြောင့် ကြားဖြတ်တိုက်ခိုက်ဟန့်တားနိုင်မှုများကို အားတက်ဖွယ်ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။ ဆက်လက်ပီးတော့ ထပ်မံပူးပေါင်းပါဝင်ကြပါရန် အသိပေးနှိုးဆော်ခြင်းတရပ်ကို ကေအဲန်ယူ- ဗဟိုမှ အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၂၀ ရက်စွဲဖြင့် အဆိုပါ အသိပေးနှိုးဆော်ခြင်းစာမှာ
ပူးပေါင်းပါဝင်ကြပါရန် အသိပေးနှိုးဆော်ခြင်း ကေအဲန်ယူ- ဒူးပလာယာခရိုင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)နှင့် အာဏာသိမ်းစစ်ကောင်စီတပ် အုပ်စုတို့အကြား တိုက်ပွဲဖြစ်ပွားခြင်း နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) မှ အာဏာသိမ်းစစ်ကောင်စီ တပ်တို့၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခြင်းများကို ကြားသိရပါက online ပေါ်၌ အလျင်စလို မတင်ရန် မေတ္တာ ရပ်ခံအပ်ပါသည်။ ပစ်ခတ်တိုက်မှုဖြစ်ပွားပြီးသည့်နောက်၌ဖြစ်စေ၊ စခန်းသိမ်းယူပြီးသည့်နောက်၌ဖြစ်စေ စစ်ရေးအစီအစဥ်အရ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် မှ ဆက်လက်လုပ်ဆောင်ရမည့်အရာများရှိနေသည့်အတွက်ကြောင့် စစ်ရေးလှုပ်ရှားမှု အကြောင်းအရာကို online ပေါ်၌ အလျင်စလိုတင်ပြီး ဖြန့်ဝေလိုက်ပါက ရန်သူကို သတင်းပေးပို့ရာသို့သက်ရောက်ပြီး စစ်မြေပြင်၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဆက်လက်လုပ်ဆောင်ရမည့် စစ်ရေးအစီအစဥ်ကို ထိခိုက်မှုဖြစ်ပေါ်စေနိုင်ပါသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဖြစ်လေ့ဖြစ်ထရှိသော စစ်ပြေးဒုက္ခသည်ပြည်သူများ၏ နေရာများ ကို မြေပုံညွှန်းနှင့်တကွ ဖော်ပြခြင်းများပြုလုပ်ပါက စစ်ပြေးဒုက္ခသည်များအား အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူတို့ကို ပစ်မှတ်ထားနိုင်သည့်အတွက် စစ်ပြေးဒုက္ခသည်များ လုံခြုံမှုမရှိစေတော့ကြောင်း အသိပေးအပ်ပါသည်။ ပုံမှန်အားဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် အကြမ်းဖက်စစ်အုပ်စုတို့သည် လေယာဥ်ဖြင့်လာရောက်ဗုံးကြဲပစ်ခတ်ခြင်း နှင့် စစ်ကူတပ်ဖွဲ့များစေလွတ်ခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ(၆)မှ တပ်ဖွဲ့တပ်သားများ စစ်မြေပြင်ကိစ္စရပ်များပြီးဆုံး၍ လုံခြုံစိတ်ချသော နေရာသို့ ပြန်လည်ရောက်ရှိသော အချိန်မှသာလျင် onlineပေါ်၌ သတင်းများကို ဖြန့်ဝေကြရန် မေတ္တာရပ်ခံပါသည်ဟု ရေးသား နှိုးဆော်ထားပါတယ်။

========================

📌📌အကျဉ််းထောင်များအတွင်း အကြမ်းဖက် နှိပ်စက်မှုများနှင့် ပတ်သက်သည့်ထုတ်ပြန်ချက်ကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်

အကျဉ််းထောင်များအတွင်း အကြမ်းဖက် နှိပ်စက်မှုများနှင့် ပတ်သက်သည့်ထုတ်ပြန်ချက် တရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၀ ရက်မှာ အောက်ပါအတိုင်း ထုတ်ပြန်ထားတာကို ဖတ်ကြားတင်ပြပေးပါ့မယ်

(၁) ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ လူ့အခွင့်အရေးနေ့တွင် အသံတိတ်သပိတ် ဆင်နွှဲခဲ့ကြသည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသောကြောင့် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့်ပြည်သူများအပေါ် အကျဉ်းထောင်ဝန်ထမ်းများက အကြမ်းဖက်နှိပ်စက်မှုများ ပြုလုပ်နေသည့် သက်
သေအထောက်အထားများကိုခိုင်လုံစွာရရှိထားပါသည်။
(၂) ထို့အပြင် စက်တင်ဘာလ နိုင်ဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်းကလည်း ထောင်တွင်းအကြမ်းဖက်နှိပ်စက်မှုနှင့်သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည့်သက်သေအထောက်အထားများကို ကျူးလွန်သူများ၏ အချက်အလက်များနှင့်တကွ ဝန်ကြီးဌာနမှ ရရှိထားပီးဖြစ်ပါသည်။
(၃) မတရားဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်သူများအနေဖြင့် အကြမ်းဖက်ရိုက်နှက်ခံရမှုများနှင့် ဆေးကုသခွင့်မပေးဘဲ ရက် ၂၀ မှ ၄၀ ထိ တိုက်ပိတ်ခံရမှုများကို ကြုံတွေ့ကြရပါသည်။ ထို့အပြင် မတရားအလုပ်ကြမ်းစေခိုင်းမှုများကိုလည်း ကြုံတွေ့နေရပါသည်။
(၄)အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနသည် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းပြုစုလျက် ကျူးလွန်သူများကို အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီး ထိန်းသိမ်းခံရသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများကိုလည်း မိမိတို့အနေဖြင့် မျက်ခြေမပြတ် အနီးကပ် ဆက်လက်စောင့်ကြည့်နေပါသည်။ ဝန်ကြီးဌာနအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကိုလည်း သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ယန္တရားများထံ စဉ်ဆက်မပြတ် ပေးပို့လျက် နိုင်ငံတကာ တရားမျှတမှုဖော်ဆောင်ရေး လုပ်ငန်းစဉ်ကိုလည်း လုပ်ဆောင်လျက်ရှိပါသည်။ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်သူများအနေဖြင့် တရားဥပဒေရှေ့မှောက်တွင် ထိုက်သင့်သည့် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်သူများ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေသည့် အလေ့အထကို အဆုံးသတ်စေရပါမည်။
(၅) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပါအဝင် နိုင်ငံရေးအခွင့်အရေးများကို ကျင့်သုံးမှုများကြောင့် မတရားဖမ်းခံထားရသော ပြည်သူများအပေါ် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် ၎င်းတို့ကို ခြွင်းချက်မရှိ လွှတ်ပေးရန် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တောင်းဆိုသည်
- အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ INTERNATIONAL COMMITTE OF THE RED CROSS - ICRC အနေဖြင့် မြန်မာနိုင်ငံရှိ အကျဥ်းထောင်များအတွင်းမှာမတရားဖမ်းခံထားရသော ပြည်သူများကို ကာကွယ်ပေးနိုင်ရန်နှင့်အကျဉ်းထောင်များအတွင်းလူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ကူညီမှုပေးနိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ရန် တောင်းဆိုသည်။ နိုင်ငံတာ အသိုင်းအဝိုင်းအနေဖြင့် အကျဉ်းထောင်အတွင်း အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်စေရေး နှင့်ကျူးလွန်ချိုးဖောက်သူများကို အရေးယူနိုင်စေရေးအတွက် တွန်းအားပေးတောင်းဆိုရန် တောင်းဆိုသည်။ လူ့အခွင့်အရေးဝန်ကြီးဌာနအနေဖြင့် အကျဥး်ထောင်များအတွင်း လူ့အခွင့်အအရေး ချိုးဖောက်မှုများ အကြမ်းဖက်မှုများကို အနီးကပ် စောင့်ကြည့်၍ မှတ်တမ်းပြုစုလျက်ရှိပီး ကျူးလွန်သူများကို အရေးယူနိုင်မည့် တာဝန်ခံမှု ဖော်ဆောင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေငြာချက်မှာ ရေးသားပါရှိပါတယ်။

========================

📌📌အာဏာသိမ်းစစ်တပ်ရဲ့ ဗိုလ်လောင်းတွေကို သင်တန်းပေခြင်းရပ်ဖို့ HRW ကတောင်းဆိုလိုက်ပါတယ်

စစ်တပ်ဟာ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှစလို့ နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်မှာ မငြိမ်းခဲ့ဖူးတဲ့စစ်မီးဟာ ဒီဇင်ဘာလထိပိုမို လောင်မြိုက်လျက်ရှိနေပါပီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များသာမကတော့ဘဲ နိုင်ငံတဝန်းက ပညာတတ်တလူငယ်တွေအပါအဝင် အခြေခံလူတန်းစား တောင်ယာလယ်လုပ် အရပ်သားများကလည်း တူမီးအစရှိတဲ့ ရရာလက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေကြတာကိုတွေ့ရပါတယ်။ ဒီဇင်ဘာ ၂၀ ရက်ထိပြင်းထန်ခဲ့တဲ ခြောက်ရက်တာ လေးကေကော်တိုက်ပွဲမှာ လေကြောင်းကနေဗုံးကြဲလာနိုင်ဖွယ်ရှိတဲ့ စစ်ကောင်စီရဲ့အင်အားသုံးမှုအကြံအစည်ကို KNU ကရင်အမျိုးသားအစည်းအရုံးက သတိထားနေရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့ကတော့ လေးကေကော်မှစတဲ့တိုက်ပွဲအခြေခံအကြောင်းများကို ထုတ်ပြန်ခဲ့ပီး တဆက်တည်းမှာပဲ လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်သတ်မှတ်ပေးဖို့ ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကို KNU ကတောင်းဆိုထားပါတယ်။
ဒီအချိန်မှာပဲ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဂျပန်နိုင်ငံကို ခုလို တောင်းဆိုချက်ပေါ်ထွက်လာပါတယ်။ ဂျပန်အနေနဲ့ မြန်မာစစ်တပ်က ဗိုလ်လောင်းတွေကို ခေါ်ယူပြီး စစ်သင်တန်းပေးနေတာတွေရပ်ဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က ဒီဇင်ဘာလ ၂၀ ရက်မှာ တောင်းဆိုလိုက်တာဖြစ်ပါတယ် ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအောက်က အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ မြန်မာစစ်ဗိုလ်လောင်း ၈ ဦးကို လက်ခံထားဆဲဖြစ်ပြီး အဲဒီဗိုလ်လောင်းတွေဟာ ပညာရပ်ပိုင်းအပြင် စစ်ဘက်လေ့ကျင့်ရေး၊ တိုက်ရေးခိုက်ရေးနဲ့လက်နက်သင်တန်းတွေပါ တက်နေတာဖြစ်တဲ့အကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတစ်ဦးကို ကိုးကားပြီး HRW က ဖော်ထုတ်သတိပေးလိုက်ပါတယ်။
''မြန်မာစစ်တပ်က သူ့လူထုအပေါ် လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေချိန်မှာ စစ်ဗိုလ်လောင်းတွေကို ဂျပန်က သင်တန်းပေးနေတာ လိပ်ပြာမသန့်စရာကိစ္စပါပဲ'' လို့ HRW ရဲ့ အာရှရေးရာအရာရှိကပြောပါတယ်။ဂျပန်အစိုးရအနေနဲ့ အဲဒီအစီအစဉ်ကိုရော မြန်မာစစ်တပ်နဲ့ဆက်နွယ်မှုမှန်သမျှကိုပါ မြန်မြန်ဆိုင်းငံ့သင့်ပါတယ်'' လို့ HRW ရဲ့ အာရှ ရေးရာ အရာရှိက ပြောပါတယ်။
ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနပိုင်အဆောက်အအုံတွေမှာ ဝန်ကြီးထောက်ခံချက်နဲ့ ပြည်ပနိုင်ငံသားတွေကို သင်တန်းနဲ့ပညာရေးထောက်ပံ့တဲ့အစီအစဉ်ဖြစ်ကြောင်း ဒါဟာ ဂျပန့်ကာကွယ်ရေးတပ်ဖွဲ့အက်ဥပဒေအရ မြန်မာဗိုလ်လောင်းတွေကို လက်ခံနေတာ ၂၀၁၅ ခုနှစ်ကတည်းက ဖြစ်တဲ့အကြောင်း ဝန်ကြီးဌာနအရာရှိတစ်ဦးက ဂျပန်လွှတ်တော် နိုင်ငံခြားရေးကော်မတီကြားနာမှုမှာ ဧပြီလက ပြောခဲ့ပါသေးတယ်။
ဒီအစီအစဉ်ဟာ အရပ်သားအပြည့်အဝထိန်းချုပ်မှုအောက်က ဂျပန့်ကာကွယ်ရေးတပ်ဖွဲ့တွေ ဘယ်လိုလည်ပတ်စီမံလဲဆိုတာနဲ့ ဂျပန်နဲ့ ပညာလာသင်တဲ့ကျောင်းသားတွေရဲ့နိုင်ငံတွေကြား နားလည်မှုနဲ့ယုံကြည်မှု တိုးလာစေဖို့ ရည်ရွယ်တယ်လို့ အဲဒီအချိန်က အဆိုပါအရာရှိကပြောထားဖူးပါတယ်။ ခုတော့ အာဏာသိမ်းပီး အကြမ်းဖက်ခံနေရတဲ့ မြန်မာ့အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး အဆိုပါ အစီအစဥ်ကို ပြန်လည်သုံးသပ်မယ်လို့ ပြောဆိုထားပါတယ်။
ဂျပန်နိုင်ငံနဲ့ အဓိကကာကွယ်ရေးမိတ်ဖက်ဖြစ်တဲ့ သြစတေးလျနိုင်ငံကတော့ မြန်မာစစ်တပ်ဟာ ဆန္ဒပြသူတွေကို သေဆုံးတဲ့အထိ ဖြိုခွင်းမှုတွေလုပ်တာကြောင့် မတ်လကတည်းက မြန်မာစစ်တပ်နဲ့ပူးပေါင်းဆောင်ရွက်တာတွေကို ဆိုင်းငံ့ထားခဲ့ပီးပါပီ။ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကတော့ ဂျပန်နိုင်ငံအနေနဲ့ သြစတေးလျနိုင်ငံလိုပဲ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးကို ချက်ချင်းဖြတ်တောက်သင့်သလို မြန်မာစစ်တပ်က စစ်သားတွေကို သင်တန်းပေးပြီး စစ်တပ်ရဲ့အဆမတန်ကျူးလွန်မှုတွေကို အားပေးထောက်ခံသလို ဖြစ်စေမယ့်လုပ်ရပ်မျိုးကို မလုပ်သင့်ဘူးလို့ ထောက်ပြပြောဆိုနေပါတယ်။






#RadioNUGLocalNews
#SpringRevolution
Share:

No comments:

Post a Comment