၂၀၂၃ သြဂုတ်လ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် အစိုးရဆန္ဒ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၃။ စစ်ကောင်စီဘက်မှ ရန်ကုန် ၊မန္တလေး၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းလောက်သာ ထိန်းချုပ်နိုင်တော့တယ်လို့ဆို
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေး ဒုဝန်ကြီးတက်ရောက်
📌 ၅။ နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှုအတွက် ကာလအမျိုးအစား (၄) မျိုးရှိပြီး နှစ်စဉ်အမြင့်ဆုံး ၁၁% အထိရှိသော အတိုးနှုန်း အစီအစဉ်များနဲ့ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်အပ်နှံနိုင်
📌 ၆။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့လွတ်မြောက်နယ်မြေတွင်ရဲCDMသူရဲကောင်းများအားထောက်ပံ့ငွေပေးအပ်
📌 ၇။ မကွေးတောင်ခြမ်းရှိ ရပ်ရွာနေ ပြည်သူလူထုအား ဆေးဝါးကုသမှုများ ပေးနေပြီး ဆေးဝါးလိုအပ်ချက်တို့ ရှိနေတယ်လို့ အရှိုချင်းကာကွယ်ရေး တပ် (ACDF)အသိပေး
📌 ၈။ ကလေးမြို့ သာစည်ရွာကို စကစတပ်များက ၆ရက်မြောက် ပြည်သူပိုင်နေအိမ်များကို ရွာလုံးကျွတ်ဆက်တိုက်မီးရှို့ဖျက်ဆီး
📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စုစုပေါင်း (၂၁၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၉၀) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် အစိုးရဆန္ဒ ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား
သြဂုတ်လ၂၁ရက်
ဩဂုတ်လ (၂၁) ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူများထံသို့ သတင်းစကားပါးဆိုရာမှာ “အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် အစိုးရဆန္ဒ ဖြစ်တယ်”လို့ ပြောကြားထားပါတယ်။
"အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျွန်တော်တို့ရဲ့ ဆန္ဒဖြစ်ပါတယ်။ ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိပါမယ်လို့ ထပ်လောင်းပြီး အလေးအနက်ထားပြောလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြားကာလပြည်သူ့ဝန်ဆောင်မှုအနေနဲ့ ပညာရေး၊ ကျန်းမာရေးကဏ္ဍာများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသလို စစ်ဘေးရှောင်ပြည်သူများကိုလည်း ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။
========================
📌📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး
ဩဂုတ် လ ၂၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၁၆/၂၀၂၃)ကို သြဂုတ်လ၂၁ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေး၌ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေး ဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းထောက်လှမ်းရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၃။ စစ်ကောင်စီဘက်မှ ရန်ကုန် ၊မန္တလေး၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းလောက်သာ ထိန်းချုပ်နိုင်တော့တယ်လို့ဆို
သြဂုတ်လ၂၁ရက်
သြဂုတ်လ၁၉ရက်မှာ ကျင်းပသည့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး အမှတ်စဥ် (၁၀/၂၀၂၃) အခမ်းအနားမှာ တရားရေးဝန်ကြီးက အခုလိုပြောပါတယ်။
"လက်သုံးချောင်း ထောင်ပြီး စခဲ့သော နွေဦးတော်လှန်ရေးသည် နှစ်နှစ်ခွဲ ကာလအတွင်း စစ်ကောင်စီဘက်မှ ရန်ကုန် ၊မန္တလေး၊ နေပြည်တော်နှင့် ဧရာဝတီတိုင်းလောက်သာ ထိန်းချုပ်နိုင်ပြီး လုံးဝထိန်းချုပ်နိုင်တဲ့ အနေအထားမရှိတော့ကြောင်း၊ တော်လှန်ရေးအချိုး အကွေ့သို့ ရောက်လာပြီဖြစ်ကြောင်း၊ တရားရေးဝန်ကြီးဌာနသည် တော်လှန်ရေး၏ ရေစီးကြောင်း တစ်ခုဖြစ်ကြောင်း ၊တရားရေးဝန်ကြီးဌာနသည် ဥပဒေရုံးများ၊ တရားရုံးများ၊ အကျဉ်းဦးစီးဌာန အစရှိသဖြင့် သုံးချောင်းထောက်စနစ်ဖြင့် သွားနေကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် တရားရေးဝန်ကြီးဌာနတို့သည် နှစ်ထပ်ကွမ်း သုံးချောင်းထောက်စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း"ဝန်ကြီးကဆိုပါတယ်။
အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါ်မေအောင်သူ၊ သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးများ၊ ရုံးအဖွဲ့မှူးများ၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၁၈)မြို့နယ်မှ ဥပဒေတာဝန်ခံ(၂၂) ဦးတို့တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ပြည်ထဲရေး ဒုဝန်ကြီးတက်ရောက်
ဩဂုတ် လ ၂၁ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၃/၂၀၂၃)ကို သြဂုတ်လ၂၁ရက်က ကျင်းပခဲ့ပါတယ်။
အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်-၁၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ဒုဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှုအတွက် ကာလအမျိုးအစား (၄) မျိုးရှိပြီး နှစ်စဉ်အမြင့်ဆုံး ၁၁% အထိရှိသော အတိုးနှုန်း အစီအစဉ်များနဲ့ ကိုယ်တိုင် စိတ်ကြိုက် ရွေးချယ်အပ်နှံနိုင်
သြဂုတ်လ၂၁ရက်
နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှုအတွက် ကာလအမျိုးအစား (၄) မျိုးရှိပြီး နှစ်စဉ် အမြင့်ဆုံး ၁၁% အထိရှိသော အတိုးနှုန်း အစီအစဉ်များနဲ့ ကိုယ်တိုင်စိတ်ကြိုက်ရွေးချယ်အပ်နှံနိုင်တယ်လို့ သြဂုတ်လ၂၁ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်က အသိပေးကြေညာထားပါတယ်။
"နွေဦးဘဏ်တွင် စာရင်းသေအပ်ငွေ ဝန်ဆောင်မှုအတွက် (၁) လ၊ (၃) လ၊ (၆) လ၊ (၁) နှစ်ဆိုပြီး ကာလအမျိုးအစား (၄) မျိုးရှိပါတယ်။ မြန်မာကျပ်၊ အမေရိကန် ဒေါ်လာ၊ စင်္ကာပူဒေါ်လာနှင့် ထိုင်းဘတ်ငွေများ ရွေးချယ်ပြီး နှစ်စဉ်အမြင့်ဆုံး ၁၁% အထိရှိသော အတိုးနှုန်း အစီအစဉ်များနဲ့ ကိုယ်တိုင်စိတ်ကြိုက် ရွေးချယ်အပ်နှံနိုင်ပါတယ်"လို့ဖော်ပြပါတယ်။
ထို့အပြင် ထူးခြားချက်အနေနဲ့ ဒီဂျစ်တယ်ရွှေ (Gold token)ကိုလည်း စာရင်းသေ စုဆောင်းထားလို့ ရနိုင်တယ်လို့သိရပါတယ်။
စာရင်းသေအပ်ငွေ ဝန်ဆောင်မှုကို အသုံးပြုချင်တယ်ဆိုရင် သက်ဆိုင်ရာ ငွေကြေးအလိုက် အနိမ့်ဆုံး $100 နှင့် ညီမျှသော ငွေပမဏမှစပြီး အပ်နှံလို့ရနိုင်တယ်လို့သိရပါတာ်။
မိမိ အပ်နှံထားသော စာရင်းသေအပ်ငွေကာလ ပြည့်မှီသည်နှင့် အတိုးရာခိုင်နှုန်း ပါ၀င်သော ပမာဏအား ဘဏ်စာရင်းထဲသို့ နွေဦးဘဏ်က အလိုအလျောက် ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
သို့သော် အပ်ငွေကာလ မပြည့်မှီခင် အပ်ငွေများကို ထုတ်ယူလိုပါက အတိုးနှုန်း မပါ၀င်ပဲ မိမိရဲ့ current ငွေစာရင်းထဲသို့ (၄၈) နာရီ စောင့်ဆိုင်း၍ ပြန်လည်ထုတ်ယူနိုင်ဦးမှာဖြစ်ပါတယ်။
========================
📌📌 ၆။ ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့လွတ်မြောက်နယ်မြေတွင်ရဲCDMသူရဲကောင်းများအားထောက်ပံ့ငွေပေးအပ်
သြဂုတ်လ၂၁ရက်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ လွတ်မြောက်နယ်မြေတွင် ရဲCDMသူရဲကောင်းများအား ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ကြာအင်းဆိပ်ကြီး ပအဖက သြဂုတ်လ၂၁ရက်မှာ အသိပေးဆိုပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ လွတ်မြောက်နယ်မြေရှိ မီးအိမ်ရှင်ဆေးခန်းတွင် ရဲCDMထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ၂၁ရက် မွန်းတည့်(၁၂း၀၀)နာရီ၌ ကျင်းပခဲ့ပါတယ်လို့ဆိုပါတယ်။
အဆိုပါထောက်ပံ့ငွေများကို ပြည်သူ့ရင်ခွင်ခိုလှုံရေးကော်မီတီမှ ပေးပို့ခဲ့ပြီး ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)မှ စီစဥ်၍တစ်ဦးလျင် ကျပ်ငွေ(၉၅၀၀၀)စီဖြင့်(၁၃)ဦးအတွက် ကျပ်ငွေ(၁၂,၃၅၀၀၀)ကို ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၇။ မကွေးတောင်ခြမ်းရှိ ရပ်ရွာနေ ပြည်သူလူထုအား ဆေးဝါးကုသမှုများ ပေးနေပြီး ဆေးဝါးလိုအပ်ချက်တို့ ရှိနေတယ်လို့ အရှိုချင်းကာကွယ်ရေး တပ် (ACDF)အသိပေး
သြဂုတ်လ၂၁ရက်
မကွေးတောင်ခြမ်းရှိ ရပ်ရွာနေ ပြည်သူလူထုအား ဆေးဝါးကုသမှုများပေးနေပြီး ဆေးဝါးလိုအပ်ချက်တို့ ရှိနေတယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF)မှ အသိပေးဆိုပါတယ်။
သြဂုတ်လအတွင်းမှာ လူထုအား အခမဲ့ဆေးကုသမှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ လုပ်ဆောင်နေကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF)ကဆိုပါတယ်။
"အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) တို့မှ ထိုသို့ အခက်အခဲ ဒုက္ခများစွာ ကြုံတွေ့နေရသော မကွေးတောင်ခြမ်းဒေသရှိ ရပ်ရွာနေ ပြည်သူလူထုအား တပ်ရင်းများရှိ ဆေးဝါးများနှင့် တတ်အားသ၍ အခမဲ့ဆေးကုသမှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ တော်လှန်ရေးကာလအတွင်း လူထုဝန်ဆောင်မှုပေးရေးလုပ်ငန်းများကို တတ်နိုင်သလောက် ဖြည့်ဆည်းပေး၍ ပြည်သူလူထုကို ကာကွယ်မှုပေးနိုင်ရန် ကြိုးစားအားထုတ်လျက်ရှိပါတယ်။ မိုခါမုန်တိုင်း၏ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများနှင့် ထိခိုက်မှုများစွာရှိနေသည့် ကျေးရွာပြည်သူလူထုမှာ ဆေးဝါးနှင့် ဆေးကုသရန် အလွန်ပင်ခက်ခဲနေကြလျှက်ရှိကြပါတယ်"လို့ဆိုပါတယ်။
ဖက်ဆစ် စစ်တပ်၏ နှိပ်စက်မှုကြောင့် ကျေးရွာ ပြည်သူလူထုမှာ ပျက်စီးမှုများ ၊ ဆေးဝါးနှင့် ရိက္ခာများ ပြန်လည်ရရှိရေးတွင်လည်း အလွန်ပင်ခက်ခဲလျှက်ရှိနေကြတယ်လို့လည်းသိရပါတယ်။
========================
📌📌 ၈။ ကလေးမြို့ သာစည်ရွာကို စကစတပ်များက ၆ရက်မြောက် ပြည်သူပိုင်နေအိမ်များကို ရွာလုံးကျွတ်ဆက်တိုက်မီးရှို့ဖျက်ဆီး
သြဂုတ်လ၂၁ရက်
ကလေးမြို့ သာစည်ရွာကို စကစတပ်များက ၆ရက်မြောက် ပြည်သူပိုင်နေအိမ်များကို ရွာလုံးကျွတ်ဆက်တိုက်မီးရှို့ဖျက်ဆီးနေတယ်လို့ တော်လှန်ရေးအင်အားစုများက သြဂုတ်လ၂၁ရက်မှာ အတည်ပြုဆိုထားပါတယ်။
"သြဂုတ်လ၊၁၅ရက်နေ့က လေကြောင်းသုံးတိုက်ခိုက်ခံခဲ့ရတဲ့ ကလေးမြို့နဲ့အနီးကပ်ရှိ ကလေးနယ် သာစည်ကျေးရွာကို အကြမ်းဖက်စကစတပ်များမှ ရက်ရှည်တပ်စွဲထားပြီး ၁၆ရက်နေ့မှစလို့ ၂၁ရက်နေ့အထိ ၆ရက်မြောက် ပြည်သူပိုင်နေအိမ်များကို ရွာလုံးကျွတ်ဆက်တိုက်မီးရှို့ဖျက်ဆီးယုတ်မာနေကြကြောင်း သိရှိရပါတယ်။"လို့ဆိုပါတယ်။
အကြမ်းဖက်စကစတပ်များနဲ့ ပျူစောထီးများဟာ အင်အားအများအပြားဖြင့် သာစည်ရွာကို ၆ရက်မြောက် ဆက်တိုက်မီးရှို့ဖျက်ဆီးနေကြပြီး အနီးဝန်းကျင်ရွာတွေဘက်ကိုလည်း လက်နက်ကြီး လက်နက်ငယ်များနဲ့ ကျည်တအားဖြုန်းပြီး တရစပ်ပစ်ခတ်နေကြတယ်လို့ နောက်ဆုံးထပ်မံသိရပါတယ်။
ကလေးနယ် သာစည်ရွာအပါအဝင် အနီးဝန်းကျင်ရွာများ လက်နက်ကြီးနဲ့ ဘေးလွတ်ရာ ဆက်လက်တိမ်းရှောင်ပေးကြရန်လည်း အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၉။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် စုစုပေါင်း (၂၁၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၉၀) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေ
သြဂုတ်လ၂၁ရက်
သြဂုတ်လ၂၁ရက်တွင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များကို အသိပေးဖော်ပြပါတယ်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၂၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသမီး (၃၅) ဦးနှင့် အမျိုးသား (၁၈၂) ဦး စုစုပေါင်း (၂၁၇) ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှာ (၉၀) ဦးဖြင့် သေဆုံးမှု အများဆုံးတွင် ရှိနေတယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၉၆၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment