29th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူအပေါ်ကို လက်နက်အားကိုးပြီး အနိုင်ကျင့်ဖိနှိပ်မှုတွေဆိုရင် ဘယ်လိုအဖွဲ့အစည်းမျိုးကပဲဖြစ်နေပါစေ လက်သင့်မခံဘဲ အရေးယူစီမံဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုဖြင့် စစ်ဘေးရှောင် ၅၀၀ခန့်အားဧည့်ခံကျွေးမွေး

📌 ၃။ မြဝတီ ဒရုန်းတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်း လက်ရုံးတပ် (၁၈၀၁)  Federal Wings ကို ဆုငွေ မြန်မာကျပ်ငွေ သိန်း (၁၀၀) MODကချီးမြှင့်

📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌနှင့် မုံရွာလူထုသပိတ်အင်အားစုတို့မြေပြင်မှာတွေ့ဆုံဆွေးနွေး

📌 ၅။ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို အကြမ်းဖက်စစ်တပ်က ဟောင်ဝစ်ဇာ (Howitzer)ဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ် (၁၈) ဦး ဒဏ်ရာရကာ() ဦးပြင်းထန်ဒဏ်ရာရရှိခဲ့

📌 ၆။ ကျုံဒိုးမြို့နယ်  ရက်တာတိုက်ပွဲအတွင်း စကစတပ်က၃၂ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

📌 ၇။ မြို့ထဲဝင်ရင် အောင်ပွဲခံဖို့ အလံတွေ ကြိုတင်ထုတ်ထားပြီးပြီလို့ ကော်ပရာစစ်ကြောင်းတပ်ခွဲ၄ အသိပေး

📌 ၈။ အင်းလေးဒေသတွင်ကျင်းပပြုလုပ်မယ့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စစ်ကောင်စီနှင့် မပူးပေါင်းဘဲ သပိတ်မှောက်ရန် ပြည်သူလူထုကိုတိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူအပေါ်ကို လက်နက်အားကိုးပြီး အနိုင်ကျင့်ဖိနှိပ်မှုတွေဆိုရင် ဘယ်လိုအဖွဲ့အစည်းမျိုးကပဲဖြစ်နေပါစေ လက်သင့်မခံဘဲ အရေးယူစီမံဆောင်ရွက်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော


စက်တင်ဘာ၂၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၉/၂၀၂၃) ကို စက်တင်ဘာ၂၈ရက်တွင် ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


"အခုဆို နိုင်ငံအနှံ့အပြား စစ်ရေးဖော်ဆောင်မှု၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေနဲ့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်လာနိုင်မှု၊ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ အဆင့်ဆင့် အမိန့်ပေးကွပ်ကဲမှု စနစ်တွေ အားကောင်းလာမှုကြောင့် အခုဆို တိုက်စစ်ဖော်ဆောင်ရာမှာ အင်မတန် အားရကျေနပ်ဖွယ် ကောင်းလှပါကြောင်း၊ နယ်မြေတည်ငြိမ်အေးချမ်းမှသာ အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နိုင်မှာ ဖြစ်သလို တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးမှုအပိုင်းတွေမှာလည်း အဖွဲ့အစည်းတွေကြားမှာ နားလည်မှုရှိရှိ၊ အချိတ်အဆက်မိမိနဲ့ ဆောင်ရွက်ကြဖို့လည်း လိုမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ဟာ တော်လှန်ရေးအစိုးရပင်ဖြစ်လင့်ကစား ပြည်သူအပေါ်ကို လက်နက်အားကိုးပြီး အနိုင်ကျင့်ဖိနှပ်မှုတွေဆိုရင် ဘယ်လိုအဖွဲ့အစည်းမျိုးကပဲဖြစ်နေပါစေ လက်သင့်မခံဘဲ အရေးယူစီမံဆောင်ရွက်မှုတွေ ပြုလုပ်ရမှာ ဖြစ်ပါကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၈/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း တိုင်ကြားစာကော်မတီတစ်ရပ်ဖွင့်လှစ်ကာ ပြည်သူလူထု၏ တိုင်ကြားမှုများကိုလက်ခံဖြေရှင်းပေးလျက်ရှိပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုဖြင့် စစ်ဘေးရှောင် ၅၀၀ခန့်အားဧည့်ခံကျွေးမွေး


စက်တင်ဘာ၂၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုဖြင့် စစ်ဘေးရှောင် ၅၀၀ခန့်အား ဧည့်ခံကျွေးမွေးခဲ့တယ်လို့ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ စက်တင်ဘာ ၂၈ရက်မှာ အသိပေးဆိုပါတယ်။


"အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်ပံ့ပိုးမှုဖြင့် စက်တင်ဘာ ၂၇ ရက်နေ့က အရာတော်မြို့နယ်သို့ ထွက်ပြေးရောက်ရှိလာခဲ့သော မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်များမှ စစ်ဘေးရှောင်ပြည်သူ ၅၀၀ ခန့်အား အရာတော်မြို့နယ် MOWYCA တာဝန်ခံ၊ မြို့နယ်ပအဖ၊ ပလဖ အဖွဲ့ဝင်များနှင့် ရပ်ကျေးအဖွဲ့အစည်းများမှ ဒေသခံများက ဧည့်ခံကျွေးမွေးမှုပြုလုပ်ခဲ့တယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်တပ်ဟာ နယ်မြို့များမှာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရုံသာမက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်မှုများလည်းရှိနေပါတယ်။


========================


📌📌 ၃။ မြဝတီ ဒရုန်းတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်း လက်ရုံးတပ် (၁၈၀၁)  Federal Wings ကို ဆုငွေ မြန်မာကျပ်ငွေ သိန်း (၁၀၀) MODကချီးမြှင့်


စက်တင်ဘာ(၂၈) ရက်နေ့ 

ကရင်ပြည်နယ်၊ မြဝတီ ဒရုန်းတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်း လက်ရုံးတပ် (၁၈၀၁) Federal Wings ကို ဆုငွေ မြန်မာကျပ်ငွေ သိန်း (၁၀၀) MODကချီးမြှင့်ခဲ့တယ်လို့ စက်တင်ဘာ၂၈ရက်မှာ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့၊ ညပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် လုံခြုံရေး အစည်းအဝေးပြုလုပ်နေစဥ် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wings ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် () ဦး ဗုံးထိမှန် သေဆုံးကာ ပြင်းထန်ဒဏ်ရာစိုးရိမ်ရ () ဦး၊ သာမန်ဒဏ်ရာ မစိုးရိမ်ရ () ဦးထိရှိခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wings ကို ဆုငွေအဖြစ် မြန်မာကျပ်ငွေ သိန်း (၁၀၀) ချီးမြှင်ခဲ့ခြင်း ဖြစ်ပါတယ်။ 


ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး နိုင်ကောင်းရွတ်၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး () ရဲဘော်စောရှားနှင့် ဒရုန်းလက်ရုံးတပ် (၁၈၀၁) Federal Wings တာဝန်ရှိသူတို့ တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌနှင့် မုံရွာလူထုသပိတ်အင်အားစုတို့မြေပြင်မှာတွေ့ဆုံဆွေးနွေး


စက်တင်ဘာ၂၈ရက်

စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌနှင့် မုံရွာလူထုသပိတ်အင်အားစုတို့ မြေပြင်မှာတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ စက်တင်ဘာ၂၈ရက်မှာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH)က တရားဝင်အသိပေးဆိုထားပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးမြင့်ထွေး၊ ဦးထွန်းထွန်းဝင်း(CRSH) တို့သည် မုံရွာလူထုသပိတ်‌‌ကော်မတီဝင်များနှင့် စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ဆုံခဲ့ကာ ဥက္ကဌမှ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့လုပ်ငန်းစဉ်နှင့် နိုင်ငံရေးရပ်တည်ချက်များကို ရှင်းလင်း‌ပြောကြားခဲ့တယ်လို့သိရပါတယ်။


ထို့နောက် တက်ရောက်လာသူများမှလည်း တော်လှန်ရေးကာလ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို အကြမ်းဖက်စစ်တပ်က ဟောင်ဝစ်ဇာ (Howitzer)ဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ် (၁၈) ဦး ဒဏ်ရာရကာ() ဦးပြင်းထန်ဒဏ်ရာရရှိခဲ့


စက်တင်ဘာလ (၂၈) ရက်နေ့

စစ်ကိုင်းတိုင်း ၀န်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကိုအကြမ်းဖက်စစ်တပ်က ဟောင်ဝစ်ဇာ (Howitzer)ဖြင့် ပစ်ခတ်ခဲ့၍ ကလေးငယ် (၁၈) ဦး ဒဏ်ရာရကာ () ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနမှ စက်တင်ဘာ၂၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ (၂၇) ရက်နေ့၊ နေ့လည် (၁၂:၃၀) နာရီခန့်တွင် အကြမ်းဖက်စစ်တပ်၏ (ခမရ-၁၀၂)မှ ဟောင်ဝစ်ဇာ(Howitzer)လက်နက်ကြီးဖြင့် ဝန်းသိုမြို့နယ် ဂျိုးထောင်ရွာ ဘူတာစုရပ်ရှိ ခန္တီဝံသာရာမကျောင်းတိုက်ကို  ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


ဂျိုးထောင်ကျေးရွာမှ ဘုန်းကြီးကျောင်းတွင် ကလေးငယ်များ ပညာသင်ယူနေချိန် စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ၃လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး  ဦးမှာ ပြင်းထန်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။


ဤဖြစ်ရပ်သည် မင်းအောင်လှိုင်ဦးဆောင်သော စစ်အုပ်စု စစ်ရာဇ၀တ်မှု ကျူးလွန်နေကြောင်း ထင်ရှားစွာ ပြသနေသည့် ဖြစ်ရပ်တခုပင်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဆိုပါတယ်။


========================


📌📌 ၆။ ကျုံဒိုးမြို့နယ်  ရက်တာတိုက်ပွဲအတွင်း စကစတပ်က၃၂ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


စက်တင်ဘာ၂၈ရက်

"ကေအဲန်ယူ - ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းရွာတွင် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ(၂၃၀) မခရ(၅၄၆) ခလရ(၂၀၈) တပ်ရင်း နှင့် ကေအဲန်ယူ - တပ်မဟာ () KNDO တပ်ရင်း () တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှ စက်တင်ဘာလ ၂၆ ရက်အထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း () ကြိမ် ဖြစ်ပွားခဲ့တယ်"လို့သိရပါတယ်။


ထို ရက်တာ တိုက်ပွဲအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ (၃၂) ဦး သေဆုံးပြီး () ဦး ဒဏ်ရာရခဲ့ကာ KNDO - ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မှ () ဦး ဒဏ်ရာ ရခဲ့ပါတယ်။


ကေအဲန်ယူ - ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် တောင်ကြာအင်းရွာတွင် တပ်စွဲထားသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များသည် တောင်ကြာအင်းရွာသို့ ဝင်ထွက်သွားလာခွင့်များ ပိတ်ပင်ထားကာ စစ်ဘေးရှောင် ပြည်သူများ၏ နေအိမ်အား ဖောက်ထွင်း မွှေနှောက်ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်း ဥစ္စာများအား ယူဆောင်သွားခြင်း၊ ဘုန်းကြီးကျောင်းမှ သာသနာပိုင်ပစ္စည်းများအား ခိုးယူခြင်းနှင့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်း စသည်များ နေ့စဥ်နှင့်အမျှ ပြုလုပ်လျှက်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ မြို့ထဲဝင်ရင် အောင်ပွဲခံဖို့ အလံတွေ ကြိုတင်ထုတ်ထားပြီးပြီလို့ ကော်ပရာစစ်ကြောင်းတပ်ခွဲ၄ အသိပေး


စက်တင်ဘာ၂၈ရက်

"မြို့ထဲဝင်ရင် အောင်ပွဲခံဖို့အလံတွေ ကြိုတင်ထုတ်ထားပြီးပြီလို့ စက်တင်ဘာ၂၈ရက်မှာ ကော်ပရာစစ်ကြောင်းတပ်ခွဲ ၄က အောင်လံနဲ့တကွဖော်ပြအသိပေးဆိုပါတယ်။


"မြို့ထဲဝင်ရင် အောင်ပွဲခံဖို့အလံတွေ ကြိုတင်ထုတ်ထားပြီးပါပြီ။ ဘာတဲ့. သေရဲတဲ့ကောင်ထွက်ခဲ့ ဆိုတဲ့စကားကို အဲ့အခါကျရင် ငါတို့ပြန်မေးပြီး မြို့ထဲဝင်လာခဲ့မယ်"လို့ဆိုထားပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ်ကို ၂၀၂၁ခု နှစ်စက်တင်ဘာ၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပြီး ၂၀၂၃ ခုနှစ်ဟာ အဆုံးသတ်တိုက်ပွဲအတွက် အဆုံးအဖြတ်နှစ်ဖြစ်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၈။ အင်းလေးဒေသတွင်ကျင်းပပြုလုပ်မယ့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စစ်ကောင်စီနှင့် မပူးပေါင်းဘဲ သပိတ်မှောက်ရန် ပြည်သူလူထုကိုတိုက်တွန်း


စက်တင်ဘာ၂၈ရက်

အင်းလေးဒေသတွင် ကျင်းပပြုလုပ်မယ့် အင်းလေးဖောင်တော်ဦးဘုရားပွဲတွင် စစ်ကောင်စီနှင့်မပူးပေါင်းဘဲ သပိတ်မှောက်ရန် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြည်သူလူထုကို တိုက်တွန်းဆိုထားပါတယ်။


"အင်းလေးဒေသမှ ပြည်သူများဟာ အတွေးအခေါ်အယူအဆ ဓမ္မ အဓမ္မ ခွဲခြားသိမြင်တတ်တဲ့ လူမျိုးဆိုတာပြယုဂ်ကောင်းပြဖို့ လိုအပ်တဲ့အချိန်ပါ။  အာဏာသိမ်းစစ်ကောင်စီနဲ့ လက်ပါးစေတို့ရဲ့ အသုံးချ ချနင်းမယ့် ဘာသာရေးကို ခုတုံးလုပ်မယ့် အကြံအစည်တွေကို တို့ပြည်သူတွေ သတိ အသိမမေ့မလျော့ မပေါ့မဆတာဝန်ရှိကြတယ်။ ဒါကြောင့် ဘာသာရေးကိုအစွန်းမရောက်စေချင်ဘူး အသိမှန် အမြင်မှန်သာ ရှိသင့်တယ်"လို့ IPDFကဆိုထားပါတယ်။


မြန်မာတစ်နိုင်ငံလုံးစစ်ဘေးကြောင့် ဒုက္ခရောက်နေချိန်မှာ ယခုလို ပျော်ပွဲ၊ ရွှင်ပွဲတွေကျင်းပ မနေသင့်တဲ့အတွက် အင်းလေးအမျိုးသမီးသမဂ္ဂ (IWU) IPDF IFDM တို့မှ အင်းလေးဒေသနှင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူများအား စကစမှကျင်းပပြုလုပ်သော ပွဲအား မပူးပေါင်းမဆင်နွဲကြဖို့၊ စစ်တပ်မိသားစုပိုင်ဟိုတယ်များအား မတည်းခိုကြဖို့မေတ္တာရပ်ခံအသိပေးကြေညာထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment