18th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်သူမှာ အာဏာသိမ်းယူထားသော အကြမ်းဖက်စစ်တပ်ဖြစ်သည်ဟု NUG ပြော

📌 ၂။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံ

📌 ၃။ Forum 2000  မြန်မာ့အရေးဆွေးနွေးပွဲတွင် NUG ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်ဆွေးနွေး

📌 ၄။ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့်ရှမ်းမြောက်တို့၌ စက်တင်ဘာလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ကျော်သေဆုံးပြီး လက်နက် ၄၆ လက်ရရှိဟု MOD ထုတ်ပြန်

📌 ၅။ နယူးယောက်မြို့တွင် NUG တာဝန်ရှိသူများနဲ့ ကုလ-မလေးရှား အမြဲတမ်း ကိုယ်စားလှယ်နှင့် မစ္စရန်ဟီးလီတို့အဖွဲ့ တွေ့ဆုံဆွေးနွေး

📌 ၆။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ရပ်တန့်ရန် အခြေအနေ မရှိတော့သည့်အတွက် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရန်နှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေး ထိရောက်သည့် ဆုံးဖြတ်ချက်များ အချိန်မှီ လုပ်ဆောင်ရန် နိုင်ငံတစ်ကာ အသိုင်းဝိုင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တိုက်တွန်း

📌 ၇။ စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကို ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်း တက်ရောက်ခဲ့တာဟာ KNU နဲ့ သက်ဆိုင်မှုမရှိဘဲ သူ့သဘောဆန္ဒအရ တက်ရောက်ခဲ့တာ ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီကနေ စိစစ်ကိုင်တွယ် သွားမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်သူမှာ အာဏာသိမ်းယူထားသော အကြမ်းဖက်စစ်တပ်ဖြစ်သည်ဟု NUG ပြော


အောက်တိုဘာ ၁၇။ 

မြန်မာနိုင်ငံတွင် နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုခင်းများနှင့် ငွေကြေးလိမ်လည်မှုများကို အဓိကဆောင်ရွက်ကျူးလွန်နေသူမှာ အာဏာလုယူထားသော အကြမ်းဖက်စစ်တပ်သာ ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်လိုက်ပါတယ်။

လူကုန်ကူးမှု၊ ငွေကြေးလိမ်လည်မှုများ၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းများနှင့်စပ်လျဉ်းပြီး အောက်တိုဘာလ ၁၇ ရက် နေ့က ထုတ်ပြန်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။


အဲဒီရာဇ၀တ်မှုတွေကနေ အကြမ်းဖက်စစ်ကောင်စီကရရှိထားတဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို ဖော်ထုတ်နိုင်ဖို့  အနာဂတ်ကာလမှာ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ကတိပြုထားပါတယ်။ 


ဒါ့အပြင် ခိုးယူခံထားရတဲ့ ငွေကြေးများ ပြန်လည်ရရှိစေရေးနဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုများ ဖြတ်တောက်ရေးတို့ကို လုပ်ဆောင်ရာမှာလည်း တရားမျှတမှုရှိစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုခင်းတွေကို တွက်ချက်ခန့်မှန်းနိုင်ဖို့အတွက် လုပ်ငန်းအဖွဲ့တရပ် ဖွဲ့စည်းထားပြီး၊ ရာဇဝတ်ပြစ်မှုများ နှိမ်နှင်းရေးအတွက်လည်း မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် ပြည်တွင်းပြည်ပက သက်ဆိုင်သူများနဲ့ နှိမ်နှင်းရေးလုပ်ငန်းမှာ အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့ တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသူများ၊ နိုင်ငံခြားသံရုံးများ၊ အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနဲ့လည်း ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။


မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အနည်းဆုံး လူပေါင်း တစ်သိန်း ၂သောင်း ခန့်ဟာ အွန်လိုင်းကတဆင့် လိမ်လည်မှုများလုပ်ဆောင်ဖို့ အတင်းအကြပ် ဖိအားပေးစေခိုင်းခံနေကြရတယ်လို့ သိရပါတယ်။

အဲဒီထဲက လူအများစုဟာ အိမ်နီးချင်းနိုင်ငံတွေကနေ မြန်မာနိုင်ငံအတွင်း လူကုန်ကူးခံကြရသူတွေဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့နေရာတွေမှာ ငွေကြေးလိမ်လည်မှုတွေ အကြီးအကျယ်လုပ်ကိုင်ခဲ့ကြရတဲ့အပြင် နောက်ပိုင်းမှာ ရာဇဝတ်မှုများပြုလုပ်ဖို့ အတင်းအကြပ်စေခိုင်းခြင်း၊ ညဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် ခေတ်သစ်ကျွန်ပြုခြင်းတို့ရဲ့ သားကောင်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

အာဏာလုယူထားတဲ့ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုအပေါ်  စစ်ပွဲဆင်နွှဲနေတာကြောင့် မငြိမ်မသက်မှုများ ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ လိမ်လည်တဲ့လုပ်ငန်းများကရရှိနေတဲ့ငွေဟာ တိုင်းပြည်ရဲ့ စုစုပေါင်း ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုထက်ပိုများတဲ့ ငွေကြေးပမာဏများကို ရရှိနိုင်ဖွယ် ရှိနေတယ်လို့လည်း အသိပေးထားပါတယ်။  


ဒီလိုဖြစ်တာဟာ အကြမ်းဖက်စစ်တပ်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို စနစ်တကျဖျက်ဆီးခဲ့မှု၊ ပြည်သူများအပေါ်  စစ်ရာဇဝတ်မှုများကျူးလွန်ရာမှာ ရဲတပ်ဖွဲ့က ပါဝင်ပတ်သက်မှုများကြောင့်ဖြစ်တယ်လို့  NUG ဆိုပါတယ်။

မြန်မာနိုင်ငံအနှံ့၊ အထူးသဖြင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်များ ထိန်းချုပ်ထားတဲ့ နယ်စပ် ဒေသတွေ အများဆုံးကျူးလွန်နေကြတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ် မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာအသိုင်း အဝိုင်းက ကြိုးပမ်းဆောင်ရွက်နေတာကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုထားပြီး  မြန်မာနိုင်ငံမှာ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းများနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်ကို အမျိုးသားညီညွတ်ရေးအစိုးရက ရှုတ်ချထားပါတယ်။


========================


📌📌 ၂။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌနှင့် တွေ့ဆုံ


အောက်တိုဘာ ၁၇။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်အဖွဲ့ ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ Jiří Oberfalzer အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ Pavel Fischer တို့နှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာ ၁၆ ရက်နေ့ ညနေပိုင်းက ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဆိုပါ ဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးလင်းသန့်လည်း တက်ရောက်ခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးရာတွင် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုများနဲ့ ရင်ဆိုင်နေရသည့် ပြည်သူများအား ထိရောက်တဲ့ အကာအကွယ် ပေးနိုင်ရန် လက်တွေ့ကျသည့် ဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်ရန်၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရန်နှင့် မြန်မာ့အရေး ဥရောပပါလီမန်နဲ့ ဥရောပသမဂ္ဂအတွင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က Prague ခရီးစဉ် အတွင်း NUCC , NUG နှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကြား ကြိုတင်ညှိနှိုင်း သဘောတူချက် ရယူထားသည့် ဥရောပသမဂ္ဂ နှင့်အဖွဲ့ဝင် နိုင်ငံများသို့ မေတ္တာရပ်ခံစာ ( Praha Appeal ) ကိုလည်း ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ Forum 2000  မြန်မာ့အရေးဆွေးနွေးပွဲတွင် NUG ပြည်ထောင်စုဝန်ကြီးများ ဦးဆောင်ဆွေးနွေး


အောက်တိုဘာ ၁၇။

ချက်(ဇ်) သမ္မတနိုင်ငံ၊ ပရာ့ဂ်မြို့တွင် ပြုလုပ်လျက်ရှိသော (၂၇) ကြိမ်မြောက် Forum 2000 ညီလာခံတွင် ‘Myanmar Overlooked Struggle’ ခေါင်းစဥ်ဖြင့် မြန်မာနိုင်ငံရေးရာ သီးသန့် ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တက်ရောက်ဆွေးနွေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။


ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများမှ နိုင်ငံတကာ ရာဇဝတ်အဆင့်ထိ ရောက်ရှိနေသည့် အခြေအနေများအပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်နေမှု၊ တိုင်းရင်းသားများနှင့် ပူးပေါင်းလက်တွဲ၍ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအရေး ဆောင်ရွက်နေမှု၊ စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိသည်အထိ အောင်မြင်မှု ရရှိနေသည်များကို တင်ပြဆွေးနွေးခဲ့ပါတယ်။


မြန်မာနိုင်ငံအရေးသည် ပြည်တွင်းရေး သက်သက်မဟုတ်ဘဲ ဒေသအတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိခိုက်နေသည်သာမက နိုင်ငံတကာ ဒီမိုကရေစီလမ်းကြောင်းနှင့် တရားမျှတမှုကို စိန်ခေါ်မှု ဖြစ်ကြောင်းတင်ပြခဲ့ပြီး စစ်အာဏာရှင်အ‌ပေါ် အရေးယူဆောင်ရွက်မှုနှင့် ဒီမိုကရေစီ အင်အားစုများအပေါ် သံတမန်ရေး ထောက်ခံမှု၊ လူသားချင်းစာနာမှုနှင့် အားပေးထောက်ခံမှုများကို လုပ်‌ဆောင်ခြင်းအားဖြင့် ဒီမိုကရေစီကို ကာကွယ်ပေးကြရန်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။၊


ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး မြန်မာနိုင်ငံရေးရာ သီးသန့် ဆွေးနွေးမှု အောင်မြင်စွာ ပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါဆွေးနွေးပွဲတွင် အခမ်းအနားမှူးအဖြစ် မြန်မာ့အရေး စဉ်ဆက်မပြတ် လုပ်‌ဆောင်နေတဲ့ Mr.Igor Blazevic က တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၄။ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့်ရှမ်းမြောက်တို့၌ စက်တင်ဘာလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ ကျော်သေဆုံးပြီး လက်နက် ၄၆ လက်ရရှိဟု MOD ထုတ်ပြန်


အောက်တိုဘာ ၁၇။ 

အမှတ် စစ်ဒေသလို့ သတ်မှတ်ထားတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့်ရှမ်းမြောက်ဒေသတွေမှာ စက်တင်ဘာလအတွင်းဖြစ်ခဲ့တဲ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဝ ကျော်သေဆုံးခဲ့ပြီး လက်နက် ၄၆ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD က ထုတ်ပြန်လိုက်ပါတယ်။

အမှတ် စစ်ဒေသမှာ စက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပေါင်း ၃၂၃ ကြိမ်ဖြစ်ခဲ့ပြီး ရန်သူ ၁၇၅ ဦးသေဆုံးကာ ၃ဝ၁ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး သေနတ်မျိုးစုံ ၄၆ လက်နဲ့ ခဲယမ်းတွေလည်း အမြောက်အများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


ဒီတိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က တော်လှန်ရေးရဲဘော် ၄၂ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီတိုက်ပွဲတွေကို အမှတ် စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF ပကဖ နဲ့ EROs ပူးပေါင်းအဖွဲ့တွေ ဆင်နွှဲခဲ့ကြတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ နယူးယောက်မြို့တွင် NUG တာဝန်ရှိသူများနဲ့ ကုလ-မလေးရှား အမြဲတမ်း ကိုယ်စားလှယ်နှင့် မစ္စရန်ဟီးလီတို့အဖွဲ့ တွေ့ဆုံဆွေးနွေး


အောက်တိုဘာ ၁၇။

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်မိုး တို့သည် Ms. Yanghee Lee (ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင်) (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း) Mr. Chris Sidoti (မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင် အဖွဲ့ဝင်ဟောင်း) Mr. Sofian Akmal ABD KARIM (မလေးရှားနိုင်ငံဆိုင်ရာ ဒုတိယ အမြဲတမ်းကိုယ်စားလှယ်) တို့နှင့် အောက်တိုဘာ ၁၇ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မလေးရှား အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးတို့တွင် ပြုလုပ်ခဲ့တဲ့ အဆိုပါတွေ့ဆုံမှုမှာ မြန်မာ့ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအခြေအနေနဲ့ ရိုဟင်ဂျာအရေးများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး မလေးရှားအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးကို ဆက်လက်ကူညီပေးနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၆။ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှာ ရပ်တန့်ရန် အခြေအနေ မရှိတော့သည့်အတွက် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရန်နှင့် ဒီမိုကရေစီ ပြန်လည်ထွန်းကားစေရေး ထိရောက်သည့် ဆုံးဖြတ်ချက်များ အချိန်မှီ လုပ်ဆောင်ရန် နိုင်ငံတစ်ကာ အသိုင်းဝိုင်းကို သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တိုက်တွန်း


အောက်တိုဘာ ၁၇။

(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဒီနေ့အချိန်အထိ ရပ်တန့်မယ့် အရိပ်အယောင် စိုးစဉ်းမျှမရှိ၊ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ချုပ်ငြိမ်းစေဖို့နဲ့ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေး ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေကို နိုင်ငံတကာ အသိုက်အဝန်းက အချိန်မီ ချမှတ်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။


နယူးယောက်မြို့တွင် ကျင်းပလျက်ရှိတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) အစည်းအဝေးတွင်  အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၁၀ နာရီက ကျင်းပပြုလုပ်တဲ့ စိတ်ဆန္ဒမပါဘဲ အတင်းအကြပ်ပျောက်ကွယ်စေမှုဆိုင်ရာ (Enforced disappearance) လုပ်ငန်းအဖွဲ့  ဥက္ကဋ္ဌနှင့် အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်မှာ သံအမတ်ကြီးမှ ထိုကဲ့သို့ တိုက်တွန်း  ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။


မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၊ စစ်တပ်မှ မတရား စစ်အာဏာသိမ်းပြီးချိန်ကစလို့  အပြစ်မဲ့ အရပ်သားပြည်သူတွေဟာ စစ်တပ်က ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုများကို နေ့စဉ် ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းနေရပြီး စစ်တပ်က မကြာခဏအသုံးပြု လျက်ရှိသော နည်းဗျူဟာများတွင် အတင်းအကျပ် ပျောက်ကွယ်စေမှုလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေဟာ ဖမ်းဆီးခေါ်ဆောင်သွားခံရသည့် နေရာကိုပင် မသိရဘဲ ဖြစ်နေပြီး ဥပဒေမဲ့စွာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ သေဆုံးပြီး အချိန်ကြာမှသာ သက်ဆိုင်ရာမိသားစုဝင်တွေကို အသိပေးခြင်း၊ တချို့ဖြစ်ရပ်များတွင် အဓမ္မ ခေါ်ဆောင်ခံရသူတွေရဲ့ အလောင်းတွေကို နီးစပ်ရာကျေးရွာတွေမှာ ရှာဖွေတွေ့ရှိရကြောင်းကို ဆွေးနွေးခဲ့ပါတယ်။


ဥပမာအနေနဲ့ ၂၀၂၂ ခုနှစ်၊ မတ်လက CDM ဝန်ထမ်း တစ်ဦး အဓမ္မဖမ်းဆီး ခေါ်ဆောင်ခံရပြီး ရက်အကြာမှာ သတ်ဖြတ်ခံခဲ့ရပေမယ့် ၎င်းရဲ့ မိသားစုဝင်များ အနေဖြင့် ၁၇ ကြာပြီးမှသာ သေဆုံးသွားပြီဆိုတဲ့ သတင်းကို သိရှိရတဲ့ ဖြစ်စဉ်ကို ထည့်သွင်းပြောကြားခဲ့ပါတယ်။


တဆက်ထဲမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရေးနဲ့ အတင်းအကျပ် ပျောက်ကွယ်စေမှု တွေကို ရပ်တန့်နိုင်ရေး မြန်မာပြည်သူတွေ ကြိုးပမ်းဆောင်ရွက်ရာမှာ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ပေးအပ်နိုင်မယ့် အကူအညီများအတွက် မည်သို့ အကြံပြုလိုသည်ကို သိရှိလိုပါကြောင်း သံအမတ်ကြီးက မေးမြန်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီရဲ့ NCA နှစ်ပတ်လည်ပွဲကို ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်း တက်ရောက်ခဲ့တာဟာ KNU နဲ့ သက်ဆိုင်မှုမရှိဘဲ သူ့သဘောဆန္ဒအရ တက်ရောက်ခဲ့တာ ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီကနေ စိစစ်ကိုင်တွယ် သွားမယ်


အောက်တိုဘာ ၁၇။

စစ်ကောင်စီက ကျင်းပပြုလုပ်ခဲ့တဲ့ NCA နှစ်ပတ်လည်ပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုရွှေမောင်း တက်ရောက်ခဲ့တာဟာ KNU နဲ့ ပတ်သက်မှုမရှိဘဲ သူ့သဘောထား ဆန္ဒအရ တက်ရောက်ခဲ့တာ ဖြစ်ပြီး စည်းကမ်းထိန်းသိမ်းရေး ကော်မတီကနေ စိစစ် ကိုင်တွယ် သွားမယ်လို့ KNU က ဆိုပါတယ်။ 


ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောစာချုပ် (NCA) ရှစ်နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို KNU ဥက္ကဌဟောင်း စောမူးတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့ တက်ရောက်ရာမှာ ပဒိုရွှေမောင်းလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။


တကယ်မှာတော့ ရွှေမောင်းက ခွင့်ရက်ရှည်ယူထားတာ ရှိပါတယ်၊ ဒါပေမယ့် ခရိုင်ရုံးစိုက်တဲ့ နေရာမှာတခါမှမရှိနေဘူး၊ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိပါဘူး၊ ခွင့်ထဲမှာ အေးဆေးမနေဘဲနဲ့ သွားချင်ရာသွား လုပ်ချင်ရာ လုပ်နေတဲ့ အနေအထားမှာ ရှိနေတယ်လို့ KNU ဗဟို ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြေကြားထားပါတယ်။ 

ပဒိုရွှေမောင်းဟာ KNU ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဥက္ကဌ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ထဲက ခွင့်ရက်ရှည်ယူထားတာဖြစ်ပြီး ခွင့်ယူထားတဲ့ ကာလအတွင်း ခရိုင်ဒုတိယဥက္ကဌ ဖြစ်သူက သူ့တာဝန်ကို ယူထားရပြီး စီမံခန့်ခွဲရေးနဲ့ အုပ်ချုပ်ရေးအပိုင်းကိုတော့ ခရိုင်အတွင်းရေးမှူးက တာဝန်ယူထားတယ်လို့ သိရပါတယ်။


ပဒိုရွှေမောင်းဟာ အာဏာသိမ်းပြီးနောက် KNU လက်အောက်ခံတပ်တွေ၊ တော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်နေတာကို လက်ခံလိုခြင်းမရှိဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့သာ ဖြေရှင်းသင့်တယ်လို့ ပြောဆိုရပ်တည်ခဲ့သူ တဦးဖြစ်ပါတယ်။


KNU ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ NCA စာချုပ် စတင် လက်မှတ်ရေးထိုး ချိန်ထဲက ပါဝင်ခဲ့ပေမယ့် စစ်အာဏာသိမ်းပြီး နောက်မှာတော့ NCA စာချုပ်ပျက်ပြယ်ပြီလို့ အစဉ်တစိုက် ပြောဆိုခဲ့ပြီး NCA နှစ်ပတ်လည်မတိုင်မှီ ရက်ပိုင်းကမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရော NCA ပါ ပျက်ပြယ်သွားပြီလို့ CNF, ABSDF တို့နဲ့ ပူးတွဲကြေညာချက် ထုတ်ခဲ့ပါသေးတယ်။


အဲ့ဒီလို NCA ပျက်ပြယ်ပြီလို့ တရားဝင်ထုတ်ပြောနေတဲ့ KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး စစ်ကောင်စီကျင်းပတဲ့ အခမ်းအနားတွေ တက်ရောက်တာ၊ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံနေတာဟာ မဖြစ်သင့်ဘူးလို့ တော်လှန်ရေး အင်အားစုတွေအကြား ဝေဖန်ပြောဆိုတာတွေ လည်းရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment