ပဲခူးရေဘေးကြောင့်စပါးတစ်ရာသီစာအကျိုးအမြတ်ဆုံးရှုံးနစ်နာဖို့ရှိနေ (စိုက်ပျိုးစီးပွားတောင်သူစကားသံအစီအစဉ်) မကြေးမုံ


ပဲခူးရေဘေးကြောင့်စပါးတစ်ရာသီစာအကျိုးအမြတ်ဆုံးရှုံးနစ်နာဖို့ရှိနေ (စိုက်ပျိုးစီးပွားတောင်သူစကားသံအစီအစဉ်) မကြေးမုံ


Radio NUG ကိုနားဆင်နေကြတဲ့ ပရိသတ်များရှင်/ခင်ဗျာ၊ အခုတင်ဆက်ပေးမည့်အစီအစဉ်ကတော့

"စိုက်ပျိုးစီးပွား တောင်သူစကားသံ" အစီအစဉ်ကို နားဆင်ကြရမှာပါ။ပဲခူးရေဘေးမှာ နစ်မြှုပ်သွားတဲ့ စပါးခင်းတွေကို စာရင်းကောက်ယူဖို့ လယ်သမားတွေမှာ အခက်အခဲရှိနေပြီး စပါးတစ်ရာသီစာအကျိုးအမြတ် ဆုံးရှုံးနစ်နာသွားဖို့ရှိနေပါတယ်။  ဒီ သတင်းကို မကြေးမုံကပေးပို့ထားပါတယ်။ 


ရန်ကုန်နဲ့ပဲခူးနယ်စပ် သက္ကလ၊ ကဝ၊ သနပ်ပင်၊ ဝေါ၊ ဒိုက်ဦးစတဲ့ ပဲခူးအရှေ့ခြမ်းရဲ့ စပါး အိုးလို့ တင်စားရတဲ့ဒေသတွေမှာ  ဆယ်ရက်အတွင်းမိုးများပြီးရေတွေကြီးလာလို့ မှည့် ဝင်းနေတဲ့စပါးခင်တွေ မရိတ်သိမ်းခင်မှာပဲ ရေနစ်မြှုပ်သွားတာဖြစ်ပါတယ်။ လတ်တ လောမှာ မိုးကဆက်လက်ရွာသွန်းနေဆဲဖြစ်လို့ တောင်သူတွေ အသက်ဘေးကင်းဖို့ ဆောင်ရွက်နေရပြီး နစ်မြှုပ်သွားတဲ့ စပါးခင်းတွေကို စာရင်း ကောက်ယူနိုင်တာမရှိဘူးလို့ ဝေါမြို့က တောင်သူတစ်ဦးက အခုလိုပြောပါတယ်။ 


"အထိအခိုက်အပျက်အစီးက မရနိုင်လောက်ဘူး။ မရနိုင်လောက်ဘူးဆိုတာ ခုနပြောသလို ဖြစ်သွားတာဖြစ်သွားပြီ၊ အဓိကကာကွယ်တဲ့ ကိစ္စကိုအဓိက အာရုံထားပြီး လုပ်နေကြတယ်။ ဒီဟာကလည်း အခုဖြစ်သွားတာကလည်း ဘာမှကိုလုပ်လို့မရတော့ တာ။ ဘာမှကိုလုပ်လို့မရတော့ဘူးဆိုတာ တစ်ခါမှကိုမဖြစ်ဖူးတော့လေ၊ အရင်က စပါး ပင်အခြေမှာပဲ မြှုပ်တာဆိုတော့ ဒီနှစ်က ရိတ်ခါနီးမှ မြှုပ်တာ ဒီလိုမျိုးတစ်သက်မှာ တစ်ခါ မှမကြုံဖူးဘူး။ဆိုတော့ ဘယ်လိုပြောလို့ပြောရမှန်းကိုမသိဘူးဖြစ်နေတာ၊ ကျွန်တော်တို့လည်း ဘာလုပ်လို့ လုပ်ရမှန်းကိုမသိဘူးဖြစ်နေတာ။”


ပဲခူးရေဘေးအခြေအနေကို အရပ်ဘက်မိုးလေဝသစောင့်ကြည့်လေ့လာသူစေတနာရှင် ကအခုလိုပြောပါတယ်။ 

"ပဲခူးမြစ်ရေကတော့ မိုးဇလကတော့ထုတ်ထားတယ်။ လေးပေကျော်နေတယ်ပေါနော်။ အရင်တုန်းက စံချိန်ထက်ကိုအများကြီးမြင့်သွားတယ်။ အဲ့တော့ လေးပေ အထက်ပေါ့။ ကျွန်တေ်ာတို့အခုတိုင်းတာက ၁၂၄ စင်တီမီတာဆိုတော့ လေးပေကျော် ကျော်ပေါ့။ အဲ့ဒီလောက်ကျော်နေတယ်။ ပဲခူးမြစ်ရဲ့ မြစ်ရေတိုင်းတဲ့ စတေရှင်က ၂ ခုရှိတယ်။ ဇောင်းတူမှာတစ်ခုရှိတယ်။ ပဲခူးမှာတစ်ခုရှိတယ်။ ဇောင်းတူမှာလည်းအတက် များနေတာပေါ့နော်။ နောက်ပြီးတော့မှ ပဲခူးမှာလည်းအတက်ကြမ်းနေတယ်။ ဇောင်းတူ မှာလည်း + 180 စင်တီမီတာ၊ ပဲခူးမှာဆိုရင်လည်း  +84 အဲ့လိုတက်နေတယ်။ အဲ့တော့ စိုးရိမ်ရေမှတ်အထက်ကိုတော်တော်လေးကျော်နေတယ်။ အဲ့ဒါကြောင့် ပဲခူးကထိန်းမနိုင် သိမ်းမရဖြစ်ပြီးတော့ တော်တော်လေးကို ဆိုးတယ်။ ဘယ်လိုပြောမလဲဆိုတော့ ဇောင်း တူဆိုရင် လမ်းပေါ်တွေဘာတွေအကုန်လုံးရေတွေကျော်ပြီးတော့ မြစ်ထဲကို စီးဝင်နေ တယ်။ ပဲခူးမြစ်က ဇောင်းတူဆည်ကြီးရဲ့အရှေ့နားလောက်ကနေ ကပ်ပြီးတော့ ဟိုးဘက်ကိုဆက်စီးတာကိုး။ အဲ့မှာ ဇောင်းတူဆည်က ရေတွေ လျှံတဲ့သဘောမျိုးဖြစ်သွားတော့ ပဲခူးမြစ်ထဲကို အဲ့ဒီကရေတွေ စီးတာလည်းပါတယ်။ အဓိကတော့ မိုးများတာပေါ့။ မိုးတ အားများသွားတာ။ ထူးခြားဖြစ်စဉ်အနေနဲ့ ပြောမယ်ဆိုရင် မနေ့ကစပြီးတော့ ကျွန်တော်တို့ ပြည်ပတ်ဝန်းကျင်လောက်မှာ လေဖိအားနည်းရပ်ဝန်း၊ ကုန်းတွင်းမှာပေါ့နော်။ လေဖိအားနည်းရပ်ဝန်းတစ်ခုရှိတယ်။ နောက်ပြီးတော့ မြောက်ဘက်က မြစ်ကြီးနားပတ်ဝန်းကျင်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုရှိတယ်။ ကုန်းတွင်းပေါ့။ အများကြီးအားပြင်းပြင်း တော့မဟုတ်ဘူး။ ပြီးတော့မှ ကျွန်တေ်ာတို့ လေဖိအားနည်းချိုင့်ဝှမ်းလို့ခေါ်တာပေါ့။ လေဖိအားနည်းချိုင့်ဝှမ်းကလည်း မြန်မာနိုင်ငံတောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ထိုင်းနိုင်ငံကိုဖြတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်အထိ လေဖိအားနည်းချိုင့်ဝှမ်းကြီးက တောက်လျှောက်ရှိနေတယ်။ အဲ့ဒါကို မုတ်သုံလေဦးမျဉ်းလို့လည်းခေါ်တယ်။ အဲ့ဒါကြီးလည်းရှိနေတဲ့အတွက် ဒါမုတ်သုံက အားအသင့်အတင့်၊ အားကောင်းအဲ့သလိုဖြစ်တယ်။  မိုးများတယ်ပေါ့။ အဲ့အခြေနေက စဖြစ်တာပါပဲ။ ဖြစ်ပြီးတော့ ကျွန်တော်တို့တောက်လျှောက်ပါပဲ၊ လေဖိအားနည်းချိုင့်ဝှမ်းစဖြစ်ကထဲကိုက မိုးတွေများတော့မယ်ဆိုတာ  တောက်လျှောက် တင်ပေးနေပါတယ်ဗျ”


လတ်တလောမှာ စပါးတွေရေနစ်မြှုပ်လို့ နောက်ဆက်တွဲပျက်စီးဆုံးရှုံးသွားနိုင်တဲ့အခြေ အနေကို ဒိုက်ဦးမြို့နယ်က ဆန်စပါးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကအခုလိုပြောပါတယ်။ 


"ပဲခူးအရှေ့ခြမ်းကတော့ ဒီ ဝေါတို့၊ ကဝတို့၊ ဒိုက်ဦး တို့ကတော့တော်တော်ကို အခြေအနေဆိုးသွားပြီ။ ဘာဖြစ်လို့လည်းဆိုတော့ မြစ်ရေကလည်း ခြောက်တော့ အဲ့လိုပေါ့။ တစ်ခါမှ မကြုံဖူးတဲ့ရေဆိုတော့ ဆုံးရှုံးမှုတွေက အတော်ကိုကြီးမယ်ထင်တယ်။ ၈၀နှုန်းထွက်မယ့်ဟာက လေးဆယ်အောက်ရောက်သွားမှာပဲ။ ဒီကြားထဲ ရိတ်ခြွေစက်ခတွေက အနည်းဆိုရင် တစ်သိန်းသုံးသောင်းတွေ၊ တစ်သိန်းနှစ်သောင်း တွေအဲ့လိုမှ ရိတ်မယ်ပြောတော့ လယ်သမားကသေပြီ။ လေးဆယ်ထွက်ရင် ပုပ်ပွနေတဲ့ ပုပ်သိုးတဲ့စပါးတွေဆိုရင် ဝယ်တဲ့ဝယ်လက်ကလည်း မိုင်ကုန်မှ ငါးသိန်း၊ ခြောက်သိန်းပဲ ဝယ်ရဲတော့တယ်။ အခု အစိုဓာတ်ကလည်း အစိုဓာတ်က တစ်ချို့ဟာတွေက ၃၅ လောက်ဖြစ်နေတော့ တစ်နေ့မှ တစ်ပေါင်းတောင်မရဘူး။ အဲ့လိုကြန့်ကြာမှုတွေဖြစ် တယ်။ အခက်အခဲက အကုန်ရှိတယ်။ အခုရိတ်လည်း၊ မြှုပ်သွားတဲ့လယ်ရိတ်လည်း ရိတ် ခပေးတာနဲ့ သယ်ယူစရိတ်နဲ့ဆိုရင် လယ်သမားက မရိတ်တာမှ ကောင်းအုန်းမယ်။ စပါး ဘယ်လောက်ရမှာလဲ၊ ၈၀နှုန်းထွက်မယ့်ဟာက လေးဆယ်၊ သုံးဆယ်အောက်ထဲမှာပဲ ရမယ်"


ပဲခူးတိုင်းဒေသကြီးမှာ စုစုပေါင်း စပါးစိုက်ဧက ၃သန်းနီးပါးရှိပြီး လတ်တလောရေကြီးနစ် မြှုပ်တဲ့ အခြေအနေမှာ စပါးအများဆုံးထွက်တဲ့ ပဲခူးမြို့နဲ့ ပတ်ဝန်းကျင်ဒေသငါးခုမှာတော့  စပါးတွေမရိတ်သိမ်းခင် ရေနစ်မြှုပ်နေတာဖြစ်ပါတယ်။  အဲ့ဒီဒေသကတောင်သူတွေမှာတော့ စပါးစိုက်ပျိုးစရိတ်တွေ ဆုံးရှုံးရတော့မယ့်အပြင် ချေးငှားစိုက်ပျိုးရသူတွေမှာလည်း  စိုက်ပျိုးစရိတ်အကြွေးတွေနဲ့ အခက်အခဲတွေရှိလာမှာဖြစ်ပါတယ်။


အခုတင်ဆက်ပေးခဲ့တဲ့ မြေပြင်သတင်းအကြောင်းအရာတွေကိုတော့ Radio NUG သတင်းထောက် မကြေးမုံက ပေးပို့ထားတာဖြစ်ပါတယ်ရှင်/ခင်ဗျာ။







Share:

No comments:

Post a Comment