၂၀၂၄ မေလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ၄၄ နှစ်မြောက် ၅.၁၈ ဂွမ်ဂျူးအရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားသို့ NUG ဝန်ကြီးများ တက်ရောက်
📌 ၂။ စစ်ကောင်စီရဲ့ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်ကို NUG ကျန်းမာရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန်ရှုံ့ချ
📌 ၃။ ကလောမြို့ ဘော်ဆိုင်းမှာ မူးယစ်ဆေး သုံးစွဲသူနဲ့ သူခိုးတွေကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူ
📌 ၄။ ပြည်တွင်းစစ်အရှိန်ကြောင့် မြန်မာကိုပေးမယ့် ထိုင်းရဲ့အကူအညီများ ဆိုင်းငံ့ထားဟုဆို
၂၀၂၄ ခုနှစ် မေလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဘူးသီးတောင်မြို့ တမြို့လုံး မီးလောင်ပြာကျသွားပြီလို့ NUG လူ့အခွင့်အရေး ဒုဝန်ကြီးပြော
🚩 ၂။ ဝိုင်းမော်မှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ တိုက်ခိုက်
🚩 ၃။ ပခုက္ကူနယ် တင်းဂါတ်ရွာအနီးက စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှု စစ်အုပ်စုဘက်က ၈ ဦးဒဏ်ရာရ
🚩 ၄။ PDF စခန်းဝင်စီးတဲ့စစ်ကြောင်း မိုင်းကွင်းမိ၊ ခြုံခိုတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ၄၄ နှစ်မြောက် ၅.၁၈ ဂွမ်ဂျူးအရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားသို့ NUG ဝန်ကြီးများ တက်ရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်တို့သည် ကိုရီးယားနိုင်ငံ ဂွမ်ဂျူး ၅.၁၈ ဖောင်ဒေးရှင်းမှ ပြုလုပ်သည့် ၄၄-နှစ်မြောက် ဂွမ်ဂျူးပြည်သူ့အရေးတော်ပုံ အောက်မေ့ဘွယ် အလေးပြုအခမ်းအနားသို့ တက်ရောက်ကြသည်။
ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆော့ယောလ်၊ အစိုးရအဖွဲ့ဝင်များ၊ အတိုက်အခံ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အီဂျဲမြောင်၊ လွှတ်တော်အမတ်များ၊ နိုင်ငံရေးနှင့် လူထုအဖွဲ့အစည်းများ၊ ၂၀၂၄ ခုနှစ် ဂွမ်ဂျူးလူ့အခွင့်ရေးဆုရှင် သီရိလင်္ကာနိုင်ငံ မှ Suganthini Mathiyamuthan Thangarasa နှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည့် အဆိုပါအခမ်းအနားတွင် သမ္မတယွန်းက မိန့်ခွန်းပြောကြားသည်။
အခမ်းအနားအပြီးတွင် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ အီဂျဲမြောင်က NUG ဝန်ကြီးများအား ရင်းနှီးစွာ နှုတ်ဆက်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ဝန်ကြီးများနှင့်အတူ ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များလည်း တက်ရောက်လျက်ရှိသည်။
========================
📌📌 ၂။ စစ်ကောင်စီရဲ့ အစွန်းရောက်အကြမ်းဖက်လုပ်ရပ်ကို NUG ကျန်းမာရေးဝန်ကြီးဌာန ပြင်းပြင်းထန်ထန်ရှုံ့ချ
အကြမ်းဖက်စစ်ကောင်စီရဲ့ အစွန်းရောက်၊ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်လို့ NUG ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက ဆေးရုံဆေးခန်းတွေအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်တာ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အစဉ်တစိုက် ကျူးလွန်နေတာကြောင့် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရခိုင့်တပ်တော်၊ ရခိုင်ပြည်သူတို့နဲ့အတူ ခိုင်မာစည်းလုံးစွာ လက်တွဲရပ်တည်နေတယ်လို့လည်း အသိပေးပါတယ်။
ဒါ့အပြင် NUG ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ထိခိုက်သေဆုံးခဲ့ရတဲ့ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများအတွက် တရားမျှတမှုရှိအောင် ဆောင်ကျဉ်းပေးမှာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆေးရုံးဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် အကြမ်းဖက်စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်တာဟာ ဂျီနီဗာ ကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနဲ့လူအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အကြမ်းဖက်စစ်ကောင်စီရဲ့ အဆက်မပြတ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှု မထားဘဲ ဖြစ်နိုင်သမျှနည်းတွေနဲ့ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူဖို့နဲ့ ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတို့ဘက် ကနေ စာနာရပ်တည်ပေးဖို့ NUG ကျန်းမာရေးဝန်ကြီးဌာနက တောင်းဆိုထားပါတယ်။
စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုများကို ကျူးလွန်ရုံတင်မဟုတ်ဘဲ ရက်စက်နိုင်သမျှ နည်းလမ်းတွေနဲ့ အပြစ်မဲ့ပြည်သူတွေကိုသတ်ဖြတ်နေပြီး လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲ ဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေနဲ့ ဒီလုပ်တွေကို ရပ်တန်းက ရပ်ကြဖို့လည်း အလေးအနက် တိုက်တွန်းထားပါတယ်။
NUG ဝန်ကြီးဌာနအနေနဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုများစွာရှိနေတဲ့ သူရဲကောင်းကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနဲ့လက်တွဲပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင် သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ကလောမြို့ ဘော်ဆိုင်းမှာ မူးယစ်ဆေး သုံးစွဲသူနဲ့ သူခိုးတွေကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူ
မေ ၁၈
ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့၊ ရပ်ကွက် ၂ ခုမှာ ပြီးခဲ့တဲ့အပတ်က မူးယစ်ဆေး သုံးစွဲသူနဲ့ သူခိုးတွေကို စစ်ကောင်စီက စစ်မှုထမ်းခေါ်ယူခဲ့တယ်လို့ မြို့ခံတွေက ပြောကြားကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဘော်ဆိုင်းမြို့၊ ကံဦးရပ်ကွက် ၃ ဦးနဲ့ ကျောင်းတောင်ရပ်ကွက် တစ်ဦးပါဝင်ပြီး အသက် ၂၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဘော်ဆိုင်းမြို့ခံ တစ်ဦးက "မဖြစ်မနေမို့ ဆေးသမားတွေ ထည့်လိုက်တဲ့ သဘောပေါ့။ အဲဒီ ၄ ယောက်ထဲက ကျောင်းတောင် ရပ်ကွက်က ဝမ်းတူးဆိုရင် လုံးဝအိမ်ယာမဲ့ပဲ။ ဆွေမျိုး၊ မိသားစု ရှိတယ်။ မိသားစုကတောင် လက်မခံလို့ ဇရပ်ပျက်မှာ နေရတယ်။ ရပ်ကွက်လည်း လက်မခံဘူး။ တစ်ရွာလုံး ထောက်ခံချက်နဲ့ ရဲက ဦဆောင်ပြီး ဆေးသမားတွေပဲ ပို့လိုက်တာပေါ့" လို့ ပြောပါတယ်။
မူးယစ်ဆေးရောင်းသူတွေကို ရဲက လိုင်းကြေးကောက်ပြီး ကာကွယ်ပေးထားတာကြောင့် လိုင်းကြေးကောက်လို့မရတဲ့ သုံးစွဲသူနဲ့ သူခိုးတွေကိုပဲ စစ်မှုထမ်းအတွက် ခေါ်ယူတာလို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီ ၄ ဦးကို စစ်မှုထမ်းခေါ်ယူစဉ်က မိသားစုဝင်တွေကို အကြောင်းကြားတာမျိုး မရှိဘဲ တစ်ပတ်ကျော်ခန့် ကြာမှ ဆက်သွယ်ခွင့်ပေးပြီး လက်ရှိ ဘယ်တပ်မှာ ရောက်နေတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ တစ်ဦးက "၄ ယောက်လုံးက မိမနိုင် ဖမနိုင်တွေ၊ ဆေးလည်းစွဲတယ်။ ဆေးသုံးဖို့လည်း ပစ္စည်းတွေခိုးပြီး ရောင်းတယ်။ စစ်တပ်ထဲမှာလည်း WY(မူးယစ်ဆေး) သုံးလို့ရတယ် ဆိုတော့ လိုက်သွားကြတာ" လို့ ပြောပါတယ်။
ဘော်ဆိုင်းမြို့မှာ စစ်မှုထမ်းစရိတ် တစ်ကြိမ်တစ်ခါမှ ကောက်ခံဖူးတာမျိုး မရှိတဲ့အပြင် စစ်မှုထမ်း ခေါ်ယူတာလည်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရှမ်းပြည်နယ်က စစ်မှုထမ်းခေါ်ယူသူတွေကို တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း ဖြစ်တဲ့ တတက ၃ ကျိုင်းတောင်းမြို့နဲ့ တတက ၁၁ ကျိုင်းတုံမြို့တို့ကို ပို့ဆောင်လေ့ရှိတယ်လို့ တပ်တွင်း သတင်းအရင်းအမြစ်တွေဆီက စုံစမ်း သိရပါတယ်။
========================
📌📌 ၄။ ပြည်တွင်းစစ်အရှိန်ကြောင့် မြန်မာကိုပေးမယ့် ထိုင်းရဲ့အကူအညီများ ဆိုင်းငံ့ထားဟုဆို
မေ ၁၇၊ ၂၀၂၄
စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက ပေးအပ်မယ့် အကူအညီတွေကို ဆိုင်းငံ့ထားရပြီး ပြန်လည်သုံးသပ်ရမှာဖြစ်တယ်လို့ အိမ်နီးချင်းနိုင်ငံများ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (NEDA) ရဲ့ ဒါရိုက်တာ Peeramet Wutthithornnetirak က ထိုင်းသတင်းဌာန The Nation ကိုပြောပါတယ်။
လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ခွင့်ပြုပေးရမယ့် စီမံကိန်းတွေကို သွားရောက်လေ့လာရမယ့် အတိုင်ပင်ခံတွေက တိုးတက်မှုတွေကို လေ့လာစောင့်ကြည့်ဖို့ စီမံကိန်းဧရိယာတွေကို သွာလို့မရ ဖြစ်နေတယ်လို့ The Nation မှာ ဖော်ပြထားတာပါ။
ယခင်က အတည်ပြုပြီးတဲ့ စီမံကိန်းတွေကိုလည်း ၎င်းတို့ရဲ့ ဘတ်ဂျက်နဲ့ အကောင်အထည်ဖော်ဆောင်ရေး အချိန်ဇယားတွေကို ပြန်လည်သုံးသပ်ရမှာဖြစ်လို့ အဲဒီစီမံကိန်းတွေအတွက် ဆွေးနွေးမှုတွေကို ပြန်လည်မစတင်မီ မြန်မာပြည် အခြေအနေ ပုံမှန်ပြန်တည်ငြိမ်အောင် စောင့်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ယခင်က NEDA အနေနဲ့ မြန်မာနိုင်ငံကို ပရောဂျက် ၇ ခုအတွင်း ငွေကြေး ဘတ်ငွေ ၂.၃ ဘီလီယံနှင့် အကြံပေးပံ့ပိုးမှု ဘတ် ၆၇ သန်းစာ၊ စုစုပေါင်း ဘတ် ၂.၄ ဘီလီယံ ကူညီပံ့ပိုးပေးထားတယ်လို့ သိရပါတယ်။
ဆောင်ရွက်ဆဲ အကူအညီပေးရေး စီမံကိန်းတွေထဲမှာ မဟာမဲခေါင်ဒေသခွဲ (GMS) လက်အောက်ရှိ စီးပွားရေးစင်္ကြံအဆင့် ၃၊ မြဝတီ ဓာတ်အားခွဲရုံမှ 66 kV ဓာတ်အားလိုင်း တည်ဆောက်ရေး အသေးစိတ် ဒီဇိုင်းရေးဆွဲရေး စာချုပ်ချုပ်ဆိုတာနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ပေးတဲ့ နှစ်လမ်းသွားလမ်းတွေ တိုးတက်ကောင်းမွန်ရေး လေ့လာမှုတွေ ပါဝင်တာပါ။
NEDA ရဲ့ ယခင် ပြီးမြောက်ခဲ့တဲ့ စီမံကိန်းတွေထဲမှာ မြဝတီနဲ့ တနင်္သာရီတောင်တန်း အခြေတလျှောက် ဆက်သွယ်ထားတဲ့ ထိုင်း- မြန်မာ ကုန်းလမ်းချိတ်ဆက်စီမံကိန်း၊ ဘုရားသုံးဆူ စစ်ဆေးရေးဂိတ်ကနေ လမ်းဖောက်လုပ်ခြင်း၊ နယ်စပ်ဂိတ်တွေ ဆောက်လုပ်ခြင်း စတာတွေပါဝင်ပါတယ်။
လွန်ခဲ့သည့် ၁၉ နှစ်အတွင်း NEDA အနေနဲ့ ဘတ်ငွေ ၂၂.၃ ဘီလီယံတန်ဖိုးရှိ စုစုပေါင်းပရောဂျက်ပေါင်း ၉၆ ကို နိုင်ငံ ၇ နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ The Nation မှာ ဖော်ပြထားပါတယ်။ အဲဒီအကူအညီတွေထဲမှာ တန်ဖိုး ၂၂.၂ ဘီလီယံတန်ဖိုးရှိ ငွေကြေးထောက်ပံ့မှုစီမံကိန်း ၅၂ ခု နဲ့ ဘတ် ၃၁.၂၉ သန်း တန်ဖိုးရှိ အသိပညာလွှဲပြောင်းရေး စီမံကိန်း ၄၄ ခုတို့ ပါဝင်တယ်လို့ ဆိုထားပါတယ်။
Ref: NationThailand.com/ Myanmar civil war delays development assistance from Thailand
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဘူးသီးတောင်မြို့ တမြို့လုံး မီးလောင်ပြာကျသွားပြီလို့ NUG လူ့အခွင့်အရေး ဒုဝန်ကြီးပြော
ရခိုင်ပြည်နယ်ထဲက ဘူးသီးတောင်မြို့ တမြို့လုံး မီးလောင်ပြာကျသွားပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ဒီနေ့ မေလ ၁၈ ရက်မှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြလိုက်ပါတယ်။
စစ်ပွဲမှာ စည်းကမ်းဥပဒေရှိတယ် “War has rules” ဆိုတဲ့ ခေါင်းစဥ်နဲ့ ရေးသားဖော်ပြထားတာဖြစ်ပြီး မြေပြင်မှာရှိတဲ့ ရိုဟင်ဂျာတချို့နဲ့ စကားပြောပြီး ပြန်လည်တင်ပြထားတာဖြစ်တယ်လို့ ရှင်းပြထားပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်လောက်က ရခိုင့်တပ်တော် AA က ဘူးသီးတောင်မြို့မှာရှိတဲ့ ရိုဟင်ဂျာလူကြီးတွေနဲ့ အစည်းအဝေးလုပ်ကာ မြို့ပေါ်မှာရှိတဲ့သူတွေ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
AA အနေနဲ့ ဘူးသီးတောင်မြို့ကို သိမ်းယူတော့မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းလည်း အသိပေးဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေကတော့ သူတို့မှာ သွားစရာနေရာမရှိတဲ့အတွက် ထွက်သွားမှာမဟုတ်ဘူးလို့ ပြန်လည်ပြောကြားခဲ့ကြောင်းကို ဆိုထားပါတယ်။
ဘူးသီးတောင်မြို့တခုလုံး မီးလောင်ပြာကျသွားပြီဖြစ်တာကြောင့် ဒေသခံတွေဟာ မောင်တောနဲ့ ဘူးသီးတောင်လမ်းတ လျှောက်မှာရှိတဲ့ လယ်ကွင်းတွေထဲ ရောက်ရှိနေတယ်လို့လည်း အသိပေးထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေကြောင့် ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဘူးသီတောင်မြို့နယ်မှာရှိတဲ့ ကျေးရွာတွေက မွတ်ဆလင် ၇ထောင်ခန့်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ရန်ကို ကြောက်တာကြောင့် ရခိုင့်တပ်တော် AA ထံ ခိုလှုံလာတယ်လို့ AA ရဲ့ လူသားချင်းစာနာထောက်ထားမှုရုံး- HDCO က မေလ ဒုတိယပတ်မှာ အသိပေးထားပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ ဘူးသီးတောင်မြို့နယ်ထဲက စစ်ဘေးရှောင် မွတ်ဆလင်တွေကို ရခိုင့်တပ်တော် AA က မေလ ၁၃ ရက်နေ့ကပဲ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့ပါသေးတယ်။
========================
🚩🚩 ၂။ ဝိုင်းမော်မှာရှိတဲ့ စစ်တပ်စခန်းတွေကို KIA ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ တိုက်ခိုက်
ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီးက ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့ ခလရ -၃၂၁ ရှေ့တန်းတပ်စခန်းအပါအဝင် စစ်တပ်စခန်း တွေကို ကချင်လွတ်လပ်ရေတပ်မတော်- KIA နဲ့ KPDF တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေ ဒီနေ့ မေလ ၁၈ ရက် မနက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရွှေညောင်ပင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီခြေလျင်တပ် ခလရ- ၃၂၁ အပါအဝင် ဝိုင်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၈ခု ထက်မနည်းကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေ ၁၈ မနက် ၄ နာရီလောက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ လို့ 7Stars Nwes က ဖော်ပြပါတယ်။
ကဇူးယန်၊ ဂါးရာယန်၊ ဒိန်ဂါ၊ ခါးရှီ၊ အောင်မြေ-၂ နဲ့ အောင်မြေ-၁ ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအပြင် ရင်ကွဲတောင်စခန်းနဲ့ ရွှေညောင်ပင်အခြေစိုက်-ခလရ- ၃၂၁ တို့ကို KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
တိုက်ပွဲပြင်းထန်ပြီးလက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်သံတွေကို ဝိုင်းမော်မြို့ပေါ်ကတောင် ကြားနေရတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာဟာ မြစ်ကြီးနား-ဗန်မော်ကားလမ်းတလျောက်မှာရှိတာကြောင့် ဒေသခံတွေဟာ သတိနဲ့ နေ နေရတဲ့အနေအထားလည်းဖြစ်ပါတယ်။
ဝိုင်းမော်မြို့နယ်မှာ မတ်လ ၇ ရက်နေ့ကစပြီး KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။
ဒါ့အပြင် မံစီမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်တွေဖြစ်တဲ့ ခမရ- ၃၁၉ နဲ့ ခမရ- ၆၀၁ စခန်းကို KIA ဦးဆောင် တဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေရာမှာ အကြမ်းဖက်စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနေသလို မိုးမောက်မြို့နယ်က တခုတည်းသာကျန်တော့တဲ့ ခမရ- ၄၃၇ တပ်ကိုလည်း KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ပခုက္ကူနယ် တင်းဂါတ်ရွာအနီးက စစ်ဆေးရေးဂိတ်ကိုတိုက်ခိုက်မှု စစ်အုပ်စုဘက်က ၈ ဦးဒဏ်ရာရ
မကွေးတိုင်း ပခုက္ကူမြို့နယ်ထဲက တင်းဂါတ်ရွာအနီးမှာရှိတဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီးတွေနဲ့ တိုက်ခိုက် ခဲ့ရာမှာ စစ်အုပ်စုဘက်က ၈ ဦး ဒဏ်ရာရသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။
ပခုက္ကူ- ပေါက်လမ်းပေါ်မှာရှိတဲ့ အဲဒီစစ်ဆေးရေးဂိတ်ကို မနေ့ မေလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီကနေ ညနေ ၅ နာရီအထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အီနာဂါဗုံးသီး အလုံး၂ဝ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တင်းဂါတ်ရွာက ပျူခေါင်းဆောင် မြင့်ကြည်ရဲ့ ဒုလက်ထောက် သန့်ဇင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ ပျူစောထီး စုစုပေါင်း ၈ ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေနဲ့ ကားသမားတွေကို အနိုင်ကျင့်ဗိုလ်ကျကာ ငွေကြေး အတောင်းကြမ်းတာ ကြောင့် တိုက်ခိုက်ရတာဖြစ်တယ်လို့ မြိုင်ပကဖက အသိပေးပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ Black Cobra၊ PKU Thurain၊ Kamma Defence Force-KMDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ PDF စခန်းဝင်စီးတဲ့စစ်ကြောင်း မိုင်းကွင်းမိ၊ ခြုံခိုတိုက်ခိုက်ခံရပြီး ၂၀ ကျော်သေဆုံး
မေ ၁၇၊ ၂၀၂၄။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကျောက်ထပ်၊ ဇီးတော၊ သဲတော ရွာတွေဘက်မှာ PDF စခန်းဝင်စီး၊ ကျေးရွာဒေသခံပိုင်ပစ္စည်းတွေယူပြီး ပြန်လာတဲ့စစ်ကောင်စီအဖွဲ့တွေတိုက်ခိုက်ခံရလို့ ၂၀ ကျော်သေဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ မြေလတ်အသံ သတင်းဌာနကထုတ်ပြန်ထားပါတယ်။
မေ ၁၇ ရက် မနက် ၅ နာရီကျော်မှာ အင်အား ၃၀၀ ကျော်ပါတဲ့ ရေစကြိုအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ တပ်တွေက ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာနဲ့ အဲဒီကျေးရွာ ၃ ရွာကြားမှာရှိတဲ့ PDF စခန်းတခုကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တယ်လို့ဆိုပါတယ်။
" သတင်းအတိအကျရလို့ ကျနော်တို့စခန်းကိုဝင်စီးတာ။ ကျနော်တို့ကလည်း စစ်ကြောင်းလာမယ် သတင်းရလို့ လူတွေကြိုရှောင်ပြီး မိုင်းကွင်းဆင်ထားခဲ့တာ။ သူတို့က စခန်းမိုင်းကွင်းကိုကျော်ပြီး စခန်းထဲရောက်လာတော့ ကိုယ့်စခန်းကို လက်နက်ကြီးနဲ့ ပြန်ပစ်ရတဲ့အခြေအနေဖြစ်သွားတယ်" လို့ ဒေသကာကွယ်ရေး အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
စခန်းကိုလက်နက်ကြီးတွေနဲ့ ပြန်ပစ်ချိန် စစ်ကောင်စီအဖွဲ့တွေရောက်နေတဲ့ စခန်းနဲ့ မိုင်းကွင်းထဲကို လက်နက်ကြီး တွေကျရောက်ပေါက်ကွဲလို့ စစ်ကောင်စီအဖွဲ့ဝင် ၁၅ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရသွား တယ်လို့ဆိုပါ တယ်။
အဆိုပါ မနက် ၇ နာခန့်မှာ ဇီးတောကျေးရွာကနေ ပြည်သူတွေရဲ့ပစ္စည်းတွေကို ယူပြီးပြန်လာတဲ့ အင်အား ၁၀ ဦးပါ စစ်ကောင်စီအဖွဲ့ကို ဇီးတောကျေးရွာအထွက်မှာ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးစလုံး သေဆုံးပြီး သေနတ် ၉ လက်ရလာတယ်လို့ သိရပါတယ်။
လတ်တလောမှာ စစ်ကောင်စီအဖွဲ့တွေဟာ ကျေးရွာ ၃ ရွာစလုံးမှာ အင်အားဖြန့်ခွဲပြီး တပ်စွဲထားတယ်လို့ သိရပါ တယ်။
စစ်ကောင်စီအဖွဲ့တွေဟာ ဇီးတောကျေးရွာကို ဝင်ရောက်ချိန် မီးရှို့ခဲ့လို့ အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီး သွားပါတယ်။
ကျောက်ထပ်ကျေးရွာကို ဝင်ရောက်ချိန် ပစ်ခတ်လို့ အမျိုးသမီးတဦးသေဆုံးသွားသလို စစ်ကြောင်းဝင်ချိန် မပြေးနိုင်တဲ့ ကျေးရွာ ၃ ရွာစလုံးက ဒေသခံ ၁၀၀ ကျော်ကို ဓားစာခံအနေနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဝင်လာလို့ ကျောက်ထပ်၊ ဇီးတော၊ သဲတောရွာက ဒေသခံတထောင်ကျော် ဘေးလွတ်ရာ ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်တို့နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment