၂၀၂၄ ဇွန်လ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်သြစတြေးလျနိူင်ငံ မဲလ်ဘုန်းတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများအပါအဝင် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
📌 ၂။ မြန်မာနိုင်ငံအရေးကိုစိတ်ဝင်စားကြတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Congressional Burma Caucus အဖွဲ့ရဲ့တရားဝင်စတင်တဲ့အခမ်းအနား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ အောင်မြင်စွာကျင်းပခဲ့ပြီး NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးနှင့် နိုင်ငံခြားရေးဒုဝန်ကြီးတက်ရောက်
📌 ၃။ WFP ဂိုဒေါင်ဖောက်ထွင်းပြီး ဆန်အိတ် ၂၀၀၀ ကိုယူဆောင်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ
📌 ၄။ ရခိုင်ပြည်နယ် မြို့ ၃ မြို့ရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရပ်ဆိုင်း
📌 ၅။ "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်" ရန်ပုံငွေ ဈေးရောင်းပွဲမှ ရရှိသည့် ငွေကြေးများဖြင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နှင့် မကွေးတိုင်း အတွင်းရှိ ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ (၇၁,၃၄၇) ဦး အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာစများကို ဖြန့်ဝေထောက်ပံ့ခဲ့
📌 ၆။ မြန်မာ့အရေးနှင့်ပတ်သတ်သည့် ဂျပန်အစိုးရထံသို့ တင်ပြမည့် အကြံပြုတောင်းဆိုလွှာအား Hokkaido, Sapporo မြို့ရှိ ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် တခဲနက်ထောက်ခံအတည်ပြုနိုင်ခဲ့
📌 ၇။ ဝက်လက်မြို့နယ်မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၈ ခု ရှိလာ
၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေကို အကျိုးရှိရှိအသုံးပြုလျက်ရှိပြီး ရဲဘော်တွေအတွက်လိုအပ်နေသော Equipment အစုံ ၂၀ ဝယ်ယူတပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းတပ်ခွဲ၃ဖော်ပြ
🚩 ၂။ မိုးကုတ်မြို့မှာ စစ်သားတွေ အရပ်ဝတ်နဲ့ထွက်ပြေးနေတဲ့အတွက် ဒေသခံတွေ အိမ်ထဲမှာနေကြဖို့ မိုးကုတ်ဗျူဟာသတိပေး
🚩 ၃။ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး နှုတ်ထွက်ပြောင်းရွှေ့ရန် KNU ထုတ်ပြန်
🚩 ၄။ နောင်ချို ခမရ ၆၀၆၊ ကျောက်မဲ ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တို့ကို ထိုးစစ်ဆင်တိုက်ခိုက်၊ မြို့နယ် ၅ ခုတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
🚩 ၅။ ရေစကြိုနယ် ဆင်ချောင်းရွာက စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
🚩 ၆။ နန့်သာရွာ ဘုန်းကြီးကျောင်း တပ်စခန်းကို သိမ်းပိုက်၊ စစ်သား ၈ဦး သေ၊ ဓားစာခံ ၆ ဦးကို ကယ်ထုတ်နိုင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်သြစတြေးလျနိူင်ငံ မဲလ်ဘုန်းတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများအပါအဝင် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး
ဇွန်လ၂၈ရက်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်ဟာ သြစတြေးလျနိူင်ငံ မဲလ်ဘုန်းတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တာဝန်ရှိသူများအပါအဝင် မြန်မာကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး ဒေါ်ဇင်မာအောင်သည် မဲလ်ဘုန်းတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး သြစတြေးလျ မြန်မာအင်စတီကျု၏ အမှုဆောင်အဖွဲ့၀င်များနှင့် တခါးပိတ်ဆွေးနွေးပွဲတရပ် ပြုလုပ်ခြင်း၊ တက္ကသိုလ်ရှိ မြန်မာ့အရေးလေ့လာသူ သုတေသီများနှင့် နေ့လည်စာ မိတ်ဆုံစားပွဲ စာသုံးခြင်း၊ မြန်မာကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံကာ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြပါတယ်။
တက္ကသိုလ်၏ ဖိုရမ်ခန်းမတွင် ငြိမ်းချမ်းရေးတည်ဆောက်မှု အင်စတီကျူ့နှင့် မြန်မာသုတေသနကွန်ရက်မှ ကြီးမှူးကျင်းပသည့် လူထုနှီးနှောဖလှယ်ပွဲ၌ ပြည်ထောင်စု၀န်ကြီးနှင့် အဖွဲ့အား ဌာနေတိုင်းရင်းသား Wurundjeri Council မှ ကြိုဆိုခဲ့ပြီး၊ မဲလ်ဘုန်းတက္ကသိုလ်၏ Pro-Vice Chancellor Prof. Sara Wills က တက်ရောက်လာသူများနှင့် မိတ်ဆက်ပေးခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးက မြန်မာနိုင်ငံ၏ အနာဂတ်နှင့်ပတ်သက်သော မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာသူ ပရိတ်သတ်များနှင့် ရင်းနှီးပွင့်လင်းစွာ အမေးအဖြေများ လုပ်ဆောင်ခဲ့ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ပါမောက္ခ Gareth Evans က အခမ်းအနားအပြီးမှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။
အဆိုပါ အခမ်းအနားများတွင် ပြည်ထောင်စု၀န်ကြီးနှင့်အတူ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေလည်း တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ မြန်မာနိုင်ငံအရေးကိုစိတ်ဝင်စားကြတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Congressional Burma Caucus အဖွဲ့ရဲ့တရားဝင်စတင်တဲ့အခမ်းအနား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ အောင်မြင်စွာကျင်းပခဲ့ပြီး NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးနှင့် နိုင်ငံခြားရေးဒုဝန်ကြီးတက်ရောက်
ဇွန်လ ၂၈ရက်။
မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားကြတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Congressional Burma Caucus အဖွဲ့ရဲ့တရားဝင်စတင်တဲ့အခမ်းအနား အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ အောင်မြင်စွာကျင်းပခဲ့ပြီး NUGလူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးနှင့် နိုင်ငံခြားရေးဒုဝန်ကြီးတို့ တက်ရောက်ခဲ့ပါတယ်။
ဇွန်လ၂၈ရက်မှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုထားပါတယ်။
"မြန်မာနိုင်ငံအရေးကို စိတ်ဝင်စားကြတဲ့ အမေရိကန်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ Congressional Burma Caucus အဖွဲ့ရဲ့ တရားဝင်စတင်တဲ့အခမ်းအနားကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှာ ဇွန်လ ၂၈ရက်မှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်အတူ တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားကို Burma Caucus အဖွဲ့မှာ ပူးတွဲဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်နိုင်ငံ မီရှီကန်ပြည်နယ် ကိုယ်စားပြု အောက်လွှတ်တော်အမတ် Mr. Bill Huzinga (R-MI) ကတက်ရောက်ပြီးတော့ အဖွဲ့ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါတယ်။ ဒီအဖွဲ့အနေနဲ့ မြန်မာနိုင်ငံအရေးကို အမေရိကန် အထက်လွှတ်တော် အောက်လွှတ်တော်ကြားမှာ ပိုမိုသိရှိပြီးတော့ မြန်မာပြည်သူတွေအတွက် ထိရောက်အကျိုးရှိမယ့် အမေရိကန်အစိုးရရဲ့ ပေါ်လစီတွေပေါ်ထွက်လာဖို့ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လွှတ်တော်အဖွဲ့အနေနဲ့ အမေရိကန်အစိုးရကို ဆက်လက်ဖိအားပေးတဲ့နေရာမှာ
(၁) မြန်မာနိုင်ငံပြည်သူတွေ အထူးလိုအပ်နေတဲ့ ဆက်သွယ်ရေးနဲ့ တခြားသောကြိုတင် သတိပေးကာကွယ်မှုဆိုင်ရာ
နည်းပညာများ၊ ကိရိယာများ အမြန်ဆုံးထောက်ပံ့ပေးဖို့
(၂) အကြမ်းဖက်စစ်အုပ်စုအပေါ်မှာ စီးပွားရေးပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်တဲ့နေရာမှာ ကုလသမဂ္ဂဆိုင်ရာ
အထူးစုံစမ်းစစ်ဆေးရေးအရာရှိက ပြောကြားသွားခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို လက်နက်နဲ့ အခြားအထောက်အပံ့များ
ဝယ်ယူဖို့အတွက် ပံ့ပိုးပေးနေတဲ့ UAB နဲ့ A Bank များကိုပါ စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင်ဖို့
(၃) NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ပြည်သူလူထုရဲ့ဆန္ဒကို လေးစားပေးဖို့
(၄)အမေရိကန်ရဲ့ Bank Accountထဲမှာ ယာယီထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံအတွက် ရန်ပုံငွေတွေကို
မြန်မာ့ဒီမိုကရေစီအရေးအတွက် အသုံးပြုနိုင်ရန်ခွင့်ပြုပေးဖို့
(၅) အကြမ်းဖက်စစ်တပ်ကို လေယာဥ်ဆီတင်ပို့ရောင်းချခြင်းအပါအဝင်၊ လက်နက်တင်ပို့ရောင်းချမှုကို
တစ်ကမ္ဘာလုံးက ရပ်တန့်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဦးဆောင်လှုံ့ဆော်ဖို့
(၆) အာဆီယံအနေနဲ့ အလုပ်မဖြစ်တော့တဲ့ အခြေခံဘုံသဘောတူညီချက် (၅)ချက်ထက်ကျော်လွန်ပြီးတော့
ပိုမိုထိရောက်တဲ့နည်းလမ်းတွေပေါ်ထွက်လာဖို့အတွက် ဖိအားပေးဖို့
(၇) မြန်မာပြည်သူတွေအတွက်လိုအပ်နေတဲ့ လူသားချင်းစာနာမှုအကူအညီတွေ အမြန်ဆုံးထောက်ပံ့ပေးဖို့အတွက်
ဖိအားပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါတယ်။
"အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ Bill Huzinga က သူ့အနေနဲ့ Bringing Real Accountability Via Enforcement In Burma (BRAVE Burma Act) ကို အမြန်ဆုံးချမှတ်နိုင်ဖို့အတွက် ကြိုးစားနေတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါဥပဒေကြမ်းမှာဆိုရင်တော့ အမေရိကန်အစိုးရက မြန်မာစစ်တပ်ကို ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေထိရောက်အောင် ကြပ်မတ်ပေးမယ့်အချက်တွေပါဝင်ပါတယ်။ ဒီဥပဒေအရ မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကိုထိခိုက်အောင်၊ သေကြေပျက်စီးအောင် တိုက်ခိုက်မှုတွေလုပ်ကိုင်နိုင်အောင်ပံ့ပိုးပေးနေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေကို အမေရိကန် သမ္မတကနေ ဘဏ္ဍာရေး၊ စီပွားရေး ပိတ်ဆို့အရေးယူပေးဖို့အတွက် တင်ပြချက်တွေ ပါဝင်ပါတယ်"လို့လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဦးအောင်မျိုးမင်းက ဆိုပါတယ်။
အခမ်းအနားကို ကနေဒါ ပါလီမန်၊ မြန်မာ့ဒီမိုကရေစီ မိတ်ဆွေများအဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် MP Mr. Garnett Genius ကလည်း တက်ရောက်ပြီးတော့ ကနေဒါ ပါလီမန်အနေနဲ့လည်း မြန်မာ့ဒီမိုကရေစီအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ့်အကြောင်းပြောကြားခဲ့ပါတယ်။
========================
📌📌 ၃။ WFP ဂိုဒေါင်ဖောက်ထွင်းပြီး ဆန်အိတ် ၂၀၀၀ ကိုယူဆောင်ခဲ့ကြောင်း စစ်ကောင်စီဝန်ခံ
ဇွန်လ ၂၈ရက်။
Radio NUG
ဇွန်လ ၂၇ ရက်နေ့က ထုတ်ဝေတဲ့ စစ်ကောင်စီပိုင် သတင်းစာတွေကတဆင့် မောင်တောမြို့မှာရှိတဲ့ WFP(ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်) ဂိုဒေါင်ကို ခွင့်ပြုချက်မရှိဘဲ ဖောက်ထွင်းပြီး ဆန်အိတ် (၂၀၀၀)ကို ယူဆောင်ခဲ့တယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံလိုက်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ ဇွန်လ ၂၂ ရက်နေ့မှာ မောင်တောမှာရှိတဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ်တွေဖြစ်တဲ့အတွက်ကြောင့် ရပ်ကွက် ၁၊ ၂ ၊ ၃ ၊ ၄ ၊ ကညင်တန်းရပ်ကွက်၊ မောင်နီရပ်ကွက်တွေမှာရှိတဲ့ အိမ်ထောင်စု ၂၀၀၀ ကျော်ကို အိမ်ထောင်စုတစ်စုကို တစ်အိတ်စီနဲ့ ဆန်အိတ်များကို ဖြန့်ဝေပေးခဲ့ကြောင်း ပြောဆိုပါတယ်။
ဆန်အိတ် ၂၀၀၀ ကို ဖောက်ထွင်းယူဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရှိ WFPကို တရားဝင် အကြောင်းကြားခွင့်ပြုချက် ရယူခဲ့သလားဆိုတာ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားခြင်း မရှိပါဘူး။
ဇွန်လ ၂၂ ရက်နေ့မှာ AA အနေနဲ့ Droneတွေကို သုံးကာ ကင်းထောက် ထောက်လှမ်းပြီး အဲဒီ WFP ဂိုဒေါင်တွေကို Drone ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာကနေ မီးလောင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက လူသိရှင်ကြား လိမ်လည် သတင်းထုတ်ပြန်ခဲ့ပါတယ်။
========================
📌📌 ၄။ ရခိုင်ပြည်နယ် မြို့ ၃ မြို့ရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF)၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ရပ်ဆိုင်း
ဇွန်လ ၂၈ရက်။
Radio NUG
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားများကို ထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန်ကန့်သတ်ချက်များစွာ ရှိနေခြင်းကြောင့် ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များရှိ နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ရကြောင်း MSFက သတင်းထုတ်ပြန်ပါတယ်။
MSF သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရွေ့လျားဆေးခန်း (၁၄)ခု ဖွင့်လှစ်ပြီး ရခိုင်၊ ရိုဟင်ဂျာနှင့် အခြားရွေးချယ်စရာ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အလမ်းများကို လက်လှမ်းမမီသည့် လူနည်းစုအဖွဲ့များ အပါအဝင် လူမှုအသိုက်အဝန်းအားလုံးအတွက် မရှိမဖြစ် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါတယ်။
========================
📌📌 ၅။ "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်" ရန်ပုံငွေ ဈေးရောင်းပွဲမှ ရရှိသည့် ငွေကြေးများဖြင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နှင့် မကွေးတိုင်း အတွင်းရှိ ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ (၇၁,၃၄၇) ဦး အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာစများကို ဖြန့်ဝေထောက်ပံ့ခဲ့
ဇွန်လ၂၈ရက်။
"ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်" ရန်ပုံငွေ ဈေးရောင်းပွဲမှ ရရှိသည့် ငွေကြေးများဖြင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း အတွင်းရှိ ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ (၇၁,၃၄၇)ဦး အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာစများကို ဖြန့်ဝေထောက်ပံ့ခဲ့ပါတယ်။
ဇွန်လ ၂၈ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ဖော်ပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် ကိုးရီယား နိုင်ငံရောက် မြန်မာနိုင်ငံသားများပြုလုပ်သည့် "ပြည်သိမ်းအိမ်ပြန် တော်လှန်သင်္ကြန်" ရန်ပုံငွေ ဈေးရောင်းပွဲမှ ရရှိသည့် ကိုရီးယားဝမ် 17,985,611 (မြန်မာကျပ် သိန်း ၅၀၀)ဖြင့် ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းနှင့် မကွေးတိုင်း အတွင်းရှိ မြို့နယ်စုစုပေါင်း(၁၈)မြို့နယ်မှ နေအိမ်မီးရှို့ခံပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူ (၇၁,၃၄၇)ဦး အတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် မိုးကာစများကို သက်ဆိုင်ရာမြို့နယ် လူသားစာနာ တာဝန်ခံများကတဆင့် ဖြန့်ဝေထောက်ပံ့ခဲ့တယ်လို့ ဖော်ပြပါတယ်။
အရေးပေါ် စားနပ်ရိက္ခာနှင့် အမိုးအကာထောက်ပံ့မှုများကို စစ်ဘေးရှောင်ပြည်သူများ၏ လက်ဝယ်အရောက် ရရှိအောင် ဆောင်ရွက်ပေးခဲ့ကြသည့် မြို့နယ်အသီးသီးမှ လူသားစာနာ တာဝန်ခံများ၊ စေတနာ့ဝန်ထမ်းများနှင့် ရန်ပုံငွေ အလှူရှင်များ၏ ညီညီညွတ်ညွတ်ဝိုင်းဝန်း ဆောင်ရွက်ခဲ့မှုများကို ဝန်ကြီးဌာနက အထူးပင်အလေးအနက်ထား ကျေးဇူးတင်ရှိကြောင်းဆိုထားပါတယ်။
========================
📌📌 ၆။ မြန်မာ့အရေးနှင့်ပတ်သတ်သည့် ဂျပန်အစိုးရထံသို့ တင်ပြမည့် အကြံပြုတောင်းဆိုလွှာအား Hokkaido, Sapporo မြို့ရှိ ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် တခဲနက်ထောက်ခံအတည်ပြုနိုင်ခဲ့
ဇွန်လ၂၈ရက်။
မြန်မာ့အရေးနှင့်ပတ်သတ်သည့် ဂျပန်အစိုးရထံသို့ တင်ပြမည့် အကြံပြုတောင်းဆိုလွှာအား Hokkaido, Sapporo မြို့ရှိ ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် တခဲနက်ထောက်ခံအတည်ပြုနိုင်ခဲ့ပါတယ်။
ဇွန်လ၂၈ရက် ဂျပန်နိူင်ငံဆိုင်ရာNUGကိုယ်စားလှယ်ရုံးကဖော်ပြပါတယ်။
မြန်မာ့အရေးနှင့်ပတ်သတ်သည့် ဂျပန်အစိုးထံသို့ တင်ပြမည့် အကြံပြုတောင်းဆိုလွှာအား ၂၀၂၄ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် Hokkaido, Sapporo မြို့ရှိ ဒုတိယအကြိမ်မြောက် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ပါတီပေါင်းစုံမှ တခဲနက်ထောက်ခံမှုဖြင့် အကြံပြုတောင်းဆိုလွှာအား အတည်ပြုကာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှတဆင့် ဂျပန်အစိုးရသို့ဆက်လက် ပေးပို့သွားမည်ဖြစ်ကြောင်းသိရပါတယ်။
အဆိုပါ အကြံပြုတောင်းဆိုလွှာတင်ပြမှုကို အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးနှင့် မြန်မာ့ဒီမိုကရေစီရေးတခဲနက် ထောက်ခံအားပေးသည့် လွှတ်တော်အမတ်များအဖွဲ့မှ ဂျပန်အစိုးရအထက်လွှတ်တော်အမတ် Mr.Ishibashi Michihiro တို့မှ ပူးတွဲစီစဉ်ကာ NTT(ALL NTT WORKERS UNION OF JAPAN )အလုပ်သမားသမဂ္ဂဝင် အမတ်များနှင့် Hokkaido MYAH Teamတို့မှ အဆိုတင်ပြခဲ့ခြင်းဖြစ်ပါတယ်။
အခြားမြို့များတွင်လည်း အလားတူ လွှတ်တော်သို့ အဆိုတင်သွင်းဖို့ ကြိုးစားနေကြတယ်လို့သိရပါတယ်။
ဆက်လက်ပြီး ဂျပန်နိုင်ငံ ဒေသအသီးသီးရှိ ဒေသန္တရလွှတ်တော်အမတ်များနှင့် ပြည်သူများထံမှလည်း ပူးပေါင်းပါဝင် ထောက်ခံသည့် လက်မှတ်များ စုစည်းကာ ဇူလိုင်လတွင် ဂျပန်အစိုးရထံ ပေးပို့သွားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။
========================
📌📌 ၇။ ဝက်လက်မြို့နယ်မှ သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်၊ သပိတ်မှောက်သည့် မြို့နယ် ၈ ခု ရှိလာ
ဇွန်လ ၂၈ရက်။
Radio NUG
ဇွန်လ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှု စတင်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခဲ့ပြီး ဇွန်လ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် စစ်ကိုင်းမြို့နယ်၊ ဇွန်လ ၂၇ ရက်နေ့တွင် မုံရွာမြို့နယ်နှင့် မြိုင်မြို့နယ်၊ ဇွန်လ ၂၈ ရက်နေ့တွင် ဝက်လက်မြို့နယ်မှ သံဃာတော်များကပါ ပူးပေါင်းပါဝင်လာခြင်းဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေကို အကျိုးရှိရှိအသုံးပြုလျက်ရှိပြီး ရဲဘော်တွေအတွက်လိုအပ်နေသော Equipment အစုံ ၂၀ ဝယ်ယူတပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းတပ်ခွဲ၃ဖော်ပြ
ဇွန်လ၂၈ရက်။
တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေကို အကျိုးရှိရှိအသုံးပြုလျက်ရှိပြီး ရဲဘော်တွေအတွက်လိုအပ်နေသော Equipment အစုံ ၂၀ ဝယ်ယူတပ်ဆင်နိုင်ခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းတပ်ခွဲ၃က ဇွန်လ ၂၈ရက်မှာ ဖော်ပြပါတယ်။
"တော်လှန်ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှုတွေကို အကျိုးရှိရှိအသုံးပြုလျက်ရှိပြီး ရဲဘော်တွေအတွက်လိုအပ်နေသော Equipment အစုံ ၂၀ ဝယ်ယူတပ်ဆင်နိုင်ခဲ့ပြီးနောက်ထပ် အစုံ ၂၀ ခန့် ထပ်မံပြီးလိုအပ်နေပါသေးတယ်"လို့ဆိုပါတယ်။
ဝယ်ယူခဲ့သော အစုံ ၂၀ အတွက်ကုန်ကျငွေမှာ မြန်မာကျပ်ငွေ ၆၂၃၀၀၀၀ ကျပ် ကုန်ကျခဲ့ပြီး ထောက်ပံ့ကူညီပေးပါသော တော်လှန်ပြည်သူ အယောက်ချင်းစီတိုင်းအား တပ်ခွဲ(၃)ရဲဘော်များကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်လို့ဖော်ပြပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်မြို့မှာ စစ်သားတွေ အရပ်ဝတ်နဲ့ထွက်ပြေးနေတဲ့အတွက် ဒေသခံတွေ အိမ်ထဲမှာနေကြဖို့ မိုးကုတ်ဗျူဟာသတိပေး
ဇွန်လ ၂၈ရက်။
မိုးကုတ်မြို့တွင်းတိုက်ပွဲမှာ အရပ်ဝတ်တွေနဲ့ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လိုက်လံရှင်းလင်းနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အိမ်ထဲမှာနေထိုင်ပေးကြဖို့ မိုးကုတ်ဗျူဟာက ဇွန်လ ၂၈ ရက်နေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။
မိုးကုတ်မြို့က စစ်ကောင်စီစခန်းတွေကို TNLA ၊ MDY-PDF ၊မိုးကုတ်ဗျူဟာတပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တို့ ပူးပေါင်း တိုက်ခိုက်နေတာဖြစ်ပါတယ်။ မိုးကုတ်မြို့ထဲကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဇွန် ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်ကစတင်ဝင်ရောက်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်ဝတ်နဲ့ပြေးနေတဲ့အပြင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် အပြင်မထွက်ကြဖို့ မြို့ခံတွေကလည်း အချင်းချင်း သတိပေးနေတာတွေ ရှိတယ်လို့ သိရပါတယ်။မိုးကုတ်မြို့နယ် တိုက်ပွဲအခြေအနေကို TNLA က ဇွန်လ ၂၇ ရက်က ထုတ်ပြန်ရာမှာ အေးစေတီမှာတပ်စွဲထားတဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေကို ထိုးစစ်ဆင်ခဲ့ပြီး မိုးကုတ်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန် ၂၇ ရက်နေ့အထိ အေးစေတီ ခလရ-၁၄၈ တပ်စခန်း၊ မိုးကုတ်ရဲစခန်း၊ ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ရွှေသာယာ၊ ပန်းသပြေ ၊ ဖြူရောင်ကုန်းက စစ်တပ်စခန်းတွေကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ တပ်မဟာ ၆ နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး နှုတ်ထွက်ပြောင်းရွှေ့ရန် KNU ထုတ်ပြန်
ဇွန်လ ၂၈ရက်။
Radio NUG
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)ထိန်းချုပ်နယ်မြေအတွင်း စစ်ရေးအရ နေ့စဥ်နှင့်အမျှ နေရာအနှံ့ ဖော်ဆောင်လျှက်ရှိနေပြီး ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး၏ အုပ်ချုပ်ရေး ယန္တရားများလည်း လုပ်ကိုင်ဆောင်ရွက်လျှက် ရှိနေပါတယ်။
ထိုသို့ အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာ၌ ရှုပ်ထွေးမှုများစွာ ဖြစ်ပေါ်လာသဖြင့် ဒူးပလာယာခရိုင်အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှုပ်ထွေးမှုများ မရှိစေရန် စစ်ကောင်စီ (SAC)လက်အောက်ခံ ဌာနအသီးသီးတွင် အမှုထမ်းလျှက်ရှိနေသော ဝန်ထမ်းများအားလုံး မိမိတို့၏ သက်ဆိုင်ရာဌာနမှ နှုတ်ထွက်ခြင်း၊ ပြောင်းရွှေ့ခြင်း ပြုလုပ်ရန် (သို့မဟုတ်)ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အတူပူးပေါင်း ပါဝင်ကူညီပေးရန်နှင့် စစ်ကောင်စီ (SAC)ကို အားပေး၊ ထောက်ခံ၊ ကူညီသော မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ရန် အသိပေး အကြောင်းကြား ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်မှုမရှိပါက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)မှ အဆင့်ဆင့်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၄။ နောင်ချို ခမရ ၆၀၆၊ ကျောက်မဲ ခမရ ၅၀၁ နှင့် ခမရ ၅၀၂ တို့ကို ထိုးစစ်ဆင်တိုက်ခိုက်၊ မြို့နယ် ၅ ခုတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
ဇွန်လ ၂၈ရက်။
Radio NUG
ဇွန်လ(၂၈)ရက် ည ၇ နာရီအထိ တအာင်းပြည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်၊ မိုးကုတ် စသည့် မြို့နယ်များတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ(၂၈)ညနေ (၄:၁၄)တွင် တအာင်းပြည် တပ်မဟာ(၂)စစ်ဒေသ ကျောက်မဲမြို့နယ် ဂုတ်တွင်းတွင် စစ်ကောင်စီတပ် စကခ(၁)၊ ခမရ(၁၁၄)နဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
နောင်ချိုမြို့တွင် စစ်ကောင်စီ၏ ခမရ(၆၀၆)တပ်စခန်းတစ်ခုသာ ကျန်ရှိပြီး အဆိုပါစခန်းအား တအာင်းတပ်မတော် TNLA၊ MDY-PDF နှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၂၈ရက်
ညနေ (၃:၅၀) အချိန်ထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး မနက် (၆:၀၅)နာရီမှ (၆:၂၅)နာရီအထိ ဂျက်ဖိုက်တာဖြင့် (၄)ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ ၂၈ရက် မနက်(၇:၅၄)အချိန်တွင် ကျောက်မဲမြို့ ခမရ (၅၀၁)၊ ခမရ(၅၀၂)တပ်စခန်းတို့ကို တအာင်းတပ်မတော် TNLAနှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ(၂၆)ရက်နေ့တွင် တအာင်းတပ်မတော်မှ သိမ်းထားသည့် နောင်ချိုမြို့ ခမရ (၁၁၅)တပ်စခန်းမှ လက်နက်ခဲယမ်းမျိုးစုံကိုပါ သိမ်းဆည်းရမိထားကာ ဇွန်လ(၂၇)ည(၉)နာရီအချိန်တွင် တအာင်းတပ်မတော် TNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နောင်ချိုမြို့ စစ်ကောင်စီ ခမရ(၁၁၄)တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ကျောက်မဲမြို့နယ် နောင်ပြစ်ရွာလမ်းခွဲရှိ စစ်ကောင်စီတပ်စခန်းအား ဇွန်လ(၂၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ရေစကြိုနယ် ဆင်ချောင်းရွာက စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ဇွန်လ ၂၈ရက်။
မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်ချောင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ Young force UG အဖွဲ့က ပြောပါတယ်။ ဆင်ချောင်းရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီကနေ ညနေ ၆ နာရီထိ ဒရုန်းနဲ့ ဗုံးသီး ၈ လုံးကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွင်းမှာ ဆင်ချောင်းရွာက ပျူစောထီးခေါင်းဆောင် ငလင်း အပါအဝင် စစ်သားနဲ့ပျူစောထီး စုစုပေါင်း ၄ ဦးထက်မနည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပြီး သေဆုံးသူတွေလည်း ရှိနိုင်တယ်လို့ဆိုပါတယ်။
လက်ရှိမှာ ထိခိုက်ဒဏ်ရာရသူတွေကို မိထ္တီလာစစ်ဆေးရုံပို့ပြီး အရေးပေါ် ဆေးကုသပေးနေတယ်လို့လည်း အသိပေးထားပါတယ်။အဆိုပါ တိုက်ခိုက်မှုကို မြိုင်ပကဖ ၊ Black cobra (ကမ္မတပ်ပေါင်းစု) ၊ Young force UG ၊
PKU Thurain အညာမြေ ပြောက်ကျားတပ်ဖွဲ-မြိုင်နဲ့အတူ Shwe Nyar Myae People Defense Force နဲ့ Southern YSO PDF၊PKU N PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၆။ နန့်သာရွာ ဘုန်းကြီးကျောင်း တပ်စခန်းကို သိမ်းပိုက်၊ စစ်သား ၈ဦး သေ၊ ဓားစာခံ ၆ ဦးကို ကယ်ထုတ်နိုင်
ဇွန်လ ၂၈ရက်။
Radio NUG
ဇွန်လ ၂၈ရက်နေ့ နံနက် ၉နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲထားသော ဘုန်းကြီးကျောင်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၈ လောင်းအပြင် လက်နက်ငယ် ၁၀ လက်သိမ်းဆည်းရမိခဲ့ပြီး ဓားစာခံ ပြည်သူ ၆ယောက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
နန့်သာကျေးရွာဘုန်းကြီးကျောင်းကို KIA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်တာနဲ့ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
စစ်ဗိုလ်အပါအဝင် ခြောက်ယောက် အင်းတော်မြို့ဘက်သို့ ထွက်ပြေးသွားသောကြောင့် လိုက်လံပစ်ခတ်ရာ သက္ကယ်ကျင်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment