၂၀၂၄ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထားဝယ်မြို့နယ်က ကျေးရွာချင်းဆက် တံတားတစင်းကို စစ်တပ်က ဖျက်ဆီး
📌 ၂။ မြို့ပေါ်ရပ်ကွက်တွေမှာ မီတာခမဆောင်တဲ့အိမ်တွေက မီတာဘောက်တွေကို စစ်အုပ်စု အဓမ္မဖြုတ်ယူ
📌 ၃။ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ကားကြီး ကားငယ်တွေနဲ့လှုပ်ရှားနေတဲ့အတွက် အရပ်သားကားတွေ မှန်ချမောင်းဖို့ သတိပေး
📌 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တပတ်အတွင်း တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၆ဝ ကျော် သေဆုံး
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ၆ မိုင်ကပြန်ဆုတ်တဲ့စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သုံ့ပန်းနဲ့ခဲယမ်းများ ရရှိ
🚩 ၂။ ထီးလင်းမြို့ကနေ အင်အား ၈ဝ နဲ့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် စစ်သား ၈ ဦး သေဆုံးပြီး တဦး အရှင်ဖမ်းမိ
🚩 ၃။ နခခ-၅ တပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ ထွက်ပြေးနေတာကြောင့် နတ်မြစ်တလျောက် တိုက်ပွဲဖြစ်
🚩 ၄။ မူဆယ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်အမျိုးသမီး ၄ ဦးအနက် တဦးကို စစ်တပ်က သတ်ဖြတ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ထားဝယ်မြို့နယ်က ကျေးရွာချင်းဆက် တံတားတစင်းကို စစ်တပ်က ဖျက်ဆီး
ဒီဇင်ဘာလ ၈ရက်။
ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုက ကျေးရွာချင်းဆက် ကင်းကုန်းတံတားကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဖျက်ဆီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ဒီဇင်ဘာလ ၇ ရက် နေ့လယ်ပိုင်းမှာ ဖျက်ဆီးသွားတာလို့ ရွာသားတွေနဲ့ မြေပြင်က တော်လှန်ရေးအင်အားစုတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Dawei Watch က ဖော်ပြပါတယ်။
ဖျက်ဆီးခံရတဲ့တံတားဟာ ၁၅၅ ပေ အရှည်ရှိတဲ့ သံဘောင်ဘေလီ သစ်သားခင်းတံတားဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လက မိုးရေတိုက်စားတာကြောင့် ပြိုကျသွားတဲ့ ကွန်ကရစ်တံတားအစား သံဘောင်ဘေလီသစ်ခင်းတံတားအဖြစ် အစားထိုး ထားတဲ့ တံတားလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အခင်းလုပ်ထားတဲ့သစ်တွေခွာပြီး မီးပုံရှို့သွားသလို ဖောင်ဒေးရှင်းဖြစ်တဲ့ သံဘောင်တွေကို ဖောက်ခွဲ လိုက်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံရွာသားတဦးက ပြောပါတယ်။
ဒီတံတားဟာ ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ မောင်မယ်ရှောင်ရွာနဲ့ ရေဝိုင်းရွာကြားမှာရှိပြီး ရွာသူရွာသားတွေ သွားလာရေး အတွက် အရေးပါတဲ့ တံတားတစင်းလို့ သိရပါတယ်။
အဲဒီတံတားက သစ်သားခင်းတွေကို ယခုနှစ် နွေရာသီကမှ ရွာသူရွာသားတွေ စုပေါင်းပြုပြင်ခဲ့သေးတယ်လို့ ဒေသနေသူ တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ ရေဝိုင်းရွာဘက်ဦးတည်ပြီး စစ်ကြောင်းထိုးနေတဲ့အတွက် မောင်မယ်ရှောင်ကျေးရွာအုပ်စုက ရဲအိုင်၊ ပဒိုင်းချောင်း၊ ကင်းကုန်း၊ ပခပ်အင်း၊ ခေါင်တိုင်ပြင်၊ ပကာရီ၊ ဟာမြင်းကြီးအုပ်စုက ရေဝိုင်းနဲ့ မြင်းမတ်တပ် စတဲ့ရွာတွေက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုနှစ်ဆန်းပိုင်းကစတင်ကာ မောင်မယ်ရှောင်ကျေးရွာအုပ်စုမှာ တပ်စွဲနေပြီး သြဂုတ်လအတွင်းမှာ ရွာအရှေ့ပိုင်းက တံတားတစင်း၊ စက်တင်ဘာလမှာ ကုန်းဇာပြင် သဘန်းချောင်းပေါ်က မီးရထားသံလမ်းတံတားတစင်းကို ဖျက်ဆီးခဲ့တာကြောင့် ၅ လအတွင်း တံတားသုံးစင်း ဖျက်ဆီးခံခဲ့ရတာလို့ သိရပါတယ်။
========================
📌📌 ၂။ မြို့ပေါ်ရပ်ကွက်တွေမှာ မီတာခမဆောင်တဲ့အိမ်တွေက မီတာဘောက်တွေကို စစ်အုပ်စု အဓမ္မဖြုတ်ယူ
ဒီဇင်ဘာလ ၈ရက်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်ရပ်ကွက်တွေမှာ မီတာခမဆောင်တဲ့အိမ်တွေက မီတာဘောက်တွေကို စစ်အုပ်စုက အဓမ္မ ဖြုတ်ယူနေတယ်လို့ ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့က ရွှေဘိုမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲနဲ့ EPC ဝန်ထမ်းတွေက မီတာခ ပေးဆောင်ထားခြင်းမရှိတဲ့အိမ်တွေက မီတာဘောက်တွေကို အဓမ္မဖြုတ်ပြီး ယူဆောင်သွားကြတယ်ဆိုပါတယ်။
တရက်ကို တလမ်းခြင်း လာရောက်စစ်ဆေးပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အကြမ်းဖက်စစ်သား ရဲများနဲ့ စစ်ကောင်စီလက်အောက်ခံ non-cdm EPC ဝန်ထမ်းတွေက ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ လျှပ်စစ်မီး မှန်အောင်မပေးနိုင်ပေမယ့် အိမ်သုံးလျှပ်စစ်မီတာခတွေကို ၂ ဆနီးပါး တိုးမြှင့် ကောက်ခံပြီး လုပ်ငန်းသုံးမီတာခတွေကိုလည်း ၃ ဆနီးပါးတိုးမြှင့်ကောက်နေတာပဲဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အိမ်သုံးလျှပ်စစ်မီတာခတွေတိုးမြင့်ကောက်ခံနေသလို လျှပ်စစ်မီတာခ မဆောင်သူတွေကို တရားစွဲမယ်လို့ ခြမ်းခြောက်တာတွေရှိနေတဲ့အပြင် အချို့သောမြို့နယ်တွေမှာ မီတာခမဆောင်တဲ့အိမ်တွေက မီတာဘောက် တွေကို အဓမ္မဖြုယူတာတွေရှိနေတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်တပ်က ကားကြီး ကားငယ်တွေနဲ့လှုပ်ရှားနေတဲ့အတွက် အရပ်သားကားတွေ မှန်ချမောင်းဖို့ သတိပေး
ဒီဇင်ဘာလ ၈ရက်။
စစ်ကောင်စီတပ်ဖွဲ့ဟာ ရွှေဘို - မန္တလေးလမ်းပိုင်းကိုသုံးပြီး ရိက္ခာပို့တာနဲ့ လူပို့တာတွေကို ကားကြီးကားငယ်အသွယ်သွယ်နဲ့ သွားလာလှုပ်ရှားတဲ့အတွက် အရပ်သားကားတွေ မှန်ချမောင်းကြဖို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေက သတိပေး ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ အသွင်သဏ္ဍာန်မျိုးစု့နဲ့ အရပ်သားပြည်သူအယောင်ဆောင်ပြီး သွားလာလှုပ်ရှားမှုတွေပြုလုပ်လာတဲ့ အပြင် သာမာန်အိမ်စီးကား၊ လူမှုကူညီရေးအဖွဲ့တွေက လူနာတင်ကား၊ ဘုန်းကြီးကားတွေသုံးပြီး သွားလာမှုတွေရှိနေတဲ့ အတွက် ဘယ်ကားမဆို မှန်ချမောင်းနှင်ခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ သူတပ်တွေအတွက် ထောက်ပို့လုပ်ငန်းတွေလုပ်ဆောင်ရာမှာ အရပ်သားကုန်တင်ကားတွေကို အသုံးပြုလာကြတဲ့အတွက် ကုန်တင်ကားမောင်တဲ့သူတွေအနေနဲ့လည်း မလိုအပ်ပဲ မိုးကာအုပ်တာမျိုးတွေမလုပ်ဖို့နဲ့ မိမိ တို့ တင်ဆောင်လာတဲ့ ကုန်စည်တွေ မြင်သာထင်သာရှိစေဖို့ မိုးကာလှပ်ပြီး မောင်နှင်ကြဖို့ နှိုးဆော်ထားပါတယ်။
ဒီဇင်ဘာ ၈ ရက်နေ့မနက်ပိုင်းမှာ ရွှေဘိုမြို့မှာရှိတဲ့ ခလရ ၄၂ တပ်က မြို့အနောက်ဘက်ခြမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာတွေလုပ်နေတဲ့အတွက် ဒေသနေပြည်သူများအနေနဲ့ အထူးဂရုစိုက်နေထိုင်ကြဖို့ ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေး အဖွဲ့ကလည်း သတိပေးထားပါတယ်။
========================
📌📌 ၄။ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တပတ်အတွင်း တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၆ဝ ကျော် သေဆုံး
ဒီဇင်ဘာလ ၈ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF တောင်ပိုင်းစစ်ဒေသ နယ်မြေမှာ တပတ်အတွင်း တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်သား ၆ဝ ကျော်သေဆုံးသွားတယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဒီဇင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ကရင်၊ မွန်၊ ပဲခူးနဲ့ တနင်္သာရီဒေသတို့ပါဝင်တဲ့ တောင်ပိုင်းစစ်ဒေသနယ်မြေမှာ နိုဝင်ဘာ ၃၀ ကနေ ဒီဇင်ဘာ ၆ ရက်အတွင်း PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဖော်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးသတင်းကို အခုလိုအသိပေးထုတ်ပြန်တာဖြစ်ပါတယ်။
ဒီတပတ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နဲ့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းတွေနဲ့ စစ်ကြောင်းတွေ ကို လက်ဦးမှုယူပြီးတိုက်ခိုက်ခဲ့တာ ၄၂ ကြိမ်ရှိခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၆၁ ဦးသေဆုံးခဲ့တာကို အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေထဲမှာ ဖာပွန်- ကမမောင်းလမ်းပေါ်က ဗျူဟာအရအရေးပါပြီး လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားတဲ့ စခန်းတွေဖြစ်တဲ့ တောင်သုံးလုံးနဲ့ ဆင်စွယ်စခန်းကို ဒီဇင်ဘာ ၃ ရက်နဲ့ ၄ ရက်နေ့တွေမှာ PDF၊ KNLA နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
ဒီတပ်စခန်းတွေကိုသိမ်းပိုက်ရာမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတာတွေရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ထွက်ပြေးလွတ် မြောက်သွားတွေလည်း ရှိတဲ့အတွက် လက်ရှိအချိန်ထိ နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေဆဲ့လို့ ဆိုပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေများသလို တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော်၂ဦးမြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ၆ မိုင်ကပြန်ဆုတ်တဲ့စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်သုံ့ပန်းနဲ့ခဲယမ်းများ ရရှိ
ဒီဇင်ဘာလ ၈ရက်။
ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဆင်နွှဲနေတဲ့ ဗန်းမော်မြို့ သိမ်းတိုက်ပွဲဟာ ၅ရက် မြောက်နေ့ဖြစ်တဲ့ ဒီနေ့ ဒီဇင်ဘာ ၈ ရက်အထိ ဆက်လက်ပြင်းထန်နေဆဲလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၈ ရက်မနက်မှာဆိုရင် စစ်ကောင်စီရဲ့ အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တပ်က ဗန်းမော် မြို့တွင်း မြို့ပြင်ကို မနက် ၄နာရီခွဲကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လာတဲ့အတွက် KIA ဘက်ကလည်း ၁၂၂ မမ တွေနဲ့ စစ်ကောင်စီတပ်ကို တန်ပြန်ပစ်ခတ်နေတယ်လို့ အသိပေးပါတယ်။
စစ်တပ်ကပစ်တာထက် မဟာမိတ်ပူးပေါင်းတပ်တွေက ၃ ဆ ပြန်ပစ်ပြီး စစ်ကောင်စီတပ်ကိုချေမှုန်းနေတာဖြစ်တဲ့အတွက် မြို့တွင်းမှာကျန်နေသေးတဲ့သူတွေ သတိနဲ့နေကြဖို့လည်း စစ်ရေးသတင်းရင်းမြစ်တွေက တိုက်တွန်းထားပါတယ်။
KIA နဲ့ပူးပေါင်းတပ်တွေ စစ်ဆင်ရေးစတဲ့ ပထမနေ့နဲ့ဒုတိယနေ့တွေမှာ စစ်ကောင်စီတပ်စွဲရာနေရာ ၁၅ နေရာထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ရက်တွေမှာလည်း စစ်တပ်တပ်စွဲရာနေရာတွေနဲ့ စခန်းတွေကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရ ပါတယ်။
KIA နဲ့ မဟာမိတ်တပ်တွေရဲ့ စစ်ဆင်ရေး ၄ ရက်မြောက်နေ့ဖြစ်တဲ့ မနေ့ ဒီဇင်ဘာ ၇ ရက်မှာဆိုရင် ဗန်းမော်နဲ့မိုးမောက်ကြား ၆ မိုင်စခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ကို လိုက်လံချေမှုန်းခဲ့ရာမှာ စစ်သုံ့ပမ်းတွေနဲ့လက်နက်တွေရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာ ၆ ရက်ညပိုင်းမှာ Y12 နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့သိမ်းစစ်ဆင်ရေးအတွင်း ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးနိုင်တဲ့အခြေအနေရှိပေမယ့် တိုက်ပွဲတွေပြင်းထန်နေတဲ့ကာလဖြစ်တာကြောင့် အတိအကျမသိနိုင်သေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဗန်းမော်မြို့ရဲ့ စစ်ရေးသတင်းတွေကို အသိပေးဖော်ပြနေတဲ့ Banmaw Scout Team ရဲ့ ဖော်ပြချက်တွေအရ ဗန်းမော်မြို့ ဝန်းကျင်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး ရဲစခန်း၊ ထွေအုပ်ရုံး၊ ကန်ဦးကျောင်းအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့သလို ၂မိုင် လေယာဉ် ကွင်းဝန်းကျင်နဲ့ စကခ-၂၁ ဝန်းကျင်မှာလည်း တိုက်ပွဲတွေဆက်ရှိခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ခလရ- ၄၇ တပ်ရင်းအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေသလို မန်စီမြို့ မှာကျန်နေတဲ့ စစ်စခန်းတွေကိုလည်း KIA နဲ့ မဟာမိတ်တပ်တွေ ဆက်လက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
မံစီမြို့က လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုမှာဆိုရင် KIA အနေနဲ့ မံစီက စစ်ကောင်စီတပ်ကို သိမ်းပိုက်နိုင်တော့မယ့် အခြေအနေရှိနေပြီလို့ သိရပါတယ်။
========================
🚩🚩 ၂။ ထီးလင်းမြို့ကနေ အင်အား ၈ဝ နဲ့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်မှု စစ်ကြောင်းမှူးအပါအဝင် စစ်သား ၈ ဦး သေဆုံးပြီး တဦး အရှင်ဖမ်းမိ
ဒီဇင်ဘာလ ၈ရက်။
မကွေးတိုင်း ထီးလင်းမြို့ကနေ အင်အား ၈ဝ နဲ့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးသွားတယ်လို့ ထီးလင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။
စစ်ကြောင်းမှူး ဗိုလ်ကြီး အောင်စိုးဦး ဦးဆောင်ပြီး စစ်သားနဲ့ ပျူစောထီး ၈၀ ဦးပါတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ ၂၈ ရက် မနက် ၁၀ နာရီကျော်အချိန်က တော်လှန်ရေးတပ်တွေ ခြေကုပ်ယူထားတဲ့ စခန်းကြီးဘက်ကိုတက်လာချိန်မှာ ဂန့်ဂေါခရိုင် တပ်ရင်း ၂ ၊ တပ်ရင်း ၄ ၊ တပ်ရင်း ၁၀ ၊ တပ်ရင်း ၁၅ ၊ တပ်ရင်း ၁၈ နဲ့ ထီးလင်းမြို့နယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က Mi-35 နဲ့ လေကြောင်းပစ်ကူ ၂ ကြိမ် လာရောက်ပစ်ခတ်ပေမယ့် တိုက်ပွဲပြီးချိန်မှာ ဗိုလ်ကြီး အောင်စိုးဦး အပါအဝင် အလောင်း ၈ လောင်း သိမ်းဆည်းရရှိပြီး ပျူစောထီးတဦးကို အရှင်ဖမ်းမိ ခဲ့ သေနတ် ၃ လက်နဲ့ ဖုန်းတလုံး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ အထိနာသွားတာကြောင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ထီးလင်းမြို့ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။
တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အထက်အရာရှိတွေကို တင်ပြရတဲ့ လျှို့ဝှက်အစီရင်ခံစာ ကို တော်လှန်ရေးတပ်ဖွဲ့တွေ ရရှိခဲ့တယ်လို့လည်းသိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်တပ်က ထိခိုက်ကျဆုံးမှုတွေရှိခဲ့သလို တော်လှန်ရေးတပ်တွေထဲမှာပါတဲ့ အမှတ် ၂ တပ်ရင်း၊ တပ်ခွဲ ၁ က ဒု-စုမှူး ရဲဘော်နေလင်းအောင် တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ထား ပါတယ်။
========================
🚩🚩 ၃။ နခခ-၅ တပ်မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ ထွက်ပြေးနေတာကြောင့် နတ်မြစ်တလျောက် တိုက်ပွဲဖြစ်
ဒီဇင်ဘာလ ၈ရက်။
ရခိုင်ပြည်နယ် မောင်တောမြို့ က နခခ-၅ ကို တပ်မှူးအဖြစ်ကွပ်ကဲနေတဲ့ ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အဖွဲ့ တိုက်ပွဲအတွင်းကနေ ထွက်ပြေးနေတာကြောင့် နတ်မြစ်တလျောက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
မောင်တောမြို့မှာ တခုတည်းသာကျန်တော့တဲ့ နခခ-၅ ဌာနချုပ်ကို ရခိုင့်တပ်တော် AA က ဒီဇင်ဘာ ၆ ရက်နေ့မှာ သိမ်းပိုက် နိုင်ပြီလို့ သတင်းတွေထွက်နေချိန်မှာ ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အဖွဲ့ တိုက်ပွဲအတွင်းကနေ ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းပါ ဆက်လက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒီတပ်မှူးဟာ မောင်တော နခခ-၅ ကို သိမ်းပိုက်ခံရတဲ့ညကကတည်းက တပ်သားအင်အား ၁၀၀ ခန့်နဲ့အတူ ညတွင်းချင်း ထွက်ပြေးသွားတာလို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဒေသတွင်းသတင်းတွေကလည်း ဖော်ပြ နေကြပါတယ်။
နခခ-၅ နောက်ပေါက်ကနေ ဒီရေတောတွေကိုဖြတ်ပြီး နတ်မြစ်အတွင်းကို ထွက်ပြေးသွားတာလို့ ဒေသတွင်းသတင်းဌာန တခုဖြစ်တဲ့ Lay Waddy FM မှာ ဖော်ပြထားပါတယ်။
သူတို့အဖွဲ့နဲ့အတူ ARSA အဖွဲ့က ပျောက်ကြားစနစ်နဲ့ အကာအကွယ်ပေးပြီး ပင်လယ်ပြင်မှာ အထိုင်ချထားတဲ့ နေဗီဆီကို ထွက်ပြေးသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရခိုင့်တပ်တော် AA က လိုက်လံဖမ်းဆီးနေတာကြောင့် နတ်မြစ်တလျောက် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေတာလို့ သိရပါတယ်။
အခြားသတင်းရင်းမြစ်တခုကတော့ မောင်တော နခခ-၅ ကနေထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ အာဆာလက်နက်ကိုင်အဖွဲ့တွေနဲ့ ရခိုင့်တပ်တော် AA တို့ နတ်မြစ်ကမ်းခြေမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါ တယ်။
လက်ရှိမှာတော့ ထွက်ပြေးနေတဲ့ နခခ-၅ က စစ်ကောင်စီတပ်ဖွဲ့ကို စစ်ကောင်စီရေတပ်ကရော လေတပ်ကပါ ပစ်ကူပေးပြီး ကယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မောင်တောမြို့က နောက်ဆုံးလက်ကျန်စစ်ကောင်စီစခန်းဖြစ်တဲ့ အမှတ် ၅ နယ်ခြားစောင့်စခန်း နခခ-၅ ကို မကြာမီ သိမ်းပိုက်နိုင်တော့မယ်လို့ ရခိုင့်တပ်တော် AA က ကြေညာထားပေမယ့် အလုံးစုံသိမ်းပိုက်နိုင်ပြီလို့တော့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းထိ ထုတ်ပြန်ကြေညာတာမရှိသေးပါဘူး။
========================
🚩🚩 ၄။ မူဆယ် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတဲ့ ရခိုင်အမျိုးသမီး ၄ ဦးအနက် တဦးကို စစ်တပ်က သတ်ဖြတ်
ဒီဇင်ဘာလ ၈ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ကို အလုပ်သွားလုပ်မယ့် ရခိုင်အမျိုးသမီး ၄ ဦးဖမ်းဆီးခံရပြီး တဦးကို စစ်တပ်က သတ်ဖြတ်လိုက်တယ်လို့ ရခိုင်ဒေသတွင်း သတင်းတွေကဆိုပါတယ်။
ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ က အမျိုးသမီး ၄ ဦး ဒီဇင်ဘာ ၆ ရက်နေ့က မူဆယ်ဂိတ်မှာ ဖမ်းဆီးခံရပြီး တဦးသတ်ဖြတ်ခံလိုက်ရတာလို့ သိရပါတယ်။
သူတို့ဟာ ရန်ကုန်မြို့ကနေတဆင့် အလုပ်လုပ်ဖို့ မူဆယ်မြို့ကို လိုင်းကားနဲ့လာကြတာဖြစ်ပြီး သူတို့ရဲ့ဖုန်းတွေစစ်ဆေးရာက ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။
မူဆယ်မြို့အဝင် စစ်တပ်ဂိတ်မှာ ခရီးသည်တွေကို စစ်ဆေးခဲ့တဲ့အနက် ရခိုင်အမျိုးသမီးငယ် ၄ ဦးကို သီးခြားစစ်ဆေးကာ ခေါ်ယူထားလိုက်ပြီးနောက် အသက် ၂၆ နှစ်အရွယ် မနွယ်နွယ်မြင့်ကို AA နဲ့ ဆက်စပ်နေသူဆိုကာ စစ်ကောင်စီက သတ်ဖြတ် လိုက်တာလို့ ကမ်းထောင်းကြီးဒေသခံတွေနဲ့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်တွေကိုကိုးကားပြီး ဒေသတွင်းသတင်း ဌာနအချို့မှာ ဖော်ပြထားပါတယ်။
ကျန်အမျိုးသမီး ၃ ဦးကိုတော့ မူဆယ်ရောက် ရခိုင်ဒေသခံတွေက စစ်ကောင်စီဂိတ်ကို သိန်းရာချီပေးပြီး ပြန်လည်ထုတ်ယူ နိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ Lay Waddy FM က အသိပေးထားပါတယ်။
လွတ်မြောက်လာတဲ့ အမျိုးသမီး ၃ ဦးဟာ အသက် ၁၈ ကနေ ၂၀ ဝန်းကျင် အရွယ်တွေဖြစ်ပြီး သူတို့အသက်ရှင်ခွင့်ရဖို့ ဒေသတွင်း ရခိုင်လူမှုအဖွဲ့အစည်းတွေက ထုတ်ယူပေးခဲ့တာလို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ရှုံးကောင်စီဟာ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ မြန်မာပြည်အနှံ့က ရခိုင်တိုင်းရင်းသားတွေကို နည်းလမ်းမျိုးစုံနဲ့ ခြိမ်းခြောက်အကြပ်ကိုင်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment