အကြမ်းဖက်စစ်တပ်ရဲ့ ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာက မိုးလုံးပြည့် မုသာဝါဒများနဲ့ ပြည့်လျှံနေပါတယ်

Radio NUG မတ်လ ၃ ၊ ၂၀၂၅

မိဘများပဲကောက်စဉ်လယ်ကန်သင်းပေါာမှာ အိပ်ပျော်သွားသော ကလေးငယ်တစ်ဦးအား တွေ့ရစဉ်...

အကြမ်းဖက်စစ်တပ်ရဲ့ ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ သဝဏ်လွှာက  မိုးလုံးပြည့် မုသာဝါဒများနဲ့ ပြည့်လျှံနေပါတယ်


မတ်လ ၂ ရက်နေ့မှာ ကျရောက်တဲ့ ၆၃ နှစ်မြောက် တောင်သူလယ်သမားနေ့ကို အကြမ်းဖက်စစ်တပ်ခေါင်း ဆောင် မင်းအောင်လှိုင်က တောင်သူလယ်သမားတွေကို ပေးပို့တဲ့ သဝဏ်လွှာမှာ မိုးလုံးပြည့်မက အလိမ်အညာများနဲ့ ပြည့်လျှံနေတာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဝိုင်းဝန်းတော်လှန်ကြတဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက် နှိမ်နင်းရာကစလို့ စစ်ရေးကို ဇောင်းပေးပြီး အခြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို မျက်ကွယ်ပြုခဲ့ရာက တိုင်းပြည်ရဲ့ စိုက်ပျိုးစီးပွားလုပ်ငန်းတွေ တစစ ပျက်စီးလာတာပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ အဓိကကျတဲ့ မြေ၊ မျိုး၊ ပိုး၊ နည်းပညာ စတဲ့ မြေဆီလွှာ ကောင်းမွန်အောင်၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးနိုင်အောင်၊ ပိုးမွှားနဲ့ ရောဂါအန္တရာယ်ကို စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်အောင်၊ ယုံကြည်အားကိုးထိုက်တဲ့ နည်းပညာပေးလုပ်ငန်းတွေ ဖြစ်လာအောင် စနစ်တကျ ပြင်ဆင်ဆောင်ရွက်နိုင်တာ မရှိခဲ့ပါဘူး။ 

ဒါကြောင့် ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံခြားငွေအကျပ်တည်းကြောင့် စိုက်ပျိုးရေးသွင်းအားစုတွေကို လုံလောက်အောင် မတင်သွင်းနိုင်တာ၊ စက်သုံးဆီ အခက်အခဲနဲ့ ကုန်စည်ဝန်ဆောင်မှုလုပ်ငန်းတွေမှာ တရားမဝင် ငွေကြေးတောင်းခံတာတွေကြောင့် သီးနှံဈေးကွက် ဈေးနှုန်းတွေ မြင့်တက်လာသော်လည်း သီးနှံထုတ်လုပ် ကုန်ကျစရိတ်တွေလည်း အဆမတန် မြင့်တက်လာတာကြောင့် သီးနှံစိုက်ပျိုး ထုတ်လုပ်တဲ့ လုပ်ငန်းဟာ တောင်သူတွေအတွက် တရာသီပြီး တရာသီ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ သဝဏ်လွှာမှတော့ လတ်တလော တောင်သူတွေရဲ့ အခက်အခဲတွေကို လက်တွေ့ကျကျ ကာလသတ်မှတ်ချက် တစ်ခုနဲ့ ဖြေရှင်းသွားဖို့မပါပဲ၊ မရေရာတဲ့ အနာဂတ်ကိုသာ ပုံအောပြောဆိုတဲ့ မုသားပြောဆိုနည်းကိုသာ ပြောဆိုထားပါတယ်။ 

မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှာ မိုးစပါး တစ်ဧက တင်း ၁၀၀ ပန်းတိုင် အထွက်နှုန်းရရှိဖို့ ဆိုတဲ့ ဆောင်ပုဒ်က နှစ်ပေါင်း ၅၀ ကျော်လာပေမယ့် တနိုင်ငံလုံး မိုးစပါး စိုက်ဧက ၁၅ သန်းမှာ တစ်ဧကကို တင်း ၁၀၀ ထွက်ရှိနိုင်တာ မရှိသေးပါဘူး။ အဲဒီလို ပန်းတိုင်အထွက်နှုန်းတွေက ရာသီပေါင်း ၅၀ ကျော်တဲ့အထိ ရရှိမလာသေးပေမယ့် ရေမြေအနေထားအရ သီးနှံတစ်ကြိမ်သာ စိုက်ပျိုးနိုင်တဲ့ မြေတွေကို နှစ်သီး၊ သုံးသီး စိုက်ဖို့၊ နှစ်သီးမြေကို သုံးသီးစိုက်ဖို့ စတဲ့ စိုက်ပျိုးရေးလုပ်ငန်းနဲ့ ဘောင်မဝင်တဲ့ ရည်မှန်းချက်တွေကိုလည်း သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်သမား နေဝင်းက မြန်မာ့ကုန်ထုတ်စီးပွားကို ဖြိုချပစ်ခဲ့တဲ့ ပြည်သူပိုင်လုပ်ငန်းတွေကို အဓမ္မသိမ်းယူပြီးတဲ့နောက် ဆန်စပါးကလွဲလို့ ပြည်ပသွင်းကုန်ပေါ်မှာ အစစအရာရာ မှီခိုလာကြရပါတယ်။ 

အထူးသဖြင့် မြန်မာ့ဝါနဲ့ အဝတ်အထည်လုပ်ငန်းဟာ ချည်ကနေ ဆိုးဆေးကအစ ပြည်ပကို အလုံးစုံ မှီခိုလာကြရပြီး ဒီအခြေအနေ ပြန်လည်ပြင်ဆင်ဖို့ဟာ မင်းအောင်လှိုင်တသက် မဖြစ်နိုင်ပေမယ့်လည်း ဝါ စိုက်ပျိုးမှုက စလို့ အဝတ်အထည်ဒီဇိုင်းလုပ်ငန်းအထိ သွင်းကုန်အစားထိုးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ မျက်နှာပြောင်တိုက် ထည့်သွင်းရေးသားထားပါတယ်။

မြန်မာတောင်သူတွေရဲ့ စိုက်ပျိုးစီးပွားအခြေအနေဟာ ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အဆင်ပြေလာတဲ့ တောင်သူရယ်လို့ မရှိဘဲ အစစအရာရာ လယ်ပေါင်၊ ယာရောင်းနဲ့ ကျားကန်ထားရပြီး ထမင်းနပ်မမှန်တော့တဲ့ လယ်သမားတွေ ဖြစ်လာပေမယ့်လည်း အကြမ်းဖက်စစ်တပ်ရဲ့ သဝဏ်လွှာမှာတော့ ဖွံ့ဖြိုးရေးစကားတွေကို လှိုင်လှိုင်သုံးပြီး မျက်နှာပြောင်တိုက် ပေးပို့လာတာ ဖြစ်ပါတယ်။

Share:

No comments:

Post a Comment