၂၀၂၅ မေလ ၃၀ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ တနိုင်ငံလုံးမှာဆေးရုံပေါင်း၃၈၃ရုံမှာအကြမ်းဖက်စစ်တပ်ရဲ့ဗုံးကြဲ၊လက်နက်ကြီးပစ်ခတ်မှု ၊အကြမ်းဖက်ဖျက်ဆီးမှုတွေကြောင့်ဆုံး ရှုံးခဲ့ရတယ်လို့ NUGကျန်းမာရေးဒုဝန်ကြီးပြော
📌 ၂။ အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ SAC-M ပြော
📌 ၃။ ရွှေပြည်သာစက်မှုဇုန် ၊နွားခြံမှတ်တိုင်အနီးရှိ " SUNLONE MYANMAR SPORTS CO, LTD စက်ရုံတွင် အချိန်ပိုအလွန်အကျွံခေါ်ယူနေပြီး အလုပ်သမားများကိုနားရက်မပေး
📌 ၄။ SDBဘဏ်မှာ ရွှေစုဆောင်းဖို့တော်လှန်ပြည်သူများကိုဖိတ်ခေါ်
📌 ၅။ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍စစ်ကောင်စီကလူနှစ်သောင်းကျော်ကိုဖမ်းဆီးထားပြီးလူတသောင်းကျော်ကိုအကျဥ်းထောင်ထဲတွင်ဖမ်းဆီးထား
========================
၂၀၂၅ ခုနှစ် မေလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ထိုင်း-မြန်မာနယ်စပ် အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်
🚩 ၂။ မိုးကုတ်မှာ စစ်တပ် စွန့်ပစ်ထားတဲ့မိုင်းနင်းမိတာကြောင့် အမျိုးသားတဦး သေဆုံး
🚩 ၃။ ကချင်ပြည်နယ် ဖားကန့်မြို့လုံးခင်းကျေးရွာတွင်းစကစတပ်စစ်ကြောင်းများပစ်ခတ်၍အရပ်သားများသေဆုံးခဲ့ရ
🚩 ၄။ ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ စစ်အုပ်စုက အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ငွေတောင်းတာတွေနဲ့ စစ်တပ် စစ်ကြောင်းကြောင့် လူတသောင်းကျော် စစ်ဘေးရှောင်နေရ
🚩 ၅။ မှော်ဘီက လေတပ်မိသားစုဝင်တွေဖွင့်ထားတဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ တနိုင်ငံလုံးမှာဆေးရုံပေါင်း၃၈၃ရုံမှာအကြမ်းဖက်စစ်တပ်ရဲ့ဗုံးကြဲ၊လက်နက်ကြီးပစ်ခတ်မှု ၊အကြမ်းဖက်ဖျက်ဆီးမှုတွေကြောင့်ဆုံး ရှုံးခဲ့ရတယ်လို့ NUGကျန်းမာရေးဒုဝန်ကြီးပြော
မေလ၃၀ရက်
တနိုင်ငံလုံးမှာဆေးရုံပေါင်း၃၈၃ရုံမှာအကြမ်းဖက်စစ်တပ်ရဲ့ဗုံးကြဲ၊လက်နက်ကြီးပစ်ခတ်မှု ၊အကြမ်းဖက်ဖျက်ဆီးမှုတွေကြောင့်ဆုံး ရှုံးခဲ့ရတယ်လို့ NUGကျန်းမာရေးဒုဝန်ကြီးဒေါက်တာရွှေပုံကပြောပါတယ်။
မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေး၊ ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရေးအတွက် ပါဝင်လှူဒါန်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရွှေပုံ၏ တိုက်တွန်းနှိုးဆော်ချက်မှာထည့်သွင်းပြောပါတယ်။
"တော်လှန်ရေးအရှိန်မြှင့်လာပြီးနောက်ပိုင်းမှာအကြမ်းဖက်စစ်တပ်ကဆေးရုံ၊ဆေးခန်းတွေကို သီးသန့်လိုက်လံဗုံးကြဲလာပါတယ်။အယုတ်အလတ်အမြတ်မရွေးကုသဖို့သစ္စာဆိုထားကြတဲ့ကျမတို့ကျန်းမာရေးဝန်ထမ်းများကလည်းစစ်ဒဏ်၊ဗုံးဒဏ်ကြားထဲအသက်စွန့်ကုသပေးရင်းအခုအချိန်အထိဆိုရင် တနိုင်ငံလုံးမှာအထူးကုဆရာဝန်ကြီးတွေအပါအဝင်ကျန်းမာရေးဝန်ထမ်း ၁၄၂ယောက်အသက်ဆုံးရှုံးရပြီးဖြစ်ပါတယ်။ဒဏ်ရာရရှိတဲ့ကျန်းမာရေးဝန်ထမ်းတွေကတော့၁၅၉ယောက်ရှိပါတယ်။တနိုင်ငံလုံးမှာဆေးရုံပေါင်း၃၈၃ရုံမှာအကြမ်းဖက်စစ်တပ်ရဲ့ဗုံးကြဲ၊လက်နက်ကြီးပစ်ခတ်မှု ၊အကြမ်းဖက်ဖျက်ဆီးမှုတွေကြောင့်ဆုံး ရှုံးခဲ့ရပါတယ်။ဒီလိုဆုံးရှုံးမှုတွေရှိပေမယ့်ကျမတို့ကျန်းမာရေးဝန်ထမ်းတွေဟာကြံ့ကြံ့ခံပြီးဆက်လက်လုပ်ဆောင်နေကြရပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာSafe Hospital, Safe Healthcare ကမ်ပိန်းစတင်ကာရည်မှန်းချက် (Target) - အမေရိကန်ဒေါ်လာ ၄ သိန်းဖြစ်ပြီးCampaignကိုမေလ ၂၄ ရက်နေ့မှ စတင်ကာဇွန်လ ၃၀ ရက်နေ့အထိသတ်မှတ်ထားပါတယ်။
========================
📌📌 ၂။ အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် တာဝန်ပျက်ကွက် ကျရှုံးခဲ့တယ်လို့ SAC-M ပြော
အာဆီယံဟာ မြန်မာပြည်သူတွေအပေါ် ထပ်မံတာဝန်ပျက်ကွက်ပြီး ကျရှုံးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ကောင်စီ SAC-M က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
လက်ရှိ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူထားတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံ အပြီး SAC-M က သဘောထားကြေညာချက်ထုတ်ပြန်ရာမှာ အာဆီယံဟာ မြန်မာနဲ့ပတ်သက်လို့ စိတ်ပျက်ဖွယ် ထပ်မံ ကျရှုံးခဲ့တယ်လို့ မနေ့ မေလ ၂၉ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံအဖွဲ့ကြီးအနေနဲ့ မြန်မာ့အရေး ဘုံတူညီချက် ၅ ရပ်ကို ရှေ့ဆက်တိုးအောင်မလုပ်နိုင်တာဟာ ရာစုနှစ်ဝက်အတွင်း အကြီးမားဆုံး ဒေသတွင်းအကျပ်အတည်းကို ကိုင်တွယ်ရာမှာ ကတိကဝတ်နဲ့ တီထွင်ဖန်တီးနိုင်စွမ်းကင်းမဲ့နေတာကို ပြသနေတယ်လို့ SAC-M အဖွဲ့ဝင် မာရူကီဒါရူးစ်မန်က ပြောပါတယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေးသီးသန့်ထုတ်ပြန်ချက်မှာ ၂၀၂၁ ဧပြီလက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက် ၅ရပ် ကို ဆက်လက်ကိုင်စွဲထားပြီး စစ်ကောင်စီအပါအဝင် သက်ဆိုင်ရာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အပစ်ရပ်ကြေညာချက်တွေကို ကြိုဆိုကြောင်း ဖော်ပြပါတယ်။
အာဆီယံခေါင်းဆောင်တွေ မတွေ့ဆုံမီ တရက်အလို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကျင်းပတဲ့ မေလ ၂၅ ရက်မှာ စစ်ကောင်စီက ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက မင်္ဂလာဆောင်တခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် သတို့သမီးနဲ့ ကလေးငယ် ၂ ဦးအပါအဝင် အနည်းဆုံး ၁၀ ဦးသေဆုံးခဲ့တယ်လို့ SAC-M က ထောက်ပြထားပါတယ်။
အဲဒီဖြစ်စဥ်မတိုင်မီကလည်း စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စာသင်ကျောင်းကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ဦး စုစုပေါင်း ၂၄ဦးသေဆုံးခဲ့ပြီး အရပ်သား ပြည်သူ ၁၀၅ ဦးဒဏ်ရာရခဲ့တာရှိပါတယ်။
အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ခုခံကြိုးပမ်းမှုတွေကြားမှာ မလျော်ကန်တဲ့ ဘက်မျှကို ဆက်လက်တည်တံ့နေစေတယ်လို့ SAC-M က သုံးသပ် ထားပါတယ်။
SAC-M အဖွဲ့ဟာ ကုလသမဂ္ဂအရာရှိဟောင်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု၊ ကျူးလွန်မှုတွေကို မှတ်တမ်းတင် ထုတ်ဖော်ပြောကြားနေတဲ့ အဖွဲ့တခု ဖြစ်ပါတယ်။
========================
📌📌 ၃။ ရွှေပြည်သာစက်မှုဇုန် ၊နွားခြံမှတ်တိုင်အနီးရှိ " SUNLONE MYANMAR SPORTS CO, LTD စက်ရုံတွင် အချိန်ပိုအလွန်အကျွံခေါ်ယူနေပြီး အလုပ်သမားများကိုနားရက်မပေး
ရွှေပြည်သာစက်မှုဇုန် ၊နွားခြံမှတ်တိုင်အနီးရှိ " SUNLONE MYANMAR SPORTS CO, LTD စက်ရုံတွင် အချိန်ပိုအလွန်အကျွံခေါ်ယူနေပြီး အလုပ်သမားများကိုနားရက်မပေးဘူးလို့မေလ၃၀ရက် သွေးစည်းညီညွတ်မှုဖြင့် မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ကဖော်ပြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာစက်မှုဇုန် ၊နွားခြံမှတ်တိုင်အနီးရှိ တရုတ်နိုင်ငံသားပိုင် SUNLONE MYANMAR SPORTS CO, LTD ကျောပိုးအိတ်စက်ရုံတွင် "နားရက်မရှိ အချိန်ပိုဆင်းပေးနေရပါတယ်။တစ်ရက်လောက် နားချင်လို့ခွင့်တောင်းလည်းမရဘူး ကြာတော့ကျန်းမာရေး ထိခိုက်လာတာနဲ့ အိမ်ပြန် လမ်းမှာ မလုံခြုံ မှုတွေရှိလာတယ်"ဆိုပြီးလုပ်ငန်းခွင်အတွင်းအလုပ်သမားများမှ မြန်မာနိုင်ငံအထွေထွေ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် - FGWM သို့ အသိပေးပြောလာပါတယ်။
"ညီမတို့ ၄လပိုင်းထဲက နားရက်မရှိ OT ဆင်းရတာ နေ့တိုင်း ည ၈း၃၀ ထိဆင်းပေးရတယ် ၉လပိုင်းထိ အချိန်ပိုခေါ်မယ်ပြောတယ် ။ နေ့စဥ်ရက်ဆက်ဆိုတော့ မဆင်းနိုင်တော့ဘူးလေ အရမ်းပင်ပန်းတယ်တစ် ရက်တလေနားချင်လို့ ခွင့်တောင်းလည်းခွင့်မပေး ခွင့်ယူရင်လည်းဆူပူကြိမ်းမောင်းတာခံရတယ် ၊ OT မဆင်းနိုင်ရင်အလုပ်ထွက်ဆိုပြီး ခြိမ်းခြောက်တာခံရတယ် ၊ တစ်ရက် အလုပ်ပျက်တာနဲ့ ရက်မှန် ကြေး ကို အကုန်ဖြတ်တယ် ၊ နေထိုင်မကောင်းလို့ အရေးတကြီး ကိစ္စရှိလို့ ဂိတ်ပတ်စ်(Gate Pass) တောင်းလည်း အလွယ် တကူမရဘူး အဆင့်ဆင့်ခွင့်တောင်းရတာ မလွယ်ပါဘူး ၊ ညဖက်တွေ နောက်ကျတော့ တစ်ချို့အမျိုး သမီးတွေက ကားမှတ်တိုင်နဲ့ အိမ်နဲ့ဝေးလို့ လမ်းလျှောက်ပြန်ရတာတွေ စက်ရုံနဲ့ အိမ်နဲ့ အရမ်းဝေး တဲ့နေရာတွေ ကိုပြန်ရတဲ့ အလုပ်သမားတွေအတွက် အစစအရာရာလုံခြုံမှုမရှိဘူး စိုးရိမ်နေရတယ် အိမ်ပြန်ရောက်မှ စိတ်ချရတော့တယ်ဆိုပြီး" အလုပ်သမားတဦးမှပြောပါတယ်။
စက်ရုံက A ရုံ B ရုံ နှစ်ရုံခွဲထားကာ Aရုံက လက်အိတ်နဲ့ Bရုံက ကျောပိုးလွယ် အိတ်ကိုချုပ်ရတယ်လို့သိရပါတယ်။
လေ ဘယ်က MADE IN MYANMAR တံဆိပ်နဲ့ ဝန်ထမ်းဦးရေ ၅၀၀ ဝန်းကျင်လောက်ရှိတဲ့စက်ရုံလည်းဖြစ်ပါတယ်။
ကုန်အမှတ်တို့မှလည်း မိမိတို့ အမှတ်တံဆိပ်ချုပ်လုပ်နေသော စက်ရုံရှိအလုပ်သမားများခံစားနေရသောအခြေအနေများကို လစ်လျူ ရှုမထားပဲ တာဝန်ယူမှု ၊ တာဝန်ခံမှုရှိစွာဖြင့် အမြန်ဆုံးဖြေရှင်းပေးစေလိုကြောင်းလုပ်ငန်းခွင်အတွင်း အလုပ်သမားများ မှပြော ပါတယ်။
========================
📌📌 ၄။ SDBဘဏ်မှာ ရွှေစုဆောင်းဖို့တော်လှန်ပြည်သူများကိုဖိတ်ခေါ်
SDBဘဏ်မှာ ရွှေစုဆောင်းဖို့တော်လှန်ပြည်သူများကိုဖိတ်ခေါ်ထားပါတယ်။
နွေဦးဖွံဖြိုးရေးSDBဘဏ်ဟာ စစ်အာဏာရှင်လက်အောက်ကလွတ်ကင်းသောဘဏာရေးစနစ်တခုလည်းဖြစ်ပါတယ်။
"နိုင်ငံခြားငွေ စျေးကွက် မတည်ငြိမ်တဲ့ ကာလမှာ ရေရှည်ခိုင်မာတဲ့ SDB ရွှေကို အသေးစားစုဆောင်းမှု မှ ကြီးမားတဲ့ အထောက်အကူ ဖြစ်လာဖို့ အတွက် အနည်းဆုံး ၅၀၀၀ ကျပ်မှ စပြီး လစဉ်ပုံမှန် စုဆောင်းကြစို့။ SDB မှာ ကမ္ဘာ့ရွှေစုဆောင်းပါ"လို့ဆိုထားပါတယ်။
SDB ဘဏ်တွင်ငွေသွင်းငွေထုတ်များကိုတရားဝင်ဖော်ပြထားသောRMများတွင်အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုရယူနိုင်ပြီလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍စစ်ကောင်စီကလူနှစ်သောင်းကျော်ကိုဖမ်းဆီးထားပြီးလူတသောင်းကျော်ကိုအကျဥ်းထောင်ထဲတွင်ဖမ်းဆီးထား
မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍စစ်ကောင်စီကလူနှစ်သောင်းကျော်ကိုဖမ်းဆီးထားပြီးလူတသောင်းကျော်ကိုအကျဥ်းထောင်ထဲတွင်ဖမ်းဆီးထားတယ်လို့သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက် များအရမတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၉၂၀၃) ဦးရှိပြီး ထိုအထဲမှ (၂၂၀၆၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၇၁၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ အကျဥ်းထောင်တွင်းနိုင်ငံရေးအကျဥ်းသားများကိုလည်း ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့အစာရေစာဖြတ်တောက်ခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုမပေးခြင်းတို့လုပ်ဆောက်လျက်ရှိပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ မေလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၇၆၄) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ထိုင်း-မြန်မာနယ်စပ် အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထပ်မံသိမ်းပိုက်
ထိုင်း-မြန်မာနယ်စပ်က အမြင့်ဆုံးတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ် တွေ ဒီနေ့ မေလ ၃ဝ ရက် မနက်ပိုင်းမှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့နယ်ထဲက စစ်ကောင်စီရဲ့ နယ်စပ်တပ်စခန်းတခုဖြစ်တဲ့ ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တာလို့ KNU သတင်းရင်းမြစ်ကလည်း အတည်ပြုထားပါတယ်။
ဒီတပ်စခန်းဟာ နယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာမြောက်စစ်စခန်းတခုဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲမှာရှိတဲ့ ကော့ကရိတ်မြို့နယ်ထဲက မြန်မာ - ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဆက်တိုက် တိုက်ခိုက်သိမ်းပိုက် နေတာလို့ Cobra Column 2 VENOM စစ်ကြောင်းက ဆိုပါတယ်။
ဒီတကျော့မှာတော့ ဘလက်ဒိုစခန်းကစလို့ KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းလာလိုက်တာ ဒီနေ့မနက် အစောပိုင်းမှာ ထိုင်းနယ်စပ်မှာ အမြင့်ဆုံး စခန်းတခုဖြစ်တဲ့ ဘုရင့်နောင်ကုန်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မနေ့ကလည်း ဥကရစ်ထနဲ့ အနီးဆုံးမှာရှိတဲ့ ရွှေအေးမြိုင် ကာကင်းစခန်းကို သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ Cobra Column 2 VENOM စစ်ကြောင်းက ထုတ်ပြန်ပါတယ်။
KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ မြန်မာ - ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ဘလက်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်ကာကင်းစခန်းနဲ့ ဘုရင့်နောင်ကုန်းစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ချိန်မှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ -၂၇၅ တပ်ရင်းက လက်နက်ကြီးတွေနဲ့ တော်လှန်ရေးတပ်တွေရှိတဲ့နေရာကို မနေ့ည သန်းခေါင်အချိန်မှာ ပစ်ကူပေးခဲ့တာကြောင့် လက်နက်ကြီးပစ်ခတ်သံတွေကို မဲဆောက်ကနေပါ ကြားနေရတယ်လို့ စစ်ဘေးရှောင် ကျန်းမာရေး CDM တဦးက ပြောပါတယ်။
မြန်မာ-ထိုင်းနယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ဒေသနေပြည်သူ ၅၀၀ ကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာတယ်လို့ ထိုင်းသတင်းဌာနအချို့ကလည်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်မှာ စစ်တပ် စွန့်ပစ်ထားတဲ့မိုင်းနင်းမိတာကြောင့် အမျိုးသားတဦး သေဆုံး
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ မိုးကုတ်မြို့နယ် လယ်ဦးကျေးရွာမှာနေထိုင်တဲ့ အမျိုးသားတဦးဟာ စစ်ကောင်စီတပ်ရဲ့ စွန့်လွှတ်မိုင်းတလုံးကို နင်းမိရာကပေါက်ကွဲပြီး သေဆုံးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
လယ်ဦးကျေးရွာမှာနေထိုင်တဲ့ အသက် ၂၅ နှစ်
အရွယ် မိုင်းအောင်အောင်ဆိုသူဟာ မေလ ၂၄ ရက် ည ၁ဝ နာရီခန့်အချိန်မှာ စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်းကို နင်းမိခဲ့တာလို့ ဆိုပါတယ်။
အရင်ကရှိခဲ့တဲ့ စစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း ၁၄၈ တပ်စခန်းဟောင်း ၅ မိုင်ဂိတ်ရှေ့မှာ မိုင်းနင်းမိ တာကြောင့် သေဆုံးခဲ့တာလို့လည်း အသိပေးပါတယ်။
အခင်းဖြစ်နေရာကို တအာင်းပြည်မြိုနယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူအမျိုးသားဟာ ညာခြေတဖက် ပြတ်သွားခဲ့ပြီး ဘယ်ဘက်ပေါင်မှာလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တာတွေ့ရတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလ ၁၅ ရက်နေ့တုန်းကလည်း မူဆယ်မြို့နယ် တုန်ခန်ကျေးရွာက အသက် ၄ဝ အရွယ် အမျိုးသားတဦး နွားကျောင်းနေ ချိန်မှာ စစ်ကောင်စီတပ်က စွန်လွှတ်ထားခဲ့တဲ့မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၃။ ကချင်ပြည်နယ် ဖားကန့်မြို့လုံးခင်းကျေးရွာတွင်းစကစတပ်စစ်ကြောင်းများပစ်ခတ်၍အရပ်သားများသေဆုံးခဲ့ရ
ကချင်ပြည်နယ် ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင်းစကစတပ်စစ်ကြောင်းများပစ်ခတ်၍အရပ်သားများသေဆုံးခဲ့ရတယ်လို့သတင်းရရှိပါတယ်။
မေလနောက်ဆုံးပတ်စကစ စစ်ကြောင်းထိုးဝင်ရောက်၍အရပ်သား ပြည်သူ့ ၅ ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုထားပါတယ်။
"လုံးခင်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ပစ်လိုက်တာအရပ်သား ပြည်သူ့ ၅ ဦးသေဆုံးခဲ့ရပါတယ်။လေးလောင်းအား လုံးခင်းသုသာန်အတွင်းထားရှိထားပါတယ်။ ပိုင်ရှင်များ လူပျောက်ပါက သွားရောက်ကြည့်ရှုနိူင်ပါတယ်"လို့ဒေသခံတဦးကဆိုထားပါတယ်။
ကျန်တစ်ဦး အလောင်းကတော့ ရွှေမှော် တည်းခိုခန်း အပေါ်ထပ်၌ မကောက်ရသေးဟု သိရှိရတယ်။
သေဆုံး ၄ ဦးအား မှော်စီဆာအခြေစိုက် လူမှုကယ်ဆယ်ရေး အဖွဲ့မှ သွားရောက်ကောက်ယူထားပြီဖြစ်ပါတယ်။
========================
🚩🚩 ၄။ ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ စစ်အုပ်စုက အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ငွေတောင်းတာတွေနဲ့ စစ်တပ် စစ်ကြောင်းကြောင့် လူတသောင်းကျော် စစ်ဘေးရှောင်နေရ
စစ်ကိုင်းတိုင်းထဲက ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ စစ်ကောင်းစီတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါတဲ့ စစ်အုပ်စုက အဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး ငွေတောင်းတာတွေနဲ့ စစ်တပ်စစ်ကြောင်းကြောင့် ဒေသနေပြည်သူတသောင်းကျော် စစ်ဘေးရှောင် နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် က ပြောပါတယ်။
မေလဆန်းပိုင်းကစပြီး ကန့်ဘလူမြို့ပေါ်နဲ့ ကျေးရွာအချို့မှာ ဒေသနေပြည်သူတွေကို အဓမ္မပေါ်တာဆွဲ ဖမ်းဆီးနေတာဖြစ်ပြီး မှော်တောရွာနဲ့ ကံကြီးကုန်းရွာတို့က ဒေသနေပြည်သူ ၄၀ ခန့် ဖမ်းဆီးခံရသလို မေလ ၁၃ ရက်နေ့ ညနေပိုင်းကလည်း ကန့်ဘလူမြို့ပေါ် အမှတ် ၁ ရပ်ကွက်နဲ့ အမှတ် ၂ ရပ်ကွက်က ဒေသနေပြည်သူ ၃၀ ခန့် ဖမ်းဆီးခံရတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မေလ ၁၅ ရက်နေ့နဲ့ ၁၉ ရက်နေ့မှာလည်း နာမည်စာရင်းအတိအကျနဲ့ ပေါ်တာဆွဲဖမ်းဆီးခဲ့တာကြောင့် ပေါ်တာဆွဲ ခံရသူ ၁ဝဝ ကျော်ရှိနေပြီလို့ အသိပေးပါတယ်။
မြို့ပေါ်မှာ ပေါ်တာဆွဲတာကို အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့သာ ပျူစောထီး အောင်သူထွန်းက ဦးဆောင်ပြီး မိုးကျော်နဲ့ ထွန်းမြင့်သိန်းတို့က ဖမ်းဆီးထားသူတွေကို ကြံ့ခိုင်ရေးရုံး၊ OSS ရုံးနဲ့ ၆၀၀၆ တပ်ထဲ ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ကျေးရွာတွေကို စစ်ကြောင်းထိုးရာမှာ ယခင်နှင်းဆီပါတီဥက္ကဋ္ဌဟောင်း ပျူစောထီးသောင်းဝေရဲ့ သားတွေဖြစ်တဲ့ ခင်မောင်ဝင်းနဲ့ ခင်မောင်ဦးတို့ ညီအစ်ကိုက ဦးဆောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက ဒေသနေပြည်သူတွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင် စစ်မှုမထမ်းချင်တဲ့ ပြည်သူတွေဆီက ငွေညှစ်တာတွေ ဆက်တိုက်ပြုလုပ်နေသလို ကိုးတောင်ဘို့တိုက်နယ် သင်တောရွာမှာ အထိုင်ချ တပ်စွဲနေ တဲ့ စစ်အုပ်စုက ရွာပတ်လည်နဲ့ရွာထဲမှာ ကင်းချဖို့ပြင်ဆင်နေတွေနဲ့ စစ်အုပ်စုစစ်ကြောင်းကြောင့် ကန့်ဘလူမြို့နယ်အတွင်း က ဒေသနေပြည်သူ တသောင်းခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေတာ နှစ်ပတ်ခန့်ကြာမြင့်နေပြီလို့ သိရပါတယ်။
========================
🚩🚩 ၅။ မှော်ဘီက လေတပ်မိသားစုဝင်တွေဖွင့်ထားတဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က လေတပ်မိသားစုဝင်ဖြစ်တဲ့ တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူရဲ့ ဆွေမျိုးတွေ ဖွင့်ထားတဲ့ ဆိုင်ခန်းတွေကို လက်ပစ်ဗုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army – YA အဖွဲ့က ပြောပါတယ်။
တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူရဲ့ ဆွေမျိုးတွေဖွင့်ထားတဲ့ ဆိုင်ခန်းတွဲ ၃ ခန်းကို မနေ့ မေလ ၂၉ ရက် ည ၇ နာရီ ၅၅ မိနစ်ခန့်အချိန်မှာ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အသိပေးပါတယ်။
တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူတို့ မိသာစုဆွေမျိုးအားလုံးဟာ လေတပ်က အငြိမ်းစားတွေဖြစ်ပြီး ညီအငယ်ဆုံးဟာ လက်ရှိအချိန်ထိ လေတပ်မှာ Y-8 မောင်းပြီး ခွေးဇာတ်ခင်းနေတဲ့သူလို့ Yangon Army – YA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုကို Yangon Army – YA နဲ့ အနောက်ပိုင်းခရိုင် ပကဖ တို့ ပူပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လေတပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဆွေမျိုးတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ Yangon Army – YA က အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment