၂၀၂၅ ဇွန်လ ၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်ဆွေးနွေးခန်းကို Real Voice Channelမှထုတ်လွှင့်မည်
📌 ၂။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ဦးဆောင်ကျင်းပသည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု(Security Sector Reform-SSR) Webinar အောင်မြင်စွာ ကျင်းပပြီးစီး
📌 ၃။ world Recordတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဆုတောင်းဗီဒီယိုများ ငါးထောင်ကျော်သာရရှိသေး
📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ ပြည့် အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲယူကေနိုင်ငံမှာကျင်းပ
📌 ၅။ တရုတ်အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများကိုကန့်ကွက်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်စာကို တရုတ်သံရုံးသို့ပေးပို့
📌 ၆။ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ကျော်၏ မိုးတွင်းကာလအတွင်း ပိုမိုလုံခြုံစွာဖြတ်သန်းနိုင်စေဖို့ မိုးဦးဘဏ် အမည်နဲ့ကမ်ပိန်းစတင်
========================
၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၅၂ ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၇၁ ဦး သေဆုံးခဲ့
🚩 ၂။ တအာင်းပြည်ကောင်စီ Ta'ang Land Council -TLCကို ဖွဲ့စည်း
🚩 ၃။ စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ထွက်သွားရမည်ဖြစ်ကြောင်း စာများပေးပို့ မောင်းထုတ်
🚩 ၄။ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ဘန်နာကိုင်စွဲကာလူထုသပိတ်လှုပ်ရှား
🚩 ၅။ ယင်းမာပင်မြို့နယ်လမ်းမပေါ်တနေရာမှာအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကျောင်းသားများ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်ဆွေးနွေးခန်းကို Real Voice Channelမှထုတ်လွှင့်မည်
ဇွန်လ ၉ရက်
NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့်ဆွေးနွေးခန်းကို Real Voice Channelမှထုတ်လွှင့်မည်ဖြစ်ကြောင်းသိရပါတယ်။
ဆွေးနွေးခန်းကို ဇွန်လ၁၁ရက် မြန်မာစံတော်ချိန် ည၇နာရီအချိန် ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။
NUGနိုင်ငံခြားရေးဝန်ကြီးဌာနဟာ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သောနိုင်ငံခြားရေးမူဝါကိုကျင့်သုံးလျက် နွေဦးတော်လှန်ရေးတွင် သံတမာန်ရေးရာမျက်နှာစာမှာ ပါဝင်လျက်ရှိပါတယ်။
========================
📌📌 ၂။ မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ဦးဆောင်ကျင်းပသည့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု(Security Sector Reform-SSR) Webinar အောင်မြင်စွာ ကျင်းပပြီးစီး
ဇွန်လ ၉ရက်
မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး CDM နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု(Security Sector Reform-SSR) Webinarကို (၃)ကြိမ်ခွဲ၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ကောင်စီဥက္ကဌအဖွဲ့ဝင်များနှင့် ကောင်စီဝင်များ၊ မိတ်ဖက်ဒေသအခြေပြု CDM အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အခြားဒေသများမှ CDM နိုင်ငံ့ဝန်ထမ်းဦးရေ(၁၂၀) တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ Webinarသို့ နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်ကို ဖိတ်ကြား၍ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှု၊ အရပ်သားထိန်းချုပ်မှုအောက်တွင် လုံခြုံရေးတပ်ဖွဲ့များ ထားရှိမှု၊ အမျိုးသားလုံခြုံရေးကောင်စီ ဖွဲ့စည်းထားရှိမှု စသည့်အကြောင်းအရာများနှင့် အခြားနိုင်ငံတကာမှ ဖြစ်စဉ်များကို ယှဉ်တွဲလေ့လာမှုများ ပြုလုပ်ခဲ့ကြပြီး Webinar အစီအစဉ်ကို အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၃။ world Recordတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဆုတောင်းဗီဒီယိုများ ငါးထောင်ကျော်သာရရှိသေး
ဇွန်လ ၉ရက်
world Record တင်မည့် ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ ဆုတောင်းဗီဒီယိုများ ငါးထောင်ကျော်သာရရှိသေးတယ်လို့ SUU 80 Campaignက ကြေညာပါတယ်။
ဇွန်လ၈ရက်နေ့အထိ ဗီဒီယို၅၃၃၀သါရရှိသေးကြောင်းနဲ့ အမေစု ရဲ့၈၀ ပြည့်မွေးနေ့အတွက် မွေးနေ့ဆုတောင်းဗီဒီယိုများ ပေးပို့နိုင်ရန်လည်းတိုက်တွန်းထားပါတယ်။
အမေ့မွေးနေ့ ဆုတောင်းစုစုပေါင်း ၈၀၀၀၀ကို စုဆောင်းပြီး world Recordကို တင်သွားမှာဖြစ်ပြီးတော့ အချိန် ၁၀ ရက်အတွင်းမှာစုဆောင်းမှာ ဖြစ်ပါတယ်။
ပေးပို့မည်သူများဟာ Happy birthday နဲ့စတင်ရမည်ဖြစ်ပြီး Suဆိုသောစကားလုံးပါဝင်ရမည်ဖြစ်ကာ အချိန်စက္ကန့်သုံးဆယ်ထက်မပိုရဘူးလို့ သတ်မှတ်ထားပါတယ်။
========================
📌📌 ၄။ ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ ပြည့် အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲယူကေနိုင်ငံမှာကျင်းပ
ဇွန်လ ၉ရက်
ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀ ပြည့် အထိမ်းအမှတ် စုပေါင်း လမ်းလျှောက်ပွဲယူကေနိုင်ငံမှာကျင်းပခဲ့ပါတယ်။
အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းနှင့်NUGစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ယူကေရောက် မြန်မာအင်အားစုများတက်ရောက်ခဲ့ကြပါတယ်။
အမေစု အသက်၈၀ပြည့်အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲ အစီအစဉ်အရ ပါလီမာန်ရှေ့ဟောပြော မှုများပြုလုပ်ခဲ့ပြီး Green Park သို့ ဆက်လက် လမ်းလျှောက် ချီတက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ တရုတ်အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများကိုကန့်ကွက်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်စာကို တရုတ်သံရုံးသို့ပေးပို့
ဇွန်လ ၉ရက်
တရုတ်အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများကိုကန့်ကွက်ကြောင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်စာကို တရုတ်သံရုံးသို့ပေးပို့ခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေမှုများနှင့် မတရားအာဏာသိမ်း အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံကူညီနေမှုများကို ချက်ချင်းရပ်တန့်သွားဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက ဇွန်လအတွင်း ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
Tokyo, Osaka, Nagoya, Shizuoka မြို့ကြီးတွေမှာလည်း အလားတူတပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး တရုတ်အစိုးရအနေနဲ့ EAO နှင့် တော်လှန်းအင့်အားစုများအပေါ် အလွန်အကျွံဖိအားပေးနေမှုများရပ်တန့်ရန် ၊ အကြမ်းဖက်စကစ အလေးသာစေမည့် မြန်မာပြည်တွင်ရေး ဝင်ရောက်စွက်ဖက်မှာများကိုရပ်တန့်ရန်၊ အကြမ်းဖက်စကစကို အားပေးထောက်ခံကူညီမှုမှုများရပ်တန့်ရန် နှင့် မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလေးစားလိုက်နာရန် ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။
တရုတ်သံရုံးကိုလိပ်မူပြီး ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ကန့်ကွက်စာကို လည်း၆လပိုင်း၆ရက်နေ့မှာပေးပို့ခဲ့ပါတယ်။
========================
📌📌 ၆။ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ကျော်၏ မိုးတွင်းကာလအတွင်း ပိုမိုလုံခြုံစွာဖြတ်သန်းနိုင်စေဖို့ မိုးဦးဘဏ် အမည်နဲ့ကမ်ပိန်းစတင်
ဇွန်လ ၉ရက်
စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်၏ မိုးတွင်းကာလအတွင်း ပိုမိုလုံခြုံစွာဖြတ်သန်းနိုင်စေဖို့ မိုးဦးဘဏ် အမည်နဲ့ကမ်ပိန်းစတင်လိုက်ပါတယ်။
"ပြည်ကံ့ကော် စစ်ဘေးရှောင်ကူညီရေးအနေနဲ့ ရာသီဥတုအခြေအနေ လမ်းပန်းဆက်သွယ်ရေး၊ အလှူရှင်ရှားပါးမှု စတာတွေကြောင့် မိုးရာသီအတွက် ကြိုတင်မစုဆောင်းထားရင် အတော်လေးဒုက္ခရောက်ရတယ်ဆိုတာ ရှေ့၄နှစ်မှ အတွေ့အကြုံများကသက်သေပြနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတူတူဖြတ်သန်းခဲ့ရတဲ့ မိုးတွင်းအခက်အခဲတွေ ဒီနှစ်မှာထပ်မကြုံရဖို့ဆန်နှင့်မိုးကာများ ကြိုတင်စုဆောင်းနိုင်ရန်အတွက် "မိုးဦးဘဏ်" အနေနဲ့ စတင်လိုက်ပါတယ်။သင့်ရဲ့ပါဝင်ကူညီမှုတစ်ခုစီတိုင်းဟာ နေရပ်ရှောင်ပြည်သူတို့အတွက် မိုးတွင်းတလျှောက် စားနပ်ရိက္ခာဖူလုံစေပြီး မိုးဒဏ်၊ အအေးဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ အမိုးအကာများကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
ကမ်ပိန်းကို ဇွန်လ၈ရက်မှ ဂျူလိုင်၈ရက်အထိ ဆန် ၁ ပြည် - ၅,၀၀၀ ကျပ်၊ဆန် ၁ အိတ် - ၁၂၀,၀၀၀ကျပ်၊မိုးကာ ၁ ချပ် - ၈၀,၀၀၀ ကျပ်နှုန်းဖြင့် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်၏ မိုးတွင်းကာလအတွင်း ပိုမိုလုံခြုံစွာဖြတ်သန်းနိုင်စေဖို့အတွက် ပါဝင်ကူညီနိုင်ပြီ ဖြစ်ပါတယ်။
ပါဝင်ကူညီရန်အတွက် လုံခြုံစိတ်ချစွာထောက်ကူနိုင်တဲ့ SCF မှာ မိုးဦးဘဏ် ကမ်ပိန်းပုံနားလေးမှာရှိတဲ့ Donate ခလုတ်ကိုနှိပ်၍ ပြည်သူ့ဘက်တော်သားဘဏ်ဖြစ်တဲ့ နွေဦးဘဏ် Spring Development Bank သုံးပြီး မြန်မာငွေကျပ် Currency ဖြင့် အနည်းဆုံး ၅၀၀၀ကျပ်မှစတင်ပြီး လုံခြုံစိတ်ချမြန်ဆန်စွာ အားဖြည့်ပေးနိုင်ပါတယ်။
========================
📌📌 ၇။ ၄၂ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အမေရိကန်ဒေါ်လာ၁၂၀၀၀ ကျော်ရရှိ
ဇွန်လ ၉ရက်
နွေဦးတော်လှန်ရေးနဲ့မြန်ပြည်သူတွေအတွက် တဖက်တလမ်းကပံ့ပိုးပေးနေတဲ့ ၄၂ ကြိမ်မြောက်နွေဦးလက်ဖက်ရည်ဝိုင်း မိသားစုမှ အမေရိကန်ဒေါ်လာ(၁၂,၀၀၀)ကျော်ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
"အထွေထွေထိုးစစ်ဆိုတဲ့အခြေအနေတွေလဲကြားနေရတယ်ဆိုတော့ ထိုက်တန်တဲ့အရွေ့တခုရရှိစေရန် နွေဦးတော်လှန်ရေးအင်အားစုတွေအကုန်စုပေါင်း လုပ်ကြကိုင်ကြရင်ဖြင့် အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် တိုင်းရင်းသားများအပါအဝင် အင်အားစုအားလုံးပူးပေါင်းဆောင်ရွက်ကြစေလိုတယ်လို့ အားလုံးကိုတောင်းဆိုလိုတယ်။နွေဦးလဘက်ရည်၀ိုင်းထောက်ပို့များ အနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ကြိုးစားသွားကြမှာဖြစ်ပါတယ်"လို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှတာဝန်ခံတဦးကလည်း Radio NUGကိုဖြေကြားပါတယ်။
ထို့အပြင် ချက်ပြုတ်လှုဒါန်းပေးသောအလှူရှင်များ၊ငွေသားအလှုရှင်များ၊အပင်ရောင်းချလှူဒါန်းသော မိတ်ဆွေများ၊ဝယ်သူအားပေးသော မိတ်ဆွေများ၊ဝိုင်းဝန်းကူညီသောမိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ဆိုပါတယ်။
နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုမှ အမေရိကန်ဆန်ဖရန်ဗေးဧရိယာတွင် အပတ်စဥ်အစားအစာများ ချက်ပြုတ်ရောင်းချ၍ထောက်ပို့ကူညီနေတဲ့အဖွဲ့လည်းဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်တွင် အကြမ်းဖက်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုပေါင်း ၅၅၂ ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၇၁ ဦး သေဆုံးခဲ့
ဇွန်လ ၉ရက်
အင်အားပြင်းငလျင်လှုပ်ခတ်မှုဘေးသင့်နေချိန်တွင် အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ သေဆုံး/ထိခိုက်ဒဏ်ရာရအချက်အလက်များ
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ဇွန်လ ၉ရက်နေ့၇က်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက် ၂၀၂၅ မှ ဇွန်လ ၆ ရက် ၂၀၂၅ ထိ အချက်အလက်များကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြုစုထားခြင်းဖြစ်ပြီး ထိုကာလအတွင်း အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုစုစုပေါင်း ၅၅၂ ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း ၄၇၁ ဦး သေဆုံးကာ ၉၃၁ ဦးအထိ ဒဏ်ရာရရှိခဲ့ပါတယ်။
Update အချက်အလက်များကို အပတ်စဉ် တနင်္လာနေ့တိုင်း ထုတ်ပြန်သွားမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ Emergency Earthquake site, nugmyanmar.org/earthquake-emergency/ website တွင်လည်း update များကို ကြည့်ရှုနိုင်ပါတယ်။
========================
🚩🚩 ၂။ တအာင်းပြည်ကောင်စီ Ta'ang Land Council -TLCကို ဖွဲ့စည်း
ဇွန်လ ၉ရက်
တအာင်းပြည်ကောင်စီ Ta'ang Land Council -TLC ကို လူပုဂ္ဂိုလ်၉ဦးနှင့်ဖွဲ့စည်းလိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။
ဇွန်လ၉ရက်နေ့ ကြေညာချက်အရ ထိပ်သီးအစည်းအဝေးကို ဇွန်လ၁ရက်မှ၃ရက်နေ့အထိ တအာင်းပြည်တနေရာတွင် အောင်မြင်စွာကျင်းပခဲ့တယ်လို့ဆိုပါတယ်။
အစည်းအဝေးဆုံးဖြတ်ချက်အရ တအာင်းပြည်ကောင်စီ Ta'ang Land Council -TLC ကို ခေါင်းဆောင်များနဲ့ဖွဲ့စည်းလိုက်တယ်လို့ဖော်ပြပါတယ်။
ပါဝင်သူများမှာ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း( ဥက္ကဌ)၊ လွေးမိုးခမ်း (ဒုဥက္ကဌ-၁)၊ တားအေးမောင်( ဒုဥက္ကဌ-၂)၊ ဗိုလ်ချုပ်တားခူးပလန်(အဖွဲ့ဝင်)စတဲ့လူပုဂ္ဂိုလ်စုစုပေါင်း ၉ဦးနှင့်ဖွဲ့စည်းခဲ့ပါတယ်။
အဆိုပါကောင်စီဟာ စကစကိုဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့်နယ်မြေများကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ဆက်လက်ဖွဲ့စည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်မယ်လို့ဆိုပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဆီဆိုင်မြို့နယ်ရှိ ကျေးရွာအုပ်စု ၂ ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ထွက်သွားရမည်ဖြစ်ကြောင်း စာများပေးပို့ မောင်းထုတ်
ဇွန်လ ၉ရက်
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဆီဆိုင်မြိုနယ်ရှိ ကျေးရွာအုပ်စု ၂ခုမှ ပြည်သူ ၆ဝဝဝ ကျော်ကို ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဟု မောင်းထုတ်နေကြောင်းဇွန်လ၉ရက်မှာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLAက ဖော်ပြပါတယ်။
ကျေးရွာအတွင်းမှ ထွက်ခွါရန် PNOပြည်သူ့စစ်က မောင်းထုတ်ခဲ့သည့်ကျေးရွာများမှာ ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုမှ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုမှ နောင်ထော်၆ရွာ ၊ ကလားလမ်ရွာတို့ဖြစ်ကြပါတယ်။
ယင်းကျေးရွာရှိ ဓဒသခံများအားလုံး ဇွန်လ ၁၅ ရက်နေ့နောက်ဆုံးထားပြီး ကျေးရွာအတွင်းမှ ထွက်သွားရမည်ဖြစ်ပြီး မထွက်သွားပါက တာဝန်မယူဟု စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ဇွန်လ ၇ ရက်နေ့တွင် ကျေးရွာများသို့ စာပို့လာခြင်းဖြစ်တယ်လို့သိရပါတယ်။
ထို့အပြင် ကျေးရွာအတွင်းမှ ထွက်ခွါသည့်သူများအနေဖြင့်လည်း တောင်ယာနှင့် စစ်ဘေးရှောင်စခန်းသို့ သွားရောက်နေထိုင်ခြင်း မပြုရန် နှင့် ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာ မွေတော်ဘုရားဝန်းသို့သာ ထွက်ခွါသွားရမည်ဟု PNO က ပို့လာသည့်စာတွင်တွေ့ရပါတယ်။
========================
🚩🚩 ၄။ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ဘန်နာကိုင်စွဲကာလူထုသပိတ်လှုပ်ရှား
ဇွန်လ ၉ရက်
ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဇွန်လ ၈ ရက်နေ့ နေ့လည်က စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီမှ လာမယ့် ဒီဇင်ဘာလ တတိယပတ်၊ စတုတ္ထပတ်နဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်၊ ဒုတိယပတ်အတွင်း အကောင်ထည်ဖော်ဖို့ကြိုးပမ်းနေတဲ့ အတုအေယာင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်တဲ့အနေနဲ့ ဖက်ဆစ်ရွေးကောက်ပွဲ သပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် ခေါင်းစဥ်နဲ့ အဲဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်ဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်အသက်ဆုံးရှည်စေရေးကို ကျားကန်ပေးမယ့် နိုင်ငံရေးထောက်တိုင်တစ်ခုဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ နိုင်ငံရေးအရပြတ်ပြတ်သားသား ဆန့်ကျင်သွားကြရမှာဖြစ်တယ်လို့ သပိတ်ကော်မတီကဆိုပါတယ်။
အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုမှာ အမျိုးသမီး၊ လူငယ်တွေနဲ့ ဒေသခံပြည်သူအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
========================
🚩🚩 ၅။ ယင်းမာပင်မြို့နယ်လမ်းမပေါ်တနေရာမှာအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကျောင်းသားများ ပြုလုပ်
ဇွန်လ ၉ရက်
ယင်းမာပင်မြို့နယ်ထဲက အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတနေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲပြီး ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။
"၂၀၂၅၊ မေလအတွင်းမှာ စစ်တပ်အထိုင်ချရာနေရာ၊ စစ်ကောင်စီစိုးမိုးဒေသတွေနဲ့ နီးစပ်ဒေသအချို့မှာ စစ်ကောင်စီက စာသင်ကျောင်း၊ ဘကကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေး ဗန်းပြပြီး ဒေသခံကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်တွေကို အတင်းအဓမ္မကောက်ခံနေပါတယ်။တဆက်တည်းမှာပဲ ကျောင်းတွေမှာ အတန်းကျော်တက်နိုင်ရေးအတွက် ပိုက်ဆံကောက်ခံတာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းလည်ပတ်ရေးအတွက် ဒေသခံတွေကို ငွေကြေးပေးပြီး မသမာတဲ့ နည်းလမ်းနဲ့ လက်ဝါးကြီးအုပ်တာတွေ ပြုလုပ်နေကြပါတယ်"လို့ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုလည်း စိုးရိမ်နေရပြီး ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့ ဒီဘန်နာကို ချိတ်ဆွဲ၊ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment