၂၀၂၅ ဇူလိုင်လ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ "တော်လှန်ရေးအမြန်အောင်မြင်ဖို့ သွေးခွဲမှုကို သတိပြုစို့" ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ပါဝင်ဆွေးနွေးမယ်
📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီ ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် ICON များ NUG ထောက်ပံ့လှူဒါန်း
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တီမောနိုင်ငံတို့ရဲ့ မိတ်ဆွေအနှစ်သာရဟာ ခိုင်မာပြီး အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေ ရှိထားကြတယ်လို့ ဆို
📌 ၄။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ကာကွယ်ရေးဌာန ဖွဲ့စည်းပြီး ကာကွယ်ရေးဌာန ဌာနမှူးကြီးနှင့် ဒုတိယ ဌာနမှူးများ ခန့်အပ်
📌 ၅။ ပဲခူးတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပေါ်
📌 ၆။ လွတ်မြောက်နယ်မြေ CDM camp များရှိ တပ်/ရဲ၊ မိသားစုများအား ရိက္ခာထောက်ပံ့ပေး
📌 ၇။ ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အုတ်ဖိုမြို့နယ်၊ ဆယ်ရွာက ပြည်သူများကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်
🚩 ၂။ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ခုခံရင်ဆိုင်ရင်း PDA မှ ရဲဘော် ၂ ဦး ကျဆုံး
🚩 ၃။ စစ်ကောင်စီ လက်နက်ကြီးကြောင့် အုန်းတော-ရွှေဘို မဟာဓါတ်အားလိုင်း ကေဘယ် ၂ ချောင်း ပျက်စီးခဲ့
🚩 ၄။ မိုင်းလုံနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄ ဦး သေဆုံး
🚩 ၅။ မုံရွာ အခြေစိုက် ထောက်ပို့တပ် (၉၂၉) မှ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် တစ်ဦး အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ "တော်လှန်ရေးအမြန်အောင်မြင်ဖို့ သွေးခွဲမှုကို သတိပြုစို့" ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း ပါဝင်ဆွေးနွေးမယ်
ဇူလိုင်လ ၂၉ရက်
Radio NUG
Inter - Religious Institute for Peace (IRIP) က အပတ်စဥ် ကျင်းပတဲ့ ဓမ္မကို ဘာသာတရားဖြင့် ဝန်းရံခြင်း စကားဝိုင်း - အပိုင်း (၂၅) ဖြစ်တဲ့ "တော်လှန်ရေး အမြန်အောင်မြင်ဖို့ သွေးခွဲမှုကိုသတိပြုစို့" ခေါင်းစဥ်နဲ့ စကားဝိုင်းကို ဇူလိုင် ၃၀ရက် ညပိုင်းတွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဆွေးနွေးပွဲတွင် ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်)၊ ဦးစိုးသူရထွန်း - NUG ပြည်ထောင်စုဝန်ကြီး (လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန)၊ ဒေါက်တာထားထားပါ - ညွှန်ကြားရေးမှူး - CDM (သမိုင်းသုတေသနဌာန)၊ ရဲဘော် Zeus - ဒု ကွပ်ကဲရေးမှူး (အမှတ် (၁) ရွှေဘိုခရိုင် စစ်ဒေသ)တို့ ပါဝင်ဆွေးနွေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆွေးနွေးမှုကို တော်လှန်မိတ်ဖက်မီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီ ၏ လေကြောင်းအန္တရာယ်မှ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရန် ICON များ NUG ထောက်ပံ့လှူဒါန်း
ဇူလိုင်လ ၂၉ရက်
Radio NUG
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပညာရေးစာသင်ကျောင်းများတွင် စာသင်ကြားလျက်ရှိသော ကျောင်းသား/သူများအတွက် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှ ကာကွယ်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဆက်သွယ်ရေး ICON များ ဝယ်ယူနိုင်ရန် 5,000,000 (ကျပ်သိန်း ၅၀) တိတိကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။
သတင်းကြိုတင်ရယူမှု အားနည်းခြင်းကြောင့်လည်း မလိုအပ်ဘဲ ပျက်စီးဆုံးရှုံးမှုများနှင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုများစွာ ကြုံတွေ့ခဲ့ရသည့်အတွက် ထောက်ပံ့ငွေများကို တာဝန်ခံ မချောစုဟန်မှ တဆင့် သက်ဆိုင်ရာမြို့နယ် တာဝန်ရှိသူများထံ ဘေးအန္တရာယ်နှင့် သတင်းရယူမှု ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကြိုတင်သတင်းရယူမှု အားနည်းခဲ့၍ လေယာဥ်သံကြားမှသာလျှင် လုံခြုံသည့်နေရာများသို့ ရှောင်ရှားခြင်း၊ ဗုံးခိုကျင်းများတွင် ဝင်ရောက်ပုန်းခိုခြင်းများ ပြုလုပ်ခဲ့ကြရတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တီမောနိုင်ငံတို့ရဲ့ မိတ်ဆွေအနှစ်သာရဟာ ခိုင်မာပြီး အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေ ရှိထားကြတယ်လို့ ဆို
ဇူလိုင်လ ၂၉ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တီမောနိုင်ငံတို့ရဲ့ မိတ်ဆွေအနှစ်သာရဟာ ခိုင်မာပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းအပေါ်မှာ အခြေခံကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု၊ လူမှုဘ၀ တိုးတက်ရေးစတဲ့ အရေးတွေအပေါ် အမြဲပူးပေါင်းဆောင်ရွက်ဖို့ ကတိတွေ ရှိထားကြောင်း ချက်သမ္မတနိုင်ငံဆိုင်ရာ NUG ဆက်ဆံရေးရုံးမှ ကိုယ်စားလှယ် ဦးလင်းသန့်က အသိပေးဆိုပါတယ်။
"ပထမဆုံး ပြောချင်တာက တီမောသမ္မတဟာ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်လည်းဖြစ်၊ နိုင်ငံတကာက လေးစားရတဲ့ နိုင်ငံ့အကြီးအကဲ တစ်ဦးလည်း ဖြစ်တယ်။ ဝန်ကြီးချုပ်ဆိုတာလည်း နိုင်ငံတကာက လေးစားရတဲ့ အစိုးရအကြီးအကဲပါ။ သူတို့ ၂ ဦးလုံးက တီမော လွတ်လပ်ရေးအတွက် ထိပ်တန်း ခေါင်းဆောင် ၂ ဦး ဖြစ်ကြသလို တီမောနိုင်ငံ ထူထောင်တည်ဆောက်ရေးရဲ့ ဗိသုကာများလည်း ဖြစ်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် အလွန်ချစ်ခင်လေးစားကြသူတွေလည်း ဖြစ်သလို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို အထူး လေးစားကြသူတွေလည်း ဖြစ်တယ်။ "လို့ ဆိုပါတယ်။
NUGနဲ့ ဆက်ဆံရေးမှာလည်း ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး စံတွေနဲ့အညီ ကောင်းမွန်တဲ့ ခိုင်မာတဲ့ ဆက်ဆံရေးရှိပြီး တီမောနိုင်ငံသည် ငြိမ်းချမ်းရေးကို အထူးအလေးထား မြတ်နိုးသူတွေ ဖြစ်သလို တီမောနိုင်ငံရဲ့ ခါးသည်းစွာ ဖြတ်သန်းခဲ့ရတဲ့ သမိုင်းဆိုင်ရာ သင်ခန်းစာတွေကိုလည်း အမြဲဝေငှပေးလေ့ရှိတယ်လို့ သိရပါတယ်။
"မိတ်ဆွေစစ်တို့သည် အပြန်အလှန်လေးစားတန်ဘိုးထားမှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ယိုင်းပင်းကူညီမှု၊ အတူ ရပ်တည်မှုတို့သည် ထာ၀ရ ခိုင်မြဲခြင်း သဘောရှိတယ်"လို့ ဦးလင်းသန့်က ထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၄။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ကာကွယ်ရေးဌာန ဖွဲ့စည်းပြီး ကာကွယ်ရေးဌာန ဌာနမှူးကြီးနှင့် ဒုတိယ ဌာနမှူးများ ခန့်အပ်
ဇူလိုင်လ ၂၉ရက်
Radio NUG
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၆) ပြဋ္ဌာန်းချက်နှင့်အညီ ကာကွယ်ရေးဌာနကို ဖွဲ့စည်းလိုက်ကြောင်း ဇူလိုင်လ ၂၉ရက်နေ့တွင် ထုတ်ပြန်ကြေညာပါတယ်။
ထို့အပြင် ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ် (၆) ပါ ပြဋ္ဌာန်းချက် အရလည်းကောင်း၊ အပိုဒ် ၃၈၊ အပိုဒ်ခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်အရလည်းကောင်း ကာကွယ်ရေးဌာန၏ ဌာနမှူးကြီးနှင့် ဒုတိယ ဌာနမှူးများအဖြစ် ခန့်အပ်တာဝန်ပေးကြောင်း ကြေညာပါတယ်။
ဌာနမှူးကြီးအဖြစ် စောဘီထူး၊ ဒုတိယ ဌာနမှူး (၁) အဖြစ် စောထိုကာရီ၊ ဒုတိယ ဌာနမှူး (၂) အဖြစ် စစ်မုန်း(ခ) အေးဆေးနှင့် ဒုတိယ ဌာနမှူး (၃)အဖြစ် စောတူးတူးတို့ကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ပဲခူးတိုင်းနှင့် ကရင်နီပြည်နယ်တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ လူသေဆုံးမှုများ ဖြစ်ပေါ်
ဇူလိုင်လ ၂၉ ရက်
Radio NUG
ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်မြင့်တက်လာနေသဖြင့် မြစ်ကမ်းဘေးရှိ မြို့နယ်များနှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လူသေဆုံးမှုများလည်း ရှိလာသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ငူ၊ ရွှေကျင်နှင့် မဒေါက်မြို့နယ်များတွင် ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ထောင်နှင့်ချီသော ရေဘေးရှောင်ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
ထို့အပြင် တောင်ငူမြို့တွင် ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၅,၀၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၄ ခုဖွင့်လှစ်ထားကာ ဆေးဝါး၊ စားနပ်ရိက္ခာနှင့် အဝတ်အထည်များ လိုအပ်နေတယ်လို့ သိရပါတယ်။
အလားတူ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် တောင်ကျချောင်းရေ မြင့်တက်မှုကြောင့် ဒေါဝယ်ကူး၊ ဒေါရောက်ခူနှင့် လဲမအမ်းခူကျေးရွာများရှိ လယ်ဧက ၅၀ ကျော် ရေနစ်မြုပ်ခဲ့တယ်လို့ KPV သတင်းဌာနမှာ ဖော်ပြထားပါတယ်
ထို့အတူ ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး အသက် ၅၀ ကျော် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ နေအိမ် ၅ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ လွတ်မြောက်နယ်မြေ CDM camp များရှိ တပ်/ရဲ၊ မိသားစုများအား ရိက္ခာထောက်ပံ့ပေး
ဇူလိုင်လ ၂၉ရက်
Radio NUG
ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေ CDM camp (၂) ခုရှိ CDM စစ်သား/ရဲသား၊ မိသားစုဝင်များအား ပြည်သူ့ပန်းတိုင်မှ အခြေခံရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း အသိပေးဆိုထားပါတယ်။
ပြည်သူ့ပန်းတိုင်သည် ရံပုံငွေရရှိမှုအပေါ် မူတည်၍ CDM တပ်/ရဲ၊ မိသားစုများအား အခါအားလျော်စွာ ကူညီပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း ၂ နှစ်ပြည့်အခမ်းအနားနှင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ဇူလိုင်လ ၂၉ ရက်
Radio NUG
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဋ္ဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဋ္ဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
ထို့အပြင် ကျဆုံးခြင်း ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကိုလည်း ကျင်းပပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ရုံးခန်းကို အကြမ်းဖက်ဆစ်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းမီးရှို့ပြီး ဗကသ ရဲဘော်သုံးဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အုတ်ဖိုမြို့နယ်၊ ဆယ်ရွာက ပြည်သူများကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်
ဇူလိုင်လ ၂၉ ရက်၊
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ ဆယ်ကျေးရွာမှ ပြည်သူများကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားပါတယ်။
အင်အား ၇၀ ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၇ မိနစ် အချိန်မှာ ပဲခူးရိုးမထဲရှိ မြို့ချောင်း - စိန်ကန့်လန့် ရိုးမဖြတ်လမ်း၊ (၄၈) ပေါက် ဖုတ်တက်ကြီးအနီး ကားလမ်းမှာ စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
စောင့်ကြိုတိုက်ခိုက်မှုအတွင်း မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ကာ ပြည်သူ ၇ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဘန့်ဘွေးကုန်း ရွာဘက်ကို ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်၍လည် တိုက်ပွဲများဖြစ်ပွားလာနိုင်ပြီး စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်း၊ မော်တော်ယာဉ်များအား ချောဆွဲခြင်းများ ပြုလုပ်နေတာကြောင့် ပြည်သူများအနေနဲ့ ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီတပ်များအနီး သွားလာနေထိုင်ခြင်း မပြုလုပ်ကြဖို့ အသိပေး ထားပါတယ်။
========================
🚩🚩 ၂။ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ခုခံရင်ဆိုင်ရင်း PDA မှ ရဲဘော် ၂ ဦး ကျဆုံး
ဇူလိုင်လ ၂၉ ရက်၊
Radio NUG
မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ဂန့်ဂေါရွာကနေ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ခုခံ ရင်ဆိုင်ရင်း ပြည်သူ့ဒီမိုကရက်တစ် တပ်တော်မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်မှာ ဂန့်ဂေါရွာကို ဝင်ရောက်လာတဲ့ အင်အား အပြည့်ပါ စစ်ကောင်စီ ကား ၁၅ စီးမှ ၂ စီး ထွက်လာတယ်လို့ သတင်းရတာကြောင့် ရပ်ရွာပြည်သူလူထုကို ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးနေချိန် ကာကင်းယူထားတဲ့ ရဲဘော် အောင်ကြီးနဲ့ ရဲဘော် အသေးလေးတို့ ၂ ဦးဟာ ရန်သူ့နဲ့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုအတွင်း ရဲဘော် အသေးလေး (ခ) နေတိုးအောင်က ကျည်စထိခဲ့ပြီး ပြန်ဆွဲခေါ်ဖို့ ကြိုးစားခဲ့တဲ့ ရဲဘော် အောင်ကြီး (ခ) အောင်ပြည့်စုံလည်း ထိမှန်ခဲ့ကာ နှစ်ဦးစလုံး နေရာမှာပဲ မြင့်မြတ်စွာ အသက်ပေးလှူ ခဲ့ရတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း ရဲဘော် ၂ ဦး ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရတဲ့အပြင် MA1 တစ်လက်၊ BA94 တစ်လက် တို့ကိုလည်း ဆုံးရှံးခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ ဘက်မှလည်း ၂ ဦး သေဆုံးခဲ့ပြီး စစ်ကြောင်းမှုး အဆင့်ရှိသူ တစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရကြောင်းနဲ့ သေဆုံးသွားခဲ့တဲ့ စစ်ကောင်စီတပ်သား အလောင်းကို ၂၉ ရက်နေ့ မနက်မှာ ထပ်မံ စစ်ကြောင်းထိုးကာ သယ်သူသွားခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီ လက်နက်ကြီးကြောင့် အုန်းတော-ရွှေဘို မဟာဓါတ်အားလိုင်း ကေဘယ် ၂ ချောင်း ပျက်စီးခဲ့
ဇူလိုင်လ ၂၉ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ အုန်းတောမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ပစ်ခတ်မှုများကြောင့် လက်နက်ကြီး ထိမှန်ကာ အုန်းတော - ရွှေဘို မဟာဓါတ်အားလိုင်းမှ ကေဘယ် ၂ ချောင်း ပျက်စီးခဲ့တယ်လို့ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရွှေဘိုခရိုင်က အသိပေးထားပါတယ်။
ဇူလိုင်လ ၉ ရက်နေ့၊ မနက် ၆ နာရီ ၁၈ မိနစ်ခန့်မှာ ၂၃၀ ကေဗွီ အုန်းတော - ရွှေဘို မဟာဓါတ်အားလိုင်းရှိ Twin Tower Double Circuit မှ aerial earth cable ၂ ချောင်း လက်နက်ကြီး ထိမှန်ပျက်စီး ခဲ့တာလို့ ဆိုပါတယ်။
Cable ပျက်ကျခဲ့တဲ့ ဆားတောင် ပုဂံတူခွဲရုံနဲ့ သစ်ချိုကုန်း (ရွှေမိုးဟိန်း) ဆိုင်အနီးက စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့များ ရှိနေပြီး တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ ဖြစ်တာကြောင့် ပြန်လည်ပြင်ဆင်ရန် အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရွှေဘိုမြို့နယ်၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်းမှ မြို့/ယာ ဦးအောင်မြတ်စိုး နဲ့ ရွှေဘိုခရိုင် ခရိုင်/ယာ တို့ကလည်း ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ ဓါတ်အားပြတ်တောက်မှု ဖြစ်စဉ်ကို အရေးတယူ ဆောင်ရွက်နိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝက်လက်မြို့နယ်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန တာဝန်ခံ အနေနဲ့ စစ်ကောင်စီ လက်နက်ကိုင်များ အနီးမှာရှိတဲ့ တိုင်အမှတ် (၁၅၉) နားထိ Line Clear ဖြစ်စေရန် အန္တရာယ်ကြားမှ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
ယခု လျှပ်စစ်ဓါတ်အား ပြတ်တောက်နေတဲ့ အခြေအနေဟာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေပြီး မိမိတို့ NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လို့ရတဲ့ကိစ္စရပ်များကို ဆောင်ရွက်ထားရှိပါကြောင်း နဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ အားလုံးကလည်း ပြည်သူလူထုအတွက် အတူတကွ ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း အသိပေးထားပါတယ်။
========================
🚩🚩 ၄။ မိုင်းလုံနဲ့ မိုးကုတ်မှာ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ၄ ဦး သေဆုံး
ဇူလိုင်လ ၂၉ ရက်၊
Radio NUG
PSLF/TNLA ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုင်းလုံမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ PSLF/TNLA က ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၂၉ ရက်နေ့ ညနေ ၅ နာရီ ၃၇ မိနစ် အချိန်မှာ မိုင်းလုံမြို့, ခန်နီရပ်ကွက်ကို စစ်ကောင်စီက ပေါင် ၂၅၀ ဗုံး ၁ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဗုံးသီးကျရောက် ပေါက်ကွဲမှုကြောင့် အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ရကာ နေအိမ် (၇) လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ မိုးကုတ်မြို့ အရှေ့ပိုင်း၊ မင်းတံတားရပ်ကွက်၊ ရွှေဘုန်သာ ရပ်ကွက်နဲ့ BOC ကားကြီးကွင်း အနီးတို့မှာလည်း ဇူလိုင်လ ၂၉ ရက်နေ့ မနက်ပိုင်းမှာလည်း စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အမျိုးသား ၁၁ ဦး နှင့် အမျိုးသမီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၁၄ လုံး ဗုံးစထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မုံရွာ အခြေစိုက် ထောက်ပို့တပ် (၉၂၉) မှ ပေါ်တာဆွဲခံထားရတဲ့ ပြည်သူ့စစ် တစ်ဦး အလင်းဝင်
ဇူလိုင်လ ၂၉ ရက်၊
Radio NUG
မုံရွာမြို့အခြေစိုက် (န.မ.ခ) အနီးမှာရှိတဲ့ အမှတ် (၉၂၉) ထောက်ပို့တပ်ရင်း အထိုင်စခန်းမှ ပေါ်တာဆွဲ စစ်မှုထမ်း စုဆောင်းခံထားရတဲ့ ပြည်သူ့စစ် တစ်ဦး အလင်းဝင်ခဲ့တယ်လို့ Golden Target Force (GTF) က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်ဖို့ ချိတ်ဆက်လာတဲ့ အဆိုပါတပ်သားကို ဇူလိုင်လ ၂၅ ရက်နေ့က သွားရောက်ခေါ်ဆောင်ခဲ့တာဖြစ်ပြီး ၎င်းကိုင်ဆောင်တဲ့ MA-1 သေနတ် တစ်လက်ကိုပါ ယူဆောင်လာရန် ကြိုးပမ်းခဲ့ပေမယ့် ၎င်းရဲ့ အသက်အန္တရာယ် လုံခြုံရေးအရ အဆင်မပြေ ဖြစ်ခဲ့တာကြောင့် ချန်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
၎င်းအလင်းဝင် တပ်သားကို Golden Target Force (GTF) နဲ့ မုံရွာမြို့နယ် တိုက်နယ် (၁) ပြည်သူ့လုံခြုံရေးအဖွဲ့ တို့က သွားရောက်ခေါ်ဆောင်ခဲ့တာလို့ သိရပါတယ်။
အလင်းဝင် တပ်သားဟာ ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း မြို့နယ်မှာ ညနေပိုင်း အကြော်ထွက်ဝယ်ချိန်တွင် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး တိုက်ကြီး၊ ဂျိုးဖြူ သင်တန်းကျောင်းမှာ စစ်မှုထမ်းသင်တန်း ၂ လခွဲကြာ တက်ရောက်ခဲ့ရတယ် လို့ ဆိုပါတယ်။
၎င်းကို ပို့ဆောင်ခဲ့တဲ့ (၉၂၉) တပ်ရင်းမှာ တပ်ကြပ်ကြီး ကိုယ်တိုင်က တပ်သားများအား မူးယစ်ဆေး (ရာမ) များကို ၁ ပြား ၁၀,၀၀၀ ကျပ်ဖြင့် ရောင်းချနေကြောင်းကိုလည်း သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် သာကီ၊ ခါးရှဲလ်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment