အကြမ်းဖက်စစ်တပ်ရဲ့ နေကြာစီမံကိန်း မအောင်မြင်ဘဲ စားသုံးဆီကို တင်သွင်းစားသုံးနေရ



အကြမ်းဖက်စစ်တပ်ရဲ့ နေကြာစီမံကိန်း မအောင်မြင်ဘဲ စားသုံးဆီကို တင်သွင်းစားသုံးနေရ
မကြေးမုံ (Radio NUG) မတ် ၁၄၊ ၂၀၂၄


လက်ရှိ ဆောင်းသီးနှံပေါ်ချိန်မှာ အကြမ်းဖက်စစ်တပ်ရဲ့ စားသုံးဆီ ဖူလုံဖို့ ရည်မှန်းချက်ကာလ ပြည့်မြောက်သွားပြီဖြစ်ပေမယ့် ဆီဖူလုံမှုကတော့ မရှိသေးပါဘူး။

နေကြာစိုက်ဧက ၆ သိန်းကနေ စီမံကိန်းပထမနှစ်ဖြစ်တဲ့ ၂၀၂၂ မှာ စိုက်ဧက ၁၅ သိန်းအထိ တိုးပြီး ပြီးခဲ့တဲ့နှစ်မှာတော့ စိုက်ဧကကို ၂ သန်းအထိ လျာထား သတ်မှတ်ခဲ့ပေမယ့် မပြည့်မီခဲ့တဲ့ အခြေအနေကို ပဲခူးတိုင်း အနောက်ခြမ်းက နေကြာ စိုက်ပျိုးသူတဦးက အခုလို ပြောပါတယ်။

အင်တာဗျူး ဖြေဆိုသူ သတင်းရင်းမြစ်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို အသံအစားထိုး ဖတ်ပြထားပါတယ်။

“သူက မြေကြီးရဲ့ ၁ ဧကမှာ သီးထပ်စိုက်ရမှာဆိုတော့ အဓိက အဲဒီနေရာမှာ လက်ရှိ အဲဒီနေရာမှာ ပဲဈေးကွက် ထောင်နေတယ်၊ နှမ်းဈေးကွက် ထောင်နေတယ်။ ပဲနှမ်းပဲ စိတ်ဝင်စားတာပေါ့၊ အဲဒီအချိန်မှာ နေကြာ ဘယ်လို ဖြစ်နိုင်တယ်၊ ဘာညာဆိုပေမဲ့ သူတို့ရဲ့ အတွေ့အကြုံ မရှိသေးတဲ့အခါကျတော့ အင်း အင်းပဲ ခေါင်းညိတ်မှာပဲ။ ကွယ်သွားရင်တော့ တမျိုး လုပ်တာ၊ ဒါပဲ အဓိကက၊ ဟုတ်ကဲ့ ဟုတ်ကဲ့ ဆိုပြီးတော့ စိုက်တာပဲ။ မစိုက်ဘူး မဟုတ်ဘူး၊ ဒါက ဒီလို စိုက်ရမယ်၊ ဒီလို လုပ်ရမယ်၊ ပြောမယ်၊ ကွယ်ရင် မလုပ်ဘူး၊ ဘာလို့ မလုပ်လဲဆို စောစောကလို တွက်တာလေ။ အဲဒါတောင် ခုနပြောသလို တောင်သူက မဖြစ်မနေ တွန်းအားပေးပြီး ဒါ ကျွန်တော်တို့ နိုင်တဲ့အားနဲ့ လုပ်ထားတာ။ ပြောချင်တာက နှမ်းဈေးကွက် ထောင်နေတယ်၊ ပဲဈေးကွက် ထောင်နေတယ်၊ နိုင်ငံတော်ကလည်း ထပ်ပြီးတော့ ဒီပေါ်မှာ ပါးစပ်ကသာ ပြောနေတာ။ တွန်းအားပေးမှု မရှိဘူး။”

နိုင်ငံခြားငွေ လိုအပ်ချက်ရှိနေတဲ့ အကြမ်းဖက်စစ်တပ်က အိမ်ထောင်စုတွေအတွက် စားသုံးဆီ လိုအပ်နေတဲ့ တန်ချိန် ၇ သိန်းကို ပြည်ပက တင်သွင်းစရာမလိုဘဲ နေကြာစိုက်ပျိုးပြီး သွင်းကုန်အစားထိုးဖို့ အကြမ်းဖက်စစ်တပ်က ရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ‘စားသုံးဆီ ဖူလုံစေဖို့ နေကြာသီးနှံ စိုက်ကြစို့’ ဆိုတဲ့ ဆောင်ပုဒ်နဲ့ တနိုင်ငံလုံးကို ဖိအားပေးပြီး ဖြန့်ကြက် စိုက်ပျိုးစေခဲ့ပါတယ်။ လက်တွေ့အခြေအနေမှာတော့ နေကြာ စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့ မိုးနှောင်းရာသီမှာ ပဲမျိုးစုံနဲ့ နွေစပါးစိုက်ချိန်နဲ့ နီးကပ်နေလို့ အကျိုးအမြတ် မသေချာတဲ့ နေကြာကို ဈေးကောင်းရနေတဲ့ စပါးနဲ့ ပဲမျိုးစုံ နေရာမှာ စီးပွားဖြစ်သီးနှံအဖြစ် အစားထိုးစိုက်ပျိုးဖို့ တောင်သူတွေက စိတ်အားထက်သန်မှုမရှိတာဘဲ ဖြစ်ပါတယ်။

နေကြာစီမံကိန်း စတင်ခဲ့တဲ့ ၂၀၂၂ ဆောင်းရာသီမှာ စီမံကိန်းကြောင့် နေကြာ စိုက်ပျိုးခဲ့ပြီး ရာသီဥတုနဲ့ သီးနှံမဖြစ်ထွန်းခဲ့တဲ့ အခြေအနေကြောင့် နေကြာတစေ့မှ မရလိုက်တဲ့ တောင်သူတွေလည်း ရှိပါတယ်။

အဲဒီထဲက တောင်သူတဦးက လာမယ့်ဆောင်းရာသီမှာ နေကြာ မစိုက်တော့ဘဲ မူလသီးနှံဖြစ်တဲ့ စပါးနဲ့ ပဲကိုပဲ ပြောင်းလဲစိုက်ပျိုးမယ့် အခြေအနေကို အခုလို ပြောပါတယ်။

အင်တာဗျူးဖြေဆိုသူ သတင်းရင်းမြစ်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို အသံအစားထိုး ဖတ်ပြထားပါတယ်။

ဦးတို့ကွင်းကတော့ အများဆုံးကတော့ နွေစပါးကွင်း ဖြစ်တယ်လေ။ နွေစပါးကွင်း ဖြစ်တော့ နေကြာက မတ်ပဲလောက် သက်တမ်းမတိုဘူးလေ။ မတ်ပဲလောက် သက်တမ်းမတိုတော့ နွေစပါးကွင်းတွေကတော့ လက်ရှိ မှန်းနေတာကတော့ လာမယ့်ရာသီမှာ၊ စပါး၊ မိုးစပါး၊ ပြီးရင် မတ်ပဲ၊ မတ်ပဲ ပြီးရင်နွေ စပါး အဲဒီလိုမျိုးသွားဖို့ စဉ်းစားကြတာပေါ့။”

စစ်တပ်က နေကြာစိုက်ဖို့အတွက် တွန်းအားတွေ ပေးနေပေမယ့် နေကြာ စိုက်ပျိုးလေ့မရှိတဲ့ ဒေသတွေမှာ နေကြာကို အမယ်သစ် ဝင်ငွေရသီးနှံ ဖြစ်လာဖို့က လွယ်ကူတဲ့ အခြေအနေတခုတော့ မဟုတ်ပါဘူး။ သီးနှံမျိုးသစ်တမျိုးနဲ့ တောင်သူတွေ ရင်းနှီးကျွမ်းဝင်ဖို့အပြင် ရေမြေဒေသအသစ်မှာ အမယ်သစ် သီးနှံတခု လိုက်လျောညီထွေ ဖြစ်၊ မဖြစ် သိနိုင်ဖို့က အနည်းဆုံး သုံးရာသီအထိ စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ စိုက်ပျိုးရေးပညာရှင်တွေက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်း တင်သွင်းလာတဲ့ သီးနှံမျိုးသစ်တွေကို တင်သွင်းဖြန့် ဖြူး ရောင်းချဖို့ မှတ်ပုံတင်ရာမှာလည်း အနည်းဆုံး မြန်မာနိုင်ငံ အထက်ပိုင်းနဲ့ အောက်ပိုင်းဒေသ နှစ်ခုမှာ သုံးရာသီ ကြာအောင် စမ်းသပ်စိုက်ပျိုးဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားပါတယ်။ အဲဒီလို သတ်မှတ်ထားတဲ့ နေရာဒေသအစုံမှာ သုံးရာသီစလုံး စီးပွားဖြစ် ဖြစ်ထွန်း ရှင်သန်မှသာ မှတ်ပုံတင်နိုင်ပြီး ဖြန့်ဖြူးရောင်းချခွင့်ပြုတာ ဖြစ်ပါတယ်။

ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာအရ နေကြာစိုက်လေ့မရှိတဲ့ ဒေသတွေမှာ နေကြာကို တပြေးညီ စိုက်ပျိုးစေပြီး နှစ်ရာသီအတွင်း အိမ်ထောင်စု စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ဆိုတာက စစ်တပ်ရဲ့ အရာမထင်ဘဲ ညံ့ဖျင်းလှတဲ့ စီမံကိန်းတခုသာ ဖြစ်လာပါတယ်။
Share:

No comments:

Post a Comment