စစ်််ကောင််််စီကကျောင်းဖွင့်ပြီး ၃ရက်အကြာမှာ ၆တန်းကျောင်းသားချင်းလူသတ်မှုဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းမရတဲ့လူ့အဖွဲ့အစည်းဖြစ်လာကြောင်း ဆရာတော်များမိန့်ကြား…



စစ်််ကောင််််စီကကျောင်းဖွင့်ပြီး ၃ရက်အကြာမှာ ၆တန်းကျောင်းသားချင်းလူသတ်မှုဖြစ်ပွားခဲ့ပြီး ထိန်းသိမ်းမရတဲ့လူ့အဖွဲ့အစည်းဖြစ်လာကြောင်း ဆရာတော်များမိန့်ကြား…

ကိုမြင့်သူ (Radio NUG) ဇွန် ၁၆၊ ၂၀၂၄


ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့က လေးထောင့်ကန် အ.ထ.က မှာ မုန့်ဈေးတန်းဆင်းဖို့ ကျောင်းပေါ်က ဆင်းလာတဲ့ ၆ တန်းကျောင်းသားလေးကို အခန်းတူကျောင်းသားက ချွန်ထက်တဲ့အရာနဲ့ ပြေးထိုးခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒဏ်ရာနဲ့ ကျောင်းမုန့်စားတန်းမှာ သွေးအိုင်ထဲ လဲနေတဲ့ ကျောင်းသားငယ်အတွက် အော်ဟစ် အသိပေးကြပေမယ့် အတန်းပိုင်ဆရာမ အပါအဝင် အခြား ဆရာ၊ ဆရာမတွေက လာရောက်ကြည့်ရှုတာ မရှိတဲ့အပြင် ကျောင်းမျက်နှာချင်းဆိုင်မှာရှိတဲ့ ကျေးလက်ကျန်းမာရေးဌာနက ဆေးဝန်ထမ်းတွေကလည်း တစုံတရာ ကုသပေးတာ မရှိခဲ့လို့ မသေသင့်ဘဲ သေဆုံးရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“တို့တတွေ ရောက်သွားတော့ ကလေးက အဲဒီကျန်းမာရေးဆေးခန်းရှေ့မှာ ပက်လက်လေး၊ ရောက်ရောက်ချင်း မအေကြီးက သားလေးရယ်၊ ဘယ်လိုဖြစ်တာလဲ၊ သားလေးကို ဘယ်သူ ထိုးလိုက်တာလဲ၊ အဲဒီနားက လူတွေကတော့ သေပြီလို့ ပြောတယ်။ ဒါပေမဲ့ ကိုယ်က အနားနားကပ်ပြီးတော့ သားလေး သားလေးကို ဘယ်သူက ရက်ရက်စက်စက် ဒီလိုလုပ်သွားတာလဲ အမေကြီးကို ပြောစမ်း ဆိုတော့ မျက်လုံးလေးက ဖွင့်ပြီးတော့၊ ပါးစပ်လေးကို ဟပြီးတော့ စကားပြောမယ်လည်းကြံရော ကလေးက ပါးစပ်ကလေးဟပြီးတော့ လည်ပင်းလေး စောင်းကျသွားပြီးတော့ ငြိမ်သွားပါတယ်။ အဲဒီအချိန်မှာ ကလေးအနားမှာ ဘယ်သူမှ ကျောင်းက ဆရာ၊ ဆရာမတွေ တယောက်မှ မရှိဘူး။ အချိန်မီများ ဒီကျောင်းထဲကနေပြီးတော့ ဒီကလေးကို ကျောင်း ဆရာ၊ ဆရာမတွေက ဂရုတစိုက်နဲ့ ထွေးပိုက်မှုပြုပြီးတော့ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံးပို့မယ်ဆိုရင် ဒီကလေး မသေနိုင်ပါဘူး။ အခုလို ပစ်ပစ်ခါခါ ရက်ရက်စက် ပစ်ထားတဲ့အတွက် ဒီကလေးက မသေသင့်ဘဲနဲ့ သေခဲ့ရတာပါ။”

သေဆုံးသွားတဲ့ ဆဋ္ဌမတန်း (ခ) က ကျောင်းသား မောင်ဇင်မင်းခန့်ကို တခန်းတည်း စာသင်ဖက် ဖြစ်တဲ့ မောင်ကောင်းစည်သူက ချွန်ထက်တဲ့အရာနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီး ကျောပိုးအိတ် လွယ်လိုက်စဥ်မှာ မတော်တဆ ထိမိရာက ကျောင်းတွေဖွင့်ပြီး ၃ ရက်အကြာမှာ ကလေးချင်း သတ်ပစ်တဲ့အထိ ဖြစ်ခဲ့တာပါ။ သေဆုံးသူ မိခင်ရဲ့ သောကက ကလေးငယ်အတွက် အစားထိုးစရာမရှိဘူးလို့ ဆိုပါတယ်။

“ကျွန်မ ဘယ်လောက် ခံစားရမလဲကြည့်လေ။ သေတာလည်း ကြည့်လေ။ တိရစ္ဆာန် တကောင်လောက်တောင်မှ တန်ဖိုးမထားဘူး။ ကျွန်မ သားလေးဘဝကို ကြည့်ကြဦး။ ကျွန်မမှာ အစားထိုးစရာလည်း မရှိတော့ဘူး။ ကျွန်မ ရင်ထဲမှာ ဘယ်လောက်ခံစားရမလဲ ဆရာမ စဥ်းစားကြည့်ပါဦး။ ကျွန်မ သားလေး ၁၃ နှစ်တောင် မပြည့်သေးဘူး။ ကျောင်းလေးတက်တာမှ ၃ ရက်ပဲ ရှိသေးတယ်လေ။”

ကျောင်းထဲမှာ သေလုမြောပါး ဒဏ်ရာရနေတဲ့ ကလေးက ကျေးလက်ကျန်းမာရေးဌာနကို ရောက်ရှိချိန်မှာ အသက်ရှင်နေသေးပေမယ့် ဆေးဝါးကုသမှု တစုံတရာ မရရှိတဲ့အပြင် ခုတင်ပေါ်မှာမထားဘဲ သမံတလင်း ကြမ်းခင်းပေါ် ပစ်ထားတာက ကျန်ရစ်သူ မိသားစု အတွက် စိတ်မချမ်းမြေ့စရာတွေ ပိုပြီးဖြစ်လာစေပါတယ်။ ကျောင်းနဲ့မျက်နှာချင်းဆိုင်မှာပဲ နေထိုင်ကြတဲ့ ကွယ်လွန်သူ ကလေးရဲ့ ဖခင်ဖြစ်သူက တာဝန်နဲ့ ဝတ္တရားအရ တစုံတရာ ကူညီစောင့်ရှောက်မှုမပေးတဲ့ ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ဆေးဝန်ထမ်းတွေကို အခု လို ပြောဆိုလိုက်ပါတယ်။

“ကျေနပ်မှုမရှိတာကတော့ ဆေးခန်းရော၊ ဆရာမတွေရော၊ သူတို့သာရှိရင် ဝိုင်းဝန်းပြီးတော့ ရင်ဘတ်ဖိတဲ့သူနဲ့ မပြီးတော့ ဆေးရုံကို ချက်ချင်းအကြောင်းကြား။ ဒါဆို ဒီကလေး မသေနိုင်သေးဘူး။ သူတို့မှ မထွက်လာတော့ ဒီကျောင်းသားလေးတွေက မနိုင်တနိုင်နဲ့ ဟိုဆေးခန်းရှေ့သွား။ တကယ်ဆိုလို့ရှိရင် အဲဒီဆရာတွေက လက်ရှိ ဆေးခန်းက ဆရာဝန်က ဟေ့ကောင် ခုတင်ပေါ်တင် ပြောမှာပေါ့။ မပြောဘူး။ သူ့ခုတင် ပေမှာစိုးလို့လား။ သမံတလင်းပေါ်၊ ရေညှိတက်နေတဲ့ သမံတလင်းပေါ် ပက်လက်ချခဲ့တယ်။ အဲဒီထဲက ကြည့်လေ၊ လူမှုရေးခေါင်းပါးလား၊ မခေါင်းပါးဘူးလား။ ဒီဆရာဝန်ကရော ဆရာဝန်လို့ သတ်မှတ်မလား။”

၆ တန်း ကျောင်းသားငယ် အချင်းချင်း ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်ပြီး အသက်သေဆုံးတဲ့အထိ လုပ်ဆောင်ခဲ့တဲ့ မောင်ကောင်းစည်သူက ၂၀၂၃ ခုနှစ် သင်္ကြန်ကာလမှာ လှည်းကူးမြို့ နယ်က မရမ်းပင်ဆိတ်ဝိပဿနာကျောင်းမှာ ကိုရင်ဝတ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက ဆွမ်းစားဝိုင်းမှာ အခြား ကိုရင်တစ်ပါးနဲ့ ထိန်းသိမ်းလို့မရအောင် ရန်ဖြစ်ခဲ့ကြလို့ မောင်ကောင်းစည်သူ တဖြစ်လဲ ကိုရင် ရှင်ကေစာရက ကျောင်းမှ နှင်ထုတ်ခံရဖူးပါတယ်။ မောင်ကောင်းစည်သူက ဒေါသကြီးတဲ့လက္ခဏာရှိတယ်လို့ ကျောင်းထိုင်ဆရာတော်က မိန့်ကြားပြီး ကလေးငယ် အချင်းချင်း သတ်ဖြတ်လာတဲ့ လူ့အဖွဲ့အစည်းရဲ့ အခြေအနေကို အခုလို မိန့်ကြားပါတယ်။

“ဒီကလေး ဘာကြောင့် ဖြစ်သလဲဆိုတော့ တလုံးတည်း ပြောပါဆိုရင် ဒေါသကြောင့်ပဲ၊ ယဉ်ကျေးတဲ့ အသိုင်းအဝိုင်းက ကလေးက ဖိနပ် ဘယ်နေရာမှာချွတ် ဆိုရင် အဲဒီနေရာမှာပဲ ချွတ်တာလေ။ ဦးဇင်းတို့ဆိုရင် ကျောင်းဆရာမရဲ့ သား။ ငယ်ငယ်ကတည်းက အမေတို့က ပုံစံနဲ့ထားတာ။ အိမ်မိသားစု ၅ ယောက်ရှိလို့ ထမင်းစားရင် အမေ ထည့်ပေးတဲ့ဟာပဲ စားရတာ။ အမေနဲ့ အဖေ မခပ်သေးဘဲနဲ့ မခပ်နဲ့၊ အဲဒါ အရိုက်ခံရမှာ။ သူတို့ကလည်း အဲဒီလိုမျိုး ပထမဦးဆုံးကတည်းက ရိုက်ပြီးဆုံးမပြထားတာ။ ဒီလိုလုပ်ရင် အဂါရဝဖြစ်တဲ့အတွက် ရိုက်ပြီးဆုံးမထားတာ။ အဲဒီတော့ ရိုက်ခံရမှာ ကြောက်တော့ စည်းကမ်းတွေ အကုန်လိုက်နာရတာလေ။ အဲဒီအသိုင်းအဝိုင်းလည်း လိုတယ်ဗျ။ ကျုပ်တို့နိုင်ငံက ပြောမယ်ဆိုရင် ပညာတတ် အဆင့်က နှစ်ဆယ်ရာခိုင်နှုန်းလောက် ရှိတာနော်။ ၈၀ ရာခိုင်နှုန်းက လူ့ကျင့်ဝတ်တွေကို ပြည့်ပြည့်ဝဝ နားလည်တဲ့ လူ့အဖွဲ့အစည်း မဟုတ်ဘူး။ သင်ကြားမယ့် ဆရာသမားတွေ၊ စာအုပ်စာတမ်းတွေ မြန်မာပြည်လောက် ပေါတာ အများကြီး။ လက်တွေ့မကျင့်သုံးကြတာ။ ပညာတတ် နည်းတာပေါ့နော်။ မကောင်းမှုဘက်ကို တိုက်တွန်းရင် အဲဒီဘက် ပါတဲ့လူက များတယ်။ ဒါတွေကလည်း ပြောမယ်ဆိုရင်ကျုပ်တို့လူ့အဖွဲ့အစည်းက အကုန်ဆက်နွှယ်နေတာ။ အဲဒီ ထိန်းမရ၊ သိမ်းမရတဲ့ အခြေအနေ ဖြစ်လာတယ်ဆိုတာ ဗုဒ္ဓဘာသာ၊ နိုင်ငံတနိုင်ငံအနေနဲ့ဆိုရင် ဒါ တော်တော်လေးကို သံဝေဂရဖို့ကောင်းတယ်။”

ကွယ်လွန်သူ မောင်ဇင်မင်းခန့်အတွက် ရက်လည်ဆွမ်းသွတ်အလှူကို ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက် နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ လူသတ်မှု ဖြစ်ပွားရာ ည ၁၀ နာရီကျော်မှာ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ရပ်ကျေးအပါအဝင် ရဲနဲ့ စစ်တပ်က ခေါ်ယူမေးမြန်းတာတွေ ရှိပေမယ့် သေဆုံးနစ်နာခဲ့သူ မောင်ဇင်မင်းခန့်အတွက် ဇွန်လ ၁၅ ရက်နေ့အထိ ရုံးတင်စစ်ဆေးနိုင်တာ မရှိသေးဘူးလို့ သိရပါတယ်။

( ၆တန်းကျောင်းသားချင်းလူသတ်မှုဖြစ်ပွားရာ ရွာသာကြီးလေးထောင့်ကန် အခြေခံပညာ အထက်တန်းကျောင်းအားတွေ့ရစဥ်.)
Share:

No comments:

Post a Comment