၂၀၂၅ မေလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
📌 ၂။ မြီးကောင်ပေါက်အရွယ် PDF တပ်မတော်၏ အနာဂတ်အတွက် ပြည်သူလူထု၏ ထိန်းကျောင်းမှု အရေးပါကြောင်း ဒေါက်တာစိုးသူရဇော် ပြောကြား
📌 ၃။ မင်းပြားမြို့နယ်တွင် သက်ငယ်မုဒိမ်း သတ်ဖြတ်မှုအတွက် အပြစ်ပေးရေး ရခိုင်အရပ်ဖက်အဖွဲ့များ တောင်းဆို
📌 ၄။ Mother's Day တွင် သားငယ် ကိုထိန်လင်းမှ မိခင် ဒေါ်အောင်ဆန်းစုကြည်အတွက် နှင်းဆီပင်စိုက်ပျိုး
📌 ၅။ ဆန်ဖရန်စစ္စကိုတွင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ မြန်မာ့အချုပ်အခြာကာကွယ်ရေး ဆန္ဒပြပွဲ ပြုလုပ်
========================
၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ခမရ (၅၉၈) စခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၃ ဦး ဖမ်းဆီးရမိ ၊ တပ်ရင်းမှူး အပါအဝင် ၅၀ ခန့် စခန်းစွန့်ခွာ ထွက်ပြေး
🚩 ၂။ ရေးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ၄ ဦး သေဆုံး
🚩 ၃။ ဝက်လက် မြို့နယ်က ကျေးရွာ ၃ ခုကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်
🚩 ၄။ ဘီးလင်းမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
🚩 ၅။ အပစ်ရပ် တိုးထားတဲ့ စစ်ကောင်စီက နောင်ချိုမြို့နယ်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်
🚩 ၆။ စလင်းမြို့နယ်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၂ ရွာအတွက် ပ.က.ဖ မှ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အစည်းအဝေးကျင်းပပြုလုပ်
မေလ ၁၁ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး(၅/၂၀၂၅)ကို မေလ ၁၁ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ တရားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့နောက် ပညာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် (၁၂:၀၀) နာရီအချိန်တွင် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ မြီးကောင်ပေါက်အရွယ် PDF တပ်မတော်၏ အနာဂတ်အတွက် ပြည်သူလူထု၏ ထိန်းကျောင်းမှု အရေးပါကြောင်း ဒေါက်တာစိုးသူရဇော် ပြောကြား
မေလ ၁၁ရက်
Radio NUG
မြန်မာနိုင်ငံ၏ တော်လှန်ရေးတွင် အဓိကကျသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သည် လက်ရှိတွင် အပျိုဖော်/လူပျိုဖော်ဝင်စ မြီးကောင်ပေါက်အရွယ်သို့ ရောက်ရှိနေကာ ဤအဆင့်သည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော အချိန်ကာလဖြစ်ပြီး၊ သင့်တင့်သော ပြုစုပျိုးထောင်မှုနှင့် စနစ်တကျ ထိန်းကျောင်းမှုများ လိုအပ်နေကြောင်း ဒေါက်တာ စိုးသူရဇော်မှ မေလ ၁၁ရက်နေ့ လူမှုကွန်ရက်မှာ ပြောကြားထားပါတယ်။
"ကျွန်တော်တို့ရဲ့ PDF တပ်မတော်ဟာဆိုရင်လည်း ယခုကာလသည် မြီးကောင်ပေါက် အရွယ်ကို ဖြတ်သန်းနေရတာဖြစ်ပါတယ်။ တိုက်ပွဲအတွေ့အကြုံမရှိ ၊ စစ်ပညာမတတ် ၊ လက်နက်ခဲယမ်းမရှိ ၊ ဘဏ္ဍာငွေကြေး နတ္ထိဆိုတဲ့ PDF ပေါက်စလေးတွေလည်း မဟုတ်တော့သလို Institution ကောင်းကောင်းနဲ့ စနစ်တကျ လည်ပတ်ပြီး လက်ရုံးရည် ၊ နှလုံးရည်နဲ့ အဖက်ဖက်က ပြည့်စုံတဲ့ တပ်မတော်ကြီးတရပ်လည်း မဟုတ်ပြန်ပေဘူး ။
(၁) စစ်လက်နက်ပစ္စည်းပိုင်းဆိုင်ရာမှာ ရှိတော့ ရှိပေမယ့် ပြည့်စုံတဲ့ အခြေအနေမဟုတ်ဘူး ။
(၂) နယ်မြေပိုင်စိုးမှု ဆိုရင်လည်း ယခင်ကထက် အထိုက်အလျောက်ပိုမိုလာပေမယ့် ရန်သူကို အကုန်အစင် ရှင်းထုတ်နိုင်တဲ့ PDF လွတ်မြောက်ဒေသတွေကတော့ လက်ချိုးရေလို့ရအောင် နည်းနေသေးပြန်တယ်။
(၃) ဘဏ္ဍာငွေကြေးပိုင်းဆိုင်ရာမှာလည်း အခွန်အတုတ်တွေ ရသင့်သလောက် ရပေမယ့်
တော်လှန်ရေးကို ကြီးစွာသော အထောက်အပံ့မဖြစ်စေဘဲ ငွေခေါင်းကွဲနေတယ်။" လို့ ဆိုထားပါတယ်။
စိတ်ပိုင်းဆိုင်ရာတွင်လည်း PDF တပ်ဖွဲ့များသည် စည်းလုံးညီညွတ်သော အမိန့်ပေးကွပ်ကဲမှု ယန္တရားတစ်ခု တည်ဆောက်ရန် လိုအပ်နေသလို အချို့သော တပ်ဖွဲ့များနှင့် ခေါင်းဆောင်များတွင် တော်လှန်ရေးထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးလာမှု၊ အကျင့်ပျက်ခြစားမှုများနှင့် ရာထူးအာဏာကို မက်မောလာမှုများ ပေါ်ပေါက်လာနေကာ သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျ ထိန်းကျောင်းပြီး လမ်းကြောင်းမှန်သို့ ဦးတည်ရန် လိုအပ်တယ်လို့ ဆိုပါတယ်။
"အဲ့ဒီလို မဟုတ်ဘဲ အပျံသင်ခါစ မြီးကောင်ပေါက်အရွယ် PDF တပ်မတော်ကြီးကို စနစ်တကျ မထိန်းကျောင်း ၊ မအုပ်စီးနိုင်ရင်တော့ အကျင့်ပျက်ခြစားမှုတွေနဲ့အတူ ကိုယ်ကျိုးစီးပွါးကို အလေးအမြတ်ပြုလွန်းတဲ့ စစ်ဘုရင်တွေ နဲ့ ၎င်းတို့ရဲ့ ခါးပိုက်ဆောင်တပ်တွေ ဖြစ်လာပါလိမ့်မယ်" လို့ ရေးသားထားပါတယ်။
မြီးကောင်ပေါက်အရွယ်ကို စနစ်တကျ မထိန်းကျောင်းနိုင်ပါက၊ PDF တပ်ဖွဲ့များသည် အကျင့်ပျက်ခြစားမှုနှင့် ကိုယ်ကျိုးရှာမှုများဖြင့် “ဇော်ကန့်လန့်” တပ်ဖွဲ့များအဖြစ် ပြောင်းလဲသွားနိုင်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့အတူ ပြည်သူလူထုက ပြုစုပျိုးထောင်ကြပါ၊ ထိန်းကျောင်း တည့်မတ်ကြပါလို့ တိုက်တွန်းထားပါတယ်။
========================
📌📌 ၃။ မင်းပြားမြို့နယ်တွင် သက်ငယ်မုဒိမ်း သတ်ဖြတ်မှုအတွက် အပြစ်ပေးရေး ရခိုင်အရပ်ဖက်အဖွဲ့များ တောင်းဆို
မေလ ၁၁
Radio NUG
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာတွင် ၂၀၂၅ ခုနှစ် မေလအတွင်း အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဒေသခံအရပ်ဖက်အဖွဲ့အစည်းများက တရားခံအား ဥပဒေအရ အဆိုးဆုံးပြစ်ဒဏ်ချမှတ်ရေး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
တောင်းဆိုချက်တွင်
(၁) ဖားပြိုရွာ သက်ငယ်မုဒိန်းမှု၊ လူသတ်မှုနှင့် ပတ်သက်၍ စေ့စေ့စပ်စပ် ဘက်မလိုက်ဘဲ အချိန်နှင့်တပြေးညီ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီး ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်ကာ ပြစ်မှုလျော့ပေါ့လွတ်ငြိမ်းခွင့် မရှိဘဲ ဥပဒေအောက်တွင် အကြီးမားဆုံး ပြစ်ဒဏ်များဖြင့် အရေးယူပေးရန်
(၂) ကျူးလွန်ခံရသူနှင့် ၄င်း၏ကျန်ရစ်ခဲ့သော မိသားစုဝင်များအတွက် လူမှုတရားမျှတမှုရရှိရေးကို အာမခံလျက် စီရင်ချက် ချမှတ်ပေးရန်
(၃) အာရက္ခဒေသနှင့် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခြင်းများ နောက်နောင် မဖြစ်ပွားရအောင် ထိရောက်စွာ ကာကွယ်တားဆီးပေးသည့် လုပ်ငန်းစဥ်များ ချမှတ်ပေးရန် တို့ပါဝင်ပါတယ်။
ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အာရက္ခတပ်တော် (AA) က သံသယရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး၊ ဒေသခံများနှင့် အရပ်ဖက်အဖွဲ့များက တရားမျှတမှုရရှိရေးအတွက် အလျင်အမြန်ဆောင်ရွက်ပေးရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၄။ Mother's Day တွင် သားငယ် ကိုထိန်လင်းမှ မိခင် ဒေါ်အောင်ဆန်းစုကြည်အတွက် နှင်းဆီပင်စိုက်ပျိုး
မေလ ၁၁ရက်
Radio NUG
Mother's Day အထိမ်းအမှတ်အဖြစ် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် သားငယ် ကိုထိန်လင်းက နှင်းဆီပင်တစ်ပင်စိုက်ပျိုးကာ ဂုဏ်ပြုခဲ့ပါတယ်။
မတရားဖမ်းဆီးခံထားရသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ခွန်အား၊ အလှတရားနှင့် မပြတ်မသော မေတ္တာတရားတို့ကို ဂုဏ်ပြုသောအနေဖြင့် ဤနှင်းဆီပင်ကို ရည်စူးစိုက်ပျိုးခဲ့ခြင်းဖြစ်ပါတယ်။ သူမ၏ စိတ်ဓာတ်နှင့် လမ်းညွှန်မှုတို့သည် ပန်းတိုင်းတွင် ရှိနေပြီး ဆက်လက်လှုံ့ဆော်ပေးနေကြောင်း၊ "ဒီနှင်းဆီဟာ မေမေ့အတွက်ပါ။ Happy Mother’s Day, မေမေလို့" ရေးသားထားပါတယ်။
========================
📌📌 ၅။ ဆန်ဖရန်စစ္စကိုတွင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ မြန်မာ့အချုပ်အခြာကာကွယ်ရေး ဆန္ဒပြပွဲ ပြုလုပ်
မေလ ၁၁ရက်
Radio NUG
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် Free Burma Action Committee-Northern California (FBAC) ဦးဆောင်မှုဖြင့် “China! Get out of Our Country, Burma” ခေါင်းစဉ်ဖြင့် ၁၅၅ ကြိမ်မြောက် စဉ်ဆက်မပြတ်လူထုသပိတ်တိုက်ပွဲကို ၂၀၂၅ ခုနှစ် မေလ ၁၀ ရက်က ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဆန္ဒပြပွဲတွင် FBAC နှင့် ပြည်ပနွေဦးတော်လှန်ရေးအင်အားစုများက တရုတ်ကွန်မြူနစ်အစိုးရ၏ မြန်မာ့အချုပ်အခြာအား ထိပါးလာသည့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး၊ ၎င်းတို့၏ ကိုလိုနီနယ်ချဲ့ဝါဒနှင့် လက်သစ်စီးပွားရေး ဖိနှိပ်မှုများကို ထောက်ပြဝေဖန်ခဲ့ကြသည့်အပြင် တရုတ်အစိုးရနှင့် ပတ်သက်သော သဘောထားထုတ်ပြန်ကြေညာချက်များကို ဖတ်ကြားခဲ့ကြပါတယ်။
ဆန္ဒပြပွဲသို့ တက်ရောက်လာသည့် မြန်မာပြည်သူများက တရုတ်အစိုးရ၏ မြန်မာနိုင်ငံအတွင်း စီးပွားရေးသက်ရောက်မှုနှင့် နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုများကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်းကြွေးကြော်ခဲ့ကြပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ခမရ (၅၉၈) စခန်းသိမ်း တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၃ ဦး ဖမ်းဆီးရမိ ၊ တပ်ရင်းမှူး အပါအဝင် ၅၀ ခန့် စခန်းစွန့်ခွာ ထွက်ပြေး
မေလ ၁၁ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာက စစ်ကောင်စီရဲ့ ခမရ ၅၉၈ တပ်ရင်း ဌာနချုပ် စခန်းသိမ်း တိုက်ပွဲမှာ စစ်သုံ့ပန်း ၁၃ ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီ တပ်ရင်းမှူး အပါအဝင် ၅၀ ကျော် စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ ခမရ - ၅၉၈ တပ်ရင်းဌာနချုပ်ကို မေလ ၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တောင်ပိုင်း၊ အမှတ် (၁) စစ်ဆင်ရေး နယ်မြေနဲ့ အမှတ် (၂) စစ်ဆင်ရေး နယ်မြေ၊ KNU/KNLA တပ်မဟာ (၃) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ရုပ်အလောင်း ၃၀ ကို တွေ့ရှိခဲ့ရပြီး စစ်သုံ့ပန်း ၆ ဦး၊ မိသားစုဝင် ၇ ဦးကို ဖမ်းဆီးထိန်းသိမ်း ရမိခဲ့ကာ တပ်ရင်းမှူး အပါအဝင် အရာရှိများနဲ့ တပ်သား ၅၀ ခန့် စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
ထို့ပြင် ပွိုင့် ၅ စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက် မျိုးစုံ ၈၃ လက်၊ ဂျန်မာစက် ၃ လုံးနဲ့ ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးအတွင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ - SOF (အထူးလှုပ်ရှားဗျူဟာ)၊ အမှတ် (၁) စစ်ဆင်ရေး နယ်မြေ၊ ဗျူဟာ (၂၇) မှ နဂါးဖြူ တပ်ရင်း၊ တောင်ညို တပ်ရင်း၊ (၇၈၀၅) တပ်ရင်း၊ (၇၈၀၁) တပ်ရင်း၊ ဒေါန တပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရန်ကုန်တိုင်း အထူးချေမှုန်းရေး တပ်ဖွဲ့၊ ရောင်နီ ဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူး တပ်ဖွဲ့၊ ရန်ကုန်တိုင်း ပ.က.ဖ တိုက်ခိုက်ရေး အဖွဲ့များ၊ မွန် ပ.က.ဖ တိုက်ခိုက်ရေး အဖွဲ့များ ၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ ဗျူဟာ (၂၀) မှ (၃၇၀၄) တပ်ရင်း၊ (၅၁၀၁) တပ်ရင်း၊ ရန်ကုန်ဗျူဟာ စစ်ကြောင်း၊ ပဲခူးတိုင်း ပကဖ တိုက်ခိုက်ရေး အဖွဲ့များ၊ LDF တပ်ဖွဲ့များဖြစ်ကြတဲ့ KRF၊ UDF ရော့ကက်နှင့် ဒရုန်း တပ်ဖွဲ့များ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် ကရင့်အမျိုးသား အစည်းအရုံး (KNU)၊ တပ်မဟာ (၃)၊ တပ်ရင်း (၂၇) နဲ့ ဒရုန်းအဖွဲ့များလည်း လက်တွဲတိုက်ပွဲဝင်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ ရေးမြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အရာရှိ အပါအဝင် ၄ ဦး သေဆုံး
မေလ ၁၁ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ နယ်မြေရှင်းလင်းဖို့လာတဲ့ စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်တစ်ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေါနတပ်ရင်းထံက သိရပါတယ်။
မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီခန့်က လမိုင်းမြို့၊ အမတ (၃၁၇) တပ်ရင်းမှ ဗိုလ်ကြီး ရဲမင်းထွဋ် အဖွဲ့၊ ခလရ (၁၀၆) တပ်ရင်းမှ ဒုအရာခံဗိုလ် နေမျိုးထိုက် အဖွဲ့နဲ့ ခမရ (၅၈၈) တပ်ရင်းမှ ဗိုလ်ကြီး မျိုးမင်းဦးအဖွဲ့ အင်အား ၈၀ ကျော်ကို ကူးတို့ဆိပ်နဲ့ ကားဆိပ် ကျေးရွာကြား၊ ကော့ချကျေးရွာ အနီးမှာ ကြားဖြတ် တိုက်ခိုက်ခဲ့တာပါ။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းဟာ လမိုင်းမြို့ဘက်မှ ကူးတို့ဆိပ်ရွာကို ကားများဖြင့် ရောက်ရှိလာပြီး ကားဆိပ်ကျေးရွာကို လှေဖြင့်ကူးစဉ်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်က ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ခလရ (၁၀၆) တပ်ရင်းက ဒု-အရာခံဗိုလ် တစ်ဦးဟာ လမိုင်း ဆေးရုံကို သယ်ဆောင်သွားစဉ် သေဆုံးသွားခဲ့ပြီး နောက်ထပ် ၃ ဦးဟာ ဆေးကုသမှု ခံယူနေရင်း ထပ်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဗျူဟာ (၃၃)၊ ဒေါနတပ်ရင်းက ချေမှုန်းရေး တပ်ခွဲနှင့် KNLA တပ်ရင်း (၂၇) လက်အောက်ရှိ တပင်ရွှေထီး အဖွဲ့တို့ ပါဝင်တဲ့ ပူးပေါင်းစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ ဝက်လက် မြို့နယ်က ကျေးရွာ ၃ ခုကို စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်
မေလ ၁၁ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲက ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မေလ ၁၁ ရက်နေ့တွင် ဝက်လက်မြို့နယ်၊ ရွှေပန်းကုန်း ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီး ဖြင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ထိခိုက်မှု ရှိခဲ့ပါတယ်။
အလားတူ နေ့လည် ၁၁ နာရီ ခန့်မှာလည်း မဲတောကုန်း ကျေးရွာ၊ ဘုန်းကြီးကျောင်းကို တံတားဦးမှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် မနက် ၁၀ နာရီခွဲခန့်မှာလည်း သစ်စိမ့် ကျေးရွာကို တံတားဦးမှ တက်လာတဲ့ ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးသီး ၁ လုံး ကြဲချခဲ့ရာ အရပ်သားပြည်သူများ ထိခိုက်မှု ရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ဘီးလင်းမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံး
မေလ ၁၁ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ် ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ (၁၂၀ မမ) လက်နက်ကြီးကြောင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တယ်လို့ လဂွန်းအိမ် စာစဉ်က ဖော်ပြထားပါတယ်။
မေလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီရဲ့ တပ်မ (၄၄) ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ကရဝေးဆိပ် ကျေးရွာထဲကို ပစ်ခတ်ခဲ့ရာ တောင်ထန်း ဥယျာဉ်ခြံတွေထဲ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၆၆ နှစ်အရွယ် ဒေါ်ခင်အေးဆိုသူ လက်နက်ကြီး အစထိမှန်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာထဲကို မေလ ၁၀ ရက်နေ့ ညနေပိုင်းမှာပဲ Y-12 လေယာဉ်နဲ့ စစ်ကောင်စီက ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
========================
🚩🚩 ၅။ အပစ်ရပ် တိုးထားတဲ့ စစ်ကောင်စီက နောင်ချိုမြို့နယ်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးများဖြင့် ဆက်လက်တိုက်ခိုက်
မေလ ၁၁ ရက်၊
Radio NUG
စစ်ကောင်စီက မေလ ၆ ရက်နေ့ ကနေ ၃၁ ရက်နေ့အထိ အပစ်ခတ် ရပ်စဲရေး သက်တမ်း ထပ်တိုးထားပေမယ့် တအောင်းတပ် TNLA ထိန်းချုပ်ရာ နောင်ချို မြို့နယ်ကို မြေပြင် ထိုးစစ်အပြင်၊ လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းများ အသုံးပြုကာ နေ့စဉ် တိုက်ခိုက်နေတယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
မေလ ၁၀ ရက်နေ့ မနက် ၆ နာရီ ၅၀ မိနစ်ခန့်တွင် စစ်ကောင်စီက TNLA တပ်တွေရှိရာ သရက်ချိုရွာ အနီးတဝိုက်ကို ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၄ နာရီ ၅၀ မိနစ် အချိန်မှာလည်း ယာပြင်ကျေးရွာ အနီးတဝိုက်တွင် စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် နောင်ချိုမြို့၊ ဘူတာရပ်ကွက်၊ ဆမ္မဆယ်ရွာနဲ့ အုမ္မတီးရွာတို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ညနေ ၄ နာရီ ၅ မိနစ်ခန့်မှာ ဗုံး ၇ လုံး ကြဲချခဲ့ရာ နေအိမ် ၃ လုံးနဲ့ ကား ၁ စီး ဗုံးစထိမှန် ပျက်စီးခဲ့ပါတယ်။
အလားတူ တဲခေါ်ရွာမှ စစ်ကောင်စီတပ်က မနက် ၉ နာရီ ၃၂ မိနစ်မှာ အုမ္မတီး ကျေးရွာကို ဒရုန်းဖြင့် ဗုံး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၃ လုံး ကြဲချခဲ့ကာ မတ်မန်းတော ရွာကိုလည်း လက်နက်ကြီး ဖြင့် ၁၄ ကြိမ်၊ ဒရုန်း ဖြင့် ဗုံး ၁၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ မိုးကုတ်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်း မြို့နယ်မှာလည်း ညနေ ၃ နာရီ ၁၁ မိနစ်ခန့်မှာ ၇ မိုင်ကို ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။
========================
🚩🚩 ၆။ စလင်းမြို့နယ်မှာ စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၂ ရွာအတွက် ပ.က.ဖ မှ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့
မေလ ၁၁ ရက်၊
Radio NUG
မကွေးတိုင်း၊ စလင်းမြို့နယ်မှာ မတ်လအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ရင်း မီးရှို့ ဖျက်ဆီးခဲ့တဲ့ ကျေးရွာ ၂ ရွာက မီးဘေးသင့် စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့တယ်လို့ စလင်း ပကဖ က ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အဆိုပါ ကျေးရွာ ၂ ရွာမှာ အရပ်သား ပြည်သူ့ နေအိမ် ၁၅၇ လုံးထိ ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ မီးဘေးသင့် စစ်ဘေးရှောင် ပြည်သူတွေအတွက် အိမ်ထောင်စု တစုလျှင် ဆန် ၄ ပြည်နှုန်းဖြင့် ဆန်အိတ် ၂၉ လုံးခန့်ကို စလင်း ပကဖ တာဝန်ခံ အသီးသီးနဲ့ ရဲဘော်များက ကိုယ်တိုင်သွားရောက် ကူညီ ထောက်ပံ့ခဲ့ကာ စိတ်ဓါတ်ခွန်အားပေး စကားများ ပြောကြားပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်များအနေနဲ့ သောက်သုံးရေ ပြဿနာများ၊ ကျန်းမာရေး အကူအညီ လိုအပ်မှုများ၊ ရိက္ခာနှင့် ခြင်ထောင်စတဲ့ လိုအပ်ချက်များ ရှိနေတဲ့အတွက် ဆက်သွယ်ကူညီပေးကြဖို့ကို စလင်း ပ.က.ဖ က မေတ္တာရပ်ခံ ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment